← Chapters

အခန်း ၆၂၁

Vol. 42 Ch. 621

အခန်း ၆၂၁

Vol. 42 Ch. 621

အခန်း (၆၂၁) တွက်ချက်ခြင်း မဟာဝင်္ကပါ... တွက်ချက်နိုင်စွမ်း မလုံလောက်ခြင်း... တစ်ခုတည်းသော နည်းလမ်း

“ဘယ်လိုလဲ... မရဘူးလား”

ယဲ့ဖုန်းက မေးလိုက်၏။

သူသည် “ကြယ်တာရာ မြစ်ကြီး ဆယ့်ရှစ်သွယ် မဟာဝင်္ကပါ” ကို အချိန်အတော်ကြာကတည်းက လိုချင်နေခဲ့ခြင်း ဖြစ်၏။

အကယ်၍ သူသာ ၎င်းကို ရရှိမည်ဆိုလျှင် မြူခိုးဂိုဏ်း အတွက် အရေးပါသော နည်းလမ်းတစ်ခု ဖြစ်လာပေလိမ့်မည်။

ဝင်္ကပါ ၏ ပုံစံက မပြည့်စုံကြောင်း သူ သိထားသော်လည်း ယဲ့ဖုန်းက အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်း မရှိခဲ့ချေ။

သူ့တွင် ဉာဏ်အလင်းပွင့် နှလုံးသား ရှိပြီး ၎င်းကို တွက်ချက်ကာ ပြီးပြည့်စုံအောင် ကြိုးစားနိုင်သည်။

“သဘာဝကျစွာပဲ ပြဿနာ မရှိပါဘူး” ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ၏ ခေါင်းဆောင်များက ယဲ့ဖုန်းအပေါ် သေသည်အထိ သစ္စာရှိရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ဝင်္ကပါ ပုံစံ ကို လွှဲပြောင်းပေးရခြင်းက သဘာဝကျစွာပင် ပြဿနာ မရှိနိုင်ချေ။

“ဝင်္ကပါ ပုံစံ... ပွင့်စမ်း”

ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ၏ ခေါင်းဆောင်များက တစ်ပြိုင်နက်တည်း လက်ဟန်များ ဖော်ကာ ကောင်းကင်ယံသို့ လက်ညှိုး ထိုးပြလိုက်ကြ၏။

လူတိုင်း၏ လက်ချောင်းထိပ်များမှ တောက်ပသော အလင်းတန်းများ တစ်ပြိုင်နက် ပေါက်ကွဲထွက်လာပြီး ရှုပ်ထွေးလှသော ဝင်္ကပါ ပုံစံ ၏ အစိတ်အပိုင်း တစ်ခုစီ အဖြစ် ပြောင်းလဲသွားသည်။ လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်း ပုံစံများက ၎င်းကို ဝိုင်းရံထားပြီး အလွန် နက်နဲပုံရစေတော့၏။

“ဒါက ဝင်္ကပါ ပုံစံ လား”

ယဲ့ဖုန်းက လေထဲတွင် ဝဲလည်နေသော ဝင်္ကပါ ပုံစံ ကို လှမ်းကြည့်လိုက်ရာ တစ်ခုစီတိုင်း၏ အတွင်းတွင် ကျယ်ပြောလှသော ကြယ်စင်ယံကြီး တစ်ခု ပါဝင်နေပုံရကြောင်း တွေ့ရှိလိုက်ရသည်။

ခဏတာ တွက်ချက်ကြည့်ပြီးနောက် သူက ဟာကွက် ဒါဇင်ပေါင်းများစွာကို တွေ့ရှိသွားတော့၏။

“ဒီမှာရယ်... ဒီမှာရယ်... ပြီးတော့ ဒီမှာ... ဟာကွက်တွေ ရှိတယ်။ အဲဒါကြောင့် ဝင်္ကပါ ပုံစံ က မပြည့်စုံတာပဲ”

ယဲ့ဖုန်းက ဝင်္ကပါ ပုံစံ ပေါ်ရှိ မတူညီသော နေရာများကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။

“ဂိုဏ်းချုပ် က ဒါကိုတောင် မြင်နိုင်တာလား”

အစိမ်းရောင် ဝတ်ရုံဝတ် ဓားဘိုးဘေး က ပထမဆုံး အံ့အားသင့်စွာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်... မျက်တောင်တစ်ခတ်အတွင်း ဟာကွက်တွေ အများကြီးကို ခင်ဗျား မြင်နိုင်တာလား။ ဒါဆိုရင် အဲဒါတွေကို တွက်ချက်ပြီး ပြန်လည် ဖြည့်တင်းဖို့ ဖြစ်နိုင်လား”

ဟု သွေးကြာပန်း ဂိုဏ်းချုပ် ကလည်း အံ့အားသင့်သွားပြီး.. မေးလိုက်၏။

အခြားသူများကလည်း ချက်ချင်းပင် ယဲ့ဖုန်းဘက်သို့ လှည့်ကြည့်လာကြတော့၏။

သူတို့၏ မျက်လုံးများတွင် မျှော်လင့်ချက် အရောင်အဝါများ ပြည့်နှက်နေသည်။

“ဂိုဏ်းချုပ်ယဲ့ က တကယ်ကို စစ်မှန်တဲ့ ဝင်္ကပါ မဟာသခင်ကြီး တစ်ယောက်ပဲ။ အရင်က သူ အသုံးပြုခဲ့တဲ့ 'ဟင်းလင်းပြင် ကျောက်စိမ်းခန္ဓာ ကျမ်း' ဆိုတဲ့ နတ်ဘုရားစွမ်းရည် ဟာ သူ့ရဲ့ တွက်ချက်မှုကနေတစ်ဆင့် ပြီးပြည့်စုံသွားခဲ့တာ။ သာမန် ဝင်္ကပါ ပုံစံ လေး တစ်ခုလောက်ကိုတော့ သူ သေချာပေါက် ပြီးပြည့်စုံအောင် လုပ်နိုင်မှာပါ”

ထိပ်တန်း တိုက်ပွဲ အစီအစဉ် တင်ဆက်သူ တစ်ဦး ဖြစ်သော ကျန်းလင်း ဘိုးဘေး က ချက်ချင်း ဝင်ရောက် ပြောဆိုလိုက်၏။

“တကယ်လား” အရိပ်မိစ္ဆာ ဂိုဏ်းချုပ် က မျက်ခုံးတစ်ချက် ပင့်လိုက်၏။

သူသည် “ဟင်းလင်းပြင် ကျောက်စိမ်းခန္ဓာ ကျမ်း” ၏ အာနိသင်ကို ကိုယ်တိုင် ခံစားခဲ့ရဖူးသည်။ ကျောက်စိမ်း လေဟာနယ် ခန္ဓာ အဖြစ် ပြောင်းလဲသွားသော ယဲ့ဖုန်း၏ လက်ဖြင့် ဖိနှိပ်ခံလိုက်ရချိန်တွင် ကမ္ဘာကြီး တစ်ခုလုံးက သူ့အပေါ် ဖိကျလာသကဲ့သို့ ခံစားလိုက်ရပြီး လုံးဝ လှုပ်ရှား၍ မရနိုင်အောင် ဖြစ်သွားခဲ့ရ၏။

ထို့ကြောင့် ဤ နတ်ဘုရားစွမ်းရည် မှာ ကြောက်မက်ဖွယ် ကောင်းလှကြောင်း သူ သိထားသည်။

ယဲ့ဖုန်းက ၎င်းကို တွက်ချက်ပြီး အပြည့်အဝ ပြီးပြည့်စုံအောင် လုပ်နိုင်ခဲ့ခြင်းက သူ၏ သာမန်ထက် ထူးကဲသော တွက်ချက်နိုင်စွမ်း ကို သက်သေပြနေခြင်းပင် ဖြစ်၏။

“မှန်တယ်။ ကျွန်တော် ပြီးပြည့်စုံအောင် လုပ်ခဲ့တာပါ” ယဲ့ဖုန်းက ခေါင်းညိတ်လိုက်သည်။

ထိုစကားကို ကြားသောအခါ လူတိုင်း နောက်တစ်ကြိမ် အံ့အားသင့်သွားကြပြန်၏။

ကြည့်ရတာ နှစ်ပေါင်း တစ်သောင်းကျော်ကြာ ပျောက်ဆုံးနေခဲ့တဲ့ “ကြယ်တာရာ မြစ်ကြီး ဆယ့်ရှစ်သွယ် မဟာဝင်္ကပါ” ကြီး နောက်ဆုံးတော့ ပြီးပြည့်စုံလာမယ့် နေ့ ရောက်လာပြီ ထင်တယ်။

“ကျွန်တော် အရင် စမ်းကြည့်ပါရစေ”

ယဲ့ဖုန်းက ပြောလိုက်သည်။

သူက ဉာဏ်အလင်းပွင့် နှလုံးသား ကို အသုံးပြုပြီးသား ဖြစ်ပြီး ဝင်္ကပါ ပုံစံ ၏ အစိတ်အပိုင်း (၁၈) ခုကို အလျင်အမြန် မှတ်သားကာ သူ၏ စိတ်ထဲတွင် ပြန်လည် ပေါင်းစပ်လိုက်၏။

သိပ်မကြာခင်မှာပင် ယဲ့ဖုန်း တစ်ခုခုကို သဘောပေါက်သွားတော့သည်။

“ဪ ဒီလိုကိုး”

သူက ပြုံးလိုက်ပြီး လက်ကို ဆန့်ထုတ်ကာ လေထဲတွင် ရွှေရောင် မန္တန်အက္ခရာ များကို စတင် ရေးဆွဲလိုက်ရာ ကြယ်များ၏ အရှိန်အဝါများ ထွက်ပေါ်လာပြီး အထက်ရှိ ဝင်္ကပါ ပုံစံ ထဲသို့ အဆက်မပြတ် ဝင်ရောက် ပေါင်းစပ်သွားသည်။

“ပထမဆုံး ဟာကွက်ကို ဖြည့်တင်းပြီးသွားပြီ”

“ဒီလောက် တွက်ချက်နိုင်စွမ်း ကြီးတာက မိစ္ဆာကောင် တစ်ကောင် နီးပါးပဲ”

ထိုနေရာတွင် ရှိနေသော ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ၏ ခေါင်းဆောင်များ အားလုံး တုန်လှုပ်သွားကြပြီးနောက် သူတို့ အားလုံး စိတ်လှုပ်ရှားလာကြတော့၏။

လက်ရှိ ဝင်္ကပါ ပုံစံ တွင် စုစုပေါင်း ဟာကွက် (၁၅) ခု ရှိသည်။

တစ်ခုစီတိုင်းကို ဖြည့်တင်းလိုက်တိုင်း ဝင်္ကပါ ၏ စွမ်းအားက ဆယ်ရာခိုင်နှုန်း မြင့်တက်သွားမည် ဖြစ်၏။

ယဲ့ဖုန်းက ဆက်လက် တွက်ချက်နေပြီး သူ၏ နဖူးတွင် ချွေးများ စတင် ထွက်ပေါ်လာသည်။ ပထမဆုံးအကြိမ်အဖြစ် သူ၏ မျက်မှောင်များတွင် အံ့အားသင့်မှု အရိပ်အယောင်လေး တစ်ခု ပေါ်လာတော့၏။

“ဒီလောက် ရှုပ်ထွေးတဲ့ ဝင်္ကပါ ပုံစံ ကြီးပါလား”

သူက အံ့အားသင့်စွာ ရေရွတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ဝင်္ကပါ ပုံစံ များကို တစ်ပြိုင်နက် ရေးဆွဲကာ ထိုဟာကွက်များကို ဖြည့်တင်းနေသည်။ တစ်နာရီခန့် အကြာတွင် သူက ဟာကွက် ငါးခုကို ဖြည့်တင်းနိုင်ခဲ့၏။

ထိုအရာက ယဲ့ဖုန်း၏ ကန့်သတ်ချက် နီးပါးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

“ဟူး... ”

သူက ရပ်တန့်လိုက်ပြီး အမောတကော အသက်ရှူနေတော့၏။

ထိုအခိုက်အတန့်တွင် သူသည် ဉာဏ်အလင်းပွင့် နှလုံးသား ၏ ငါးပုံတစ်ပုံကိုသာ ပိုင်ဆိုင်ထားသဖြင့် သူ၏ တွက်ချက်နိုင်စွမ်းကို ကန့်သတ်ထားသည်။ ထို့အပြင် ဤဝင်္ကပါသည် ရှေးဟောင်း သူတော်စင် တစ်ပါး၏ ကောင်းချီးကို ရရှိထားပြီး ဟင်းလင်းပြင်ဖြိုခွဲ အဆင့် အထွတ်အထိပ် ပညာရှင် (၁၈) ယောက် ပူးပေါင်း တွက်ချက်ထားခဲ့ခြင်း ဖြစ်ရာ တကယ်ကို အလွန် ရှုပ်ထွေးလှပေသည်။

သူ၏ ကိုယ်ပိုင် စွမ်းအားကို အသုံးပြုရုံဖြင့် လောလောဆယ်တွင် ၎င်းကို အပြည့်အဝ ပြီးပြည့်စုံအောင် မလုပ်နိုင်သေးချေ။

“ဟာကွက် ငါးခုကို ဖြည့်တင်းပြီးသွားပြီ”

“ဒီလိုဆိုရင် ဒီဝင်္ကပါ ရဲ့ စွမ်းအားက ငါးဆယ် ရာခိုင်နှုန်း မြင့်တက်သွားရမယ်။ အကယ်လို့ ငါတို့ ပြန်ပြီး အသုံးပြုမယ်ဆိုရင် အားအနည်းဆုံး ကောင်းကင် ဧကရာဇ် အဆင့် နဲ့တောင် ယှဉ်နိုင်လောက်ပြီ”

အစိမ်းရောင် ဝတ်ရုံဝတ် ဓားဘိုးဘေး နှင့် အခြားသူများမှာ ကျေးဇူးတင်နေကြတော့၏။

သူတို့သည် တွက်ချက်ကြည့်ရန် တစ်ကြိမ်မက ကြိုးစားခဲ့ဖူးသော်လည်း ဟာကွက် တစ်ခုကိုပင် မဖြည့်တင်းနိုင်ခဲ့ကြချေ။ သို့သော် ယဲ့ဖုန်းက တစ်နာရီ အတွင်း ဟာကွက် ငါးခုကို ဖြည့်တင်းနိုင်ခဲ့သည်မှာ တကယ်ကို ကြောက်စရာ ကောင်းလှပေသည်။

“ဂိုဏ်းချုပ်... ငါးခု ဖြည့်တင်းနိုင်တာက တော်တော်လေး ကောင်းနေပါပြီ။ ခင်ဗျားက ငယ်သေးတာပဲ။ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာတဲ့ အချိန်အထိ စောင့်ပြီးမှ ဆက်ပြီး ဖြည့်တင်းလည်း ရပါတယ်”

မြတ်နိုးဖွယ်အသံ ဂိုဏ်းချုပ် က နူးညံ့စွာ ပြောလိုက်၏။

ယဲ့ဖုန်းက ခေါင်းညိတ်လိုက်ပြီး ဖွင့်ဟ ပြောလိုက်၏။

“ဒီနေ့ ကျွန်တော် အများကြီး သုံးလိုက်ရတယ်။ အချိန်တစ်ခု ရောက်ရင် အသုံးပြုလိုက်ရတဲ့ အရာတွေကို ကျွန်တော် ပြန်လည် ဖြည့်တင်းရလိမ့်မယ်”

“အချိန်တစ်ခု ကြာပြီးရင် ဆက်ပြီး ဖြည့်တင်းနိုင်တယ် လား”

ထိုစကားကို ကြားသောအခါ လူတိုင်း ပို၍ပင် အံ့အားသင့်သွားကြရသည်။

ဒါက ယဲ့ဖုန်း၏ ကန့်သတ်ချက်ပဲဟု သူတို့ ထင်ထားခဲ့ကြသည် လေ။

သို့သော်၊ သူက ဆက်လုပ်နိုင်သေးသည်ဟု လုံးဝ မထင်ထားခဲ့ပေ။

သည်လို တွက်ချက်နိုင်စွမ်း က တကယ်ကို ကြောက်စရာ ကောင်းသည်ပင်။

ယဲ့ဖုန်း စကားမပြောတော့ချေ။

‘ဂိုဏ်းချုပ် ရဲ့ တာဝန် အဆင့် (၅) ကို ပြီးမြောက်ဖို့ ဂိုဏ်းကို ကြယ်သုံးပွင့်အဆင့် အကဲဖြတ်မှု တွေ အမြန်ဆုံး ကျော်ဖြတ်နိုင်အောင် လုပ်ဖို့ လိုအပ်နေပြီ ထင်တယ်’

သူက သူ့ဘာသာ တွက်ဆလိုက်၏။

အဆင့် (၅) အတွက် ဆုလာဘ်များတွင် “ဉာဏ်အလင်းပွင့် နှလုံးသား (၁) ခု” ပါဝင်ပြီး ထိုငါးပုံတစ်ပုံ အပိုင်းအစကို ရရှိလိုက်သည်နှင့် သူ၏ နားလည်နိုင်စွမ်း နှင့် တွက်ချက်နိုင်စွမ်း တို့က အနည်းဆုံး နှစ်ဆ မြင့်တက်သွားမည် ဖြစ်သည်။

ထိုအချိန်ရောက်လျှင် လေဝိညာဉ် ပုလဲလုံး ၏ တွက်ချက်ခြင်း လုပ်ဆောင်ချက် နှင့် ပေါင်းစပ်လိုက်ပါက ကျန်ရှိနေသော ဟာကွက် ဆယ်ခုကို တစ်ပြိုင်နက်တည်း သေချာပေါက် ဖြည့်တင်းနိုင်မည် ဖြစ်ပါသည်။

“ခင်ဗျားတို့ အားလုံး လက်ရှိ 'ကြယ်တာရာ မြစ်ကြီး ဆယ့်ရှစ်သွယ် မဟာဝင်္ကပါ' နဲ့ ရင်းနှီးအောင် လုပ်ထားကြပါ။ ဟာကွက် ငါးခုကို ဖြည့်တင်းပြီးပြီ ဆိုတော့ ခင်ဗျားတို့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် အနည်းဆုံး သာမန် ကောင်းကင် ဧကရာဇ် တစ်ပါးရဲ့ စွမ်းအားကို ထုတ်ဖော်နိုင်ပါလိမ့်မယ်” ယဲ့ဖုန်းက လက်ကို ဝှေ့ယမ်းကာ မှာကြားလိုက်၏။

“ဟုတ်ကဲ့ပါ”

“ဂိုဏ်းချုပ်..ကျုပ်တို့ကို.. ပြန်ခွင့်ပြုပါဦး” ဟု လူအုပ်ကြီးက နှုတ်ဆက်လိုက်ကြသည်။

ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ၏ ခေါင်းဆောင်များက မတ်တတ်ရပ်လိုက်ကြပြီး ထွက်ခွာရန် ပြင်ဆင်လိုက်ကြ၏။

ထိုအခိုက်အတန့်တွင် အစိမ်းရောင် ဝတ်ရုံဝတ် ဓားဘိုးဘေး က.. ပြောလိုက်၏။

“ငါတို့က မြူခိုးဂိုဏ်း ကို သစ္စာခံဖို့ ကျိန်ဆိုထားပြီးပြီ ဆိုတော့ ငါတို့ မျိုးနွယ်စု တွေရဲ့ သန့်ရှင်းသော ဗိမာန်တော် တွေကို ဂိုဏ်းဆီ ပြောင်းရွှေ့ရင်ရော ဘယ်လိုလဲ။ အဲဒီလိုဆိုရင် အချင်းချင်း ဆက်သွယ်ရတာ ပိုလွယ်ကူသွားမှာပေါ့”

ထိုစကားကို ကြားသောအခါ လူတိုင်းက အလွန် ယုတ္တိတန်သည်ဟု ခံစားလိုက်ရ၏။

“ဒါပေမဲ့ ငါတို့ ပြောင်းရွှေ့ပြီးသွားရင် လောကငယ်လေး ကို ဘယ်လို လုပ်ကြမလဲ”

တစ်စုံတစ်ယောက်က ထိုပြဿနာကို စဉ်းစားမိသွားသည်။

“အဲဒါ လွယ်လွယ်လေးပဲ မဟုတ်ဘူးလား။ ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု က အတူတကွ ပိတ်ပင်တားမြစ်ချက် တွေ ချမှတ်ပြီး လောကငယ်လေး ကို ချိတ်ပိတ်လိုက်မယ်။ ပြီးရင် အဲဒါကို စမ်းသပ်ကွင်း တစ်ခု အဖြစ် ပြောင်းလဲလိုက်မယ်လေ” ဟု တစ်စုံတစ်ယောက်က အကြံပြုလိုက်၏။

“အဲဒါ ကောင်းတဲ့ အကြံပဲ”

ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ၏ ခေါင်းဆောင်များက ဝင်္ကပါ ပုံစံ ကို သိမ်းဆည်းလိုက်ကြပြီး ယဲ့ဖုန်းကို ဦးညွှတ်ကာ ငွေရောင် အလင်းတန်း များ အဖြစ် ပြောင်းလဲသွားပြီးနောက် မြင်ကွင်းမှ ပျောက်ကွယ်သွားကြတော့သည်။

“ဂျူနီယာညီလေး ယဲ့... အို မဟုတ်ဘူး... တာအိုရောင်းရင်း ယဲ့... ကျုပ်တို့ နှစ်ယောက်ကို အရင် ပြန်ခွင့်ပြုပါဦး”

ကျန်းလင်း ဘိုးဘေး နှင့် လင်မြောင်ဘိုးဘေး တို့က ယဲ့ဖုန်းအပေါ် လေးစားမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ပြောလိုက်ကြသည်။ သူတို့သည် ယဲ့ဖုန်းကို “ဂျူနီယာညီလေး” သို့မဟုတ် “မိတ်ဆွေလေး” ဟု မခေါ်ရဲတော့ဘဲ “တာအိုရောင်းရင်း” ဟု တိုက်ရိုက် သုံးနှုန်းလိုက်ကြတော့၏။

“ကျွန်တော် လိုက်မပို့တော့ဘူးနော်”

ယဲ့ဖုန်းက လက်နှစ်ဖက် ဆုပ်ကာ ပြန်လည် နှုတ်ဆက်လိုက်၏။

သူသည် သူတို့နှစ်ဦးအပေါ် မည်သည့် မောက်မာမှုမျှ မရှိဘဲ အမြဲတမ်းလိုလို တည်ငြိမ်နေဆဲပင် ဖြစ်၏။ သူ၏ ခွန်အားများ တစ်ဟုန်ထိုး တက်လာရုံဖြင့် သူက ဘဝင်မြင့်သွားမည် မဟုတ်ချေ။

“ဂိုဏ်းချုပ် အစ်ကိုကြီး လက်ဖက်ရည် သောက်ရမယ့် အချိန်ရောက်ပြီ”

ကတ္တီပါလို နူးညံ့သည့် အသံလေးက အနောက်မှ ထွက်ပေါ်လာတော့ ယဲ့ဖုန်း တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းတွေ ထသွား၏။ သူ လှည့်ကြည့်လိုက်တော့ ဟူဖေးဖေး က ရေနွေးကြမ်း တစ်ခွက် ကိုင်ပြီး ဆွဲဆောင်မှုရှိသည့် အပြုံးလေးနှင့် သူ့ကို ကြည့်နေတာ တွေ့လိုက်ရသည်။

“မင်း ဒီထက် နည်းနည်းလောက် လျှော့ပြီး မြူဆွယ်လို့ မရဘူးလား”

“မြေခွေး နတ်သမီး တွေက မြူဆွယ်တတ်တယ် ဆိုတာ မဟုတ်ဘူးလား”

ဟူဖေးဖေး က ယဲ့ဖုန်းကို မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။ သူမ၏ ဘေးတွင် ‘မြေခွေး နတ်သမီး ရာဇဝင်’ ဟု အမည်ရသော ရှေးဟောင်း စာအုပ် တစ်အုပ် ရှိနေ၏။

ဤစာအုပ်သည် သိုင်းကျမ်းဆောင် မှ လာခြင်း ဖြစ်သည်။

“ကောင်းတယ်... ကျီဇီလင်း..မင်း..တော်တော် ရဲတင်းလာပြီပဲ။ သိုင်းကျမ်းဆောင် ရဲ့ စုဆောင်းမှုတွေထဲမှာ ဒီလို စာအုပ်မျိုးကို ထည့်ထားရဲတယ်ပေါ့လေ။ ဟူဖေးဖေး က ရုတ်တရက်ကြီး အများကြီး ပိုပြီး မြူဆွယ်လာတာ အံ့သြစရာ မဟုတ်တော့ဘူး။ သူက ဒီစာအုပ်ကို ဖတ်ထားလို့ကိုး”

ယဲ့ဖုန်းက တီးတိုးရေရွတ်လိုက်ပြီး ‘မြေခွေး နတ်သမီး ရာဇဝင်’ ကို သိမ်းဆည်းလိုက်၏။ ထို့နောက် သူက ဂိုဏ်းချုပ် ၏ မဟာခန်းမဆောင် ကြီး အတွင်းသို့ ပုန်းအောင်းဝင်ရောက်သွားကာ ၎င်းကို တိတ်တဆိတ် ဖတ်ရင်း ရယ်နေတော့သည်။

*

နောက်တစ်နေ့တွင်၊

ကုန်းချင်းချိုး သည် ဂိုဏ်းချုပ် ၏ မဟာခန်းမဆောင် ကြီး ရှေ့တွင် မတ်တတ်ရပ်လျက် ညွှန်ကြားချက်များကို နားထောင်နေသည်။

“အကြီးအကဲ ကုန်း... လျှို့ဝှက်ဆန်းကြယ် မြို့တော် က တတိယ မင်းသား လင်လော့ထျန်း ကို အမြန်ဆုံး ဆက်သွယ်ပြီး မြူခိုးဂိုဏ်း က ကြယ်သုံးပွင့်အဆင့် ဂိုဏ်း အသိအမှတ်ပြုခြင်း အတွက် လျှောက်ထားမယ်လို့ ပြောလိုက်ပါ” ယဲ့ဖုန်းက အမိန့်ပေးလိုက်၏။

“ကျွန်မ ချက်ချင်း စီစဉ်လိုက်ပါ့မယ်” ကုန်းချင်းချိုး က ပြောပြီး ထွက်ခွာသွားသည်။

နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ၏ အကူအညီဖြင့် သူမသည် နေပြည်တော် သို့ လျင်မြန်စွာ ရောက်ရှိသွားတော့၏။

နေပြည်တော် ရှိရာ အရပ်သို့ လှမ်းကြည့်ရင်း ယဲ့ဖုန်းက အနည်းငယ် ပြုံးလိုက်၏။

“ရေပေါ်ဖြူ မြို့တော် က ကြယ်နှစ်ပွင့်အဆင့် သို့ တက်လှမ်းသွားပြီ။ ဂိုဏ်း တပည့်တွေရဲ့ ဂုဏ်သတင်း တန်ဖိုး တာဝန် ကလည်း ပြီးသွားပြီ။ ဒီအဆင့်မှာတော့ ဂိုဏ်း က ကြယ်သုံးပွင့်အဆင့် ကို တက်လှမ်းဖို့ အချိန်တန်ပြီ”

အဆင့် (၅) တာဝန် အတွက် များပြားလှသော ဆုလာဘ်များကို တွေးမိသောအခါ ယဲ့ဖုန်းသည် မျှော်လင့်ချက်များဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်လိုက်တော့သည်။

“ဂိုဏ်းချုပ်... ကျုပ်တို့ ပြန်ရောက်ပါပြီ”

ထိုအခိုက်အတန့်မှာပင် ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ၏ ခေါင်းဆောင်များ၏ အသံများက အပြင်ဘက်မှ ထွက်ပေါ်လာသည်။

ယဲ့ဖုန်း အပြင်သို့ ထွက်လာခဲ့၏။

ကောင်းကင်ယံတွင်၊

ဧရာမ ဖြူစင်သော သန့်ရှင်းသော ဗိမာန်တော် (၁၈) ခု က လွင့်မျောနေလေ၏။ ၎င်းတို့ကို အလွန် မြင့်မြတ်ပုံပေါ်စေသော အရောင်အသွေး စုံလင်သည့် အလင်းကွင်း များဖြင့် ဝိုင်းရံထားသည်။

“ရောက်လာကြပြီလား။ တော်တော် ကောင်းတယ်” ယဲ့ဖုန်းက အနည်းငယ် ပြုံးကာ ပြောလိုက်တော့၏။

--

All Chapters