← Chapters

အခန်း ၆၁၆

Vol. 42 Ch. 616

အခန်း ၆၁၆

Vol. 42 Ch. 616

အခန်း (၆၁၆) ယဲ့ဖုန်း က အသက် (၃၀) အောက်ပဲ ရှိသေးတယ် ဟုတ်လား... မဖြစ်နိုင်တာ

အရာရာကို ပုံဖော်နိုင်သော မျက်လုံး ကို အသက်သွင်းလိုက်သောအခါ ယဲ့ဖုန်းသည် လောကရှိ အရာအားလုံး၏ အချက်အလက်များကို မြင်တွေ့နိုင်သည်။

[အမည် - အရိပ်မိစ္ဆာ ဂိုဏ်း

..သန့်ရှင်းသော ဗိမာန်တော်]

[အဆင့် - အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ]

[မှတ်ချက် - အရိပ်မိစ္ဆာ ဂိုဏ်း ၏ ဂူကောင်းကင်ကမ္ဘာ အဝင်အထွက် တံခါး ဖြစ်ပြီး ဧရာမ ဝင်္ကပါ ကြီးတစ်ခုမှ တစ်ဆင့် အခြား သန့်ရှင်းသော ဗိမာန်တော် (၁၇) ခု နှင့် ချိတ်ဆက်ထား၏။ အစွမ်းထက်သော ကာကွယ်ရေး စွမ်းရည် ပါရှိပြီး တပိုင်း အဆင့် သူတော်စင် ၏ ခွန်အားအပြည့်ဖြင့် တိုက်ခိုက်မှု တစ်ချက်ကို မပျက်စီးဘဲ ခံနိုင်ရည် ရှိသည်။]

“တကယ်ပဲ အရမ်း ခိုင်ခံ့တာပဲ”

ယဲ့ဖုန်းက သူ၏ မေးစေ့ကို ပွတ်သပ်လိုက်၏။

သူက အလင်းတံတိုင်း ကို ကြည့်ပြီး လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းကာ လက်ဝါးရိုက်ချက် တစ်ချက် ပစ်လွှတ်လိုက်ရာ အရိပ်မိစ္ဆာ ဂိုဏ်း သန့်ရှင်းသော ဗိမာန်တော် ၏ အလင်းတံတိုင်း ကို ထိမှန်သွားသော်လည်း ရေလှိုင်းဂယက်လေးများသာ ဖြစ်ပေါ်စေခဲ့၏။ ၎င်းကို မဖျက်ဆီးနိုင်ခဲ့ချေ။

“မိတ်ဆွေလေး ယဲ့... မင်း အဲဒီ အလင်းတံတိုင်း ကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး”

အစိမ်းရောင် ဝတ်ရုံဝတ် ဓားဘိုးဘေး က အဝေးမှနေ၍ လှမ်းအော်လိုက်၏။

ချီတုံချတုံ ဖြစ်နေခဲ့ကြသော ရှေးဟောင်း မျိုးနွယ်စု ခေါင်းဆောင် အချို့မှာ စိတ်ဝင်စားသွားကြပြီး အကယ်၍ ယဲ့ဖုန်းက သန့်ရှင်းသော ဗိမာန်တော် ၏ အလင်းတံတိုင်း ကို တကယ် မဖျက်ဆီးနိုင်လျှင် သူတို့အနေဖြင့် ပုန်းအောင်းနေပြီး လျော်ကြေးပေးရမည့် ကိစ္စကို ရှောင်လွှဲနိုင်ပြီဟု တွေးလိုက်ကြသည်။

ထိုအတွေးဖြင့် သူတို့မှာ စမ်းသပ်ကြည့်ချင်စိတ်များ ပြင်းပြလာတော့၏။

“လူငယ်လေး..အလကား သက်သက် မျှော်လင့်ချက်တွေ မထားပါနဲ့တော့။ ဒါက အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ (၁၈) ခု နဲ့ ဖွဲ့စည်းထားတဲ့ မဟာဝင်္ကပါ ကြီးပဲ။ ကောင်းကင် ဧကရာဇ် အဆင့်ကို အခုမှ ဝင်ရောက်ခါစ မင်းရဲ့ ခွန်အားလေးနဲ့တော့ ဒါကို ဖျက်ဆီးဖို့ ဘာအခွင့်အရေးမှ မရှိပါဘူး”

အရိပ်မိစ္ဆာ ဂိုဏ်းချုပ် က သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး အလွန် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။

ထိုအခိုက်အတန့်တွင် သူ အလွန် ဝမ်းသာလွန်းသဖြင့် ကခုန်ချင်စိတ်ပင် ပေါက်နေတော့၏။

“ဪ ဟုတ်လား”

ယဲ့ဖုန်းက ရုတ်တရက် ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး “ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း” ကို အသုံးပြုလိုက်ရာ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ အရှိန်အဝါက တစ်ဟုန်ထိုး တက်လာပြီး နောက်ဆုံးတွင် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ၏ အထွတ်အထိပ် သို့ ရောက်ရှိသွားသည်။

“ဝုန်း... ”

ယဲ့ဖုန်း၏ လက်သီးက အလင်းတံတိုင်း ကို ထိမှန်သွားရာ သုံးလက်မခန့် ချိုင့်ဝင်သွားသော်လည်း မဖျက်ဆီးနိုင်ခဲ့ချေ။

ထိုကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီး ကိုပင် အရိပ်မိစ္ဆာ ဂိုဏ်း သန့်ရှင်းသော ဗိမာန်တော် က ချေဖျက်ပစ်လိုက်ပြီး ပတ်ဝန်းကျင်သို့ မည်သည့် သက်ရောက်မှုမျှ မဖြစ်ပေါ်စေခဲ့ပေ။

“ဟားဟားဟား မင်း မလုပ်နိုင်ပါဘူး”

အရိပ်မိစ္ဆာ ဂိုဏ်းချုပ် က ရင်ဘတ်ပေါ်တွင် လက်ပိုက်လျက် ပို၍ပို၍ ဂုဏ်ယူဝင့်ကြွားလာတော့၏။

“ဟီးဟီး ယဲ့ဖုန်း က အလင်းတံတိုင်း ကို မဖျက်ဆီးနိုင်ဘူးဆိုတော့ ငါတို့လည်း ပုန်းနေကြရအောင်”

“တကယ် ကောင်းတဲ့ အကြံပဲ”

ရှေးဟောင်း မျိုးနွယ်စု ခေါင်းဆောင် အချို့က တိတ်တဆိတ် ဆွေးနွေးလိုက်ကြပြီး သူတို့၏ အပြုံးများက ပို၍ပို၍ ကောက်ကျစ်လာတော့သည်။

“အစိမ်းရောင် ဝတ်ရုံဝတ် ဓားဘိုးဘေး... ခင်ဗျားတို့ ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ရဲ့ သန့်ရှင်းသော ဗိမာန်တော် တွေရဲ့ ကာကွယ်ရေးက တကယ်ကို အရမ်း အစွမ်းထက်တာပဲ။ ကျွန်တော့်ရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင် တကယ်ပဲ ဒါကို မဖျက်ဆီးနိုင်ဘူး”

ယဲ့ဖုန်းက တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ပြီး လှည့်ကာ ပြောလိုက်၏။

အစိမ်းရောင် ဝတ်ရုံဝတ် ဓားဘိုးဘေး က မျက်မှောင်အနည်းငယ် တွန့်လိုက်ပြီး “ဒီ ဝင်္ကပါ က ငါတို့ ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု က ဘိုးဘေးတွေ ပူးပေါင်း ဖန်တီးထားတာပါ။ ရှေးဟောင်း သူတော်စင် တွေရဲ့ ကောင်းချီးကို ရရှိထားတယ်လို့ ဆိုကြတယ်။ တပိုင်း အဆင့် သူတော်စင် တွေတောင်မှ ဖျက်ဆီးချင်မှ ဖျက်ဆီးနိုင်မှာ” ဟု ပြောလိုက်၏။

သူက လူတိုင်းရှေ့တွင် ယဲ့ဖုန်းကို တောင်းပန်ပြီးပြီ ဖြစ်၏။

ယခု လျော်ကြေး အနည်းငယ်သာ ပေးလိုက်မည်ဆိုလျှင် ရေပေါ်ဖြူ မြို့တော် ၏ ကြယ်အဆင့် တိုးမြှင့်ခြင်း အခမ်းအနားကို အနှောင့်အယှက် ပေးခဲ့သည့် အငြိုးအာဃာတ ကို အပြတ်ရှင်းလင်းနိုင်ပြီ ဖြစ်သည်။

တင်းတင်းကျပ်ကျပ် ပြောရမည်ဆိုလျှင် သူနှင့် ယဲ့ဖုန်း ကြားတွင် မည်သည့် ရန်ငြိုးမျှ မကျန်ရှိတော့ချေ။

ထို့အပြင် ယဲ့ဖုန်းက ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ဤကဲ့သို့သော ခွန်အားမျိုးကို ပိုင်ဆိုင်ထားသည်ကို တွေးမိသောအခါ အစိမ်းရောင် ဝတ်ရုံဝတ် ဓားဘိုးဘေး သည်လည်း ယဲ့ဖုန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တက်ကြွစွာ တည်ဆောက်လိုစိတ်များ ပြင်းပြနေတော့၏။

တစ်ချိန်ချိန်တွင် ယဲ့ဖုန်းထံမှ အကူအညီ တောင်းခံရမည့် အချိန် ရောက်လာနိုင်သည် မဟုတ်ပါလား။

“ဒါပေမဲ့ အတင်း ဖောက်ဝင်ဖို့ မလိုဘူးလို့ ကျွန်တော် ထင်တယ်။ ကျွန်တော် ဂိုဏ်းချုပ် က ဒီအတိုင်း ဖြတ်လျှောက်သွားလို့ ရတယ်လေ”

ထိုအခိုက်အတန့်တွင် ယဲ့ဖုန်းက ရုတ်တရက် စကားပြောလာသည်။

ယခုလေးတင် သူက အားလပ်နေခဲ့ခြင်း မဟုတ်ချေ။ အပြင်ပန်းတွင် အလင်းတံတိုင်း ကို တိုက်ခိုက်နေပုံ ရသော်လည်း အမှန်တကယ်တွင်မူ ဉာဏ်အလင်းပွင့် နှလုံးသားအား အသုံးပြုကာ ဝင်္ကပါ ကို တွက်ချက်နေခဲ့ခြင်း ဖြစ်ပြီး အဓိကကျသော အချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

အသက် (၃၀) အောက် ပါရမီရှင် လူငယ်လေးတွေက အလင်းတံတိုင်း ကို တိုက်ရိုက် ဖြတ်လျှောက်သွားလို့ ရတယ်တဲ့။

ယဲ့ဖုန်း ဤအချက်ကို တွက်ချက်ရရှိသွားသောအခါ သူကိုယ်တိုင်ပင် အံ့အားသင့်သွားရပြီး ဘာကြောင့် ဤမျှ ထူးဆန်းသော ဟာကွက်ကြီး တစ်ခု ရှိနေရသနည်း ဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်သွားတော့၏။

“ဒီအတိုင်း ဖြတ်လျှောက်သွားမယ် ဟုတ်လား”

“တကယ့် ရယ်စရာပဲ”

“လူငယ်လေး မင်းကိုယ်မင်း ရှေးဟောင်း သူတော်စင် တစ်ပါးလို့ ထင်နေတာလား”

အရိပ်မိစ္ဆာ ဂိုဏ်းချုပ် က အားရပါးရ ရယ်လိုက်ပြီး တစ်စက္ကန့်လေးမျှပင် မယုံကြည်ခဲ့ချေ။

ငှက်မွေးဖြူ စံအိမ်သခင် က တစ်ခုခုကို စဉ်းစားမိသွားပုံရပြီး သူ၏ မျက်လုံးများက ပို၍ပို၍ အံ့အားသင့်လာကာ ရုတ်တရက် အော်ဟစ်ရန် ပြင်လိုက်၏။

သို့သော် ထိုအခိုက်အတန့်မှာပင်။

ယဲ့ဖုန်းက ရှေ့သို့ စတင် လျှောက်လှမ်းလိုက်ပြီး ရေတွက်၍မရနိုင်သော လူများ၏ မျက်စိရှေ့တွင်ပင် အလင်းတံတိုင်း ကို အလွယ်တကူ ဖြတ်သန်းကာ အရိပ်မိစ္ဆာ ဂိုဏ်း သန့်ရှင်းသော ဗိမာန်တော် အတွင်းသို့ ဝင်ရောက်သွားတော့၏။

ယဲ့ဖုန်း အလွန် နီးကပ်စွာ ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ အရိပ်မိစ္ဆာ ဂိုဏ်းချုပ် မှာ အံ့အားသင့်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်သွားပြီး စကားတစ်ခွန်းမှပင် မပြောနိုင်တော့ချေ။

‌*

ရေပေါ်ဖြူ မြို့တော် တွင်၊

ယဲ့ဖုန်း ချန်ရစ်ထားခဲ့သော အလင်းတံတိုင်း မှတစ်ဆင့် ကြည့်ရှုနေကြသော လူသန်းပေါင်းများစွာမှာလည်း ဤမြင်ကွင်းကို မြင်လိုက်ရပြီး မှင်သက်သွားကြသည်။

ဘာလို့ အခုလေးတင် လုံးဝ မဖျက်ဆီးနိုင်ဘူး ဆိုတဲ့ အလင်းတံတိုင်း ကို အခုတော့ တိုက်ရိုက် ဖြတ်လျှောက်သွားလို့ ရတာလဲ။

ဂိုဏ်းချုပ်ယဲ့ က သူတော်စင် အဖြစ်ကို ရောက်ရှိသွားပြီလား။

တစ်စုံတစ်ယောက်က ထိုသို့ မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

“မှန်တယ်။ မိတ်ဆွေလေး ယဲ့ က အသက် (၃၀) အောက်ပဲ ရှိသေးတာ။ ဒါပေမဲ့ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ရုတ်တရက် လူတိုင်းက ငှက်မွေးဖြူ စံအိမ်သခင် ၏ အံ့အားသင့်နေသော အသံကို ကြားလိုက်ရပြီး မယုံကြည်နိုင်မှုများဖြင့် လွှမ်းမိုးခံလိုက်ရတော့၏။

“အသက် (၃၀) အောက် ဟုတ်လား”

“မှန်တယ်”

“ငါ မှတ်မိပြီ။ ငါတို့ရဲ့ ဘိုးဘေးတွေ တွက်ချက်ခြင်း ဝင်္ကပါ ကို တည်ဆောက်တုန်းက ပြင်ပလောက က မဟာဝင်္ကပါ သခင် တစ်ယောက်ကို ဖိတ်ခေါ်ပြီး စည်းမျဉ်းတစ်ခု တမင်တကာ ထည့်ခိုင်းခဲ့တယ်။ အဲဒါကတော့ ထူးချွန်ထက်မြက်တဲ့ ပါရမီရှင် လူငယ်လေးတွေက အလင်းတံတိုင်း ကို ဖြတ်သန်းသွားနိုင်တယ် ဆိုတာပဲ”

“ဟုတ်တယ်.. ငါ အဲဒီအကြောင်းကို မေ့တောင် မေ့နေပြီ”

“ငါ မှတ်မိသလောက်ဆိုရင် ဒီလို စည်းကမ်းချက် ထားရှိရတဲ့ အကြောင်းရင်းက ပြင်ပလောက က ပါရမီရှင် တွေ ဂူကောင်းကင်ကမ္ဘာ ထဲကို အလွယ်တကူ ဝင်ရောက်နိုင်စေဖို့ အကဲဖြတ်မှု တစ်ခု အနေနဲ့ လုပ်ခဲ့တာ။ ပြင်ပက သွေးသစ်တွေကို စုပ်ယူဖို့ သီးသန့် ရည်ရွယ်ချက်နဲ့ပေါ့”

“ဒါဆို ယဲ့ဖုန်း က တကယ်ပဲ အသက် (၃၀) အောက်ပဲ ရှိသေးတာလား။ မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး”

ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ၏ ခေါင်းဆောင်များပင်လျှင် အံ့အားသင့်သွားကြသည်။

အထူးသဖြင့် အရိပ်မိစ္ဆာ ဂိုဏ်းချုပ် ဖြစ်၏။ သူက ယဲ့ဖုန်း၏ ရှေ့တွင် အရူးတစ်ယောက်လို မတ်တတ်ရပ်နေပြီး သူ၏ မျက်လုံးများပင် ပြူးထွက်နေတော့သည်။

ယဲ့ဖုန်း က အသက် (၃၀) အောက်တဲ့လား။

မင်း ယုံနိုင်လား။

ဒီ အသက်အရွယ် အုပ်စုနဲ့ ကောင်းကင် ဧကရာဇ် တစ်ပါးရဲ့ ခွန်အားကို ရထားတာလား။

“ဘာဖြစ်လို့လဲ ဆက်ပြီး မကြွားရဲတော့ဘူးလား”

ယဲ့ဖုန်းက သူ၏ ရှေ့တွင် မှင်သက်နေသော အရိပ်မိစ္ဆာ ဂိုဏ်းချုပ် ကို ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားရ၏။

“လျော်ကြေးပေးဖို့ လုံးဝ မဖြစ်နိုင်ဘူးလို့ ပြောခဲ့တာ ဘယ်သူလဲ။ ကျွန်တော် ဂိုဏ်းချုပ် ရဲ့ ရှေ့မှာ နောက်တစ်ခါ ထပ်ပြောရဲသေးလား”

သူက မေးလိုက်၏။

“ငါ မယုံဘူး။ ဒါ အတုအယောင် တွေပဲ”

အရိပ်မိစ္ဆာ ဂိုဏ်းချုပ် က လက်နှစ်ဖက်ဖြင့် လက်ဟန်များ ဖော်လိုက်သည်။

“ကောင်းကင် မိစ္ဆာ ရူးသွပ် တံဆိပ်တုံး” ကို ယဲ့ဖုန်းထံသို့ ပစ်လွှတ်လိုက်ရာ နေရာလွတ်ကို ချက်ချင်း ဆုတ်ဖြဲပစ်လိုက်ပြီး သူတို့၏ ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ်ကောင်းသော နေရာလပ် မုန်တိုင်းကြီး တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

“ဟွန့်၊ အခေါင်းတလား ကို မမြင်ရမချင်း မျက်ရည်မကျဘူး ဆိုတဲ့ အမျိုးပဲ”

ယဲ့ဖုန်းက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး သူ၏ နတ်ဘုရားစွမ်းရည် ဖြစ်သော “ဟင်းလင်းပြင် ကျောက်စိမ်းခန္ဓာ ကျမ်း” ကို ထုတ်ဖော်လိုက်ရာ သူ၏ တစ်ကိုယ်လုံးက ဖြူစင်သော ကျောက်စိမ်း တစ်ခုကဲ့သို့ ထက်ဝက် ကြည်လင်လာတော့သည်။ သူက သွယ်လျသော လက်ကို ဆန့်ထုတ်ကာ ညင်သာစွာ ထောက်ထားလိုက်ပြီး မိစ္ဆာ ရူးသွပ် တံဆိပ်တုံး ကို ပိတ်ဆို့လိုက်၏။

“ဂျွတ်... ” ဟူသော အသံ ထွက်ပေါ်လာ၏။

ယဲ့ဖုန်းက ရတနာ တံဆိပ်တုံး ကို အလွယ်တကူ ကြိတ်ချေပစ်လိုက်ပြီး လက်သီးတစ်ချက် ထိုးလိုက်ရာ အရိပ်မိစ္ဆာ ဂိုဏ်းချုပ် ၏ ရင်ဘတ်ကို ထိမှန်သွားသည်။ အရိပ်မိစ္ဆာ ဂိုဏ်းချုပ်..သွေးများ အန်ကာ မီတာရာပေါင်းများစွာ အနောက်သို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ကျဆင်းသွားတော့သည်။

“ဝှီး... ”

ယဲ့ဖုန်းက အလျင်အမြန် ထက်ကြပ်မကွာ လိုက်သွားပြီး ခြေထောက်ကို မြှောက်ကာ အရိပ်မိစ္ဆာ ဂိုဏ်းချုပ် ၏ ခေါင်းပေါ်သို့ ပြင်းထန်စွာ ဆောင့်နင်းချလိုက်၏။

“ဂျွတ်... ”

ဟင်းလင်းပြင်ဖြိုခွဲ အဆင့် သတ္တမအလွှာ ရှိ အရိပ်မိစ္ဆာ ဂိုဏ်းချုပ် သည် မယုံနိုင်လောက်အောင် ခိုင်မာလှပေသည်။ သူ၏ ခေါင်းက မြေကြီးထဲသို့ နင်းချခံလိုက်ရသော်လည်း မည်သည့် ဒဏ်ရာမျှ ရရှိပုံ မပေါ်ချေ။

“မိတ်ဆွေလေး ယဲ့... မင်းရဲ့ ခြေအောက်က အသက်ကို ချမ်းသာပေးပါ”

အစိမ်းရောင် ဝတ်ရုံဝတ် ဓားဘိုးဘေး က အရိပ်မိစ္ဆာ ဂိုဏ်း သန့်ရှင်းသော ဗိမာန်တော် တံခါး ၏ အလင်းတံတိုင်း ကို အလျင်အမြန် ဖြတ်သန်းလာပြီး ယဲ့ဖုန်း၏ အနီးသို့ ရောက်လာကာ ကျယ်လောင်စွာ တောင်းပန်လိုက်သည်။

ပုန်းအောင်းရန် စီစဉ်နေခဲ့ကြသော ရှေးဟောင်း မျိုးနွယ်စု ခေါင်းဆောင် အချို့မှာ အားလုံး မျက်နှာများ ပြောင်းလဲသွားကြပြီး ထို ရဲတင်းသော အတွေးများကို အဆုံးသတ်လိုက်ကာ အခြားသူများ၏ နောက်သို့ ချက်ချင်း လိုက်ပါသွားကြပြီး အရိပ်မိစ္ဆာ ဂိုဏ်းချုပ် ကို ဝိုင်းရံထားလိုက်ကြတော့၏။

“ဒိုင်း... ဒိုင်း... ဒိုင်း... ”

အစိမ်းရောင် ဝတ်ရုံဝတ် ဓားဘိုးဘေး ၏ စကားများကို နားကန်းနေသကဲ့သို့ ယဲ့ဖုန်းက ခြေထောက်ကို မြှောက်ကာ ဆက်တိုက် ဆောင့်နင်းချနေသည်။ နောက်ဆုံးတွင် အရိပ်မိစ္ဆာ ဂိုဏ်းချုပ် ၏ ခန္ဓာကိုယ် အထက်ပိုင်းကို မြေကြီးထဲသို့ ဖိသိပ်ပစ်လိုက်ရာ သူ၏ ခြေထောက်နှစ်ချောင်းသာ ကောင်းကင်သို့ တည့်မတ်စွာ ထိုးထွက်နေတော့၏။

ပထမဆုံး အမြင်တွင် ဇောက်ထိုး စိုက်ထားသော ကြက်သွန်မြိတ် တစ်ပင်နှင့် အလွန် တူလှပေသည်။

“ဂိုဏ်းချုပ်ယဲ့ က တကယ် နာမည်နဲ့ လိုက်တာပဲ။ ‘ဟင်းလင်းပြင် ကျောက်စိမ်းခန္ဓာ ကျမ်း’ ဆိုတဲ့ နတ်ဘုရားစွမ်းရည် ကိုတောင် ပြီးပြည့်စုံတဲ့ အခြေအနေ အထိ ကျင့်ကြံထားပြီး ကြီးမားလှတဲ့ စွမ်းအားတွေကို ထုတ်ဖော်နိုင်တာပဲ”

အရိပ်မိစ္ဆာ ဂိုဏ်း သန့်ရှင်းသော ဗိမာန်တော် ၏ အလင်းတံတိုင်း အပြင်ဘက်တွင် ထိပ်တန်း တိုက်ပွဲ အစီအစဉ် တင်ဆက်သူ နှစ်ဦး ဖြစ်ကြသော ကျန်းလင်း ဘိုးဘေး နှင့် လင်မြောင်ဘိုးဘေး တို့က ဤမြင်ကွင်းကို ကန့်လန့်ကာ မှတစ်ဆင့် ကြည့်ရှုနေကြပြီး စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေကြသည်။

ယဲ့ဖုန်းအပေါ် သူတို့၏ လေးစားမှုများက အတိုင်းမသိ ဖြစ်နေတော့၏။

“ဂိုဏ်းချုပ်ယဲ့... အရိပ်မိစ္ဆာ ဂိုဏ်းချုပ် က အရမ်းကြီး လွန်ကျူးသွားတာ မရှိသေးတာကို ထောက်ထားပြီး သူ့အသက်ကို ချမ်းသာပေးလိုက်ပါ”

အစိမ်းရောင် ဝတ်ရုံဝတ် ဓားဘိုးဘေး က တိုက်တွန်းလိုက်၏။

“ဟုတ်ပါတယ်။ သနားညှာတာလို့ ရတဲ့ နေရာမှာ သနားညှာတာမှု ပေးသင့်ပါတယ်”

အခြား ရှေးဟောင်း မျိုးနွယ်စု ခေါင်းဆောင်များကလည်း လေးနက်စွာ ဝင်ရောက် ပြောဆိုကြပြီး ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု မှ အဖွဲ့ဝင် တစ်ဦး ကျဆုံးသွားမည်ကို မလိုလားကြချေ။

“စိတ်ချပါ ၊ သူ မသေပါဘူး”

ယဲ့ဖုန်းက ခပ်အေးအေးပင် ပြောလိုက်၏။

“အဟွတ်... အဟွတ်... အဟွတ်... ”

သူတို့ စကားပြောနေစဉ်မှာပင် အရိပ်မိစ္ဆာ ဂိုဏ်းချုပ် ချောင်းဆိုးသံ အချို့ကို ကြားလိုက်ရပြီး တွင်းထဲမှ တွားသွား၍ ထွက်လာသည်။ ဖုန်မှုန့်များ ပေကျံနေပြီး ပါးစပ်ထဲတွင်လည်း မြေကြီးများ ပြည့်နှက်နေကာ အလွန် သနားစရာ ကောင်းလှပေသည်။

“ဖုန်း... ”

ရုတ်တရက် အရိပ်မိစ္ဆာ ဂိုဏ်းချုပ် က ယဲ့ဖုန်း၏ ရှေ့တွင် ဒူးထောက်ချလိုက်ပြီး သူ၏ ခြေထောက်များကို တင်းကျပ်စွာ ဖက်ထားကာ မျက်ရည်များ.. နှပ်များ ယိုကျလျက်..အော်ဟစ်လိုက်၏။

“ဂိုဏ်းချုပ်ယဲ့..ကျွန်တော် မှားမှန်း သိပါပြီ”

သူ၏ အသံက တုန်ယင်နေပြီး သိသိသာသာ ကြောက်လန့်နေကြောင်း ပြသနေ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှေးဟောင်း မျိုးနွယ်စု ခေါင်းဆောင် အများအပြားမှာ ပထမဆုံး နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကြပြီးနောက် ယဲ့ဖုန်းအပေါ် နက်ရှိုင်းသော ကြောက်ရွံ့လေးစားမှု တစ်ခုကို စတင် ခံစားလာရတော့သည်။

အရိပ်မိစ္ဆာ ဂိုဏ်းချုပ် ပင်လျှင် ကောင်းကောင်း သင်ခန်းစာ ပေးခံလိုက်ရပြီး အညံ့ခံသွားခဲ့ပြီ ဖြစ်ရာ ဂိုဏ်းချုပ်ယဲ့သည် အမှန်စင်စစ် ကြောက်စရာကောင်းသည့် လူတစ်ယောက်ပင်။

--

All Chapters