← Chapters

အခန်း ၆၁၈

Vol. 42 Ch. 618

အခန်း ၆၁၈

Vol. 42 Ch. 618

အခန်း (၆၁၈) အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ အဖြစ် တက်လှမ်းခြင်း

“ယဲ့ဖုန်း က တကယ်ပဲ ကောင်းကင်ရဲ့ ရွေးချယ်ခံ တစ်ယောက်ပဲ”

ယဲ့ဖုန်းကို ကြည့်ရင်း အစိမ်းရောင် ဝတ်ရုံဝတ် ဓားဘိုးဘေး ၏ မျက်လုံးများတွင် မနာလိုမှုများ ပေါ်လွင်နေပြီးနောက် ပြုံးလိုက်၏။

ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု အနက် သူ၏ ယဲ့ဖုန်းနှင့် ဆက်ဆံရေးက အသင့်တင့်ဆုံး ဖြစ်၏။ ယနေ့မှ တွေ့ဆုံခဲ့ရသည် ဆိုသော်လည်း သူတို့သည် သူငယ်ချင်းများကဲ့သို့ စကားပြောဆိုနိုင်ကြသည်။

ထို့အပြင် ယဲ့ဖုန်းသည် ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအား များ၏ ပံ့ပိုးမှုကို ရရှိပြီးနောက် ပိုမို အစွမ်းထက်လာမည်မှာ သေချာလှပေသည်။

သူ့နောက်ကို လိုက်မည် ဆိုလျှင် အနာဂတ်က တောက်ပနေမည်ပင်။

“ကြည့်ရတာ ငါ အရင်က ရွေးချယ်ခဲ့တာ မှန်သွားပြီထင်တယ်။ ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ကြီးပွားတိုးတက်ဖို့ အခွင့်အရေး ရောက်လာပြီ”

အစိမ်းရောင် ဝတ်ရုံဝတ် ဓားဘိုးဘေး ၏ တင်းတင်းဆုပ်ထားသော လက်သီးက တဖြည်းဖြည်း ပွင့်လာတော့၏။

ကောင်းကင်ယံတွင်၊

ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအား များကို အဆက်မပြတ် စုပ်ယူနေသော လေဝိညာဉ် ပုလဲလုံး က ပိုမို ကြည်လင်လာ၏။ ၎င်း၏ မျက်နှာပြင်မှ တဖျောက်ဖျောက် အက်ကွဲသံများကို ကြားနေရသည်ကို ယဲ့ဖုန်းက ကြည့်နေသည်။

၎င်းက ပေါက်ကွဲထွက်တော့မည် မဟုတ်ချေ။ အသွင်ပြောင်းလဲနေခြင်း ဖြစ်သည်။

“စနစ်... လေဝိညာဉ် ပုလဲလုံး က အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ အဖြစ် တက်လှမ်းတော့မှာလား” ယဲ့ဖုန်းက သူ့ဘာသာ တွေးလိုက်၏။

[တီ..တီ.. ဂိုဏ်းချုပ် ကို ဂုဏ်ပြုပါတယ်။ ရှေးဟောင်း အင်အားစုတွေရဲ့ သစ္စာခံမှုကို ရယူခြင်း ဆိုတဲ့ လျှို့ဝှက် တာဝန် ကို အောင်မြင်စွာ ပြီးမြောက်ခဲ့တဲ့အတွက် ရှေးဟောင်း သူရဲကောင်း ဝိညာဉ် မူလအနှစ်သာရ တစ်ခုကို ဆုလာဘ်အဖြစ် ရရှိပါတယ်။ ဒါကို လေဝိညာဉ် ပုလဲလုံး ရဲ့ အဆင့်တက်လှမ်းခြင်း အတွက် အသုံးပြုနိုင်ပါတယ်]

စနစ်၏ အသိပေးချက် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ယဲ့ဖုန်း၏ မျက်လုံးအိမ်များက ရုတ်တရက် ကျဉ်းမြောင်းသွားတော့၏။

‘အိပ်ချင်နေတဲ့ အချိန် ခေါင်းအုံး လာပေးတာပဲ’

ယဲ့ဖုန်းက ပြုံးကာ တွေးလိုက်၏။

သူက လက်ကို ဆန့်ထုတ်လိုက်ရာ ရွှေရောင် ကံကောင်းစေသော အိတ်လေး တစ်လုံး သူ၏ လက်ဝါးထက်တွင် ပေါ်လာ၏။ မျက်တောင်တစ်ခတ်အတွင်း သူက ၎င်းကို ဖျစ်ညှစ်လိုက်ရာ ရွှေရောင် မူလအနှစ်သာရ တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေဝိညာဉ် ပုလဲလုံး အတွင်းသို့ ဝင်ရောက် ပေါင်းစပ်သွားတော့သည်။

“ဂျွတ်... ”

ယဲ့ဖုန်းနှင့် အချိန်အတော်ကြာ အတူရှိခဲ့သော ဤ ရတနာပုလဲလုံး မှာ လုံးဝ တစ်စစီ ကွဲအက်သွားပြီး ဧရာမ လေဆင်နှာမောင်း ကြီးတစ်ခုပမာ ယဲ့ဖုန်း၏ ခေါင်းပေါ်တွင် ဝဲလည်နေကာ ပတ်ဝန်းကျင်ရှိ ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအား များကို အမြန်ဆုံး အရှိန်နှုန်းဖြင့် မျိုချနေတော့၏။

“ဝေါ... ဝေါ... ”

လှိုင်းလုံးကြီးများ ရိုက်ခတ်သံကဲ့သို့ အသံများ ပဲ့တင်ထပ်လာသည်။

ကောင်းကင် တစ်ခုလုံးက တုန်ခါနေသကဲ့သို့ ဖြစ်နေပြီး တောက်လျှောက် ဟိန်းဟောက်သံ တစ်ခုကို ထုတ်လွှတ်နေတော့၏။

“အဲဒါ ဘယ်လို ဝိညာဉ်ရတနာ မျိုးလဲ”

“ငါလည်း မသိဘူး။ ဒါပေမဲ့ အဆင့်မြင့်... မဟုတ်ဘူး... အဆင့်တက်လှမ်းနေပုံ ရတယ်”

“သူက ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအား တွေကို စုပ်ယူနိုင်တယ်။ အဲဒါက ဒဏ္ဍာရီထဲက ကံကြမ္မာ ရတနာပုလဲလုံး များလား”

ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ၏ ခေါင်းဆောင်များက စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြသည်။

“ကံကြမ္မာ ရတနာပုလဲလုံး ဟုတ်လား။ ဟိုက်”

သွေးကြာပန်း ဂိုဏ်းချုပ် က ရုတ်တရက် အသက်ရှူမှားသွားတော့၏။

“ကောင်းကင်ရဲ့ ရွေးချယ်ခံ တွေ အများကြီး ရှိတယ်လို့ ဆိုကြပေမဲ့ မဟာကမ္ဘာ တစ်ခုစီတိုင်းမှာ ကံကြမ္မာရဲ့ သားတော် တစ်ယောက်ပဲ ရှိနိုင်တယ်”

“ပြီးတော့ ကံကြမ္မာရဲ့ သားတော် ဖြစ်ကြောင်း သင်္ကေတကတော့ ကံကြမ္မာ ရတနာပုလဲလုံး ကို ပိုင်ဆိုင်ထားတာပဲ။ ဂိုဏ်းချုပ်ယဲ့ က ကောင်းကင်ရဲ့ ရွေးချယ်ခံ တစ်ယောက်တည်း မကဘဲ ပိုပြီး အစွမ်းထက်တဲ့ ကံကြမ္မာရဲ့ သားတော် များ ဖြစ်နေမလား”

သူမ၏ စကားများက အားလုံးကို အံ့အားသင့် တုန်လှုပ်သွားစေခဲ့သည်။

ကံကြမ္မာရဲ့ သားတော် တဲ့လား။

ထိုအရာက မဟာကမ္ဘာ တစ်ခု၏ ကောင်းကင်တာအို ၏ အောက်တွင် အမြင့်မြတ်ဆုံးသော တည်ရှိမှု တစ်ခု ဖြစ်၏။ ရှေးဟောင်း သူတော်စင် တစ်ပါး ပင်လျှင် ကံကြမ္မာရဲ့ သားတော် ကို သက်ကြီးဝါကြီး တစ်ဦးအနေဖြင့် အသိအမှတ်ပြုကာ ‘တာအို‌ ရောင်းရင်း’ ဟု ခေါ်ဆိုရမည် ဖြစ်သည်။

“မြူခိုးဂိုဏ်း က ကြီးမားလှတဲ့ ကံကြမ္မာတွေကို ပိုင်ဆိုင်ထားတယ်။ ပြီးတော့ အသက် (၃၀) တောင် မပြည့်သေးဘဲ ကောင်းကင် ဧကရာဇ် ရဲ့ ခွန်အားကို ပိုင်ဆိုင်ထားတဲ့ ဂိုဏ်းချုပ်ယဲ့ ရှိတယ်။ သူက ကံကြမ္မာရဲ့ သားတော် မဟုတ်ဘူးလို့ မင်းတို့ ပြောရဲလား”

သွေးကြာပန်း ဂိုဏ်းချုပ် က မေးလိုက်၏။

ထိုစကားကို ကြားသောအခါ မည်သူကမျှ ပြန်လည် မတုံ့ပြန်ရဲကြချေ။

သို့သော် သူတို့အားလုံးက ယဲ့ဖုန်းသည် ကံကြမ္မာရဲ့ သားတော် ဖြစ်ကြောင်းကို ယုံကြည်သွားကြတော့၏။

သူက တကယ်ကို အစွမ်းထက်လွန်းတယ်လေ။

အကယ်၍ ယဲ့ဖုန်းကသာ ကံကြမ္မာရဲ့ သားတော် မဟုတ်ဘူးဆိုလျှင် ကောင်းကင်တာအို က မျက်စိကန်းနေ၍သာ ဖြစ်ရမည်။

“ဝုန်း... ဝုန်း... ”

ကောင်းကင်ယံ အထက်တွင် မိုးကြိုးပစ်သံများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

၎င်းက လေဝိညာဉ် ပုလဲလုံး သည် အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ အဖြစ်သို့ တက်လှမ်းပြီးနောက် ရင်ဆိုင်ရမည့် ကောင်းကင်ဘုံ ၏ အပြစ်ပေးမှု ပင်တည်း။

“ဝိုး... အရသာရှိတဲ့ အစားအစာတွေ ထပ်လာပြန်ပြီ”

ဟူဖေးဖေး က အထက်တွင် မိုင်သောင်းပေါင်းများစွာ အထိ ကျယ်ပြန့်နေသော မည်းနက်သည့် တိမ်တိုက်ကြီးများကို ကြည့်ကာ နှုတ်ခမ်းသပ်လိုက်ပြီး ကြီးမားသော ပွဲတော်ကြီး တစ်ခုအတွက် ထိုနေရာသို့ ပြေးတက်သွားချင်နေတော့၏။

သို့သော် ယဲ့ဖုန်းက ဘာမှ မပြောသေးသဖြင့် သူမ မလှုပ်ရှားရဲချေ။

“ဂျွတ်... ”

ကမ္ဘာပျက် ကောင်းကင်ကပ်ဘေး ၏ ပထမဆုံး မိုးကြိုးသွား တစ်ခု ကျဆင်းလာသည်။

၎င်းက ရေပုံးတစ်ပုံးခန့် တုတ်ခိုင်ပြီး ရွှေရောင် တောက်ပနေကာ မျက်နှာပြင်ပေါ်တွင် အပြာရောင် မီးတောက်များ လောင်ကျွမ်းနေ၏။ ၎င်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင် လေဟာနယ်များ တစ်စစီ ကွဲအက်သွားတော့သည်။

သို့သော် အံ့သြစရာ ကောင်းသည်မှာ ယခုအခါ တစ်စစီ ကွဲအက်နေသော လေဝိညာဉ် ပုလဲလုံး က ကမ္ဘာပျက် ကောင်းကင်ကပ်ဘေး ကို မျိုချလိုက်ပြီး မည်သည့် ထိခိုက်မှုမျှ မရှိခဲ့ခြင်းပင် ဖြစ်သည်။

“ကောင်းကင်ဘေးဒဏ် ကို လျစ်လျူရှုတာလား”

“ဒါက သေချာပေါက် ကံကြမ္မာ ရတနာပုလဲလုံး ပဲ”

“ဒါပေမဲ့ အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ အဖြစ် အခုလေးတင် အဆင့်တက်ထားတဲ့ ကံကြမ္မာ ရတနာပုလဲလုံး ကို မင်းတို့ မြင်ဖူးလို့လား”

“မင်းတို့ နားမလည်ပါဘူး။ ကံကြမ္မာ ရတနာပုလဲလုံး ရဲ့ စွမ်းအားတွေကို တဖြည်းဖြည်းချင်း ထုတ်ဖော်ဖို့ လိုအပ်တယ်။ ဒီအဆင့်မှာ သူက ကမ္ဘာပျက် ကောင်းကင်ကပ်ဘေး ကို အသုံးပြုပြီး သူ့ရဲ့ စွမ်းအားတွေကို ချိတ်ပိတ်ထားတာကို ဖြေလျှော့နေတာပဲ။ အောင်မြင်သွားတာနဲ့ အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ ရဲ့ အစွမ်းအပြည့်ကို ထုတ်ဖော်နိုင်လိမ့်မယ်”

“ဪ ဒီလိုကိုး”

ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ၏ ခေါင်းဆောင်များက တစ်ယောက်တစ်ပေါက် မှတ်ချက်ချနေကြပြီး အံ့သြစရာကောင်းလောက်အောင် “အမှန်တရား” တစ်ခုကို ဖန်တီးနေကြရာ ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များပင် တွန့်ကွေးသွားရသည်။

‘ဘာ ကံကြမ္မာ ရတနာပုလဲလုံး လဲ။ ဘာ ကံကြမ္မာရဲ့ သားတော် လဲ။ အဲဒါတွေ ဘာမှ မဟုတ်ဘူး’

ယဲ့ဖုန်းက သူ့ဘာသာ တွေးကာ စိတ်ထဲတွင် မြည်တွားလိုက်၏။

သို့သော် သူက ရှင်းပြရမည်ကို ပျင်းရိနေသဖြင့် ဘေးဒဏ် တိမ်တိုက်များကိုသာ ဆက်လက် စိုက်ကြည့်နေလိုက်၏။

“ဂျုန်း... ”

ကမ္ဘာပျက် ကောင်းကင်ကပ်ဘေး များ ဆက်တိုက် ကျဆင်းလာပြီး မိုးကြိုးသွား (၈၁) ချက် တိတိကို ခံနိုင်ရည် ရှိပြီးနောက် နောက်ဆုံးတွင် တဖြည်းဖြည်း လွင့်စင်သွားတော့၏။

“တီ..တီ.. ”

တိမ်များ ကင်းစင်သွားပြီး မြူခိုးများ လွင့်စင်သွားကာ တောက်ပသော နေရောင်ခြည်က လေထုထဲရှိ အစိုဓာတ်ကို ဖောက်ထွင်းပြီး ကျယ်ပြောလှသော မြေကြီးပေါ်သို့ ရွှေရောင် အလွှာတစ်ခုကို ဖြန့်ကြက်လိုက်၏။

တစ်စစီ ဖြစ်နေသော လေဝိညာဉ် ပုလဲလုံး မှာ နောက်ဆုံးတွင် ပြန်လည် ပေါင်းစပ်သွားခဲ့တော့၏။

၎င်းက လက်သီးဆုပ်ခန့် အရွယ်အစား ရှိနေဆဲ ဖြစ်သော်လည်း မျက်နှာပြင်တွင် မည်သည့် အရောင်မျှ မရှိတော့ဘဲ ထက်ဝက် ကြည်လင်နေသော သလင်းကျောက် အလုံးလေး တစ်လုံးနှင့် တူနေတော့၏။

ဖြူစင်ပြီး အပြစ်အနာအဆာ ကင်းမဲ့နေသည်။

၎င်းအတွင်းတွင် ပါဝင်သော ကြီးမားလှသည့် စွမ်းအားများကို ယဲ့ဖုန်း ခံစားနိုင်သည်။

အထူးသဖြင့် သူရဲကောင်း ဝိညာဉ်စွမ်းအား များသည် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် သို့ စတင် ဝင်ရောက်ခါစမှ ဟင်းလင်းပြင်ဖြိုခွဲ အဆင့် စတုတ္ထအလွှာ ၏ အထွတ်အထိပ် နှင့် ညီမျှသော အဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်၏။

အကယ်၍ သူက မူလအနှစ်သာရစွမ်းအား အခြေအနေသို့ ဝင်ရောက်မည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းအဆင့် ၏ ခွန်အားက အနည်းဆုံး ဟင်းလင်းပြင်ဖြိုခွဲ အဆင့် စတုတ္ထအလွှာ ၏ အထွတ်အထိပ် သို့ ရောက်ရှိနိုင်ပေသည်။

ခွန်အား ဆယ်ဆ တိုးမြှင့်မှုကို အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် အဋ္ဌမအလွှာ နီးပါးသို့ ရောက်ရှိသွားမည် ဖြစ်သည်။

“ငါ့ရဲ့ ခွန်အားတွေက ပိုပိုပြီး အစွမ်းထက်လာနေပြီ”

ယဲ့ဖုန်းက သူ့ဘာသာ တီးတိုးရေရွတ်လိုက်ပြီး လေဝိညာဉ် ပုလဲလုံး ၏ အသေးစိတ် အချက်အလက်များကို သိရှိနိုင်ရန် စိုက်ကြည့်လိုက်၏။

[လေဝိညာဉ် ပုလဲလုံး - အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ]

[မိတ်ဆက် - ဘက်စုံသုံး ဝိညာဉ်ရတနာ တစ်ခု ဖြစ်ပြီး လေဓာတ် ဝိညာဉ်စွမ်းအင် အမျှင် (၃၀၀) ပါဝင်သည်။ လေကို တည်ငြိမ်စေခြင်း၊ ခုတ်ပိုင်းခြင်း၊ အသက်ကယ်တင်ခြင်း၊ ထွက်ပြေးခြင်း၊ ခွန်အားတိုးမြှင့်ခြင်း၊ တွက်ချက်ခြင်း၊ ခြေရာခံခြင်း စသည့် လုပ်ဆောင်ချက်များစွာ ပါရှိသည်။ လေဓာတ် ဝိညာဉ်စွမ်းအင် ကို အသုံးပြုပြီးနောက် အပြည့်အဝ ပြန်လည် ပြည့်ဖြိုးရန် (၅) နာရီ လိုအပ်သည်]

[မှတ်ချက် (၁) - လေဝိညာဉ် ပုလဲလုံး သည် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးမှ ပိုင်ရှင်မဲ့ သူရဲကောင်း ဝိညာဉ်စွမ်းအား များကို စုပ်ယူပြီး သန့်စင်ကာ အသုံးပြုသူထံသို့ လွှဲပြောင်းပေးနိုင်သည်]

[မှတ်ချက် (၂) - ပတ်ဝန်းကျင်ရှိ စွမ်းအားများကို တက်ကြွစွာ စုပ်ယူပြီး ကမ္ဘာမြေကို ပြန်လည် ပုံဖော်ခြင်း စွမ်းအား အဖြစ် ပြောင်းလဲပေးနိုင်ကာ တစ်နှစ်တာ ကာလအတွင်း အဆက်မပြတ် စုဆောင်းထားနိုင်ပြီး ကြီးမားသော ကမ္ဘာမြေကို ပြန်လည် ပုံဖော်ခြင်း စွမ်းအား တစ်ခုကို တစ်ကြိမ်တည်း ထုတ်ဖော် အသုံးပြုနိုင်သည်]

[မှတ်ချက် (၃) - အနီးအနားရှိ မိစ္ဆာစွမ်းအင် နှင့် ယင် မိစ္ဆာစွမ်းအား ကဲ့သို့သော အနုတ်လက္ခဏာဆောင်သည့် လွှမ်းမိုးမှု အားလုံးကို အလိုအလျောက် စုပ်ယူပြီး သန့်စင်သော သတ်ဖြတ်ခြင်း အရှိန်အဝါ အဖြစ် ပြောင်းလဲကာ အသုံးပြုသူကို အားဖြည့်ပေးနိုင်သည်]

[မှတ်ချက် (၄) - ကံကြမ္မာ မူလအနှစ်သာရ ကို စုပ်ယူပြီးနောက် အရာရာကို တွက်ချက်နိုင်စွမ်းရှိသော 'ကောင်းကင်ကြေးမုံ' ဆိုသည့် ပါရမီကို ရရှိထားသည် (အသေးစိတ်ကြည့်ရန် နှိပ်ပါ)]

[မှတ်ချက် (၅) - ယုံကြည်မှု စွမ်းအား များ စုဆောင်းခြင်းကို အရှိန်မြှင့်တင်ပေးနိုင်ပြီး အသုံးပြုသူ အတွက် ယုံကြည်မှု နတ်ဘုရား ရေကန် တစ်ခုကို ဖန်တီးပေးနိုင်သည်]

[မှတ်ချက် (၆) - နောက်ထပ် အသွင်ပြောင်းလဲမှု ပြုလုပ်ပြီးပါက ကံကြမ္မာ ရတနာပုလဲလုံး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်]

[ချိတ်ဆက်မှု - ယဲ့ဖုန်း (သီးသန့်)]

လေဝိညာဉ် ပုလဲလုံး ၏ လက်ရှိ ဖော်ပြချက်များကို ကြည့်ပြီး ယဲ့ဖုန်း မှင်သက်သွားရသည်။

သေစမ်း... အဲဒါက ကံကြမ္မာ ရတနာပုလဲလုံး အဖြစ် ပြောင်းလဲသွားနိုင်တယ် ဟုတ်လား။

အဲဒီလိုဆိုရင် ငါက အနာဂတ်မှာ တကယ်ပဲ ကံကြမ္မာရဲ့ သားတော် ဖြစ်လာမှာလား။

ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များက မထိန်းနိုင်အောင် တွန့်ကွေးသွားတော့၏။

သို့သော် သူ၏ ရင်ထဲရှိ စိတ်လှုပ်ရှားနေသော ခံစားချက်များကို အလျင်အမြန် တည်ငြိမ်စေလိုက်၏။

‘ဘာပဲဖြစ်ဖြစ် ငါက အရင်တုန်းက ကောင်းကင်ရဲ့ ရွေးချယ်ခံ မဟုတ်ခဲ့ပေမဲ့ ဘယ်လိုဖြစ်ပြီး ကောင်းကင်ရဲ့ ရွေးချယ်ခံ ဖြစ်လာခဲ့တာလဲ။ အခုတော့ ကံကြမ္မာရဲ့ သားတော် ဖြစ်လာဖို့ အခွင့်အရေး ရလာပြီ ဆိုတော့ အရမ်းကြီး အံ့အားသင့်နေစရာ မလိုပါ’

[မှတ်ချက် ၅] ကို ကြည့်ပြီး သူ ရယ်လိုက်သည်။

ယုံကြည်မှု နတ်ဘုရား ရေကန် ဟုတ်လား။

အနာဂတ်မှာ ငါ ယုံကြည်မှု စွမ်းအား တွေ ရရှိမယ့် အရှိန်နှုန်းက ပိုမြန်လာတော့မယ် ထင်တယ်။ အဲဒါက သေချာပေါက် ကောင်းတဲ့ အရာပဲ။

အခြား လုပ်ဆောင်ချက်များမှာလည်း အားလုံး တိုးတက်လာခဲ့တော့၏။

ယဲ့ဖုန်းကို အကျေနပ်ဆုံး ဖြစ်စေသောအရာမှာ အနုတ်လက္ခဏာဆောင်သည့် လွှမ်းမိုးမှု အားလုံးကို စုပ်ယူပြီး သတ်ဖြတ်ခြင်း အရှိန်အဝါ အဖြစ် ပြောင်းလဲပေးနိုင်သည့် [မှတ်ချက် ၃] တွင် ဖော်ပြထားသော လုပ်ဆောင်ချက် ပင် ဖြစ်သည်။

“ပြန်လည် ရိုက်ခတ်လာတဲ့ စွမ်းအား... စုဆောင်းစမ်း”

ယဲ့ဖုန်းက လေဝိညာဉ် ပုလဲလုံး ကို ကိုင်ဆောင်ကာ အနည်းငယ် လှုပ်ခါလိုက်၏။

မြူခိုးတောင်ထိပ် ၏ အထွတ်အထိပ်တွင်၊

ဝမ်ဖင်းအန်း ၏ ယခင်က ရောင်ရမ်းနေသော နှုတ်ခမ်းများက ရုတ်တရက် အေးစက်သွားသည်။ သူက လက်ဖြင့် စမ်းကြည့်လိုက်ရာ မရောင်ရမ်းတော့ကြောင်း သတိပြုမိသွားတော့၏။

“ဟိုက် ဘာတွေ ဖြစ်နေတာလဲ”

သူက မျက်နှာဖုံးကို ချွတ်ပြီး မှန်ထဲတွင် ကြည့်လိုက်၏။ သူ၏ နှုတ်ခမ်းများ တကယ်ပဲ မရောင်ရမ်းတော့ကြောင်း မြင်လိုက်ရသောအခါ သူ အားရပါးရ ရယ်လိုက်တော့၏။

အထက် ကောင်းကင်ယံတွင်၊

ယဲ့ဖုန်းက သူ၏ အတွင်းရှိ သတ်ဖြတ်ခြင်း အရှိန်အဝါ အနည်းငယ် ပိုမို အားကောင်းလာသည်ကို ခံစားလိုက်ရပြီး နှုတ်ခမ်းထောင့်များက အနည်းငယ် တွန့်ကွေးသွားသည်။

ဤအရာက လေဝိညာဉ် ပုလဲလုံး က အနုတ်လက္ခဏာဆောင်သည့် လွှမ်းမိုးမှု အားလုံးကို စုပ်ယူလိုက်သည့် စွမ်းအား ပင် ဖြစ်သည်။ အနာဂတ်တွင် သူ၏ ကိုယ်ပိုင် ခွန်အားကို မြှင့်တင်ရန်အတွက် အနုတ်လက္ခဏာဆောင်သည့် လွှမ်းမိုးမှု များကို အထူးတလည် စုပ်ယူနိုင်တော့မည် ဖြစ်၏။

‘ဒီအရာကို သူတစ်ပါးကို ကူညီရင်း ကိုယ့်အတွက် အကျိုးရှိစေတာ လို့ ခေါ်တာပေါ့’

“သိမ်းမယ်”

အတွေးတစ်ချက်ဖြင့် ယဲ့ဖုန်းက လေဝိညာဉ် ပုလဲလုံး ကို သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တတ်ရပ်ကာ ထိုနေရာရှိ အံ့အားသင့်နေကြသော လူအုပ်ကြီးကို လှမ်းကြည့်လိုက်၏။

--

All Chapters