အခန်း ၉၁၆
Vol. 46 Ch. 916
အပိုင်း (၉၁၆) လီရှောင်ကျွင်း
"မင်းနာမည် ဘယ်လိုခေါ်လဲ"
ထိုက်ယန်တောင် ရေငုပ်သင်္ဘောထဲတွင် ခုံရှန်းက သူ့ရှေ့ရှိ လူငယ်လေးကို အကဲခတ်ကြည့်လိုက်၏။
ထိုလူငယ်၏ ခန္ဓာကိုယ်၌ သန္ဓေပြောင်းစွမ်းအင် လှိုင်းဂယက်များ ရှိနေသော်လည်း စွမ်းအင်မှာ အလွန် အားနည်းနေပြီး ယခုမှ စတင်နိုးထလာသည့်ပုံ ပေါက်နေသည်။
ဤလူငယ်က ထူလုံတို့ကို မည်သို့ သိကျွမ်းနေသနည်း ဆိုသည်ကို သူ အနည်းငယ် အံ့သြနေမိ၏။
ချင်ကန်းက ဖုံးကွယ်ထားခြင်း မပြုရဲဘဲ အလျင်အမြန် ပြောလိုက်သည်။ "မင်္ဂလာပါ အရာရှိမင်း... ကျွန်တော့်နာမည် ချင်ကန်းပါ... ဒီလိုပါ... ကျွန်တော်က အရင်က သာမန်လူတစ်ယောက်ပါ... အရိပ်တပ်ဖွဲ့က ကျွန်တော့်ကို ဖမ်းသွားပြီး ပေ့မင် ရေပေါ်ကျွန်းမှာ ကျွန်အဖြစ် ခိုင်းစေခဲ့တာပါ... အဲ့ဒီနောက်တော့..."
ချင်ကန်းက သူကြုံတွေ့ခဲ့ရသမျှကို အစအဆုံး အသေးစိတ် ပြောပြလိုက်၏။
ထူလုံတို့ သုံးယောက်အကြောင်း ပြောနေစဉ်မှာပင် ခုံရှန်းက စကားဖြတ်ပြောလိုက်သည်။
"အဲ့ဒီ သုံးယောက်ရဲ့ ရုပ်ရည်နဲ့ ဝတ်စားဆင်ယင်ပုံကို သေချာ ပြောပြစမ်းပါ"
"ဗျာ... ဪ... ဟုတ်ကဲ့"
ချင်ကန်းက ထူလုံတို့ သုံးယောက်၏ ရုပ်ရည်သွင်ပြင်ကို အလျင်အမြန် ဖော်ပြပေးလိုက်၏။
ခုံရှန်းက စိတ်ထဲတွင် သဘောပေါက်သွားသည်။ ကြည့်ရသည်မှာ တစ်ဖက်လူက လိမ်ညာနေခြင်း မဟုတ်ပေ။
သူက ဆက်မေးလိုက်သည်။ "ဟိုဘက်မှာ အခု အခြေအနေ ဘယ်လိုရှိလဲ... အဲ့ဒီ သုံးယောက်က အခု ဘယ်မှာလဲ"
"ကျွန်တော် ထွက်ပြေးလာတဲ့အချိန်တုန်းကတော့ သူတို့ တိုက်ပွဲဖြစ်နေကြတဲ့ပုံပဲ"
"အရိပ်တပ်ဖွဲ့ရဲ့ ယာဉ်ပျံတွေက လိုက်သွားကြတယ်... ကျေးဇူးရှင် သုံးယောက်ထဲက တစ်ယောက်က နတ်ရေစင်ဖီးနစ်ငှက် အဖြစ် ပြောင်းလဲပြီး ကျွန်းပေါ်ကနေ ပျံသန်းထွက်ပြေးသွားတယ်... ကျန်တဲ့ နှစ်ယောက်ကိုတော့ ကျွန်တော်လည်း မသိတော့ဘူး" ဟု ချင်ကန်းက ဖြေလိုက်၏။
ခုံရှန်းက အခြေအနေကို မှန်းဆမိသွားသည်။ ကြည့်ရသည်မှာ ခေါင်းဆောင်ဟန်က ထွက်ပြေးလွတ်မြောက်သွားပုံ ရ၏။
ခေါင်းဆောင်ဝူနှင့် ခေါင်းဆောင်ထူတို့ မည်သို့ဖြစ်နေမည်ကိုတော့ မသိရပေ။
သူက ဆက်တွေးလိုက်မိသည်။ ဝူယင်က မူလကတည်းက အမှောင်ဓာတ် အစွမ်းပိုင်ရှင် ဖြစ်ပြီး ပုန်းကွယ်ရာတွင် အလွန် ကျွမ်းကျင်သူ ဖြစ်သောကြောင့် ဘာအန္တရာယ်မှ မရှိနိုင်ပေ။
အကယ်၍ ထူလုံကသာ သူနှင့် အတူရှိနေမည်ဆိုပါက ပြဿနာ သိပ်မကြီးနိုင်တော့ပါ။
ခေါင်းဆောင်ထူလုံ၏ စွမ်းရည်က ခေါင်းဆောင်ဟန်ထက်ပင် အနည်းငယ် သာလွန်သေးသည်။ အကယ်၍ ဟန်ရှန်းမန်ပင် ထွက်ပြေးလွတ်မြောက်နိုင်သည် ဆိုပါက ထူလုံအနေဖြင့် ပိတ်မိနေရန် အကြောင်း မရှိပေ။
ထို့ကြောင့် ကျန်နှစ်ယောက်မှာ တစ်နေရာရာတွင် ပုန်းအောင်းနေရန် ရာခိုင်နှုန်း များသည်။
သူက ကောက်ချက်အချို့ ချလိုက်ပြီးနောက် ချင်ကန်းကို ပြုံးလျက် ပြောလိုက်သည်။ "ညီလေးချင်ကန်း... ငါတို့က ထိုက်ယန်တောင်က လူတွေပဲ... မင်း ကံကောင်းသွားတယ်... ငါတို့နဲ့ အတော်ပဲ လာဆုံတာကိုး"
"လောလောဆယ် ငါတို့က အရိပ်တပ်ဖွဲ့တွေ ကျူးကျော်လာတဲ့ ကိစ္စကို စုံစမ်းစစ်ဆေးနေတာ... ဒါနဲ့... မင်းက ဘယ်ဒေသကလဲ"
ချင်ကန်းက အလျင်အမြန် ဖြေလိုက်သည်။ "အရာရှိမင်း... ကျွန်တော်က မင်ပြည်နယ်ကပါ"
ခုံရှန်းက ခေါင်းညိတ်လိုက်ပြီး "မင်ပြည်နယ်ကဆိုရင်... မင်းက ကျွန်းသခင်မုန့်... မုန့်ဟူကို သိလား" ဟု မေးလိုက်၏။
ထိုစကားကို ကြားလိုက်ရသောအခါ ချင်ကန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့သြဝမ်းသာစွာဖြင့် မေးလိုက်သည်။ "အရာရှိမင်းက ကျွန်းသခင်မုန့်ကို သိလို့လား... ကျွန်တော်က အရင်တုန်းက ကျွန်းသခင်မုန့်တို့ ကျွန်းပေါ်မှာ နေခဲ့တာ... အဲ့ဒီနောက်မှ ဆိုင်ရှီကျွန်းကို ရောက်သွားပြီး အရိပ်တပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာပါ"
"ကျွန်တော့် မိသားစုက ကျားကဏန်းကျွန်းပေါ်မှာ ရှိနေသေးတယ်... ကျွန်းသခင်မုန့်တို့ အခု ဘယ်မှာလဲဆိုတာ အရာရှိမင်း သိလားဟင်... ကျားကဏန်းကျွန်းရော လုံခြုံရဲ့လား"
မုန့်ဟူမှာ ကျားကဏန်းကျွန်း၏ ကျွန်းသခင် ဖြစ်သောကြောင့် ချင်ကန်းက ကျားကဏန်းကျွန်း၏ နာမည်ကို ချက်ချင်း ထုတ်ပြောလိုက်နိုင်ခြင်းဖြင့် ခုံရှန်းက သူ၏ အထောက်အထားကို အခြေခံအားဖြင့် ယုံကြည်သွားလေပြီ။
ထို့ကြောင့် ခုံရှန်းက ပြုံးလျက် ပြောလိုက်၏။ "စိတ်ချပါ... ကျားကဏန်းကျွန်းက အကောင်းပကတိ ရှိသေးတယ်... လောလောဆယ် ငါတို့ ထိုက်ယန်တောင်မှာ ရှိတယ်... ကျွန်းသခင်မုန့်လည်း ဘေးကင်းဘေးရှင်းပါပဲ... ပြန်ရောက်သွားရင် မင်းရဲ့ မိသားစုနဲ့ ပြန်ဆုံတွေ့ရမှာပါ"
ထိုစကားကို ကြားလိုက်ရသောအခါ ချင်ကန်း၏ မျက်ရည်ဝဲလာပြီး အလွန် စိတ်လှုပ်ရှားသွားသည်။
"ကျေးဇူးတင်ပါတယ်... ဒီလို သတင်းကောင်းကို ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... တကယ်ကို ဝမ်းသာစရာပါပဲ... ကျွန်တော်... ကျွန်တော် တကယ်ကို အရမ်း ပျော်သွားပြီ"
ခုံရှန်းက ပြုံးလျက် လက်ကာပြလိုက်ပြီး "မင်း အနားယူဖို့ လူတစ်ယောက်ကို အရင် စီစဉ်ပေးလိုက်မယ်" ဟု ပြောလိုက်၏။
ချင်ကန်းက ထပ်မံ ကျေးဇူးတင်စကား ပြောလိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ အလျင်အမြန် ပြောလိုက်သည်။ "ဒါနဲ့ အရာရှိမင်း... အရင်က ကျွန်တော့်ကို ကယ်တင်ခဲ့တဲ့ ကျေးဇူးရှင် သုံးယောက်က အရိပ်တပ်ဖွဲ့ရဲ့ စစ်စခန်း ဘယ်မှာလဲလို့ မေးခဲ့ဖူးတယ်... အဲ့ဒီတုန်းကတော့ ကျွန်တော်လည်း မသိခဲ့ဘူး"
"ဒါပေမဲ့ နောက်ပိုင်း ကျွန်တော် ထွက်ပြေးလာတဲ့အချိန်ကျမှ ပေ့မင် ရေပေါ်ကျွန်းရဲ့ စစ်စခန်းက ရေအောက်မှာ တည်ဆောက်ထားတယ်ဆိုတာကို မထင်မှတ်ဘဲ တွေ့လိုက်ရတယ်"
"ရေအောက်မှာ ဟုတ်လား"
"ဟုတ်ပါတယ်... ရေပေါ်ကျွန်းရဲ့ အောက်ခြေမှာ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ အများကြီး ရှိတယ်"
"ပြီးတော့ အင်ဂျင်စက်လိုမျိုး ဧရာမ ပစ္စည်းကြီးတွေလည်း ရှိသေးတယ်... အဲ့ဒါက အမြောက်ပြောင်းဝ တစ်မျိုးမျိုးများ ဖြစ်မလားလို့ ကျွန်တော် သံသယဖြစ်မိတယ်"
ချင်ကန်းက သူတွေ့ရှိခဲ့သမျှကို ခုံရှန်းအား ပြောပြလိုက်၏။
ခုံရှန်းက တစ်စုံတစ်ခုကို တွေးတောနေပုံရပြီး ပြုံးလျက် ပြောလိုက်သည်။ "မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်... စိတ်ချပါ... ငါတို့ လူလွှတ်ပြီး သွားစစ်ဆေးခိုင်းလိုက်ပါ့မယ်"
ချင်ကန်းလည်း ထိုအခါမှသာ သက်ပြင်းချနိုင်သွားပြီး သူ့အနေဖြင့် အကူအညီ ပေးနိုင်ခဲ့ပြီဟု တွေးကာ စိတ်ထဲတွင် ဝမ်းသာနေမိ၏။
ထို့နောက် သူက ထိုက်ယန်တောင်မှ အဖွဲ့ဝင်တစ်ဦး၏ နောက်သို့လိုက်ကာ အစားအသောက်စားရန်နှင့် အနားယူရန် ထွက်သွားလေသည်။
ခုံရှန်းဘက်တွင်မူ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ဖုန်းတစ်ကော ခေါ်လိုက်သည်။
စစ်သင်္ဘော၏ အတွင်းပိုင်း ကွန်ရက် ဖြစ်သောကြောင့် ဖုန်းခေါ်ဆိုရသည်မှာ အလွန် အဆင်ပြေချောမွေ့လှသည်။
"ဟလို... ငါ ခုံရှန်းပါ... လီရှောင်ကျွင်းနဲ့ စကားပြောချင်လို့"
"ခေါင်းဆောင်ခုံ... ကျွန်တော် လီရှောင်ကျွင်းပါ"
"မင်း ထိန်းချုပ်ရေးခန်းကို ခဏလောက် လာခဲ့... မင်းကို ပေးစရာ တာဝန်တစ်ခု ရှိတယ်"
အချိန်သိပ်မကြာလိုက်ဘဲ လီရှောင်ကျွင်း ပြေးရောက်လာ၏။
သူက မူလက ယန်ကွမ်းမြို့သစ်ရှိ မှောင်ခိုဈေးသည်များထဲမှ တစ်ဦးဖြစ်ပြီး ရေဓာတ် အစွမ်းပိုင်ရှင် တစ်ယောက်လည်း ဖြစ်သည်။
အရင်တုန်းက သူနှင့် ချီတယ်လုံ... ယန်ချုံကျွင်းတို့ လူစုသည် ယန်ကွမ်းမြို့သစ် မှောင်ခိုဈေး၏ ခေါင်းဆောင်ပိုင်းများဟု ဆို၍ရသည်။ နောက်ပိုင်းတွင် လင်းယွမ်က လိုင်ကျစ်ရုံကို အနိုင်ယူပြီးနောက် ယန်ကွမ်းမြို့သစ်ရှိ ထိုလူများကို သိမ်းသွင်းခဲ့ရာ လီရှောင်ကျွင်းလည်း သဘာဝကျစွာပင် ထိုက်ယန်တောင်သို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်၏။
လီရှောင်ကျွင်းကို မြင်သည်နှင့် ခုံရှန်းက ပြုံးလျက် ပြောလိုက်သည်။ "ရှောင်ကျွင်း... ရောက်ပြီလား"
"ခေါင်းဆောင်... ဘာတာဝန် ရှိလို့လဲ" လီရှောင်ကျွင်းက ဘာမှ လှည့်ပတ်မနေဘဲ တိုက်ရိုက်ပင် မေးလိုက်၏။
ခုံရှန်းကလည်း အချိန်ဆွဲမနေဘဲ ခုနက ချင်ကန်း၏ ကိစ္စကို အစအဆုံး တိုက်ရိုက် ပြောပြလိုက်သည်။
လီရှောင်ကျွင်းက နားထောင်ပြီးနောက် မေးလိုက်သည်။ "ခေါင်းဆောင်က ကျွန်တော့်ကို ခေါင်းဆောင်ထူလုံတို့ကို သွားရှာခိုင်းချင်တာလား"
ခုံရှန်းက ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး "ဟုတ်တယ်... အဓိကက ချင်ကန်းက စစ်စခန်းရဲ့ တည်နေရာကို တွေ့ခဲ့ပြီဆိုတော့... သူတို့တွေ အရိပ်တပ်ဖွဲ့ရဲ့ ဓာတ်ရောင်ခြည် ဗုံးတွေကို အမြန်ဆုံး ယူနိုင်ဖို့ မင်းကို သွားပြီး သတင်းပို့ခိုင်းချင်လို့" ဟု ဖြေလိုက်သည်။
လီရှောင်ကျွင်းက ချက်ချင်း ခေါင်းညိတ်လိုက်ပြီး "ပြဿနာ မရှိဘူး... ကျွန်တော် အခုပဲ သွားလိုက်မယ်" ဟု ပြောလိုက်၏။
ထိုသို့ ပြောပြီးသည်နှင့် သူက မတ်တတ်ထရပ်ကာ ထွက်သွားရန် ပြင်လိုက်သည်။
ခုံရှန်းက သတိပေးလိုက်သည်။ "ချင်ကန်းရဲ့ ပြောစကားတွေက အမှန်ဖြစ်နိုင်ချေ များတယ်... ဒါပေမဲ့ အမှားအယွင်း မရှိရအောင် မင်း ရောက်သွားတဲ့အခါ သေချာ ပြန်စုံစမ်းကြည့်ဦး... ပြောသမျှ အကုန်မယုံနဲ့"
လီရှောင်ကျွင်းက ချက်ချင်း ပြုံးလျက် ဖြေလိုက်၏။ "စိတ်ချပါ ခေါင်းဆောင်ခုံ... ကျွန်တော် ဘယ်လိုလုပ်ရမလဲ ဆိုတာ သိပါတယ်"
"အင်း... လမ်းခရီးမှာ ဂရုစိုက်သွားဦး"
ခုံရှန်းက ပြုံးလိုက်သည်။ လီရှောင်ကျွင်းအပေါ် သူ ယုံကြည်စိတ်ချမှု အပြည့် ရှိလေသည်။
တစ်ဖက်လူက အရင်တုန်းက ခိုလှုံရေးစခန်း၏ မှောင်ခိုဈေး ခေါင်းဆောင်များထဲမှ တစ်ယောက် ဖြစ်လာနိုင်ခဲ့သည်ကို ထောက်ရှုပါက သဘာဝအားဖြင့် အရူးတစ်ယောက် မဟုတ်သည်မှာ သေချာပေသည်။
လီရှောင်ကျွင်းက အသေးစား ရေငုပ်သင်္ဘော တစ်စီးပေါ်သို့ အမြန်တက်လိုက်ရာ သင်္ဘောထဲတွင် သူ၏ဘေး၌ နောက်ထပ် လူနှစ်ယောက် ရှိနေသည်။
ထိုနှစ်ယောက်မှာ သူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်းများ ဖြစ်ကြသော ကျိုးဖေ့နှင့် အမဟုန်တို့ပင် ဖြစ်ကြ၏။
ကျိုးဖေ့၏ အစွမ်းက သားရဲအသွင်ပြောင်းခြင်း အစွမ်း ဖြစ်ပြီး အမဟုန်၏ အစွမ်းကမူ အာရုံခံနိုင်စွမ်းကို ဖုံးကွယ်ခြင်း အစွမ်း ဖြစ်သည်။
သူတို့သုံးယောက်သည် ယန်ကွမ်းမြို့သစ်တွင် ရှိနေစဉ်ကတည်းက လုပ်ဖော်ကိုင်ဖက်ဟောင်းများ ဖြစ်ခဲ့ကြပြီး တစ်ယောက်နှင့်တစ်ယောက် အစွမ်းများ အပြန်အလှန် ဖြည့်ဆည်းပေးနိုင်သောကြောင့် တာဝန်ထမ်းဆောင်ရန် အလွန် သင့်တော်ကြသည်။
ထိုအထဲတွင် လီရှောင်ကျွင်း၏ ရေဓာတ် အစွမ်းမှာ အဝေးမှ တိုက်ခိုက်ရန် သင့်တော်ပြီး ကျိုးဖေ့၏ သားရဲအသွင်ပြောင်းခြင်း အစွမ်းကမူ အနီးကပ် တိုက်ခိုက်ရာတွင် အလွန် ထူးချွန်လေသည်။
အမဟုန်၏ အာရုံခံနိုင်စွမ်း ဖုံးကွယ်ခြင်း အစွမ်းကတော့ အထောက်အကူပြု အခန်းကဏ္ဍမှ ပါဝင်သည်။
ထူးခြားသည်မှာ ကျိုးဖေ့သည် ယခင်က အဆောက်အအုံထဲတွင် အချိန်ကြာမြင့်စွာ ပိတ်မိနေခဲ့ခြင်းနှင့် သားရဲအသွင်ပြောင်းခြင်း အစွမ်း၏ ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများကြောင့် သူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ သိပ်မတည်ငြိမ်ခဲ့ပေ။
သို့သော် ထိုက်ယန်တောင်သို့ ဝင်ရောက်လာပြီးနောက် ပြင်ပကမ္ဘာနှင့် ထိတွေ့ရချိန် ပိုများလာကာ မိတ်ဆွေ သူငယ်ချင်းများလည်း တိုးပွားလာသောကြောင့် သူ၏ စိတ်အခြေအနေမှာလည်း နောက်ဆုံးတွင် ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့လေပြီ။
ယခုဆိုလျှင် သူသည် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ပင် ထိုးဖောက် ဝင်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်သည်။
ဤသုံးယောက်ထဲတွင် အမဟုန်မှလွဲ၍ လီရှောင်ကျွင်းနှင့် ကျိုးဖေ့တို့ နှစ်ယောက်လုံးမှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်၏။
ထို့ကြောင့် သူတို့ သုံးယောက်ကို တာဝန်ပေးလိုက်ခြင်းအပေါ် ခုံရှန်းက စိတ်ချယုံကြည်နေခြင်း ဖြစ်သည်။
"အစ်ကိုကျွင်း... ဟို ချင်ကန်း ဆိုတဲ့ကောင်က ယုံရပါ့မလား... ကျွန်တော်တို့ နည်းနည်း သတိထားဖို့ လိုမလား" ဟု ကျိုးဖေ့က လီရှောင်ကျွင်းကို ကြည့်ကာ မေးလိုက်သည်။
လီရှောင်ကျွင်းက ပြုံးလိုက်ပြီး "ခေါင်းဆောင်ခုံက ငါ့ကို သေချာ မှာလိုက်ပါတယ်... အရိပ်တပ်ဖွဲ့ရဲ့ ရေပေါ်ကျွန်းနား ရောက်ရင် အခြေအနေကို သေချာ အရင် စောင့်ကြည့်ကြတာပေါ့"
"အမဟုန်... အစွမ်းချိတ်ပိတ် အစီအရင်ရော ပါလာရဲ့လား"
သူက အမဟုန်ဘက်သို့ လှည့်၍ မေးလိုက်၏။
အမဟုန်က ခေါင်းညိတ်ပြုံးပြလိုက်ပြီး "ပါလာတယ်... စိတ်ချစမ်းပါ" ဟု ဖြေလိုက်သည်။
ကျိုးဖေ့က ဝင်ပြောလိုက်သည်။ "ကျွန်တော် ပြောရရင်တော့ဗျာ... ဒီရေပေါ်ကျွန်း တစ်ကျွန်းတည်းကို အစီအရင်နဲ့ တိုက်ရိုက် ချိတ်ပိတ်ထားလိုက်ပြီး အင်အားအလုံးအရင်းနဲ့ ဝင်တိုက်ပြီး အဲ့ဒီကောင်တွေကို အပြတ်ရှင်းပစ်လိုက်ရင် မပြီးသွားဘူးလား"
"ကျွန်တော်တို့ ထိုက်ယန်တောင်ရဲ့ အင်အားနဲ့ဆိုရင် ဒီကောင်တွေရဲ့ ရေပေါ်ကျွန်း တစ်ခုလုံးကို သိမ်းပိုက်ဖို့ဆိုတာ အလွယ်လေး မဟုတ်ဘူးလား"
အမဟုန်က ပြုံးလျက် "ကျွန်မတို့ လာခဲ့တာက ဒီကောင်တွေရဲ့ အင်အားကို ထောက်လှမ်းဖို့ ပဲလေ" ဟု ပြောလိုက်၏။
"တကယ်လို့ ဒီကောင်တွေရဲ့ အင်အားက သာမန်လောက်ပဲ ဆိုရင်တော့ ထိုက်ယန်ကျွန်းစုဘက်က သေချာပေါက် လှုပ်ရှားမှာပေါ့"
ကျိုးဖေ့က ထိုစကားကို ကြားလိုက်ရသောအခါမှသာ မျက်လုံးများ အရောင်လက်သွားပြီး စိတ်အားထက်သန်စွာဖြင့် လက်သီးလက်မောင်း တန်းလာတော့သည်။
"အင်း... အဲ့ဒါဆိုလည်း ကောင်းတာပေါ့... သန္ဓေပြောင်း သတ္တဝါတွေကို ကျွန်တော် အများကြီး သတ်ဖူးပေမဲ့ အရိပ်တပ်ဖွဲ့က ကောင်တွေကိုတော့ တစ်ခါမှ မသတ်ဖူးသေးဘူး"
လီရှောင်ကျွင်းက သတိပေးလိုက်သည်။ "ပေါ့ပေါ့ဆဆ မလုပ်နဲ့... သတိထားတာ အကောင်းဆုံးပဲ"
"နားလည်ပါပြီ"
ရေငုပ်သင်္ဘောလေးက အလျင်အမြန် ရှေ့သို့ ထွက်ခွာသွားပြီး မိုင်ခြောက်ဆယ်ခန့် ခရီးကို ဆယ်မိနစ်လောက်နှင့်ပင် ရောက်ရှိသွားလေသည်။
ထိုအချိန်တွင် အမဟုန်၏ မျက်နှာအမူအရာက တည်တင်းသွား၏။
"သတိထား... ရေမျက်နှာပြင်ပေါ်မှာ အရိပ်တပ်ဖွဲ့ရဲ့ ကင်းလှည့်သင်္ဘောတွေ အများကြီး ရှိတယ်"
"ကြည့်ရတာ ခေါင်းဆောင်ဟန်တို့က သူတို့ကို တကယ်ပဲ ရိပ်မိသွားအောင် လုပ်လိုက်မိတဲ့ပုံပဲ... တစ်ဖက်က ကင်းလှည့်စစ်ဆေးနေကြပြီ"
"ဟိုမှာ ကြည့်... ဟိုဘက်မှာ ရေငုပ်သင်္ဘော ရှိတယ်"
ရုတ်တရက် သူတို့၏ ရေငုပ်သင်္ဘောပေါ်ရှိ ရေဒါတွင် အနီးအနား၌ ရေငုပ်သင်္ဘောတစ်စီး လှည့်လည်သွားလာနေကြောင်း ပြသလာသည်။
သူတို့အားလုံး အချင်းချင်း ကြည့်လိုက်ကြပြီး လီရှောင်ကျွင်းက ရေငုပ်သင်္ဘောကို အနီးရှိ ရေအောက် အဆောက်အအုံများကြားတွင် အလျင်အမြန် ပုန်းကွယ်လိုက်၏။
အင်ဂျင်ကို ပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ရေငုပ်သင်္ဘော တစ်စီးလုံးသည် ဧရာမ ခရုခွံကြီး တစ်ခုအလား မှောင်မည်းနေသော အဆောက်အအုံများ အောက်တွင် ငြိမ်သက်စွာ ပုန်းအောင်းနေလေသည်။
ပင်လယ်ရေများ လှုပ်ရှားသွားပြီး အလင်းရောင်ထိုးထားသော ရေငုပ်သင်္ဘော နှစ်စီးက သူတို့၏ အပေါ်ဘက်မှ အလျင်အမြန် ဖြတ်သန်းသွားကာ အနီးအနားတွင် ရပ်တန့်သွားကြသည်။
လီရှောင်ကျွင်းက မျက်နှာအမူအရာ မပျက်ဘဲ အမဟုန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "အမဟုန်"
အမဟုန်က ခေါင်းတစ်ချက် ညိတ်လိုက်ပြီး စိတ်စွမ်းအင်ကို အသုံးပြုကာ ရေငုပ်သင်္ဘော တစ်ခုလုံးကို လွှမ်းခြုံထားလိုက်၏။
အာရုံခံနိုင်စွမ်း ဖုံးကွယ်ခြင်း အစွမ်းကို အသက်သွင်းလိုက်ရာ ရေငုပ်သင်္ဘော တစ်စီးလုံးသည် ရေဒါ မျက်နှာပြင်ပေါ်မှ တိုက်ရိုက် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားလေသည်။
အရိပ်တပ်ဖွဲ့၏ ရေငုပ်သင်္ဘော နှစ်စီးက အနီးအနားတွင် တစ်ပတ်ခန့် လှည့်ပတ်ရှာဖွေကြည့်သော်လည်း နောက်ဆုံးတွင် ဘာမှ မတွေ့ရှိရသဖြင့် ထိုနေရာမှ ထွက်ခွာသွားကြသည်။
လီရှောင်ကျွင်းက "ကြည့်ရတာ ရေအောက်မှာလည်း အရိပ်တပ်ဖွဲ့တွေ လုံခြုံရေး ယူထားကြတဲ့ပုံပဲ" ဟု ပြောလိုက်၏။
ကျိုးဖေ့ကလည်း "ဒီလိုဆိုရင် ချင်ကန်းရဲ့ သတင်းက အမှန်ပဲပေါ့... ဒီရေပေါ်ကျွန်း အောက်မှာ တကယ်ပဲ စစ်စခန်း ရှိနေနိုင်တယ်ပေါ့" ဟု ဝင်ပြောသည်။
လီရှောင်ကျွင်းက "သွားကြည့်လိုက်ရင် သိမှာပဲ... မင်းတို့ နှစ်ယောက် ဒီကနေပဲ ငါ့ကို စောင့်နေကြ" ဟု ပြောလိုက်၏။
ကျိုးဖေ့က အလျင်အမြန် ဝင်ပြောသည်။ "ကျွန်တော် ခင်ဗျားနောက် လိုက်ခဲ့မယ်"
လီရှောင်ကျွင်းက ပြုံးလျက် "ငါက ရေဓာတ် အစွမ်းပိုင်ရှင်လေ... တစ်ယောက်တည်း လှုပ်ရှားတာက ပိုမြန်တယ်... စိတ်ချပါ... ငါ စိတ်လိုက်မာန်ပါ မလုပ်ပါဘူး" ဟု ဖြေလိုက်သည်။
ထိုသို့ပြောပြီးသည်နှင့် သူက ရေစီးကြောင်းတစ်ခု အသွင်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး သင်္ဘောတံခါးပေါက်မှတစ်ဆင့် အပြင်သို့ ထွက်ခွာသွားလေသည်။
ပတ်လည်ရေအောက်တွင် ကပ်ဘေးမတိုင်မီက လမ်းမများကို ဝေဝါးစွာ မြင်တွေ့နေရပြီး လမ်းဘေး တစ်ဖက်တစ်ချက်စီတွင် လူနေအိမ်ရာများနှင့် ဆိုင်ခန်းများ ရှိနေသည်။
အချို့သော ဆိုင်ခန်းများ၏ တံခါးဝတွင် 'အရောင်းဆိုင်ခန်း' ဟူသော စာတန်းများကိုပင် မြင်တွေ့နေရဆဲ ဖြစ်၏။
ပလပ်စတစ် တိပ်များဖြင့် ကပ်ထားသောကြောင့် အလွယ်တကူ ဆွေးမြေ့မသွားခြင်း ဖြစ်ဟန်တူသည်။
ကုန်ုံစုံဆိုင်လေး တစ်ဆိုင်ရှေ့မှ ဖြတ်သွားချိန်တွင် လီရှောင်ကျွင်းက အတွင်းပိုင်းကို တစ်ချက် လှမ်းကြည့်လိုက်ရာ ကုန်ပစ္စည်း အများအပြားမှာ စင်ပေါ်တွင် ရှိနေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ဤနေရာသည် လူများ၏ လုယက်ခြင်းကို မခံခဲ့ရသည်မှာ ထင်ရှားပေသည်။
သူက တစ်ချက်သာ ဝေ့ကြည့်လိုက်ပြီး ဆက်သွားလိုက်၏။ ယခုအချိန်က ရိက္ခာရှာဖွေရမည့် အချိန်မဟုတ်သလို ထိုက်ယန်တောင်တွင်လည်း ဘာမှ လိုအပ်နေခြင်း မရှိပေ။
မကြာမီ သူသည် အရိပ်တပ်ဖွဲ့၏ ကျွန်းအောက်ခြေသို့ ရောက်ရှိသွားလေသည်။
ထိုကျွန်း၏ အောက်ခြေတွင် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ အများအပြား တပ်ဆင်ထားသည်မှာ အမှန်တကယ်ပင် ဖြစ်၏။
ဧရာမ ဘဲဥပုံ အောက်ခံပြားကြီးများကို ကျွန်း၏ အောက်ခြေတွင် တပ်ဆင်ထားပြီး ထိုအောက်ခံပြားများပေါ်တွင် ၃၆၀ ဒီဂရီ လှည့်ပတ်နိုင်သော အင်ဂျင်စက်များလည်း ရှိနေသည်။
ဤအရာများသည် ရေပေါ်ကျွန်းကို အရှိန်တင်ပေးရန်အတွက် သုံးခြင်းဖြစ်ကြောင်း လီရှောင်ကျွင်းက ချက်ချင်း ခွဲခြားသိမြင်လိုက်သည်။
ထိုအချိန်မှာပင် ရေအောက်ရှိ အရိပ်တပ်ဖွဲ့၏ ရေငုပ်သင်္ဘော အရေအတွက်မှာလည်း ပို၍များပြားလာလေသည်။
အရိပ်တပ်ဖွဲ့က ဤနေရာကို အလွန် လုံခြုံစွာ အစောင့်အကြပ် ချထားသည်မှာ အလွန် သိသာထင်ရှားလှပေသည်။
ထိုသို့ လုံခြုံရေး တင်းကျပ်ထားလေလေ လီရှောင်ကျွင်းက ဤနေရာသည် အရိပ်တပ်ဖွဲ့၏ လျှို့ဝှက်စစ်စခန်း ဖြစ်ရမည်ဟု ပို၍ ယုံကြည်လေလေပင်တည်း။
ဆက်ရန်...