အခန်း ၉၁၉
Vol. 46 Ch. 919
အပိုင်း (၉၁၉) ကျွန်းပေါ်သို့ ဝင်ရောက်တိုက်ခိုက်ခြင်း
"ဘာ"
"ဘာဖြစ်တာလဲ... ဘာလို့ ဓာတ်ရောင်ခြည်ဗုံးက မပေါက်ကွဲတာလဲ"
"တောက်... ဘယ်နေရာမှာ မှားယွင်းသွားတာလဲ"
"ဗုံးဖောက်ခွဲတဲ့ စနစ်ကို တပ်ဆင်တဲ့နေရာမှာ ပြဿနာရှိနေတာများလား"
...
ပေ့မင်လန်နှင့် ဟိုင်လုံတို့၏ မျက်နှာများမှာ သိသိသာသာ ပျက်ယွင်းသွားသည်။
မရေမတွက်နိုင်သော ဓာတ်ရောင်ခြည်ဗုံးများက အသံတိတ်ဗုံးများအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် သူတို့ ဘယ်လိုမှ တွေးတော၍ မရနိုင်ဖြစ်နေကြ၏။
ထိုစဉ် ဟိုင်လုံက "ဒါပုံမှန်မဟုတ်ဘူး... ကျွန်းသခင်... ဒီရန်သူတွေက ပုံမှန်မဟုတ်ဘူး" ဟု အော်ပြောလိုက်သည်။
ပေ့မင်လန်ကလည်း မျက်နှာထား တင်းမာနေပြီး ဘာမှထပ်မပြောဘဲ ဘေးသို့လျှောက်သွားကာ သူ၏ ပစ္စည်းသိုလှောင်ခန်းထဲမှ ဓာတ်ရောင်ခြည်ဗုံးတစ်လုံးကို ထုတ်ယူလိုက်သည်။
သူက မည်သည့် လက်နက်ကိုမျှ အသုံးမပြုဘဲ အရိပ်တပ်ဖွဲ့ဝင် စစ်သားတစ်ယောက်ကို ဆွဲဖမ်းလိုက်ပြီး "မင်း... ဒီဗုံးကိုပိုက်ပြီး ပင်လယ်ထဲသွားဖောက်ခွဲလိုက်စမ်း" ဟု အမိန့်ပေးလိုက်သည်။
ထို အရိပ်တပ်ဖွဲ့ဝင် စစ်သား၏ မျက်နှာမှာ ချက်ချင်း ဖြူရော်သွားတော့သည်။
ပေ့မင်လန်က "အရိပ်တပ်ဖွဲ့ရဲ့ အကျိုးအတွက်ပဲ... မင်း ဘာကို တွန့်ဆုတ်နေတာလဲ" ဟု ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
ထို စစ်သားမှာ ပြန်လည် မပြောရဲတော့ဘဲ ဓာတ်ရောင်ခြည်ဗုံးကို သွားကြိတ်ကာ ပိုက်ထားလိုက်ပြီး "အထွတ်အမြတ်သခင်အတွက်... အရှင်ပေ့မင်လန်အတွက်... အရိပ်တပ်ဖွဲ့အတွက်" ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထို့နောက် သူက ဗုံးကို ထမ်းကာ ပင်လယ်ထဲသို့ ချက်ချင်း ပြေးဝင်သွားလေသည်။
ခဏအကြာတွင် ပင်လယ်ပြင်ဆီမှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
"ဘုန်း"
ထို ဓာတ်ရောင်ခြည်ဗုံးသည် မျှော်လင့်ထားသည့်အတိုင်း ပေါက်ကွဲသွားခဲ့ပြီ ဖြစ်သည်။
ကြီးမားသော ဓာတ်ရောင်ခြည် လှိုင်းလုံးကြီးများက ဒီရေလှိုင်းများအလား ရိုက်ခတ် ပျံ့နှံ့သွားလေသည်။
ဤမြင်ကွင်းကို ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသော ပေ့မင်လန်၏ မျက်နှာမှာမူ ကြည့်ကောင်းမလာခဲ့ပေ။
"ဗုံးက ဘာပြဿနာမှ မရှိဘူး... ဒါပေမဲ့ ဘာလို့ ရန်သူ့သင်္ဘောပေါ် ကျသွားတာနဲ့ အသံတိတ်ဗုံး ဖြစ်သွားရတာလဲ"
"ဟိုင်လုံ... ဒါ ဘယ်လိုဖြစ်ရတာလဲ"
ဘေးနားရှိ ဟိုင်လုံကလည်း မျက်မှောင်ကြုတ်ထားပြီး "သူတို့ သင်္ဘောပေါ်မှာ ထူးဆန်းတာ တစ်ခုခု ရှိနေတယ်" ဟု လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"ဟမ်... မင်းလည်း အဲဒီလိုပဲ ထင်တာလား" ပေ့မင်လန်က မေးလိုက်သည်။
ဟိုင်လုံက ခေါင်းညိတ်လိုက်ပြီး သူ၏ အိုမင်းနေသော မျက်နှာပေါ်တွင် လေးနက်မှုများ ပေါ်လာကာ "ဒီရန်သူတွေက အရင်က ငါတို့ ကြုံခဲ့ဖူးတဲ့ သူတွေနဲ့ မတူဘူး... သူတို့ဆီမှာ လုံလောက်တဲ့ သန္ဓေပြောင်းစွမ်းအင် နည်းပညာတွေ ရှိနေတယ်... သန္ဓေပြောင်းစွမ်းအင်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ နားလည်မှုက ငါတို့ထက် မနိမ့်ကျဘူး" ဟု ပြန်ဖြေသည်။
"ကျွန်းသခင်... ကျွန်တော် ကိုယ်တိုင် သွားရောက် တိုက်ခိုက်ပြီး သူတို့ သင်္ဘောပေါ်မှာ ဘာတွေရှိလဲဆိုတာ သွားရောက် စုံစမ်းခွင့် ပြုပါ"
ပေ့မင်လန် ထိုစကားကို ကြားသောအခါ သူ၏ မျက်လုံးထဲတွင် စူးရှသော အရောင်တစ်ခု လက်သွားသည်။
သူက ခေါင်းအသာညိတ်လိုက်ပြီး "ကောင်းပြီ ဟိုင်လုံ... မင်းကို ဒုတိယ အထူးတပ်ဖွဲ့ ပေးလိုက်မယ်... လေယာဉ်ပျံတွေကိုလည်း မင်းစိတ်ကြိုက် သုံးနိုင်တယ်... ဘယ်လိုပဲဖြစ်ဖြစ် ရန်သူ့ ရေယာဉ်စုကို တိုက်ခိုက်သိမ်းပိုက်ပြီး သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရမယ်" ဟု အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ"
ဟိုင်လုံသည် အဝေးရှိ လေယာဉ်ပျံများဆီသို့ ချက်ချင်း ပျံသန်းသွားလေသည်။
မကြာမီမှာပင် လေယာဉ်ပျံ ဆယ်စင်း ပါဝင်သော တပ်ဖွဲ့ငယ်တစ်ခုသည် ပေ့မင်ကျွန်းပေါ်မှ ပျံသန်းထွက်ခွာလာပြီး မိုးစက်မိုးပေါက်များကို ထိုးခွဲကာ ထိုက်ယန်တောင် ရေယာဉ်စုရှိရာသို့ ဦးတည်သွားကြသည်။
ယခုအချိန်တွင် စွမ်းအင်ချိတ်ပိတ် အစီအရင်ကို ဖွင့်လှစ်ထားသောကြောင့် ထိုက်ယန်တောင်၏ ရေယာဉ်စုမှာ အဝေးပစ် အမြောက်များ ပစ်ခတ်ခြင်းကို ရပ်ဆိုင်းထားပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် စွမ်းအင်ချိတ်ပိတ် အစီအရင်ထဲတွင် ထိုက်ယန်တောင် ရေယာဉ်စု၏ စွမ်းအင်လက်နက်များလည်း အာနိသင်မဲ့သွားပြီး ကျန်ရှိနေသော ယမ်းမှုန့်လက်နက်များကသာ တိုက်ခိုက်နိုင်စွမ်း ရှိတော့သောကြောင့် ဖြစ်သည်။
သို့သော် ယမ်းမှုန့်လက်နက်များကို ရန်သူအား တိုက်ခိုက်ရန် အသုံးမပြုဘဲ ရန်သူ၏ တိုက်ခိုက်မှုများကို ဟန့်တားကာကွယ်ရန်အတွက်သာ အသုံးပြုထားသည်။
တကယ်တမ်း တိုက်ခိုက်ရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်မှာ ဝေဟင်ရှိ လေယာဉ်ပျံတပ်ဖွဲ့ပင် ဖြစ်သည်။
ယာဉ်ပျံ ရာပေါင်းများစွာက ကောင်းကင်ထက်တွင် ဝဲပျံနေပြီး စွမ်းအင်အမြောက်ဗုံးများကို မရပ်မနား ပစ်ခတ်နေကြသည်။
ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေပြီး အရိပ်တပ်ဖွဲ့ဝင်များမှာ စူးစူးဝါးဝါး အော်ဟစ်ကာ သေဆုံးနေကြရာ အချိန်တိုအတွင်းမှာပင် ဝေဟင်ရှိ အရိပ်တပ်ဖွဲ့၏ လေယာဉ်ပျံ အများစုမှာ ပျက်စီးဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။
သို့သော် ထိုက်ယန်တောင်၏ လေယာဉ်ပျံများကမူ လက်မလျှော့ဘဲ အရိပ်တပ်ဖွဲ့၏ စစ်သင်္ဘောများနှင့် ကျွန်းများကိုပါ ဆက်လက် တိုက်ခိုက်ရန် ရွေးချယ်လိုက်ကြသည်။
"ဘုန်း... ဘုန်း... ဘုန်း"
လေယာဉ်ပျံများက ကောင်းကင်ယံကို ခွဲထွက်ကာ စွမ်းအင်ဗုံးများကို ပစ်ချလိုက်သဖြင့် ပြင်းထန်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာသည်။
အရိပ်တပ်ဖွဲ့၏ သင်္ဘောများရှိ အကာအကွယ်များမှာ ချက်ချင်းပင် ထိုးဖောက်ခံလိုက်ရပြီး ပြင်းထန်သော ပေါက်ကွဲမှု လှိုင်းလုံးကြီးများက သူတို့၏ သင်္ဘောများကို တိုက်ရိုက် အပေါက်ဖောက်သွားသည်ကို မြင်တွေ့လိုက်ရသည်။
သင်္ဘောတစ်စီးပြီးတစ်စီးထံမှ ကြောက်မက်ဖွယ် မီးတောက်မီးလျှံများ ကောင်းကင်သို့ ထိုးတက်လာတော့သည်။
ကြီးမားသော မီးတောက်များက လောင်ကျွမ်းသွားပြီး အရိပ်တပ်ဖွဲ့၏ သင်္ဘောများမှာ အပိုင်းပိုင်း ပြတ်တောက်ကာ ပင်လယ်အောက်ခြေသို့ နစ်မြုပ်သွားလေသည်။
တစ်ချိန်တည်းမှာပင် ပေ့မင်အဖွဲ့၏ ရေပေါ်ကျွန်းထက်တွင်လည်း ထိုက်ယန်တောင် ယာဉ်ပျံများ ဖြတ်သန်းသွားကာ အကြီးစားဗုံးများကို ပစ်ချလိုက်ရာ ပေ့မင်ကျွန်း၏ အကာအကွယ်အထက်တွင် တိုက်ရိုက် ပေါက်ကွဲသွားလေသည်။
ပေ့မင် ရေပေါ်ကျွန်းမှာ ခဏချင်းအတွင်း မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
ရွှီဟွမ်က ယောဉ်ပျံကို မောင်းနှင်ရင်း ပေ့မင်ကျွန်း၏ တောင်ထိပ်မှ မီးခိုးငွေ့များ ထွက်နေသော မီးတောင်ဝကို စိုက်ကြည့်ကာ "ဒုတိယတပ်ဖွဲ့ဝင်တွေ အားလုံး နားထောင်... မီးတောင်ဝအထက်ကို ပျံသန်းပြီး ပြင်းပြင်းထန်ထန် ဗုံးကြဲကြစမ်း" ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဒီမီးတောင်ကြီး ပေါက်ကွဲထွက်သွားတဲ့အထိ ဗုံးကြဲပစ်လိုက်"
ထိုစကား ထွက်ပေါ်လာသည်နှင့် စကားပြောစက်ထဲမှ ရယ်မောသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
"ခေါင်းဆောင်... ဒီအကွက်က တော်တော် ရက်စက်တာပဲ"
"ဟားဟားဟား... သွားမယ်... ဒီကောင်တွေကို ဗုံးကြဲပစ်မယ်"
"မီးတောင်ကို ဖောက်ခွဲပြီး သူတို့ရဲ့ အသိုက်အမြုံကို တိုက်ရိုက် ဖျက်ဆီးပစ်ကြမယ်"
"မိုက်တယ်... ခေါင်းဆောင်... ခင်ဗျားရဲ့ ဒီအစီအစဉ်သာ အောင်မြင်သွားရင် ဂုဏ်ပြုခံရမှာ သေချာတယ်"
"သွားမယ် သွားမယ်... မီးတောင်ကို ဗုံးသွားကြဲကြမယ်"
ရွှီဟွမ်သည် ဒုတိယတပ်ဖွဲ့၏ လေယာဉ်ပျံများကို ဦးဆောင်ကာ လမ်းကြောင်းကို ချက်ချင်း ပြောင်းလဲလိုက်ပြီး ပေ့မင်အဖွဲ့၏ မီးတောင်ဝအထက်သို့ လျင်မြန်စွာ ပျံသန်းသွားလေသည်။
ဝေဟင်သို့ ရောက်ရှိသွားပြီးနောက် လေယာဉ်ပျံအားလုံးက အမြောက်ဗုံးများကို ချက်ချင်း ပစ်ချလိုက်ကြသည်။
အမြောက်ဗုံးများ တစ်လုံးပြီးတစ်လုံး အသံကျယ်လောင်စွာဖြင့် ကျဆင်းလာပြီး ပေ့မင်အဖွဲ့၏ အကာအကွယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။
"ဒိုင်း"
ပေ့မင်အဖွဲ့၏ အကာအကွယ်မှာ စက္ကူပြားကဲ့သို့ ဖြစ်နေပြီး နှစ်မိနစ်ပင် မတောင့်ခံနိုင်လိုက်ဘဲ ထိုက်ယန်တောင်၏ ပြင်းထန်သော လက်နက်စွမ်းအားများကြောင့် စုတ်ပြဲသွားလေသည်။
ထိုအခါ ရွှီဟွမ်က "ပစ်စမ်း" ဟု အမိန့်ပေးလိုက်သည်။
ချက်ချင်းဆိုသလိုပင် ထိုက်ယန်တောင်၏ လေယာဉ်ပျံများက မီးတောင်ဝထဲသို့ စွမ်းအင်ဗုံးများကို အရူးအမူး ပစ်ချလိုက်ကြသည်။
များပြားလှသော စွမ်းအင်ဗုံးများ မီးတောင်ဝထဲသို့ ကျရောက်သွားပြီးနောက် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံကြီးများ ချက်ချင်း ထွက်ပေါ်လာသည်။
ဧရာမ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ပေ့မင်အဖွဲ့၏ မီးတောင်ဝထဲမှ မီးခိုးငွေ့များ အလိပ်လိုက် တက်လာကာ အတွင်းရှိ နီရဲဆူပွက်နေသော ချော်ရည်ပူများကလည်း အဆက်မပြတ် ပန်းထွက်လာတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ပေ့မင်ကျွန်း တစ်ကျွန်းလုံး တုန်ခါသွားလေသည်။
ပေ့မင်လန်၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး မီးတောင်ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
သူက လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး "အောက်တန်းစားတွေ... တော်တော် ရဲတင်းနေပါလား" ဟု ရေရွတ်လိုက်သည်။
သူက ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်မှာ ကြီးမားဖောင်းကားလာပြီး စတင် ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်ပြင်ပရှိ မြူခိုးများ လွင့်စင်သွားပြီး ဝေဟင်ထက်တွင် ပေ (၂၁၆) ခန့် မြင့်မားသော ဧရာမ မျိုးရိုးဗီဇ သားရဲကြီးတစ်ကောင် ထွက်ပေါ်လာသည်။
ထို မျိုးရိုးဗီဇ သားရဲကြီး၏ ပုံပန်းသဏ္ဍာန်မှာ အသားလုံးကြီး တစ်လုံးနှင့် တူသော်လည်း ခြေလက်လေးဖက် ပါရှိနေပေသည်။
အဝေးမှ ကြည့်လိုက်လျှင် အသားလုံးကြီးက ဝိညာဉ်ဝင်ပူးနေသည့်အလား ထင်မှတ်ရသည်။
တစ်ကိုယ်လုံးတွင် ပြင်းထန်သော မီးတောက်များ ထွက်ပေါ်နေပြီး မီးတောက်များက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားကာ ကောင်းကင်တစ်ခွင်လုံးကို မီးရောင်များဖြင့် လင်းထိန်သွားစေသည်။
သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသော မိုးရေများမှာ ခဏချင်းအတွင်းမှာပင် အငွေ့ပျံသွားပြီး မြူထူကြီးများအဖြစ် ပြောင်းလဲသွားတော့သည်။
ပေ့မင်လန်၏ ခန္ဓာကိုယ်ကြီးက ဝေဟင်ထက်တွင် လျင်မြန်စွာ ရွေ့လျားသွားပြီး မျက်စိတစ်မှိတ်အတွင်း မီးတောင်၏ အထက်သို့ ရောက်ရှိသွားလေသည်။
"တောက်... ခွေးကောင်တွေ... ထွက်သွားကြစမ်း"
သူက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏ လက်နှစ်ဖက်ကို ကောင်းကင်ယံသို့ ရုတ်တရက် ရိုက်ချလိုက်သည်ကို မြင်တွေ့လိုက်ရသည်။
ခဏချင်းအတွင်းမှာပင် ပတ်ဝန်းကျင်ရှိ ပြင်းထန်သော မီးတောက်များက အလျင်အမြန် လည်ပတ်သွားပြီး ဧရာမ မီးတောက်လေဆင်နှာမောင်းကြီးများအဖြစ် ပြောင်းလဲကာ ဝေဟင်ရှိ ထိုက်ယန်တောင် လေယာဉ်ပျံများဆီသို့ အရူးအမူး ပစ်ခတ်သွားတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှီဟွမ်က "စွမ်းအင်ချိတ်ပိတ်ဗုံးတွေ ကြဲချလိုက်" ဟု ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ"
ဒုတိယတပ်ဖွဲ့၏ လေယာဉ်ပျံများက အလျင်အမြန် ပူးပေါင်းဆောင်ရွက်ကာ ရှေ့နောက်ဝဲယာ ပျံသန်းရင်း စွမ်းအင်ချိတ်ပိတ်ဗုံးများကို တစ်လုံးပြီးတစ်လုံး ကြဲချလိုက်ကြသည်။
"ဝုန်း... ဝုန်း.... ဝုန်း"
စွမ်းအင်ချိတ်ပိတ်ဗုံးများက ချက်ချင်း ပေါက်ကွဲသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အံ့မခန်း စွမ်းအင်ချိတ်ပိတ် အစီအရင် အလင်းရောင်များအဖြစ် ပြောင်းလဲသွားလေသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် မီးတောင်ဝ အနီးတစ်ဝိုက်ရှိ သန္ဓေပြောင်းစွမ်းအင်များ အားလုံး ငြိမ်းသတ်ခံလိုက်ရသည်။
ပေ့မင်လန် ထိန်းချုပ်ထားသော မီးတောက်များပင်လျှင် ယခုအချိန်တွင် ရုတ်တရက် ရပ်တန့်သွားပြီးနောက် လျင်မြန်စွာ အားနည်းသွားတော့သည်။
ဆက်တိုက်ဆိုသလိုပင် ခုနကမှ ပေါက်ကွဲနေသော မီးတောင်ကြီးသည်လည်း ယခုအခါ အတိုင်းအတာ တစ်ခုအထိ ပြန်လည် တည်ငြိမ်သွားခဲ့သည်။
ယေဘုယျအားဖြင့် ဆိုရလျှင် မီးတောင်ပေါက်ကွဲခြင်းမှာ အမှန်တကယ်တော့ သန္ဓေပြောင်းစွမ်းအင်နှင့် ဘာမှမပတ်သက်ပေ။
သာမန် မီးတောင်ပေါက်ကွဲမှု အများစုသည် ကမ္ဘာ့မြေလွှာ ရွေ့လျားမှုများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
သို့သော် မျက်စိရှေ့ရှိ ဤမီးတောင်မှာမူ သဘာဝတရားအရ မတူညီပေ။
၎င်းသည် ရေပေါ်ကျွန်းတစ်ခုပေါ်ရှိ မီးတောင်ဖြစ်ပြီး အမှန်တကယ် မီးတောင်ဝ မဟုတ်ပေ။
ဤရေပေါ်ကျွန်း၏ မူလအစမှာ ကြယ်သားရဲတစ်ကောင်၏ ထူးခြားသော အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ခြေ အလွန်များပေသည်။
ယခုမြင်နေရသော မီးတောက်များမှာ အမှန်တော့ ရေပေါ်ကျွန်းမှ ကျန်ရစ်နေသော စွမ်းအင်များ စုပြုံ ပေါက်ကွဲထွက်လာခြင်းနှင့် ပို၍ တူနေသည်။
ထို့ကြောင့် ၎င်း၏ ပေါက်ကွဲမှုသည် သန္ဓေပြောင်းစွမ်းအင် နယ်ပယ်ထဲတွင် အကျုံးဝင်နေဆဲ ဖြစ်သည်။
ဤသို့သော အခြေအနေမျိုးကို စွမ်းအင်ချိတ်ပိတ် အစီအရင်က သဘာဝအလျောက် ဖိနှိပ်နိုင်စွမ်း ရှိပေသည်။
ထို့ကြောင့် မီးတောင် တစ်ခုလုံးသည်ပင် အံ့အားသင့်ဖွယ် လျင်မြန်စွာ အေးခဲလာတော့သည်။
ပေ့မင်လန်၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားပြီး မိမိခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့် သံသယများ ပြည့်နှက်သွားသည်။
"ဒါ... ဘာလက်နက်ကြီးလဲ... ဘာလို့ သန္ဓေပြောင်းစွမ်းအင်ကို ငါ မခံစားနိုင်တော့တာလဲ"
ယခုအချိန်တွင် ဝေဟင်ထက်၌ စွမ်းအင်ချိတ်ပိတ်ဗုံးများ ကြဲချခဲ့သော လေယာဉ်ပျံများက အလျင်အမြန် ပစ်ခတ်တိုက်ခိုက်လိုက်ကြသည်။
ဤတစ်ကြိမ်တွင် သူတို့ ပစ်ခတ်လိုက်သည်မှာ စွမ်းအင်ဗုံးများ မဟုတ်တော့ဘဲ ယမ်းမှုန့်လက်နက်များ ဖြစ်သွားခဲ့ပြီ။
ဒုံးကျည်ကဲ့သို့သော ယမ်းမှုန့်လက်နက်များ တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာသည်။
"ဝုန်း... ဝုန်း... ဝုန်း"
ပြင်းထန်သော ဗုံးပေါက်ကွဲသံကြီးများ ထွက်ပေါ်လာပြီးနောက် အသားလုံးကြီးနှင့်တူသော ပေ့မင်လန်မှာ ချက်ချင်းပင် မီးတောက်များကြား နစ်မြုပ်သွားကာ ပြင်းထန်သော ပေါက်ကွဲမှုများက သူ၏ အရေပြားနှင့် အသားစများကို ဆုတ်ဖြဲပစ်လိုက်သည်။
သို့သော် ၎င်းသည် အရေပြားနှင့် အသားများကို ဆုတ်ဖြဲယုံမျှသာ ဖြစ်သည်။
မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ၆၆ ရာခိုင်နှုန်းသို့ ရောက်ရှိသွားပြီးနောက်တွင် ယမ်းမှုန့်လက်နက်များအနေဖြင့် ဤအဆင့်ရှိ အစွမ်းပိုင်ရှင်များကို ထိခိုက်ဒဏ်ရာရစေရန် အလွန် ခဲယဉ်းသွားခဲ့ပြီ ဖြစ်သည်။
မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ပုံစံသို့ ပြောင်းလဲလိုက်သည်နှင့် တစ်ပြိုင်နက် အစွမ်းပိုင်ရှင်များသည် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုသာ အားကိုး၍ ကပ်ဘေးမတိုင်မီက အပူလက်နက်များဖြင့် တိုက်ခိုက်မှု အများစုကို ခံနိုင်ရည် ရှိနေပြီ ဖြစ်သည်။
ဧရာမ အသားလုံးကြီးမှာ အလျင်စလို လိမ့်ကာ နောက်ဆုတ်သွားပြီး ကြီးမားသော ကျောက်တုံးကြီးများစွာကို ဖိချေပစ်လိုက်သည်။
သူသည် ပြင်းထန်သော ဒဏ်ရာမရသော်လည်း နာကျင်မှုကိုတော့ ခံစားနေရဆဲ ဖြစ်သည်။
ထိုစဉ် အသားလုံးကြီးက မီးတောင်ဝမှ ဘေးနားရှိ သစ်တောထဲသို့ လိမ့်ကျသွားပြီး သစ်ပင်များစွာကို ဖိချိုးပစ်လိုက်လေသည်။
မီးတောင်ဝရှိ စွမ်းအင်ချိတ်ပိတ် အစီအရင် နယ်ပယ်မှ လွတ်ကင်းသွားသည်နှင့် ပေ့မင်လန်က သန္ဓေပြောင်းစွမ်းအင်များ ပြန်လည် ကောင်းမွန်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
ဤအခိုက်အတန့်တွင် သူသည် မည်မျှပင် တုံးအပါစေ၊ ဘာဖြစ်သွားသည်ကို ချက်ချင်း နားလည်သွားတော့သည်။
သူက ခေါင်းကို ရုတ်တရက် မော့ကာ မီးတောင်ဝ အနီးတစ်ဝိုက်ကို လွှမ်းခြုံထားသော သင်္ကေတ အစီအရင်ကြီးကို လှမ်းကြည့်လိုက်သည်။
"ဒီ အစီအရင်ကြောင့်လား"
"ဒီအောက်တန်းစားတွေက သန္ဓေပြောင်းစွမ်းအင်ကို ချိတ်ပိတ်နိုင်တဲ့ အစီအရင်ကိုတောင် ပိုင်ဆိုင်ထားပါလား"
ပေ့မင်လန်က မယုံကြည်နိုင်အောင် ဖြစ်သွားသည်။ ဤရန်သူတွေမှာ ဤကဲ့သို့သော သန္ဓေပြောင်းစွမ်းအင် နည်းပညာမျိုး ရှိနေတာလား။
ထို့နောက် သူက ရုတ်တရက် သဘောပေါက်သွားပြီး "ငါသာ ဒီသင်္ကေတ နည်းပညာကို ပိုင်ဆိုင်လိုက်ရင်... အရိပ်မျိုးနွယ်စုရဲ့ ရေပေါ်ကျွန်းတွေနဲ့ လေပေါ်ကျွန်းတွေ အများကြီးထဲက ငါစိတ်ကြိုက် ရွေးချယ်ခွင့် ရသွားမှာ မဟုတ်ဘူးလား" ဟု တွေးလိုက်သည်။
ဤအချက်ကို တွေးမိသောအခါ သူ ခဏချင်းအတွင်းမှာပင် စိတ်လှုပ်ရှားသွားပြီး ဝေဟင်ရှိ ထိုက်ယန်တောင်၏ လေယာဉ်ပျံများကို လှမ်းကြည့်ကာ လောဘရမ္မက် အရိပ်အယောင်များ ချက်ချင်း ပေါ်လာတော့သည်။
နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ်က အထက်သို့ ခုန်တက်သွားပြီး ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံသန်းသွားလေသည်။
တစ်ကိုယ်လုံးတွင် မီးတောက်များ လောင်ကျွမ်းနေပြီး ယာဉ်ပျံ တစ်စင်းဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။
"ဘုန်း"
ယာဉ်ပျံမှာ သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးနှင့် ဝင်တိုက်မိသွားပြီး ကြီးမားသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
ယာဉ်ပျံ အတွင်းရှိ ယာဉ်မှူးက အလျင်အမြန် ခုန်ထွက်လာပြီး ဝေဟင်ထက်တွင် ပျံသန်းထွက်ပြေးသွားသည်ကို မြင်တွေ့လိုက်ရသည်။
ယာဉ်ပျံကို မောင်းနှင်နိုင်သူများမှာ အနည်းဆုံး မျိုးရိုးဗီဇမျိုးစေ့အဆင့်နှင့် အထက်ရှိသော အစွမ်းပိုင်ရှင်များသာ ဖြစ်သည်။
သူတို့ထဲတွင် အခြေခံအားဖြင့် အားလုံး၌ ပျံသန်းနိုင်စွမ်း ရှိကြသည်။
လေယာဉ်ပျံကို စွန့်လွှတ်ပြီး မိမိအသက်ကို ကာကွယ်ခြင်းမှာ လေယာဉ်မှူးများ၏ ပထမဆုံး သင်ခန်းစာပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုက်ယန်တောင်အတွက် လူသည်သာ အမြဲတမ်း တန်ဖိုးအရှိဆုံး ဖြစ်သောကြောင့်ပင်။
ယာဉ်ပျံ ပျက်စီးသွားပါက ထပ်မံ တည်ဆောက်၍ ရနိုင်သော်လည်း လူသေဆုံးသွားပါက အားလုံး ဆုံးရှုံးသွားမည်သာ ဖြစ်သည်။
ဤအချက်သည် ဆရာလင်းက သူတို့ကို ထပ်တလဲလဲ အလေးအနက် ပြောကြားထားသော ကိစ္စဖြစ်သည်။
"ဝုန်း... ဝုန်း.... ဝုန်း"
အခြားသော လေယာဉ်ပျံများက ဒုံးကျည်များကို လျင်မြန်စွာ ပစ်ခတ်ကာ ပေ့မင်လန်အား အဆက်မပြတ် ဗုံးကြဲနှောင့်ယှက်နေကြသည်။
ပေ့မင်လန်က မရပ်မနား ဟိန်းဟောက်နေပြီး အဆက်မပြတ် ဆဲရေးတိုင်းထွာနေတော့သည်။
ဘီလူးကြီး တစ်ကောင်က ခြင်များကို ရိုက်နှက်နေသည့်အလား ပုံပေါက်နေသည်။
လေယာဉ်ပျံများမှာ အရွယ်အစား သေးငယ်ပြီး အမြန်နှုန်း မြင့်မားကာ လေယာဉ်မှူးများကလည်း သူတို့၏ ကျွမ်းကျင်လှသော နည်းပညာများကို အားကိုး၍ ကောင်းကင်ယံတွင် ပြင်းထန်သော မျဉ်းကွေးများ ရေးဆွဲကာ ပေ့မင်လန်၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေကြသည်။
တစ်ချိန်တည်းမှာပင် ပင်လယ်ပြင်ထက်တွင်လည်း ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေသည်။
ထိုက်ယန်တောင် ရေယာဉ်စုဘက်တွင် ဟိုင်လုံ ခေါ်ဆောင်လာသော တပ်ဖွဲ့များ ရောက်ရှိလာပြီ ဖြစ်သည်။
နှစ်ဖက်စလုံး ပြင်းထန်စွာ သတ်ဖြတ်တိုက်ခိုက်နေကြတော့သည်။
ဆက်ရန်...