အခန်း (၂၀၉၅-၂၀၉၆)
Vol. 210 Ch. 2095-2096
အခန်း (၂၀၉၅) တုန်းဖန်းဟို့
မသိမသာနှင့်ပင်၊ ယခုနှစ်သည် ဖန့်ချန် ရွှေဟွေးကျောင်းတော်သို့ ဝင်ရောက်သင်ကြားခဲ့သည့် နှစ်ပေါင်းရှစ်ရာပြည့်မြောက်ခဲ့သည့် နှစ်ဖြစ်ပေသည်။
ကောင်းကင်ငါးပါးနန်းဆောင်အတွင်း၌ ကျင့်ကြံခြင်းအဆင့်အတန်း မတူညီကြသည့် တပည့်ကျောင်းသားများ စုဝေးရောက်ရှိနေကြ၏။
အချို့က တစ်ပိုင်းသူတော်စင်များ ဖြစ်ကြသည်။
အချို့က စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်များ ဖြစ်ကြသည်။
အချို့က စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့် သူတော်စင်များ ဖြစ်ကြသည်။
ထို့အပြင် အသက်စွမ်းအင်အဆင့် သူတော်စင်အချို့ပင်လျှင် ဤနေရာ၌ အုပ်စုငယ်လေးများဖွဲ့ကာ ဟိုဟိုဒီဒီ ရှိနေကြချေပြီ။
ကျင့်ကြံခြင်းအဆင့်အတန်း မည်သို့ပင် ရှိနေပါစေ၊ လူတိုင်းတွင် ကိုယ်ပိုင်အပေါင်းအသင်းအသိုင်းအဝိုင်းငယ်လေးများ ရှိကြပေရာ၊ တစ်ဖက်မှ စကားစမြည်ပြောဆိုရင်း၊ အခြားတစ်ဖက်မှလည်း ကောင်းကင်ငါးပါးနန်းဆောင် ပွင့်လှစ်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြ၏။
“ညီကိုလု…… မင်း ထင်တာတော့ ဖန့်ချန် ဒီနေ့ လာပါ့မလား”
ချိုင်စစ်ရှို့က ပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီ လှည့်လည်ကြည့်ရှုလိုက်သော်လည်း၊ ဖန့်ချန်၏ အရိပ်အယောင်ကို မမြင်တွေ့ရချေ။
“သေချာပေါက် လာမှာပါ၊ ငါ နောက်ပိုင်းမှ အဲဒီ ထျန်လန်ဆရာကြီးအကြောင်းကို သွားပြီး စုံစမ်းကြည့်ဖူးတယ်၊ သူ့ရဲ့ နောက်ခံအကြောင်းအရင်းက တကယ့်ကို မသေးလှဘူး။
သူ့ရဲ့နောက်ကွယ်က နင်အကြီးကဲဆိုတာ၊ ကျောင်းအုပ်ကြီးဟောင်း ကလွဲရင် ဒီနေရာမှာ စကားတစ်ခွန်းဆို တစ်ခွန်းအတိုင်း ဖြစ်စေရတဲ့ ပုဂ္ဂိုလ်မျိုးပဲ။
နယ်မြေစောင့်ရှောက်တဲ့ ဆရာတွေတောင်မှ လိမ္မာယဉ်ကျေးစွာ နားထောင်ကြရတာ၊ ရှုရှန့်ဆရာကော ဘာတတ်နိုင်ဦးမှာလဲ”
လုကျိုဝမ်က ခပ်အေးအေး ပြောဆိုလိုက်သည်။
“အကယ်၍ သူ ဒီတစ်ကြိမ် တကယ်ပဲ ကောင်းကင်ငါးပါးတိုက်ပွဲကို ဆင်နွှဲမယ်ဆိုရင်တော့၊ ဘယ်လိုမျိုး ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိမလဲဆိုတာ တကယ်ကို သိချင်မိတယ်”
ချိုင်စစ်ရှို့က အနည်းငယ်မျှ စိတ်ဝင်စားသွား၏။
“ငါ ခန့်မှန်းကြည့်ဖူးတယ်၊ သူက လူသားကျောင်းဆောင်အတွင်းမှာတော့ တကယ့်ကို ထိပ်တန်းပုဂ္ဂိုလ်ပဲ။
ဒါပေမဲ့ ငါတို့လည်း ကောင်းကင်ငါးပါးစစ်မြေပြင်ကို သွားဖူးတာပဲ၊ မင်းလည်း သိတာပဲလေ။
အဲဒီထဲမှာ ငါတို့ လူသားမျိုးနွယ်စုရဲ့ အင်အားက၊ အလယ်လတ်အဆင့်လောက်ပဲ ဝင်ဆံ့နိုင်တာ။
ဖန့်ချန်က အားကောင်းတဲ့ မျိုးနွယ်စုကြီးတွေရဲ့ ပါရမီရှင်တွေနဲ့ တွေ့ဆုံရရင်တော့၊ အသာစီးရဖို့ သိပ်ပြီးတော့ မသေချာဘူး၊ ဒါက ပြောရခက်တယ်။
ငါ့အမြင်အရတော့ ရလဒ်တွေ ဘယ်လောက်ပဲ ကောင်းပါစေ၊ ကျောင်းဆောင်ရဲ့ အလယ်လတ်အဆင့်ကနေ အထက်ပိုင်းလောက်ပဲ ဖြစ်လိမ့်မယ်၊ ပထမတန်းစားအဆင့်ထဲ မဝင်နိုင်သလို၊ ထိပ်သီးအဆင့်ဆိုတာကတော့ ပိုလို့တောင် မဖြစ်နိုင်ဘူး”
“မင်းတို့နှစ်ယောက်ရဲ့ သုံးသပ်ချက်က မဆိုးပါဘူး”
မိုရှဲ့က မည်သည့်အချိန်ကတည်းက ၎င်းတို့နှစ်ယောက်၏ နောက်ကွယ်သို့ ရောက်ရှိနေခဲ့သည်မသိဘဲ၊ ခပ်ဖွဖွ ပြုံးလျက် ဆိုလာ၏။
“စီနီယာအစ်ကိုကြီး မိုရှဲ့”
၎င်းတို့နှစ်ယောက်သည် အလျင်အမြန်ပင် လက်အုပ်ချီ၍ အရိုအသေပေးလိုက်ကြသည်။
“ဖန့်ချန်က အမှန်တကယ် အားကောင်းတာ မှန်ပေမဲ့၊ ကျယ်ပြောလှတဲ့ ကျောင်းတော်ကြီးတစ်ခုလုံးနဲ့ နှိုင်းယှဉ်ရင်တော့၊ ဘာမှ မဟုတ်သေးပါဘူး၊ ဒီနှစ်တွေအတွင်းမှာ သူက ငါတို့ စွမ်းအားရှင်အဖွဲ့အစည်းကို ဆက်တိုက် ငြင်းပယ်ခဲ့တာ ကြည့်ရင်၊ သူက အားကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမယ့် လမ်းကြောင်းကို ငြင်းပယ်လိုက်တာ ထင်ရှားပါတယ်”
မိုရှဲ့က ပြုံး၍ ပြောဆိုလိုက်၏။
ချိုင်စစ်ရှို့နှင့် လုကျိုဝမ်တို့သည် ဤနှစ်ပိုင်းအတွင်း တံခါးပိတ်ငြင်းပယ်ခြင်း ခံခဲ့ရသည့် အကြိမ်အချို့ကို ရုတ်တရက် တွေးတောမိသွားကြရင်း၊ ရင်ထဲ၌ မကျေမနပ် ဖြစ်သွားကြရတော့သည်။
ထိုအချိန်တွင်၊ ၎င်းတို့သည် ကျိုကျီတောင်မှ သူတော်စင်များအားလုံး ရောက်ရှိလာကြသည်ကို မြင်တွေ့လိုက်ကြရ၏။
ဥပမာအားဖြင့် ဝေရွှင်၊ ကျိလင်၊ ရွမ်ပုထုံ စသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
“စီနီယာအစ်ကိုကြီး မိုရှဲ့…… မေဒေါင်ကွမ်း ပြီးခဲ့တဲ့အကြိမ်က ဖုန်းချင်းရှန်းတောင်ကို ပြန်သွားပြီးတဲ့နောက်၊ နောက်ပိုင်း ဘယ်လိုမျိုး အခြေအနေ ရှိနေလဲဆိုတာ သိလား”
ချိုင်စစ်ရှို့က ကျိလင်ကို မြင်တွေ့လိုက်ရသည်နှင့် မေဒေါင်ကွမ်းကို တွေးတောမိသွားကာ မမေးဘဲ မနေနိုင် ဖြစ်သွားရသည်။
ထိုစဉ်က မေဒေါင်ကွမ်းသည် အမှန်တကယ် ရူးသွပ်သွားခြင်း မဟုတ်ဘဲ၊ နောက်ဆုံးတွင် ကြံ့ကြံ့ခံနိုင်ဟန်ဆောင်နေခဲ့ခြင်းသာ ဖြစ်သည်ကို လူတိုင်း ရိပ်မိခဲ့ကြပေသည်။
ဖန့်ချန်၏ လက်ချက်ဖြင့် ခြေလက်လေးဖက်စလုံး ပြတ်တောက်သွားခဲ့ရပြီး၊ ထိုကဲ့သို့သော ဒဏ်ရာမျိုးက ပြင်းထန်လွန်းလှသည် မဟုတ်သော်လည်း၊ ကြီးမားလှသော သက်ရောက်မှုများကိုတော့ သေချာပေါက် ဖြစ်ပေါ်စေနိုင်၏။
အကြောင်းမှာ စွမ်းအင်စုစည်းခြင်း သူတော်စင်များသည်၊ မိမိကိုယ်ကို ပြန်လည်မွေးမြူရန်အတွက် အတွင်းကမ္ဘာဟင်းလင်းပြင်၏ အနှစ်သာရ စွမ်းအင်များကို စုစည်းကြရသောကြောင့် ဖြစ်ပေသည်။
ခန္ဓာကိုယ် ပျက်စီးသွားခြင်းက၊ နှစ်ပေါင်းများစွာတိုင်အောင် ပင်ပန်းကြီးစွာ ကျင့်ကြံခဲ့ရသမျှ အချည်းနှီး ဖြစ်သွားရခြင်းနှင့် တူညီပေသည်။
“ဘာသံမှတော့ မကြားမိပါဘူး၊ ဒါပေမဲ့ ကာကွယ်ရေး ဆရာရဲ့ ကူညီစောင့်ရှောက်မှု ရှိနေတာဆိုတော့၊ ပြဿနာ အကြီးအကျယ် မရှိလောက်ပါဘူး၊ သူ အခုနှစ်မှာ ကောင်းကင်ငါးပါးတိုက်ပွဲကို ပါဝင်ဆင်နွှဲမလားဆိုတာပဲ မသိရတာ”
မိုရှဲ့က ဆို၏။
စကားပြောနေစဉ်အတွင်းမှာပင်၊ သူ၏ အကြည့်သည် ရုတ်တရက် တန့်သွားခဲ့ရပြီး၊ အဝေးတစ်နေရာသို့ လှမ်း၍ ကြည့်ရှုလိုက်သည်။
လူသုံးယောက်၏ ပုံရိပ်သည် အတူတကွ လျှောက်လှမ်းလာကြသည်ကို မြင်တွေ့လိုက်ရပြီး၊ ၎င်းတို့ ရောက်ရှိလာသည်နှင့် လူမြောက်မြားစွာ၏ အကြည့်များကို ဆွဲဆောင်လိုက်နိုင်ခဲ့တော့၏။
အကြောင်းမှာ ထိုသုံးယောက်စလုံးက ကာကွယ်ရေး ဆရာ၏ လက်အောက်ခံ တပည့်များ ဖြစ်ကြပြီး၊ နောက်ခံအသိုင်းအဝိုင်းကလည်း သာမန်မဟုတ်သောကြောင့် ဖြစ်ပေသည်။
ထိုသုံးယောက်၏ အကြည့်က တစ်ချက်မျှ ဝေ့ဝဲကြည့်ရှုလိုက်ရာ၊ ဝူချုံးလည်း ရှိနေသည်ကို မြင်တွေ့လိုက်ကြရသဖြင့်၊ ပြုံးရွှင်စွာဖြင့် ရှေ့သို့ လျှောက်လှမ်းလာခဲ့ကြပြီး ဝူချုံးနှင့် စကားစမြည် ပြောဆိုကြတော့၏။
ထိုအတောအတွင်း ကျိလင်ကလည်း ဝင်ရောက်စကားပြောဆိုချင်သော်လည်း၊ ထိုသုံးယောက်၏ လျစ်လျူရှုခြင်းကို ခံလိုက်ရသဖြင့်၊ သူသည် အနေရခက်စွာဖြင့် တစ်ဖက်တွင် ရပ်တန့်၍ နားထောင်နေခဲ့ရရုံသာ ရှိတော့သည်။
“ဒီသုံးယောက်ကတော့၊ မင်းတို့ အသုတ်ထဲမှာ၊ ဖန့်ချန်ကလွဲရင် အားအကောင်းဆုံး ပုဂ္ဂိုလ်တွေ ဖြစ်လိမ့်မယ်”
မိုရှဲ့က သက်ပြင်းတစ်ချက် ချလိုက်မိရင်း -
“ကျောင်းတော်ကို ဝင်ရောက်ခါစပဲ ရှိသေးပေမဲ့၊ ကာကွယ်ရေးဆရာရဲ့ လက်အောက်ကို တပည့်အဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရသလို၊ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းဖို့အတွက်လည်း နှစ်ပေါင်းများစွာ မကုန်ဆုံးခဲ့ရဘူး။
ပြီးတော့ အတိတ်တုန်းက ကောင်းကင်ငါးပါးစစ်မြေပြင်ထဲမှာ ရရှိခဲ့တဲ့ စစ်ရလဒ်တွေကလည်း အလွန်တရာ တောက်ပလွန်းလှတယ်၊ အားကောင်းတဲ့ မျိုးနွယ်စုကြီးတွေရဲ့ ပါရမီရှင်အချို့ကိုလည်း အနိုင်ယူခဲ့ဖူးတယ်”
ချိုင်စစ်ရှို့နှင့် လုကျိုဝမ်တို့သည် ထိုသုံးယောက်ကို လှမ်း၍ ကြည့်ရှုလိုက်ကြမိရင်း၊ မျက်ဝန်းအစုံထဲ၌ အားကျမနာလိုဖြစ်မှု အရိပ်အယောင်များ ထွက်ပေါ်နေခဲ့တော့၏။
“စီနီယာအစ်ကိုကြီး မိုရှဲ့…… ဒီသုံးယောက်ကတော့၊ ဖန့်ချန်ထက် လျော့နည်းလိမ့်မယ် မထင်ဘူး”
လုကျိုဝမ်က ဆို၏။
“အကယ်၍ ဖန့်ချန်က စင်ကြယ်သော ဗောဓိသီးကို မစားသုံးခဲ့ရဘူးဆိုရင်တော့၊ သူတို့က သေချာပေါက် ဖန့်ချန်ထက် လျော့နည်းမှာ မဟုတ်ဘူး။
နှမြောစရာကောင်းတာက၊ ကရုဏာတောင်ရဲ့ ရှုရှန့်ဆရာက သူ့ရဲ့ တပည့်တွေအပေါ် တကယ့်ကို ကောင်းမွန်လွန်းတာပဲ။
မိမိကိုယ်တိုင်က စင်ကြယ်သော ဗောဓိသီးတစ်လုံးကို ပြင်ဆင်ပေးခဲ့ရုံတင်မကဘဲ၊ ကျိုကျီတောင်ရဲ့ လက်ထဲကနေလည်း တစ်လုံးကို လောင်းကြေးနိုင်ခဲ့သေးတယ်။
ဖန့်ချန်နဲ့ ကရုဏာတောင်ရဲ့ တပည့်သစ် ဝမ်ချုံးစုန်းတို့ကတော့၊ နောင်တစ်ချိန် အနာဂတ်လမ်းကြောင်းက သေချာပေါက် ဆိုးမှာမဟုတ်ဘူး”
မိုရှဲ့က သက်ပြင်းတစ်ချက် ချလိုက်မိရင်း ပြောဆိုလိုက်သည်။
…
…
“ဝူချုံး…… နင် ဘာဖြစ်လို့ ဒီလောက်အထိ နှစ်ပေါင်းအမြောက်မြား ကုန်လွန်သွားပြီးမှ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းနိုင်ခဲ့ရတာလဲ။
ကျိုကျီတောင်မှာ တစ်စုံတစ်ယောက်က နင့်ကို အနိုင်ကျင့်လို့လား”
ရုပ်ရည်အဆင်းက ဝူချုံးထက် မလျော့နည်းသော အမျိုးသမီးတစ်ယောက်က မျက်မှောင်ကြုတ်၍ မေးမြန်းလိုက်သည်။
စကားပြောနေစဉ်အတွင်းမှာပင်၊ သူမက ကျိလင်တို့ လူစုကို တစ်ချက်မျှ လှမ်းကြည့်လိုက်ရာ၊ မျက်ဝန်းအစုံထဲ၌ သံသယအရိပ်အယောင်များ ပြည့်နှက်နေခဲ့တော့သည်။
ကျိလင်တို့ လူစုသည် ရင်ထဲ၌ ဒေါသထွက်သွားခဲ့ကြရသော်လည်း၊ မည်သည့်စကားမျှ ထုတ်ဖော်၍ မပြောဆိုရဲကြချေ။
မျက်စိရှေ့က ပုဂ္ဂိုလ်၏ နာမည်က ရွှီဇီယွမ် ဖြစ်ပြီး၊ ပါးပုနတ်ဘုရားတောင်၏ ကာကွယ်ရေး ဆရာ နာလန်ချိုးဟုန်၏ တပည့် ဖြစ်ပေသည်။
မိမိကိုယ်ပိုင် နောက်ခံဖြစ်စေ၊ သို့မဟုတ် နောက်ခံအသိုင်းအဝိုင်းဖြစ်စေ၊ ကျိလင်တို့ လူစုထက် များစွာ အားကောင်းလွန်းလှသည်။
“ဒီလိုမျိုး မဟုတ်ပါဘူး၊ ငါ့ရဲ့ ပင်ကိုယ်ပါရမီက မကောင်းမွန်လို့ပါပဲ”
ဝူချုံးက သက်ပြင်းတစ်ချက် ချလိုက်မိသည်။
အတိတ်တုန်းက မိတ်ဆွေကောင်း သုံးယောက်စလုံးက စောစီးစွာပင် သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြပြီး၊ကာကွယ်ရေး ဆရာ၏ လက်အောက်ခံ တပည့်များပင် ဖြစ်လာခဲ့ကြပြီ ဖြစ်သည်ကို ကြည့်ရှုလိုက်မိရင်း။
မိမိကိုယ်တိုင်ကမူ ယခုမှသာ သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ရုံမျှသာ ရှိသေးရာ၊ အတိတ်တုန်းက ကျင့်ကြံခြင်းအဆင့်အတန်း တူညီခဲ့ကြသည့် လူလေးယောက်သည်၊ ယခုအခါတွင်မူ ထိုသုံးယောက်က သူမနှင့် အလွန်တရာ ဝေးကွာလှသော အကွာအဝေးတစ်ခုအထိ ရောက်ရှိသွားခဲ့ကြချေပြီ။
ဤအရာက ဝူချုံး၏ ရင်ထဲ၌ မချိတင်ကဲ ဖြစ်သွားစေ၏။
“အဲဒီ ကရုဏာတောင်ရဲ့ ဖန့်ချန် ရောက်လာပြီလား။
ငါ ကြားမိတာတော့ ပြီးခဲ့တဲ့ နှစ်ပေါင်းတစ်ရာတုန်းက၊ သူက တကယ့်ကို ရိုင်းစိုင်းရဲတင်းလှတယ်ဆို၊ ဖုန်းချင်းရှန်းတောင်ရဲ့ မေဒေါင်ကွမ်းတောင်မှ သူ့ရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ဘူးဆိုတာ ဟုတ်လား”
ရွှီဇီယွမ်က ပတ်ဝန်းကျင်ကို တစ်ချက်မျှ ဝေ့ဝဲကြည့်ရှုလိုက်ရင်း၊ ခပ်ပေါ့ပေါ့ မေးမြန်းလိုက်သည်။
သူမက ဖန့်ချန်အကြောင်းကို ထုတ်ဖော်၍ ပြောဆိုလိုက်သည်ကို မြင်တွေ့လိုက်ရသောအခါ၊ ကျိလင်၏ မျက်ဝန်းထဲ၌ မကျေမနပ်ဖြစ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ရသော်လည်း၊ မည်သည့်စကားမျှတော့ မဆိုခဲ့ချေ။
“ကျောင်းတော်သား ဖန့်ချန်က အခုနှစ်မှာ သေချာပေါက် ရောက်လာလိမ့်မယ်၊ လက်ရှိတော့ မရောက်လာသေးဘူး”
ဝူချုံးက ဆို၏။
“ငါ ဖန့်ချန်ရဲ့ နောက်ခံအကြောင်းအရင်းကို စုံစမ်းကြည့်ဖူးတယ်၊ တကယ့်ကို သာမန်ပါပဲ၊ ဒီလိုမျိုး အဆင့်အထိ လျှောက်လှမ်းနိုင်ခဲ့တာကတော့ တကယ့်ကို မလွယ်ကူလှဘူး။
သူ့ရဲ့ အတွင်းကမ္ဘာနယ်မြေ အဆင့်အတန်းကလည်း တကယ့်ကို မြင့်မားလွန်းတယ်၊ မင်း အတိတ်တုန်းက သူနဲ့ လက်ထပ်ပြီးတော့၊ သူ့ကို ခွေရွှေမျိုးနွယ်စုရဲ့ သမက်အဖြစ် ဝင်ရောက်စေခဲ့ရမှာ”
ရွှီဇီယွမ်က ထပ်မံ၍ ဆိုလိုက်ပြန်သည်။
ထိုတစ်ကြိမ်တွင်မူ ကျိလင်၏ မျက်ဝန်းထဲက ဒေါသတရားများကို ဖုံးကွယ်ထား၍ မရနိုင်တော့ချေ၊ သူက ရွှီဇီယွမ်ကို အေးစက်စွာ စိုက်ကြည့်လိုက်မိရင်း -
“နင်က ဘာကို ဆိုလိုတာလဲ၊ ကျောင်းတော်သူ ရွှီ”
“ဘာကို ဘာဆိုလိုတာလဲ ငါ့ရဲ့ ဆိုလိုရင်းက မထင်ရှားသေးလို့လား။
နင်က ဖန့်ချန်နဲ့ နှိုင်းယှဉ်ရင်၊ အဝေးကြီး လိုအပ်နေသေးတာ။ ဝူချုံးက နင့်ကို ရွေးချယ်ခဲ့တာကတော့၊ အတိတ်တုန်းက မျက်စိမှားသွားခဲ့လို့ပဲ ဖြစ်ရမယ်”
ရွှီဇီယွမ်က တိုက်ရိုက် ပြတ်သားစွာ ပြောဆိုလိုက်၏။
အခြား ပုဂ္ဂိုလ်နှစ်ယောက်ကမူ ပြုံးရွှင်နေခဲ့ကြပြီး၊ သူမကို တားဆီးမည့် အရိပ်အယောင်မျိုး လုံးဝ ရှိမနေခဲ့ချေ။
သို့သော်လည်း ထိုက်ရှီဝမ်ကျန်း၊ ဝေရွှင်တို့ လူစုကမူ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားခဲ့ကြရတော့သည်။
“ကျောင်းတော်သူ ရွှီ…… ကျောင်းတော်သား ကျိနဲ့ ကျောင်းတော်သူ ဝူတို့ အတူတူ လျှောက်လှမ်းဖြစ်ခဲ့ကြတာက၊ သူတို့နှစ်ယောက်ရဲ့ ရေစက်ပါပဲ။
မင်းက မခု ဒီနေရာမှာ လာရောက်ပြီးတော့ စကားများနေတာကတော့၊ သိပ်ပြီးတော့ မကောင်းဘူးမလား”
ထိုက်ရှီဝမ်ကျန်းက ခပ်ဖွဖွ ပြုံးလျက် ဆိုလာ၏။
ရွှီဇီယွမ်သည် မူလက ပြန်လည်ချေပရန် ပြင်ဆင်လိုက်သော်လည်း၊ တစ်ဖက်လူက အတိတ်တုန်းက လမ်းပြပေးခဲ့ဖူးသော ပုဂ္ဂိုလ်ဖြစ်သည်ကို မြင်တွေ့လိုက်ရသောအခါ၊ စိတ်ပျက်လက်ပျက်ဖြင့် နှုတ်ခမ်းကို ပိတ်လိုက်မိရင်း၊ ထိုက်ရှီဝမ်ကျန်းကို မျက်နှာသာပေးသည့်အနေဖြင့် မှတ်ယူလိုက်တော့၏။
ကျိလင်သည် ရင်ထဲ၌ စကားလုံးအချို့ကို စုစည်းလိုက်ပြီး၊ ထုတ်ဖော်၍ ပြောဆိုရန် ပြင်ဆင်လိုက်ဆဲ ရှိသေးသော်လည်း၊ ရုတ်တရက် ပတ်ဝန်းကျင်ရှိ သူတော်စင်မြောက်မြားစွာ၏ အေးစက်စွာ အသက်ရှူလိုက်ကြသည့် အသံဗလံများကို ကြားသိလိုက်ရတော့သည်။
ထိုက်ရှီဝမ်ကျန်းပင်လျှင် မျက်ဝန်းထဲ၌ တုန်လှုပ်အံ့ဩမှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ရရင်း၊ မသိစိတ်အရ တစ်စုံတစ်ခုသော အရပ်မျက်နှာဆီသို့ လှမ်း၍ ကြည့်ရှုလိုက်မိ၏။
ဖန့်ချန်လား။
ကျိလင်က ရင်ထဲ၌ ထိတ်လန့်သွားခဲ့ရပြီး၊ အလျင်အမြန် လှမ်း၍ ကြည့်ရှုလိုက်ရာ၊ မျက်စိထဲသို့ ထင်ဟပ်လာခဲ့သည်မှာမူ၊ တုနှိုင်းမရလောက်အောင် ခန့်ညားချောမောလှသည့် ခရမ်းရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက် ဖြစ်နေခဲ့တော့၏။
သူက ကြည့်ကောင်းလှသော ဟန်ပန်အပြည့်ဖြင့်၊ ဤနေရာသို့ ရောက်ရှိလာသည်နှင့်၊ မျက်နှာထက်၌ အပြုံးတစ်ခု ဆင်မြန်းလိုက်မိရင်း အရပ်ရပ်က လူများကို ခေါင်းညိတ်ပြလိုက်၏။
“တုန်းဖန်းဟို့ပဲ”
ထိုက်ရှီဝမ်ကျန်းက ဆို၏။
“တုန်းဖန်းဟို့ ရောက်လာပြီ”
မိုရှဲ့၏ အကြည့်သည် လေးနက်တည်ကြည်သွားခဲ့ရတော့သည်။
တုန်းဖန်းဟို့ ဟုတ်လား။
လူတိုင်းသည် ဤပုဂ္ဂိုလ်ကို မသိစိတ်အရ အကြိမ်အချို့ ထပ်မံ၍ ကြည့်ရှုလိုက်ကြမိတော့၏။
တုန်းဖန်းဟို့ ၏ ဒဏ္ဍာရီပုံပြင်များသည်၊ ဖန့်ချန် စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်သို့ တက်လှမ်းပြီးသွားခဲ့ပြီးနောက်၊ ဖြည်းဖြည်းချင်းပင် လူသားကျောင်းဆောင်အတွင်း၌ ပြန်လည်၍ လှည့်ပတ်ပျံ့နှံ့လာခဲ့ခြင်း ဖြစ်ပေသည်။
ယနေ့ ထိုနေရာတွင် ရှိနေကြသည့် တပည့်သစ်ဖြစ်စေ၊ သို့မဟုတ် တပည့်ဟောင်းဖြစ်စေ၊ တုန်းဖန်းဟောက်ကို ကြည့်ရှုလိုက်ကြသည့် မျက်ဝန်းအစုံထဲ၌၊ အလွန်တရာ ရှုပ်ထွေးပွေလီလှသော အရသာအချို့ ပြည့်နှက်နေခဲ့ကြတော့၏။
သူ့ထံမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများ၏ မငြိမ်မသက်ဖြစ်မှုအရမူ…… ထင်ရှားစွာပင် စွမ်းအင်စုစည်းခြင်း အဆင့်မြင့်ပိုင်းသို့ ရောက်ရှိနေခဲ့ချေပြီ။
အခန်း (၂၀၉၆) ဒီရွံစရာကောင်းတဲ့ ကောင်ပဲ
ယနေ့ ကောင်းကင်ငါးပါးနန်းဆောင်သို့ ရောက်ရှိနေကြသည့် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် သူတော်စင်များထဲတွင်၊ မြောက်မြားစွာသော လူတို့သည် တုန်းဖန်းဟို့နှင့် တစ်သုတ်တည်း တက်ခဲ့ကြသူများ ဖြစ်ကြပြီး၊ အချို့ဆိုလျှင် တုန်းဖန်းဟို့ထက် တစ်သုတ်၊ နှစ်သုတ်၊ သုံးသုတ်၊ လေးသုတ်ပင် ပို၍ စောကြသူများ ဖြစ်ကြပေသည်။
အမှန်စင်စစ် တစ်ပိုင်းသူတော်စင်အဆင့်မှ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်သို့ တက်လှမ်းပြီးနောက်၊ နောက်ထပ် ခြေလှမ်းတစ်လှမ်း ထပ်မံလှမ်းရန်မှာ၊ အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်သို့ လှမ်းရမည့် ခြေလှမ်းငယ်လေးတစ်ခု ဖြစ်လျှင်ပင်၊ လူမြောက်မြားစွာအတွက်မူ အလွန်တရာ ခက်ခဲလွန်းလှသည့် ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။
၎င်းမှာ အချိန်ကာလတစ်ခုအထိ အနည်ထိုင် စုဆောင်းမှုများ ပြုလုပ်ပြီးမှသာ အခွင့်အရေး ရရှိနိုင်ခြင်းမျိုး ဖြစ်၏။
ထို့ကြောင့်လည်း အသုတ်မတူညီကြသည့် ကျောင်းသားများ ဖြစ်ကြသော်လည်း၊ ကျင့်ကြံခြင်းအဆင့်အတန်း တူညီနေကြခြင်းမျိုး ဖြစ်ပေါ်လာရခြင်း ဖြစ်ပေသည်။
ဤကဲ့သို့သော အခြေအနေမျိုးက စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်၌သာ ဖြစ်ပွားခြင်းမျိုး မဟုတ်ချေ။
အလယ်အလတ်အဆင့်၊ အဆင့်မြင့်ပိုင်းနှင့် နောက်ပိုင်းတွင် ရှိနေကြသည့် အသက်စွမ်းအင်အဆင့်၊ ကမ္ဘာတည်ဆောက်ခြင်း အဆင့်များ၌လည်း ဤနည်းပင် ဖြစ်ကြသည်။
တစ်ပိုင်းသူတော်စင်အဆင့်တွင်သာ နှစ်ပေါင်းတစ်ထောင်ဟူသော အစပျိုးသင်ကြားရေး ကာလအပိုင်းအခြား ရှိနေပြီး၊ ပြုတ်ကျကျန်ရစ်မည့် စနစ်မျိုး ရှိနေခြင်း ဖြစ်၏။
ထို့ကြောင့် လူသားကျောင်းဆောင်အတွင်းရှိ သူတော်စင်အရေအတွက်မှာ ထင်မှတ်ထားသည်ထက် များစွာ ပိုမိုများပြားလှပြီး၊ ထိုအရာများအားလုံးမှာ ကျောင်းသားအသုတ်ပေါင်း မြောက်မြားစွာက စုဆောင်းချန်ရစ်ခဲ့ကြသည့် အခြေခံအနှစ်သာရများပင် ဖြစ်တော့သည်။
တုန်းဖန်းဟို့ ကိုယ်ထည်ထင်ရှားလာသည်ကို မြင်တွေ့လိုက်ရပြီး၊ သူ၏ ကိုယ်ပေါ်မှ စွမ်းအင်စုစည်းခြင်း အဆင့်နောက်ပိုင်း စွမ်းအင်လှိုင်းများ၏ မငြိမ်မသက်ဖြစ်မှုကို အာရုံခံမိလိုက်ကြပြီးနောက်။
သူနှင့် တစ်သုတ်တည်း တက်ခဲ့ကြသူများနှင့် ဤနေရာ၌ ရှိနေကြသည့် စွမ်းအင်စုစည်းခြင်း အဆင့်နောက်ပိုင်း စီနီယာနောင်တော်ကြီးများ၏ စိတ်ခံစားမှုမှာ အရှုပ်ထွေးဆုံးနှင့် ရှင်းလင်းရ အခက်ခဲဆုံး ဖြစ်နေခဲ့ရတော့သည်။
“စွမ်းအင်စုစည်းခြင်း အဆင့်နောက်ပိုင်း…… သူ့ကို လူထူးလူဆန်း ပါရမီရှင်လို့ ခေါ်ရင်တောင် လွန်မယ်မထင်ဘူး။
သူက လူသားကျောင်းတော်အတွင်းမှာ၊ ကမ္ဘာကြီး သူတော်စင်အဆင့်ကို တက်လှမ်းဖို့အတွက် အခွင့်အရေး အရှိဆုံး ပုဂ္ဂိုလ် ဖြစ်လိမ့်မယ်။
ပြီးတော့…… နင်အကြီးကဲတို့ရဲ့ အဆင့်အတန်းမျိုးအထိ ချဉ်းကပ်သွားနိုင်မယ့် တည်ရှိမှုမျိုးလည်း ဖြစ်နိုင်တယ်……”
ဝေရွှင်က တုန်းဖန်းဟို့ကို ကြည့်ရှုလိုက်မိရင်း၊ ရင်ထဲ၌ တိတ်တဆိတ် သက်ပြင်းတစ်ချက် ချလိုက်မိ၏။
အကယ်၍ တစ်ဖက်လူက စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်မျှသာ ဖြစ်နေခဲ့ပါက၊ သူက အနည်းငယ်မျှ မနာလိုဖြစ်မိနိုင်ပြီး၊ တစ်နေ့နေ့တွင် တစ်ဖက်လူ၏ ခြေလှမ်းများကို လိုက်မှီနိုင်ရန် တွေးတောမိနိုင်ပေသည်။
သို့သော်လည်း တစ်ဖက်လူက ယခုအခါတွင်မူ စွမ်းအင်စုစည်းခြင်း အဆင့်မြင့်ပိုင်းသို့ ရောက်ရှိနေခဲ့ပြီဖြစ်ရာ၊ ဤကဲ့သို့သော ကျင့်ကြံခြင်းအဆင့် တိုးတက်မှုနှုန်းမျိုးက၊ လူကို တိုက်ရိုက်ပင် အားအင်ကုန်ခမ်းမှုမျိုး ခံစားရစေပြီး၊ ယှဉ်ပြိုင်လိုစိတ် လုံးဝ ရှိမနေတော့ဘဲ၊ သာမန်လူသားတစ်ယောက်က သူတော်စင်တစ်ပါးကို မော့ကြည့်နေရသကဲ့သို့သာ၊ သူ မည်မျှအထိ ဝေးကွာစွာ လျှောက်လှမ်းနိုင်မလဲ၊ မည်ကဲ့သို့သော အဆင့်အတန်းမျိုးအထိ ရောက်ရှိသွားမလဲဆိုသည်ကိုသာ စောင့်ကြည့်နေရုံမျှ ရှိတော့သည်။
“ငါတို့ ကျောင်းတော်မှာ နေခဲ့တာ ဘယ်လောက်တောင် ကြာသွားပြီလဲ။ ဒီနေရာက တပည့်ကျောင်းသားတွေထဲမှာ ဆယ့်ဂဏန်းလောက်ရှိတဲ့ အသုတ်တွေက ငါတို့ရဲ့ ဂျူနီယာညီငယ်တွေ ဖြစ်ကုန်ကြပြီမလား။
ပင်ပန်းကြီးစွာနဲ့ စွမ်းအင်စုစည်းခြင်း အဆင့်နောက်ပိုင်းကို တက်လှမ်းနိုင်ခဲ့ကာမှ၊ အခုတော့ ဒီဂျူနီယာညီငယ်က ငါတို့ကို မသိမသာ လိုက်မှီနေပြီပဲ။
အကယ်၍ သူက အသက်စွမ်းအင်အဆင့်ကို အရင်ဆုံး တက်လှမ်းသွားမယ်ဆိုရင်တော့၊ ငါတို့ရဲ့ မျက်နှာကို ဘယ်နား သွားထားရမလဲ”
“ဒါက ဘာတတ်နိုင်မှာလဲ၊ ကြည့်ရတာ ဒါကလည်း ကျောက်ကျိလိုမျိုး ပုဂ္ဂိုလ်တစ်ယောက် ထပ်ပေါ်လာတာပဲ ဖြစ်ရမယ်”
“ကျောက်ကျိ ဟုတ်လား။ အဲဒီလူရဲ့ ခေတ်ကာလက ငါတို့ထက် အများကြီး ပိုပြီးတော့ ရှေးကျတာပေါ့၊ သူ ကျောင်းတော်ကို စတင်ဝင်ရောက်ခါစတုန်းက၊ တုန်းဖန်းဟို့လိုမျိုး ပါရမီမျိုး ရှိခဲ့လို့လား”
“ရှိခဲ့တာပဲ ဖြစ်ရမယ်……”
စွမ်းအင်စုစည်းခြင်း သူတော်စင်များသည် တိုးတိုးတိတ်တိတ် စကားဆိုနေကြ၏။
“သားကြီးတို့…… ဂျူနီယာညီငယ်လေး တုန်းဖန်းဟို့က၊ ကြည့်ရတာ သိပ်ပြီးတော့ မကြာခင်အချိန်အတွင်းမှာပဲ၊ ငါတို့ကို လိုက်မှီသွားနိုင်လိမ့်မယ် ထင်တယ်”
အသက်စွမ်းအင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်က သက်ပြင်းတစ်ချက် ချလိုက်မိရင်း ဆိုလာ၏။
ကျန်ရှိနေကြသည့် အသက်စွမ်းအင်အဆင့် သူတော်စင်များသည် အစောပိုင်းအဆင့်ဖြစ်စေ၊ အလယ်အလတ်အဆင့်ဖြစ်စေ သို့မဟုတ် အဆင့်မြင့်ပိုင်းဖြစ်စေ။
အားလုံးပင် ထိုစကားအပေါ် များစွာ သဘောတူညီကြပြီး၊ ၎င်းတို့သည် မျက်နှာပျက်စရာ ကိစ္စတစ်ခုဟုလည်း သဘောမထားကြချေ။
လူသားမျိုးနွယ်စုအတွင်း၌၊ အမြဲတမ်းပင် ဤကဲ့သို့သော ပါရမီရှင် လူထူးလူဆန်းများ ထွက်ပေါ်လာတတ်စမြဲ ဖြစ်ပေသည်။
ဥပမာအားဖြင့် ဟော်ဆွေ့မျိုးနွယ်၏ ဟော်ဆွေ့ဆရာသခင်ကြီး ဖြစ်ပေသည်။
သူသည်လည်း လူသားမျိုးနွယ်စု၏ အားအကောင်းဆုံး ပါရမီရှင်တစ်ယောက်အနေဖြင့်၊ လမ်းကြောင်းတစ်ခုလုံးတွင် အဆင့်များကို ကျော်ဖြတ်ကာ ကောင်းကင်အရှင် သူတော်စင်အဆင့်အထိ ရောက်ရှိသွားခဲ့သည် မဟုတ်ပါလော။
ယခုအချိန်အထိ၊ လူသားမျိုးနွယ်စုအတွင်း၌ သူနှင့် လက်ရည်ယှဉ်နိုင်မည့် အခြားသော ကောင်းကင်အရှင် သူတော်စင်အဆင့်တစ်ယောက် ထပ်မံထွက်ပေါ်လာခြင်းမျိုး မရှိသေးဘဲ၊ အားအကောင်းဆုံးဆိုလျှင်ပင် အထွတ်ထိပ်တာအို အဆင့်မျှသာ ရှိသေးသည်။
ထို့ကြောင့် ရှေးဟောင်းပညာရှိကြီးများ၏ စံနမူနာများ ရှိနေခဲ့ဖူးသဖြင့်၊ လက်ရှိ တုန်းဖန်းဟို့၏ အခြေအနေက ထိုအသက်စွမ်းအင်အဆင့် သူတော်စင်များ၏ မျက်ဝန်းထဲ၌၊ ချီးကျူးဂုဏ်ပြုထိုက်သည်ဟု သတ်မှတ်နိုင်သော်လည်း၊ ရင်ထဲ၌ အလွန်အမင်း ထားရှိနေရန်တော့ မလိုအပ်ချေ။
တုန်းဖန်းဟို့သည်လည်း ပတ်ဝန်းကျင်ရှိ တိုးတိုးတိတ်တိတ် စကားဆိုသံများနှင့် လက်ညှိုးထိုး ပြောဆိုနေကြမှုများကို ဂရုမစိုက်ဘဲ၊ အကြည့်ကို တစ်ချက် ဝေ့ဝဲကြည့်ရှုလိုက်ရာ၊ ရုတ်တရက် ကျိလင်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ပြီး၊ မျက်ဝန်းထဲ၌ အပြုံးအရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ရရင်း၊ ကျိလင်ရှိရာ အရပ်မျက်နှာဆီသို့ လျှောက်လှမ်းလာခဲ့တော့သည်။
“ညီကိုကျိ…… ငါတို့ မတွေ့ဖြစ်တာ နှစ်ပေါင်းမြောက်မြားစွာ ရှိသွားပြီပဲ၊ ငါ ဒီတစ်ကြိမ် တောင်ပေါ်က ဆင်းလာပြီးတော့မှပဲ မင်းလည်း ကျောင်းတော်မှာ ရှိနေတယ်ဆိုတာ ကြားသိရတာ”
“ဟူး……”
ကျိုကျီတောင်၏ တပည့်ကျောင်းသားများသည် ရင်ထဲ၌ အေးစက်စွာ အသက်ရှူလိုက်ကြမိတော့၏။
ချိုင်စစ်ရှို့နှင့် လုကျိုဝမ်တို့နှစ်ယောက်စလုံးသည်လည်း မျက်နှာထက်၌ အံ့ဩမှင်သက်မှုများ ပြည့်နှက်သွားခဲ့ရသည်။
၎င်းတို့သည် တုန်းဖန်းဟို့က ထိုက်ရှီဝမ်ကျန်းနှင့် စကားစမြည် ပြောဆိုလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်ပေသည်၊ အကြောင်းမှာ ထိုက်ရှီဝမ်ကျန်းက အတိတ်တုန်းက သူကိုယ်တိုင် တုန်းဖန်းဟို့အတွက် လမ်းပြပေးခဲ့ဖူးသည်ဟု ပြောဆိုခဲ့ဖူးသောကြောင့် ဖြစ်သည်။
သို့သော်လည်း တုန်းဖန်းဟို့က ကျိလင်နှင့် သိကျွမ်းနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါအံ့နည်း။
သူ့စကားထဲက ဆိုလိုရင်းအရမူ၊ ထိုပုဂ္ဂိုလ်နှစ်ယောက်သည် ကျောင်းတော်၏ အပြင်ဘက်ကတည်းကပင် သိကျွမ်းရင်းစွဲ ရှိခဲ့ကြဟန် တူပေသည်။
ကျိလင်၏ ဘေးတွင် ရပ်တန့်နေသည့် ဝူချုံးသည် အနည်းငယ်မျှ အံ့ဩသွားခဲ့ရပြီး၊ ကျိလင်ကို မသိစိတ်အရ တစ်ချက်မျှ လှမ်း၍ ကြည့်ရှုလိုက်မိ၏။
ကျိလင်က ဝူချုံး၏ အကြည့်ကို အာရုံခံမိလိုက်သောအခါ၊ မျက်ဝန်းအောက်ခြေ၌ ခပ်ဖျော့ဖျော့ ပြုံးရွှင်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ရပြီးနောက်၊ ရှေ့သို့ လှမ်း၍ တုန်းဖန်းဟို့နှင့် စိတ်အားထက်သန်စွာ စကားစမြည် ဆိုတော့သည်။
“ညီကိုတုန်းဖန်း…… ငါတို့ တကယ်ပဲ မတွေ့ဖြစ်တာ နှစ်ပေါင်းမြောက်မြားစွာ ရှိသွားခဲ့ပြီ၊ အတိတ်တုန်းက……”
စကားဆိုနေကြသည့် ထိုနှစ်ယောက်ကို ကြည့်ရှုလိုက်မိရင်း၊ လူမြောက်မြားစွာက ကျိလင်ကို ကြည့်ရှုလိုက်ကြသည့် အကြည့်များသည် တဖြည်းဖြည်းချင်းပင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ရတော့သည်။
ကျိလင်၏ ပင်ကိုယ်ပါရမီက သာမန်မျှသာ ဖြစ်ပြီး၊ ကျင့်ကြံခြင်းအဆင့်ကလည်း စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်မျှသာ ရှိသော်လည်း။
သူက တုန်းဖန်းဟို့နှင့် သိကျွမ်းနေသည် မဟုတ်ပါလော။
ထိုအချက်တစ်ခုတည်းနှင့်တင် သာမန်သဘောထားမျိုးဖြင့် ဆက်ဆံ၍ မရနိုင်တော့ချေ။
ကျိုကျီတောင်၏ တပည့်ဟောင်းအချို့သည် အပြန်အလှန် တစ်ချက်မျှ ကြည့်ရှုလိုက်ကြမိရာ၊ အားလုံးပင် တစ်ဖက်လူ၏ မျက်ဝန်းအောက်ခြေက လေးနက်တည်ကြည်မှု အရိပ်အယောင်အချို့ကို မြင်တွေ့လိုက်ကြရသည်။
“သူက တုန်းဖန်းဟို့နဲ့ တကယ်ပဲ သိကျွမ်းနေတာလား”
ရွှီဇီယွမ်တို့ သုံးယောက်စလုံးသည်လည်း မျက်နှာထက်၌ တုန်လှုပ်အံ့ဩမှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ရတော့သည်။
တုန်းဖန်းဟို့၏ တည်ရှိမှုနှင့် ပတ်သက်၍မူ၊ ၎င်းတို့သည်လည်း သေချာပေါက် သိရှိထားကြပေသည်။
ထို့အပြင် ၎င်းတို့၏ ကာကွယ်ရေးဆရာကလည်း အတိအလင်း ပြောဆိုခဲ့ဖူး၏။
တုန်းဖန်းဟို့က မျိုးဆက်သစ်လူငယ်များထဲတွင်၊ ပင်ကိုယ်ပါရမီ အားအကောင်းဆုံး ပုဂ္ဂိုလ် ဖြစ်ပေသည်။
သူ့ထက် အားကောင်းသည့် ပုဂ္ဂိုလ်များမှာမူ တန်လင်ကျောင်းတော်၏ လူသားကျောင်းတော်အတွင်း၌သာ ရှိကြပေသည်။
ရွှေဟွေးကျောင်းတော်၏ လူသားကျောင်းတော်အတွင်း၌မူ၊ တုန်းဖန်းဟို့ထက် ပိုမို၍ လူထူးလူဆန်းဆန်သည့် ပါရမီရှင်မျိုးကို ရှာဖွေ၍ ရနိုင်လိမ့်မည် မဟုတ်ချေ။
ထိုကဲ့သို့သော ကာကွယ်ရေးဆရာ၏ သတ်မှတ်ချက်များ ရှိခဲ့ဖူးသောကြောင့်သာ၊ ၎င်းတို့သည် တုန်းဖန်းဟို့အပေါ် ထိုမျှလောက်အထိ နက်ရှိုင်းစွာ အထင်ကြီးလေးစားမှုများ ရှိနေခဲ့ကြခြင်း ဖြစ်ပေသည်။
ယခုအခါ မိမိတို့ကိုယ်တိုင် အထင်မကြီးခဲ့သည့် ကျိလင်က တစ်ဖက်လူနှင့် သိကျွမ်းနေရုံတင်မကဘဲ၊ ဆက်ဆံရေးကလည်း တကယ့်ကို ရင်းနှီးကျွမ်းဝင်မှု ရှိနေသည်ကို မြင်တွေ့လိုက်ရသောအခါ၊ ထိုသုံးယောက်စလုံး မျက်နှာထက်၌ ထူးဆန်းအံ့ဩမှု အရိပ်အယောင်တစ်ခု ထွက်ပေါ်မလာဘဲ မနေနိုင်တော့ချေ။
“ဝူချုံး…… မင်း သူက တုန်းဖန်းဟို့နဲ့ သိကျွမ်းနေတယ်ဆိုတာ သိလား”
ရွှီဇီယွမ်က တိုးတိုးတိတ်တိတ် မေးမြန်းလိုက်၏။
ဝူချုံးက ခေါင်းကို ခပ်ဖွဖွ ရမ်းလိုက်မိသည်။
သူမသည်လည်း အမှန်တကယ်ပင် မသိရှိထားခဲ့ချေ။
ပြီးခဲ့သည့်အကြိမ်က ကျိလင်က ရုတ်တရက် တုန်းဖန်းဟို့အကြောင်းကို ထုတ်ဖော်၍ ပြောဆိုခဲ့ခြင်းမှာလည်း မဆန်းတော့ချေ။
ယခုကြည့်ရသည်မှာ၊ သူမ ရွေးချယ်ခဲ့သည့် ဤပုဂ္ဂိုလ်ကလည်း တကယ့်ကို အကွက်အကွင်း နက်နဲလှသူတစ်ယောက် ဖြစ်ပေသည်။
ရွှီဇီယွမ်နှင့် ဝူချုံးတို့၏ အပြန်အလှန် စကားဆိုမှုကို အာရုံခံမိလိုက်သောအခါ၊ ကျိလင်၏ မျက်ဝန်းထဲ၌ တစ်ဖန် ပြက်ရယ်ပြုလိုသည့် ခပ်ဖျော့ဖျော့ အပြုံးအရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်။
ထိုအချိန်မှာပင်၊ အခြားသော ပုံရိပ်တစ်ခုက ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ရောက်ရှိလာခဲ့ပြန်သည်။
“ဟားဟားဟား လူတွေ အများကြီးပါလား၊ ဟားဟားဟား”
မေဒေါင်ကွမ်းက ရူးသွပ်စွာ ရယ်မောရင်း ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။
သူက စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်မျှသာ ရှိသော်လည်း၊ စွမ်းအင်စုစည်းခြင်း သူတော်စင်များနှင့် အသက်စွမ်းအင်အဆင့် သူတော်စင်မြောက်မြားစွာ၏ ရှေ့မှောက်တွင် မည်သို့မျှ ဂရုမစိုက်ဘဲ ရိုင်းစိုင်းရဲတင်းနေခဲ့၏။
ဤကဲ့သို့သော သတ္တိမျိုးကမူ၊ သေချာပေါက် သူကိုယ်တိုင် ဖုန်းချင်းရှန်း တောင်မှ ဆင်းသက်လာခဲ့ခြင်းကြောင့် ဖြစ်ပေသည်။
လူတိုင်းက ဖုန်းချင်းရှန်းတောင်ကို အတိတ်တုန်းက ရူးသွပ်ခြင်းတောင်ဟု ခေါ်ဆိုခဲ့ကြသည်ကို သိရှိထားကြပေရာ၊ မေဒေါင်ကွမ်း၏ ပြုမူလှုပ်ရှားမှုများကို မည်သူက အရေးတယူ ရှိနေပါအံ့နည်း။
ထိုကဲ့သို့သော လူမျိုးနှင့် အပေါင်းအသင်း မလုပ်နိုင်လျှင်ပင်၊ ရန်သူဖြစ်အောင် လုပ်ရန် မလိုအပ်ဟုသာ သဘောထားကြပေသည်။
“ညီကိုမေ”
ကျိလင်၏ မျက်ဝန်းများ တောက်ပသွားခဲ့ရသည်။
“ကျိလင်လား။ မင်းလိုမျိုး အမှိုက်ကောင်ပါလား၊ ဟားဟားဟား”
မေဒေါင်ကွမ်းက ကျယ်လောင်စွာ ရယ်မောလိုက်၏။
ကျိလင်၏ မျက်နှာအမူအရာက အနည်းငယ်မျှ ပြောင်းလဲသွားခဲ့ရသည်။
တုန်းဖန်းဟို့က မျက်မှောင်ကို ခပ်ဖွဖွ ကြုတ်လိုက်မိရင်း၊ မေဒေါင်ကွမ်းကို တည်ငြိမ်စွာဖြင့် တစ်ချက်မျှ လှမ်း၍ ကြည့်ရှုလိုက်သည်။
ရုတ်တရက်ဆိုသလိုပင်၊ မေဒေါင်ကွမ်း၏ ရယ်မောသံက ချက်ချင်း တန့်သွားခဲ့ရပြီး၊ မျက်ဝန်းထဲ၌ ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သော်လည်း၊ မကြာခင်မှာပင် သူက ပြန်လည်၍ ဖုံးကွယ်လိုက်မိရင်း၊ တစ်ဖန် တောင့်တင်းလှသော ရူးသွပ်စွာ ရယ်မောသံများကို ထုတ်ဖော်လိုက်ပြန်ကာ၊ ဤနေရာနှင့် ဝေးကွာရာ အရပ်သို့ ဖယ်ခွာသွားခဲ့ပြီး ကောင်းကင်ငါးပါးနန်းဆောင်၏ အခြားသော အရပ်မျက်နှာတစ်ခုသို့ သွားရောက်လိုက်တော့၏။
“ဒီကောင်ကတော့……”
ထိုနေရာ၌ ရှိနေကြသည့် သူတော်စင်များသည် အချင်းချင်း တစ်ချက်မျှ ကြည့်ရှုလိုက်ကြမိရင်း၊ မျက်ဝန်းထဲ၌ ထူးဆန်းလှသော အရသာများ ပြည့်နှက်သွားခဲ့ကြရတော့သည်။
၎င်းတို့သည် အစောပိုင်းကတည်းက မေဒေါင်ကွမ်းက ရူးချင်ယောင်ဆောင်နေခြင်း ဖြစ်သည်ကို ရိပ်မိထားခဲ့ကြပြီး ဖြစ်ပေသည်။
ယနေ့တွင်မူ ၎င်းတို့သည် ပိုမို၍ သေချာသွားခဲ့ကြရချေပြီ။
မဟုတ်ပါက မေဒေါင်ကွမ်း၏ ပြုမူလှုပ်ရှားမှုအချို့က၊ အဘယ်ကြောင့် အမြဲတမ်း ပုံရိပ်ယောင်များအောက်တွင် မိမိကိုယ်ကို အလိုအလျောက် ကာကွယ်နေရသနည်း။
မေဒေါင်ကွမ်းက ထောင့်စွန်းတစ်နေရာတွင် ရပ်တန့်နေခဲ့ပြီး၊ မျက်နှာအမူအရာက ညိုမှိုင်းနေခဲ့ကာ၊ အခါအားလျော်စွာ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားခဲ့ရရင်း ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ပါးစပ်ကလည်း တိုးတိုးတိတ်တိတ် တစ်စုံတစ်ခုကို ရေရွတ်နေခဲ့ဟန် တူသော်လည်း၊ သူ၏ အသံထွက်ပေါ်လာခြင်းမျိုးတော့ မရှိချေ။
ပတ်ဝန်းကျင်ရှိ လူများက မိမိကို ကြည့်ရှုနေကြသည့် အကြည့်များကို အာရုံခံမိလိုက်ပုံရပြီး၊ မေဒေါင်ကွမ်း၏ အကြည့်များသည် ပိုမို၍ ညိုမှိုင်းတောက်ပလာခဲ့ရတော့သည်။
အကျွမ်းတဝင်ရှိလှသော စွမ်းအင်တစ်ခုက အဝေးတစ်နေရာမှ ဖြတ်သန်း၍ ရောက်ရှိလာခဲ့သည့် တိုင်အောင် ဖြစ်ပေသည်။
“ကရုဏာတောင်ရဲ့ ဖန့်ချန် ရောက်လာပြီ”
တစ်စုံတစ်ယောက်က ခေါင်းကို မော့၍ တစ်ချက်မျှ ကြည့်ရှုလိုက်မိရင်း၊ မျက်ဝန်းထဲ၌ ရှုပ်ထွေးပွေလီလှသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ရတော့သည်။
ထိုအချိန်တွင်၊ တုန်းဖန်းဟို့နှင့် မိမိ၏ ကျောင်းတော်တွင်း အတွေ့အကြုံများကို ပြောဆို၍ ပြီးဆုံးခါစ ရှိသေးသည့် ကျိလင်က ခေါင်းကို မော့လိုက်သောအခါ၊ မိမိကို အလွန်တရာ ရွံရှာမုန်းတီးစေခဲ့သည့် ထိုမျက်နှာပြင်ကို မြင်တွေ့လိုက်ရတော့၏။
“ညီကိုကျိ…… ဒီပုဂ္ဂိုလ်က မင်း ပြောခဲ့တဲ့ သုံးသုတ်ဆက်တိုက် ပထမရခဲ့တဲ့လူလား”
တုန်းဖန်းဟို့က ဖန့်ချန်ကို လှမ်း၍ ကြည့်ရှုလိုက်မိရင်း၊ မျက်နှာထက်၌ ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ဆင်မြန်းကာ မေးမြန်းလိုက်သည်။
“အင်း၊ ဒီရွံစရာကောင်းတဲ့ ကောင်ပဲ”
ကျိလင်က ခေါင်းကို ခပ်ဖွဖွ ညိတ်လိုက်မိတော့သည်။