အခန်း ၉၁၇
Vol. 46 Ch. 917
အပိုင်း (၉၁၇) ပြန်လည်ခိုးယူလာခြင်း
"ဒီနေရာပဲ ဖြစ်ရမယ်... ဒါပေမဲ့ ဒီနေရာကို အရိပ်တပ်ဖွဲ့တွေက အသေအချာ ကင်းချထားတော့ အထဲကို ခိုးဝင်ဖို့ဆိုတာ မလွယ်လှဘူး"
လီရှောင်ကျွင်းက မျက်မှောင်ကြုတ်ကာ စဉ်းစားနေစဉ်မှာပင် အရိပ်တပ်ဖွဲ့၏ ရေပေါ်ကျွန်းအောက်ခြေရှိ အင်ဂျင်စက်ဝိုင်းပြားကြီးက ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွား၏။
ထို့နောက် အင်ဂျင်များ လျင်မြန်စွာ စတင်လည်ပတ်လာပြီး ရေစီးကြောင်းများစွာကို အရှိန်အဟုန်ဖြင့် တွန်းထုတ်လိုက်ရာ ရေအောက်ကြမ်းပြင်တွင် ဧရာမ ရေစီးကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ထိုမြင်ကွင်းကြောင့် လီရှောင်ကျွင်းမှာ ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။
"ဒါ... ဒါက စက်နှိုးလိုက်တာလား"
ဤအချိန်ကြီးတွင် အရိပ်တပ်ဖွဲ့က ရေပေါ်ကျွန်းကို အဘယ်ကြောင့် စတင်မောင်းနှင်ရသနည်းဆိုသည်ကို သူ နားမလည်နိုင်ဘဲ အံ့သြသံသယ ဖြစ်နေမိ၏။
အင်ဂျင်များ လည်ပတ်လာသည်နှင့်အမျှ စက်ဝိုင်းပြားကြီးမှာလည်း စတင်လည်ပတ်လာကာ ချက်ချင်းပင် ဦးတည်ရာ လားရာကို ချိန်ညှိလိုက်သည်။
နောက်တစ်ခဏတွင် အင်ဂျင်အတွင်းမှ ပြင်းထန်လှသော တွန်းကန်အားများ ပန်းထွက်လာလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရေပေါ်ကျွန်းတစ်ခုလုံး မြောက်ဘက်သို့ စတင် ဦးတည် ထွက်ခွာသွားတော့သည်။
၎င်းကို မြင်လိုက်ရသောအခါ လီရှောင်ကျွင်း၏ စိတ်ထဲတွင် တစ်ခုခုကို ရိပ်မိသွား၏။
"ဒီဦးတည်ရာက... မြောက်ဘက်လား... အရိပ်တပ်ဖွဲ့တွေ မြောက်ဘက်ကို တက်တော့မလို့လား"
သူ ချက်ချင်း သဘောပေါက်သွားပြီး သေချာ ထပ်မံစဉ်းစားကြည့်လိုက်ရာ အရိပ်တပ်ဖွဲ့၏ ရည်ရွယ်ချက်ကို ချက်ချင်း သိမြင်သွားတော့သည်။
"သူတို့က ခေါင်းဆောင်ဟန်တို့ရဲ့ စုံစမ်းထောက်လှမ်းတာကို ခံလိုက်ရလို့ သတိဝင်သွားပြီး တိုက်ရိုက် မြောက်ဘက်တက်ပြီး ထိုက်ယန်တောင်ကို တိုက်ခိုက်တော့မလို့လား"
"ငါတို့ ရှိနေတာကို သူတို့ သိသွားကြပြီလား"
သို့သော် လီရှောင်ကျွင်းက ချက်ချင်းပင် ခေါင်းခါယမ်းလိုက်သည်။ ၎င်းမှာ မဖြစ်နိုင်ပေ။ ထိုက်ယန်တောင်က အရိပ်တပ်ဖွဲ့နှင့် တစ်ကြိမ်တစ်ခါမျှ ထိတွေ့ဆက်ဆံဖူးခြင်း မရှိသေးပေ။
ဖြစ်နိုင်ခြေ အများဆုံးမှာ တစ်ဖက်ရန်သူက သူတို့သည် မြောက်ဘက်မှ လာခြင်းဖြစ်ကြောင်း ခန့်မှန်းမိသွားခြင်းပင် ဖြစ်လောက်သည်။
"ဟမ့်... ငါတို့ကို မြောက်ဘက်အထိ တိုက်ရိုက် လာရှာရဲတယ်ဆိုတော့... ကြည့်ရတာ ဒီအရိပ်တပ်ဖွဲ့တွေက သူတို့ရဲ့ ကိုယ်ပိုင် အင်အားကို တော်တော်လေး ယုံကြည်ချက် ရှိနေပုံပဲ"
ထိုအချက်ကို တွေးမိသည်နှင့် လီရှောင်ကျွင်းသည် ဆက်လက် နောက်ယောင်ခံ မလိုက်တော့ဘဲ လှည့်ထွက်ကာ ရေငုပ်သင်္ဘောငယ်လေးထဲသို့ အလျင်အမြန် ပြန်လည် ဝင်ရောက်သွားလေသည်။
ကျိုးဖေ့ နှင့် အမဟုန်တို့က အလျင်စလို မေးမြန်းလိုက်ကြ၏။
လီရှောင်ကျွင်းက လေးနက်သော လေသံဖြင့် "အရိပ်တပ်ဖွဲ့တွေက မြောက်ဘက်ကို တက်ဖို့ ပြင်နေကြပြီ... သူတို့ရဲ့ ရေပေါ်ကျွန်းကြီးလည်း စရွေ့နေပြီ"
"သွားမယ်... ခေါင်းဆောင်ခုံကို သတင်းသွားပို့ဖို့ မြန်မြန် ပြန်ကြစို့... ရေငုပ်သင်္ဘောကို ချက်ချင်း ပြန်လှည့်"
ထိုစကားကို ကြားသောအခါ ကျိုးဖေ့က "ဒီကောင်တွေက အဲ့ဒီလောက်တောင် ရဲတင်းနေတာလား... မြောက်ဘက်ကို တိုက်ရိုက် တက်လာရဲတယ်ပေါ့... သေရမှာကို မကြောက်ဘူးလား"
လီရှောင်ကျွင်းက ပြန်ပြောလိုက်သည်။ "သူတို့ရဲ့ ဓာတ်ရောင်ခြည်ဗုံးကို အများကြီး ယုံကြည်နေလို့ ဖြစ်မယ်"
"မြန်မြန် သွားရအောင်... အဲ့ဒါတွေ ပြောမနေနဲ့တော့... သတင်းပို့ဖို့ အရင် ပြန်ကြမယ်"
"ခေါင်းဆောင်ထူလုံတို့ အခု ဘယ်ရောက်နေလဲ မသိဘူး" ဟု ကျိုးဖေ့က ရေငုပ်သင်္ဘောကို ထိန်းချုပ်ကာ ထိုရေပြင်မှ အလျင်အမြန် ထွက်ခွာသွားရင်း ပြောလိုက်သည်။
အမဟုန်က "အရိပ်တပ်ဖွဲ့တွေ လှုပ်ရှားနေတာကို ပုန်းနေတဲ့ သူတို့လည်း သေချာပေါက် မြင်တွေ့ရမှာပါ... စိတ်ချပါ"
သူတို့ စကားပြောနေစဉ်မှာပင် ရေငုပ်သင်္ဘောငယ်မှာ အလွန်လျင်မြန်စွာ ထွက်ခွာသွားပြီး မကြာမီ ထိုနေရာမှ ပျောက်ကွယ်သွားကာ ရေပေါ်ကျွန်းကြီးကို အဝေးကြီးတွင် ချန်ရစ်ခဲ့လေသည်။
ရေပေါ်ကျွန်းကြီး၏ အရွယ်အစားမှာ အလွန်ကြီးမားလွန်းလှရာ အင်ဂျင်များဖြင့် မောင်းနှင်ထားသော်လည်း ဤကဲ့သို့သော ရေငုပ်သင်္ဘောငယ်လေး၏ အလျင်ကိုတော့ မည်သို့မျှ မယှဉ်နိုင်ပေ။
ထို့ကြောင့် လီရှောင်ကျွင်းတို့ သုံးယောက်မှာ ထိုက်ယန်တောင် ရေငုပ်သင်္ဘောရှိရာသို့ မကြာမီ ပြန်လည်ရောက်ရှိသွားကြသည်။
ခုံရှန်းနှင့် တွေ့ဆုံသည်နှင့် လီရှောင်ကျွင်းက သူ မြင်တွေ့ခဲ့ရသည်များကို အလျင်အမြန် သတင်းပို့လိုက်သည်။
ထိုစကားများကို ကြားလိုက်ရသောအခါ ခုံရှန်း၏ မျက်နှာမှာ ချက်ချင်း လေးနက်သွားပြီး "ဒါဆိုရင် ဆရာလင်းတို့ကို သတင်းပို့ဖို့ လူတစ်ယောက် ချက်ချင်း စေလွှတ်လိုက်မယ်... ငါတို့က ပေ့မင်ကျွန်းရဲ့ နောက်ကျောဘက်ကို ယာယီ ကွေ့ပတ်သွားကြမယ်"
"သူတို့ ထိုက်ယန်တောင် ရေပေါ်ကျွန်းနား ရောက်လို့ ဆရာလင်းတို့ စတင်တိုက်ခိုက်တာနဲ့ တစ်ပြိုင်နက် ငါတို့က ပေ့မင်ကျွန်းရဲ့ နောက်ဆုတ်မယ့်လမ်းကို ဖြတ်တောက်ကြမယ်"
"သူတို့ကို ရှေ့နောက် ညှပ်ပိတ်ပြီး တိုက်ကြတာပေါ့"
လီရှောင်ကျွင်းသည် ထိုစကားကို ကြားသောအခါ ချက်ချင်း ခေါင်းညိတ်လိုက်ပြီး "ဟုတ်ကဲ့... ခေါင်းဆောင်"
ထို့နောက် ခုံရှန်းက လူတစ်ယောက်ကို ထိုက်ယန်တောင်သို့ ချက်ချင်း စေလွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရေငုပ်သင်္ဘောကြီးသည် မူလနေရာမှ လျင်မြန်စွာ ထွက်ခွာသွားပြီး ရေနက်ပိုင်းသို့ ငုပ်လျှိုးကာ စောင့်ဆိုင်းနေလေသည်။
တစ်ချိန်တည်းမှာပင် ထိုက်ယန်တောင်ဘက်၌။
နတ်ရေစင်ဖီးနစ်ငှက် အသွင်ပြောင်းထားသော ဟန်ရှန်းမန်သည် ထိုက်ယန်တောင် ရေပေါ်ကျွန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ခေါင်းဆောင်စံအိမ်။
လင်းယွမ်က ဟန်ရှန်းမန်ကို ကြည့်ကာ မေးလိုက်၏။ "မင်းတစ်ယောက်တည်း ပြန်လာတာလား... ကျန်တဲ့သူတွေရော"
ဟန်ရှန်းမန်က "ဝူယင်နဲ့ ထူလုံတို့က ပေ့မင်ကျွန်းရဲ့ ရေပေါ်ကျွန်းမှာ ပုန်းပြီးနေခဲ့တယ်... ကျွန်မတို့ သွားတိုက်တဲ့အချိန်ကျရင် သူတို့က အတွင်းဘက်ကနေ တိုက်ရိုက် ဝင်တိုက်ဖို့ စဉ်းစားထားကြတယ်"
"ဒီအရိပ်တပ်ဖွဲ့ကောင်တွေကို အပြင်ရော အတွင်းကပါ ဟန်ချက်ညီညီ တိုက်ခိုက်မလို့လေ"
လင်းယွမ်က ချက်ချင်း ရယ်မောလိုက်ပြီး "သူတို့ကို အကြာကြီး စောင့်ရအောင် မလုပ်နဲ့ဦး... ဒါနဲ့ ဓာတ်ရောင်ခြည်ဗုံး ရခဲ့လား"
ဟန်ရှန်းမန်ကလည်း ပြုံးလိုက်ပြီး "ရခဲ့တယ်"
ထိုသို့ပြောရင်း သူမ၏ ပစ္စည်းသိုလှောင်သည့် လက်စွပ်ကို လင်းယွမ်အား ကမ်းပေးလိုက်သည်။ "ကျွန်မတို့ မြေအောက်ကို ခိုးဝင်သွားပြီးတဲ့နောက် အဓိကအချက်အချာကျတဲ့ နေရာနားမှာ အရိပ်တပ်ဖွဲ့တွေရဲ့ စစ်စခန်းကို သွားတွေ့တယ်"
"သူတို့က အဲ့ဒီထဲမှာ လက်နက်ခဲယမ်း အများကြီးကို သုတေသန လုပ်နေကြတာ... လူအရှင်လတ်လတ်တွေကိုတောင် သန္ဓေပြောင်း စမ်းသပ်မှုတွေ လုပ်နေကြသေးတယ်"
"ကျွန်မ သူတို့ရဲ့ လက်နက်တိုက်ငယ် တစ်ခုလုံးကို တိုက်ရိုက် သိမ်းကျုံးယူလာခဲ့တယ်... ပစ္စည်းတွေ အကုန်လုံး ဒီထဲမှာ ပါတယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ပင်ပန်းသွားပြီ... ခဏနေရင် သုတေသနဌာနက လူတွေကို ခေါ်ပြီး လေ့လာကြည့်ခိုင်းလိုက်မယ်"
"မင်း အရင်သွားနားလိုက်ဦး"
ဟန်ရှန်းမန်က ခေါင်းညိတ်လိုက်ပြီး "သိပြီ... ဒါနဲ့... ကျွန်မတို့ ဘယ်တော့လောက် တန်ပြန်တိုက်စစ် ဆင်ကြမလဲ"
လင်းယွမ်က ပြန်ဖြေလိုက်၏။ "သုတေသနဌာနရဲ့ တိုးတက်မှု အခြေအနေကို အရင်ကြည့်ရဦးမယ်"
"အရိပ်တပ်ဖွဲ့တွေရဲ့ ဓာတ်ရောင်ခြည်ဗုံးကိုသာ ထိထိရောက်ရောက် ဖြေရှင်းနိုင်ရင် နောက်လာမယ့် တိုက်ပွဲတွေက ပိုပြီး လွယ်ကူသွားလိမ့်မယ်"
"အခု ချက်ချင်း သွားတိုက်လို့ မရတာတော့ မဟုတ်ဘူး... ဒါပေမဲ့ အခုတိုက်ရင်တော့ အန္တရာယ် အနည်းနဲ့အများ ရှိနိုင်တယ်လေ"
"ငါ တွေးထားတာက လူအင်အား ဆုံးရှုံးမှုကို တတ်နိုင်သမျှ လျှော့ချချင်လို့ပါ"
လင်းယွမ် စကားကြီးစကားကျယ် ပြောနေခြင်း မဟုတ်ပေ။ လက်ရှိ ထိုက်ယန်တောင်၏ အင်အားဖြင့် အရိပ်တပ်ဖွဲ့၏ ရေပေါ်ကျွန်းတစ်ကျွန်းကို ရင်ဆိုင်ရန်မှာ တကယ်တမ်းတွင် မခဲယဉ်းလှပါ။
တစ်ခုတည်းသော စဉ်းစားစရာမှာ အရိပ်တပ်ဖွဲ့၏ ဓာတ်ရောင်ခြည်ဗုံးများက ထိုက်ယန်တောင်အတွက် သေကျေဒဏ်ရာရမှု အချို့ကို ဖြစ်ပေါ်စေနိုင်ခြင်းပင်။
အကယ်၍ သုတေသနဌာနအနေဖြင့် သက်ဆိုင်ရာ တန်ပြန် ကာကွယ်ရေး နည်းလမ်းများကို ရှာဖွေနိုင်ပြီး ထိုသို့သော ဆုံးရှုံးမှုများကို လျှော့ချနိုင်မည်ဆိုပါက ခဏလောက် စောင့်ဆိုင်းသင့်သည်ဟု လင်းယွမ် ယူဆထား၏။
ရှာမတွေ့ခဲ့လျှင်လည်း ပြဿနာတော့ မရှိလှပေ။ အဘယ်ကြောင့်ဆိုသော် စွမ်းအင် ချိတ်ပိတ် အစီအရင်ကြီးကို အားကိုး၍ ထိုဓာတ်ရောင်ခြည်ဗုံးများကို ဖိနှိပ်ထားနိုင်သောကြောင့် ဖြစ်သည်။
သို့သော်လည်း စွမ်းအင် ချိတ်ပိတ် အစီအရင် ဆိုသည်မှာ ရန်သူ၊ မိတ်ဆွေ မခွဲခြားဘဲ အားလုံးအပေါ် သက်ရောက်မှု ရှိနေသည် မဟုတ်ပါလော။
ထို့ကြောင့် လင်းယွမ်က တိုက်ရိုက် ကာကွယ်နိုင်မည့် တန်ပြန် နည်းလမ်းကို ပို၍ လိုလားနေခြင်း ဖြစ်သည်။
ယင်းမှာ သုတေသနဌာန၏ အရည်အချင်းအပေါ်တွင်သာ မူတည်နေတော့သည်။
ဟန်ရှန်းမန်သည် လင်းယွမ်၏ သဘောထားကို နားလည်သွားပြီး ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်၏။
သူတို့နှစ်ဦး အပြင်သို့ အတူတကွ ထွက်လာခဲ့ကြပြီး သုတေသနဌာနသို့ လာခဲ့ကြသည်။
ပါမောက္ခ လီဟန်ကျုံးသည် အရိပ်တပ်ဖွဲ့၏ လက်နက်များကို ရရှိသောအခါ အဖိုးတန်ရတနာတစ်ပါးကို ရလိုက်သကဲ့သို့ ဖြစ်သွားသည်။
"ဆရာလင်း... စိတ်ချပါ... ကျွန်တော်တို့ အထူးအဖွဲ့ တစ်ဖွဲ့ကို ချက်ချင်း ဖွဲ့စည်းလိုက်မယ်... ဒီရက်ပိုင်း ညလုံးပေါက် အလုပ်လုပ်ပြီး အရိပ်တပ်ဖွဲ့ရဲ့ နည်းပညာကို အောင်မြင်အောင် ဖော်ထုတ်ပြပါမယ်"
လင်းယွမ်က ပြုံးလိုက်ပြီး "သိပ်လည်း အတင်း မလုပ်ကြပါနဲ့... အလှည့်ကျ တာဝန်ခွဲပြီး လုပ်ရင် ရပါတယ်"
ပါမောက္ခ လီဟန်ကျုံးက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းခါယမ်းလိုက်ပြီး "ဒေါက်တာကျန်း တင်ပြထားတဲ့ မျိုးရိုးဗီဇ ပြောင်းလဲမှု သီအိုရီက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်လို့ ကျွန်တော် ထင်တယ်"
"အနာဂတ်မှာ လက်နက်တွေပေါ် အသုံးချလို့ ရရုံတင်မကဘူး... ကျင့်စဉ်တွေမှာပါ သုံးလို့ရနိုင်တယ်"
"အရိပ်တပ်ဖွဲ့ရဲ့ လက်နက်တွေကို ကျွန်တော်တို့ သိမ်းဆည်းရမိထားတယ်ဆိုတာကိုသာ ဒေါက်တာကျန်း သိသွားရင်... ဒီရက်ပိုင်း သူ အိပ်မှာတောင် မဟုတ်ဘူး"
လင်းယွမ် မနေနိုင်ဘဲ ဟားတိုက် ရယ်မောလိုက်ပြီး သူ့နောက်မှ သုတေသနဌာနထဲသို့ အတူ ဝင်သွားလေသည်။
ထို့နောက် သတင်းကြားလိုက်သော ကျန်းဇီယန်၊ ဖုချီပေါ် နှင့် ရမ်ကျဲ တို့လည်း အပြေးအလွှား ရောက်ရှိလာကြသည်။
"ဆရာလီ... ဆရာလီ... အရိပ်တပ်ဖွဲ့တွေရဲ့ လက်နက် ရပြီလား"
"ဘယ်မှာလဲ... မြန်မြန် ကြည့်ပါရစေဦး"
အခန်းထဲ ဝင်ဝင်ချင်းမှာပင် ရမ်ကျဲနှင့် ဖုချီပေါ်တို့၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများကို ကြားလိုက်ရသည်။
ထို့နောက် လင်းယွမ်ကို မြင်လိုက်ရသောအခါ သူတို့နှစ်ဦးမှာ အမူအရာကို အလျင်အမြန် ပြင်ဆင်လိုက်ပြီး ရိုသေလေးစားစွာ နှုတ်ဆက်လိုက်ကြ၏။
လင်းယွမ်က ပြုံးကာ သူတို့နှစ်ဦးကို နှုတ်ဆက်လိုက်သည်။ ထို့နောက် ကျန်းဇီယန်ကလည်း မနေနိုင်ဘဲ မေးလိုက်၏။ "ကိုလင်းယွမ်... ကျွန်မ အဲ့ဒီ ဓာတ်ရောင်ခြည်ဗုံးကို ကြည့်လို့ ရမလား"
လင်းယွမ်က ပြုံး၍ "ရတာပေါ့... လက်နက်တွေ အကုန်လုံး ပါမောက္ခ လီဟန်ကျုံးဆီ အပ်ထားပြီးပြီ"
ထိုစဉ် ပါမောက္ခ လီဟန်ကျုံးသည် ဟန်ရှန်းမန်၏ ပစ္စည်းသိုလှောင်သည့် လက်စွပ်ထဲမှ လက်နက် ကိရိယာ မျိုးစုံကို တစ်ခုပြီးတစ်ခု ထုတ်ယူနေလေသည်။
သူက ပစ္စည်းများကို ထုတ်ယူရင်း "ဒါတွေ အားလုံးက လက်နက်ခဲယမ်းတွေချည်းပဲ... ဖြည်းဖြည်းချင်းပဲ သယ်ကြပါ"
"ရမ်ကျဲ... ရှောင်ဖု... မင်းတို့ အဲ့ဒါတွေကို အမျိုးအစား ခွဲခြားပြီး စီစဉ်ပေးပါ... ပြီးရင် ဗုံးဖြုတ်ဖို့ လူတွေကို ပြင်ဆင်ခိုင်းထား"
"ဒေါက်တာကျန်း... ခင်ဗျား အရင်က ပြောထားတဲ့ စမ်းသပ်ခန်း အဆင်သင့် ဖြစ်ပြီလား"
ကျန်းဇီယန်က ချက်ချင်း ဖြေလိုက်သည်။ "အဆင်သင့် ဖြစ်နေပါပြီ"
လင်းယွမ်က စပ်စုလိုစိတ်ဖြင့် မေးလိုက်၏။ "စမ်းသပ်ခန်းက အသင့်ရှိနေတာ မဟုတ်ဘူးလား... ဘာတွေ ပြင်ဆင်ရမှာလဲ"
ကျန်းဇီယန်က ပြုံးရင်း ရှင်းပြသည်။ "သာမန် စမ်းသပ်ခန်းတွေနဲ့ မရဘူးလေ... ဓာတ်ရောင်ခြည်ဗုံးလိုမျိုး ဓာတ်ရောင်ခြည် သင့်စေတဲ့ လက်နက်တွေကို စမ်းသပ်ဖို့ဆိုရင် ဓာတ်ရောင်ခြည် ကာကွယ်ပေးနိုင်တဲ့ စမ်းသပ်ခန်းထဲမှာပဲ လုပ်ရမှာ"
"ဒါ့ကြောင့် ကျွန်မတို့က ဓာတ်ရောင်ခြည် ကာကွယ်ရေး စမ်းသပ်ခန်း တစ်ခုကို အထူး တည်ဆောက်ထားတယ်... ပြီးတော့ ဓာတ်ရောင်ခြည် အကာအကွယ် ဝတ်စုံတွေလည်း ရှိတယ်"
"ဒါနဲ့... ဒီဓာတ်ရောင်ခြည် အကာအကွယ် ဝတ်စုံတွေကို စက်ရုံမှာ အများအပြား ထုတ်လုပ်ခိုင်းထားတယ်... အချိန်ကျရင် အရိပ်တပ်ဖွဲ့တွေကို ရင်ဆိုင်ဖို့နဲ့ ကျွန်မတို့ရဲ့ စစ်သားတွေကို ကာကွယ်ပေးဖို့ သုံးလို့ရတာပေါ့"
ထိုစကားကို ကြားသောအခါ လင်းယွမ် ချက်ချင်း ဝမ်းသာသွားပြီး မေးလိုက်သည်။ "အကာအကွယ်ပေးနိုင်တဲ့ အစွမ်းကရော ဘယ်လိုနေလဲ"
"သာမန် ဓာတ်ရောင်ခြည်လှိုင်းတွေကိုတော့ ကာကွယ်ပေးနိုင်တယ်... ဒါပေမဲ့ အရိပ်တပ်ဖွဲ့တွေရဲ့ ဒီဓာတ်ရောင်ခြည်ဗုံးကိုတော့ ကျွန်မတို့ မစမ်းသပ်ရသေးဘူး... အခု သက်ဆိုင်ရာ စမ်းသပ်မှုတွေ လုပ်ဖို့ လိုအပ်နေတယ်"
လင်းယွမ်က ခေါင်းတစ်ဆက်တည်း ညိတ်လိုက်ပြီး "ကောင်းပြီ... ကောင်းပြီ... ခင်ဗျားတို့ အမြန်ဆုံး စမ်းသပ်ပြီး အကာအကွယ် အာနိသင်ကို အတည်ပြုလိုက်ကြ"
"တကယ်လို့ ကာကွယ်နိုင်စွမ်း ကောင်းမယ်ဆိုရင် ချက်ချင်း အများအပြား ထုတ်လုပ်ကြတာပေါ့"
"သိပါပြီ"
ကျန်းဇီယန် ခေါင်းညိတ်လိုက်ပြီးနောက် ပါမောက္ခ လီဟန်ကျုံးတို့အဖွဲ့နှင့် ပူးပေါင်းကာ အလျင်အမြန် အလုပ်ရှုပ်သွားကြလေသည်။
လင်းယွမ်နှင့် ဟန်ရှန်းမန်တို့ အနည်းငယ် ကြည့်ရှုနေပြီးနောက် လက်နက်အားလုံးကို ရှင်းလင်း ထုတ်ယူပြီးချိန်တွင် ဟန်ရှန်းမန်က သိုလှောင်ရေး လက်စွပ်ကို ပြန်ယူလိုက်ကာ သူတို့နှစ်ဦး စမ်းသပ်ခန်းမှ ထွက်ခွာလာခဲ့ကြသည်။
စမ်းသပ်ခန်းမှ ထွက်လာသည်နှင့် ကင်းလှည့်တပ်ဖွဲ့က အပြေးအလွှား လာရောက် သတင်းပို့လေသည်။
သန္ဓေပြောင်းစွမ်းအင်သုံး ရေငုပ်သင်္ဘောမှ လူတစ်ဦး လာရောက် တွေ့ဆုံခွင့် တောင်းခံနေကြောင်း ပြောလာသည်။
လင်းယွမ်နှင့် ဟန်ရှန်းမန်တို့ အံ့သြသွားကြပြီး ခုံရှန်း စေလွှတ်လိုက်သော သူနှင့် သွားရောက် တွေ့ဆုံလိုက်ကြသည်။
"ဆရာလင်း... ခေါင်းဆောင်ခုံက ဆရာ့ကို သတင်းပို့ဖို့ ကျွန်တော့်ကို လွှတ်လိုက်တာပါ... ပေ့မင်ကျွန်းက မြောက်ဘက်ကို အရှိန်တင်ပြီး တက်လာနေတာကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်... ကြည့်ရတာ သူတို့ရဲ့ ပစ်မှတ်က ကျွန်တော်တို့ရဲ့ ထိုက်ယန်တောင်ပဲ ဖြစ်လိမ့်မယ်"
"ဒါ့အပြင် ကျွန်တော်တို့ လူတစ်ယောက်ကို ကယ်တင်နိုင်ခဲ့တယ်... ပေ့မင်ကျွန်းရဲ့ စစ်စခန်းတည်နေရာနဲ့ သူတို့ရဲ့ ရေပေါ်ကျွန်း အခြေအနေ အသေးစိတ်ကိုလည်း သိခဲ့ရတယ်"
ထိုသို့ပြောရင်း လာရောက်သူက ခုံရှန်းတို့ စုံစမ်းရရှိခဲ့သော သတင်းအချက်အလက်များကို တစ်ခုချင်းစီ အစီရင်ခံလေသည်။
ဟန်ရှန်းမန် နားထောင်ပြီးနောက် မနေနိုင်ဘဲ ရယ်မောလိုက်ပြီး "ခုံရှန်းတို့က လူထပ်လွှတ်လိုက်လိမ့်မယ်လို့ ထင်မထားဘူး"
"အဲ့ဒီ ကယ်လာတဲ့လူကို မင်း သိလား" ဟု လင်းယွမ်က မေးလိုက်၏။
ဟန်ရှန်းမန်က ခေါင်းကို ညင်သာစွာ ညိတ်လိုက်ပြီး "ချင်ကန်း ဆိုတဲ့ ကောင်လေး ဖြစ်လောက်တယ်... အဲ့ဒီတုန်းက ထူလုံ သူ့ကို ကယ်ခဲ့ပြီး သန္ဓေပြောင်း အသီးတစ်လုံးပါ ပေးခဲ့သေးတယ်"
"သူ တကယ်ပဲ အစွမ်းတွေ နိုးထလာပြီး ထွက်ပြေးလွတ်မြောက်လာနိုင်လိမ့်မယ်လို့ မထင်ထားဘူး"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ကြည့်ရတာ အရိပ်တပ်ဖွဲ့တွေက သူတို့ရဲ့ လက်နက်တိုက်ထဲက လက်နက်တွေ ပျောက်သွားတာကို သိသွားပုံပဲ"
"သူတို့ ငါတို့ကို ဒီလောက် အလောတကြီး တိုက်ခိုက်ချင်နေတာက သူတို့ရဲ့ နည်းပညာကို ဖော်ထုတ် မခံချင်လို့ပဲ... ရေပေါ်ကျွန်းဘက်ကို အကြောင်းကြားလိုက်... တိုက်ပွဲအတွက် ပြင်ဆင်ကြတော့လို့"
ဟန်ရှန်းမန်၏ မျက်နှာ အမူအရာမှာ တည်ကြည်သွားပြီး ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "နားလည်ပါပြီ"
ထင်ရှားသည်မှာ အရိပ်တပ်ဖွဲ့များ သည်လည်း လူအများ မဟုတ်ပေ။ ထိုက်ယန်တောင်မှ လူလွှတ်ကာ သူတို့၏ လက်နက်ခဲယမ်းများကို ခိုးယူသွားသည်ကို သိရှိသွားသည်နှင့် ထိုက်ယန်တောင်က သူတို့၏ ဓာတ်ရောင်ခြည်ဗုံး နည်းပညာကို ဖော်ထုတ်လိုကြောင်း အလိုအလျောက် သိရှိသွားကြသည်။
ထို့ကြောင့် သူတို့သည် အချိန်လုကာ ထိုက်ယန်တောင်ရှိ လူများ ထိုနည်းပညာကို ဖော်ထုတ်နိုင်ခြင်း မရှိမီ ထိုက်ယန်တောင်ကို အရင်ဦးဆုံး ဖျက်ဆီးပစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော စစ်ဗျူဟာမျိုးမှာ အရိပ်တပ်ဖွဲ့များ ကွမ်းတုံပြည်နယ်နှင့် မင်ပြည်နယ်တို့ကို ကျူးကျော်စဉ်က မဖြစ်ပွားခဲ့ဖူးသည် မဟုတ်သောကြောင့်ပင်။
ဓာတ်ရောင်ခြည်ဗုံးကို ခိုးယူပြီး ဓာတ်ရောင်ခြည်ဗုံး နည်းပညာကို သုတေသန ပြုလုပ်ခဲ့သည်မှာ ထိုက်ယန်တောင် တစ်ခုတည်း မဟုတ်ပေ။ ယခင်က ကွမ်းတုံပြည်နယ်နှင့် မင်ပြည်နယ်တို့ရှိ အင်အားစုကြီးများလည်း မကြိုးစားခဲ့ဖူးသည် မဟုတ်ပါ။
သို့သော် ထိုစဉ်က ကွမ်းတုံပြည်နယ်နှင့် မင်ပြည်နယ်တို့၏ ခိုလှုံရေးစခန်းများတွင် နည်းပညာပိုင်းဆိုင်ရာ အကန့်အသတ်များ ရှိနေသောကြောင့် သူတို့သည် ဓာတ်ရောင်ခြည်ဗုံးကို ရရှိခဲ့လျှင်တောင်မှ နည်းပညာ အခက်အခဲများကို ကျော်လွှားနိုင်ရန် ခက်ခဲခဲ့သည်။
အရိပ်တပ်ဖွဲ့ကမူ စစ်ပွဲကို လျင်မြန်စွာ စတင်ခြင်းဖြင့် သူတို့ကို သုတေသန ပြုလုပ်ရန် အချိန်မပေးဘဲ မင်ပြည်နယ်နှင့် ကွမ်းတုံပြည်နယ်ရှိ ခိုလှုံရေးစခန်းများကို အလျင်အမြန် ဖျက်ဆီးပစ်မည့် ရည်ရွယ်ချက်ကို အောင်မြင်အောင် လုပ်ဆောင်ခဲ့သည်။
ယခု လက်ရှိတွင်လည်း ပေ့မင်ကျွန်း၏ ရေပေါ်ကျွန်းသည် ထိုလုပ်ရပ်ကို ထပ်မံ ပုံတူကူးချနေခြင်းပင် ဖြစ်တော့သည်။
လက်နက်များ ပျောက်ဆုံးသွားကြောင်းကို တွေ့ရှိလိုက်ရသည့် အချိန်တွင်ပင် စစ်ပွဲစတင်ရန် ချက်ချင်း ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်ပေသည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ သူတို့ ရင်ဆိုင်ရမည်မှာ ထိုက်ယန်တောင်ပင် ဖြစ်တော့သည်။
ဆက်ရန်...