← Chapters

အခန်း ၆၂၃

Vol. 42 Ch. 623

အခန်း ၆၂၃

Vol. 42 Ch. 623

အခန်း (၆၂၃) အဆင့် (၅) တာဝန် ပြီးမြောက်ခြင်း နှင့် ဆုလာဘ်များ ခွဲဝေချထားပေးခြင်း

လင်ယွဲ့၏ ရင်ထဲတွင် ဆွေးမြေ့ကြေကွဲမှုများ ပြည့်နှက်နေတော့၏။

သူမနှင့် ယဲ့ဖုန်းကြားရှိ ကျယ်ပြောလှသော ကွာဟချက်ကြီးကို သူမ အတိုင်းသား သဘောပေါက်လိုက်ရသည်။

အချစ်ရေးနှင့် အိမ်ထောင်ရေးတွင် တန်းတူရည်တူ ရှိရန်က အလွန် အရေးကြီးလှပေသည်။ ကြီးကျယ်ခမ်းနားပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လှသော မြူခိုးဂိုဏ်း ကို ရင်ဆိုင်ရချိန်တွင် သူမကိုယ်သူမ ယဲ့ဖုန်းနှင့် လုံးဝ မထိုက်တန်ဟု ခံစားနေရတော့၏။

"ဂိုဏ်းချုပ်ယဲ့ အပေါ် ထားရှိတဲ့ ငါ့ရဲ့ သံယောဇဉ်တွေက ဒီလောက်နဲ့ပဲ ရပ်တန့်သွားရတော့မှာလား... မဟုတ်ဘူး... ငါက အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး မူလနတ်ဘုရား အဆင့်ကို ချိုးဖောက်နိုင်မှ၊ ပြီးတော့ ဟင်းလင်းပြင်ဖြိုခွဲ အဆင့်ကို ရောက်ရှိပြီး အဆင့်မြင့် ဧကရာဇ်မ တစ်ပါး ဖြစ်လာမှသာ သူ့ဘေးမှာ ရပ်တည်ခွင့် ရမှာ"

လင်ယွဲ့က သူမ၏ လက်သီးများကို တင်းတင်းဆုပ်ကာ အတွေးချလိုက်၏။

ဟင်းလင်းပြင်ဖြိုခွဲ အဆင့်သို့ မရောက်ရှိဘဲနှင့် ယဲ့ဖုန်း၏ ဘေးတွင် ရပ်တည်ရန် သူမ ဘယ်လိုလုပ် အရည်အချင်း ပြည့်မီနိုင်မည်နည်း။

"ကံမကောင်းတာက ငါ့မှာ ယခင်ဘဝက နတ်ဘုရားမ မင်ယွဲ့ ရဲ့ မှတ်ဉာဏ်တွေ ရှိနေပြီး ကျင့်ကြံခြင်း အရှိန်က တစ်ဟုန်ထိုး မြင့်တက်နေတယ် ဆိုပေမဲ့ ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာဖို့ ဆိုတာက ကျော်လွှားဖို့ မဖြစ်နိုင်တဲ့ အခက်အခဲတွေ အများကြီး ရှိနေသေးတယ်"

"ငါ့အတွက် တကယ်ပဲ မျှော်လင့်ချက် လုံးဝ မရှိတော့ဘူးလား"

လင်ယွဲ့၏ ရင်ထဲတွင် ခံစားချက် မျိုးစုံ ရောထွေးကာ ဗြောင်းဆန်နေတော့၏။

မြူခိုးဂိုဏ်း အတွက် ကြယ်သုံးပွင့်အဆင့် အကဲဖြတ်မှု ကို စတင်ရန် အကဲဖြတ် အကြီးအကဲများနှင့်အတူ ပြင်ဆင်နေသော ယဲ့ဖုန်းကို မော့ကြည့်ရင်း သူမက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး နန်းတော်သို့ ပြန်ရောက်သည်နှင့် အသက်လုကာ ကျင့်ကြံရန် ဆုံးဖြတ်ချက်ချလိုက်၏။

မလှမ်းမကမ်းတွင်၊

ယဲ့ဖုန်းက အကဲဖြတ် အကြီးအကဲ အချို့၏ နောက်မှ လိုက်ပါသွား၏။

တတိယ မင်းသား၊ မီးခိုးရောင် ဝတ်ရုံဝတ် အဘိုးအို၊ ကုန်းချင်းချိုး၊ လီဇီလုံ၊ ဝမ်လင်း၊ ချူယွင်အာ နှင့် အခြားသူများကလည်း နောက်မှ ထက်ကြပ်မကွာ လိုက်ပါလာကြသည်။

ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ၏ ခေါင်းဆောင်များကမူ သူတို့၏ ကိုယ်ပိုင် ဂူကောင်းကင်ကမ္ဘာ များ အတွင်းတွင် မကြာသေးမီက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို အသိပေး ကြေညာနေကြပြီး ကံကြမ္မာ ခရမ်းရွှေရောင် ခေါင်းလောင်း ကို အသုံးပြု၍ သူတို့၏ မျိုးနွယ်စုဝင်များ၏ အခြေအနေကို စစ်ဆေးနေကြသဖြင့် ဤနေရာတွင် မရှိကြချေ။

"ဂိုဏ်းချုပ်ယဲ့... ကြယ်သုံးပွင့်အဆင့် ကို တက်လှမ်းဖို့ စံသတ်မှတ်ချက်တွေက တကယ်တော့ သိပ်မများလှပါဘူး"

"ပထမအချက် အနေနဲ့ ဂိုဏ်းချုပ် ဟာ အနည်းဆုံး မူလနတ်ဘုရား အဆင့် မှာ ရှိရပါမယ်။ ဂိုဏ်းချုပ်ယဲ့ အတွက်ကတော့ ဒီအချက်က အဆပေါင်း တစ်ရာမက ပြည့်စုံလွန်ကျူးနေပါပြီ"

"ဒုတိယ အချက်ကတော့ ဂိုဏ်းထဲမှာ ဝိညာဉ်ပင်လယ် အဆင့် အကြီးအကဲ အနည်းဆုံး (၁၀) ယောက် ရှိရပါမယ်။ သေချာတာပေါ့... တပည့်တွေကိုပါ ထည့်တွက်မယ် ဆိုရင်လည်း ဝိညာဉ်ပင်လယ် အဆင့် (၁၀) ယောက် ရှိရင် လက်ခံနိုင်ပါတယ်"

"အနှစ်ချုပ် ပြောရရင် ကြယ်သုံးပွင့်အဆင့် ဂိုဏ်း တစ်ခုရဲ့ စံသတ်မှတ်ချက်က မူလနတ်ဘုရား အဆင့် (၁) ယောက်၊ ဝိညာဉ်ပင်လယ် အဆင့် (၁၀) ယောက် နဲ့ ဓာတ်စုစည်းမှု အဆင့် (၁၀၀) ပါပဲ"

"နောက်ဆုံး အချက်ကတော့ ဂိုဏ်းရဲ့ လက်အောက်ခံ မြို့တော် ဟာ ကြယ်နှစ်ပွင့်အဆင့် ကို ရောက်ရှိရပါမယ်။ ဒီ သတ်မှတ်ချက် ကတော့ ရေပေါ်ဖြူ မြို့တော် က ပြည့်မီပြီးသား ဖြစ်တဲ့အတွက် ထပ်ပြီး အကဲဖြတ်ဖို့ မလိုတော့ပါဘူး"

"ဒီ အဓိက အချက်တွေအပြင် ကျန်တာတွေကတော့ သိုင်းကျမ်းဆောင် ထဲက ကျမ်းစာ အရေအတွက်၊ ဝိညာဉ် ဆေးဥယျာဉ် အရေအတွက်၊ လက်နက် သွန်းလုပ်ရေး စံအိမ် ရဲ့ အခြေအနေ စတဲ့ သေးငယ်တဲ့ လိုအပ်ချက်လေးတွေ ပါပဲ"

"သေချာတာပေါ့... ဒါတွေက သိပ်ပြီး အရေးကြီးတဲ့ ကိစ္စတွေတော့ မဟုတ်ပါဘူး"

"ဂိုဏ်းချုပ် ကသာ လုံလောက်အောင် အစွမ်းထက်မယ် ဆိုရင် အတင်းအဓမ္မ သုံးပြီးတောင် ဒီအရာတွေ အားလုံးကို လုယူလို့ ရတာပဲလေ။ ဒါဆိုရင် အကဲဖြတ်မှု ဆိုတာက သိပ်ပြီး အရေးမကြီးတော့ပါဘူး"

အကဲဖြတ် အကြီးအကဲ က စကားပြောလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်ပြီး နောက်ဆုံးတွင် ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များပင် တွန့်ကွေးသွားရလောက်အောင် ရဲတင်းလွန်းသော စကားများကိုပါ ဆိုလာတော့၏။

ဘုရားရေ... လုယူတယ် ဟုတ်လား။

ဒီ အကဲဖြတ် အကြီးအကဲ က သိပ်တော့ မမှန်ဘူးပဲ။

ယဲ့ဖုန်းက ရင်ထဲတွင် တိတ်တဆိတ် ကောက်ချက်ချလိုက်၏။

"ဂိုဏ်းချုပ်ယဲ့... နောက်ထပ် ခင်ဗျားတို့ ဂိုဏ်းက အကြီးအကဲတွေ၊ ကြီးကြပ်သူ တွေနဲ့ တပည့်တွေကို ဆက်ပြီး အကဲဖြတ်ကြမလား" အကဲဖြတ် အကြီးအကဲ က ရုတ်တရက် မေးလိုက်၏။

"သေချာတာပေါ့... ပြဿနာ မရှိပါဘူး"

ယဲ့ဖုန်းက ခေါင်းညိတ်လိုက်ပြီး ဂိုဏ်း စာရင်းသွင်းစာအုပ် ကို ထုတ်ယူကာ လူတိုင်းကို ဂိုဏ်း ၏ ပင်မရင်ပြင် သို့ ခေါ်ဆောင်သွားသည်။

ထိုနေရာတွင် မြူခိုးဂိုဏ်း ၌ လက်ရှိ ရှိနေသော တပည့်များ အားလုံးနှင့် ပြည့်နှက်နေခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်၏။

နေပြည်တော် တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် နိုင်ငံနှစ်ခုမှ ပါရမီရှင် များ၏ ပြိုင်ပွဲ ပြီးဆုံးပြီးနောက် မြူခိုးဂိုဏ်း သို့ နေ့စဉ်နှင့်အမျှ တပည့်သစ်များ ဝင်ရောက်လာခဲ့ကြသည်။

တပည့် စုစုပေါင်း အရေအတွက်မှာ ယခုအခါ (၃၀၀၀) ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

"မြူခိုးဂိုဏ်း က အကြီးအကဲတွေ... ဘယ်မှာလဲ" ယဲ့ဖုန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ဒီမှာပါ"

ကုန်းချင်းချိုး၊ လီဇီလုံ၊ နှစ်တစ်ထောင် ရှေးဟောင်း ထင်းရှူးပင်၊ ဝမ်လင်း နှင့် အခြားသူများက တစ်ယောက်ပြီး တစ်ယောက် ပြန်ထူးလိုက်ကြရာ သူတို့၏ အရှိန်အဝါများက ကောင်းကင်ယံကိုပင် ဆုတ်ဖြဲပစ်တော့မည့်အလား ပေါက်ကွဲထွက်လာတော့သည်။

လွန်ခဲ့သော နှစ်ရက်က ကောင်းကင် နှင်းရည် ၏ ရေချိုးသန့်စင်ပေးမှုကို ခံရပြီးနောက် နှစ်တစ်ထောင် ရှေးဟောင်း ထင်းရှူးပင် သည် အံ့မခန်း ကြီးထွားလာခဲ့ပြီး အဆင့်မြင့် မိစ္ဆာ ဧကရာဇ် အဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်၏။

ဝမ်လင်း သည်လည်း မူလနတ်ဘုရား အဆင့် စတုတ္ထအလွှာ ၏ ကနဦး အဆင့်မှ ယခုအခါ မူလနတ်ဘုရား အဆင့် ဆဋ္ဌမအလွှာ ၏ အထွတ်အထိပ် သို့ တိုးတက်ရောက်ရှိသွားခဲ့တော့၏။

လီဇီလုံ နှင့် ကုန်းချင်းချိုး တို့ကမူ အနည်းငယ် အားနည်းနေသေး၏။

သို့တိုင် သူတို့သည်လည်း အဆင့်မြင့် ဝိညာဉ်ပင်လယ် အဆင့် သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

"ညီအစ်ကိုတို့... ငါတို့ရဲ့ စွမ်းအားတွေကို ပြသရမယ့် အချိန်ရောက်ပြီ"

ထိုအခိုက်အတန့်တွင် ဝိညာဉ်သားရဲ စင်မြင့်ပေါ်မှ။

တောင်စောင့် မျောက်နတ်ဘုရား က မိစ္ဆာ ဘုရင် များ နှင့် မိစ္ဆာ ဧကရာဇ် အများအပြားကို ဦးဆောင်ကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်လိုက်ရာ အကဲဖြတ် အကြီးအကဲ ကိုပင် အမှန်တကယ် လန့်ဖျပ်သွားစေတော့၏။

"ဝိညာဉ်ပင်လယ် အဆင့် အရေအတွက်က... လုံ... လုံလောက်ပါတယ်"

အကဲဖြတ် အကြီးအကဲ က ချက်ချင်း မှတ်တမ်းတင်လိုက်၏။

"မြူခိုးဂိုဏ်း က တပည့်တွေ... အကဲဖြတ် အကြီးအကဲ ကို မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့် တွေ ပြသလိုက်ကြစမ်း" ယဲ့ဖုန်းက အော်ဟစ်လိုက်၏။

"ဟား... "

ရှီလေ့၊ ဟိုယွင်ကျဲ၊ မိုယင်... စသည့် ပထမ မျိုးဆက် နှင့် ဒုတိယ မျိုးဆက် တပည့်များ အားလုံး စုစုပေါင်း (၃၀၀၀) တို့သည် သူတို့၏ သန်မာလှသော အရှိန်အဝါ များကို တစ်ပြိုင်နက်တည်း ပေါက်ကွဲထုတ်လွှတ်လိုက်ကြတော့သည်။

"တပည့်တွေထဲမှာတောင် ဝိညာဉ်ပင်လယ် အဆင့် ကျင့်ကြံသူ (၁၀) ယောက်တောင် ရှိနေတာလား"

"ပြီးတော့ ဓာတ်စုစည်းမှု အဆင့် တွေကလည်း ရာနဲ့ချီ ရှိနေတာပဲ"

"ကျန်တဲ့ တပည့်တွေ အားလုံးကလည်း အနည်းဆုံး ချီကျင့်ကြံခြင်း အဆင့် (၅) မှာ ရှိနေကြတယ်။ ဒါ့အပြင် သူတို့ရဲ့ အခြေခံအုတ်မြစ် တွေကလည်း အရမ်း ခိုင်မာတယ်။ သူတို့က အရန် ကျင့်စဉ် မျိုးစုံကို ကျင့်ကြံထားတယ် ဆိုတာ သိသာတယ်"

ဂိုဏ်း ၏ ပင်မရင်ပြင် မှ တပည့်များကို ကြည့်ရင်း အကဲဖြတ် အကြီးအကဲ မှာ အံ့အားသင့်လွန်းသဖြင့် အသက်ရှူမှားသွားရတော့၏။

"တပည့်တွေ အပိုင်း... ပြည့်မီပါတယ်"

သူ၏ အံ့အားသင့်မှုများကြားမှ အကဲဖြတ် အကြီးအကဲ က သူ၏ ဆုံးဖြတ်ချက်ကို လျင်မြန်စွာ ချမှတ်လိုက်သည်။

ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များက အပြုံးတစ်ခု အဖြစ် ကွေးတက်သွားတော့၏။

အလွန် ကြီးမားသော ကမ္ဘာမြေ အသွင်ပြောင်းလဲမှု ကြီးက ထို ကောင်းကင် နှင်းရည် များကို ယူဆောင်လာပေးပြီး မြူခိုးဂိုဏ်း မှ တပည့်များ၏ အလုံးစုံ ခွန်အားကို တစ်ဟုန်ထိုး မြင့်တက်သွားစေခဲ့သည်မှာ တကယ်ကို ကံကောင်းလှပေသည်။

မိုယင်၊ လျန်ဝမ်ဖန်၊ လျန်ဝမ်ယွီ နှင့် လျန်ဝမ်ရို တို့သည် ယခင်ကတည်းက ဝိညာဉ်ပင်လယ် အဆင့် တွင် ရှိနေကြပြီး ယခုအခါ နောက်ထပ် အဆင့်တက်လှမ်းမှုများကြောင့် သူတို့၏ ခွန်အားများက ပို၍ပင် ကြီးမားလာကြတော့၏။

ပထမ မျိုးဆက် တပည့်များထဲတွင် ဟိုယွင်ကျဲ၊ လုံထျန်းရှင်း၊ ကျားယွီလန်၊ ကျီဇီလင်း နှင့် ယန်ရူယွီ တို့သည်လည်း ကောင်းကင် နှင်းရည် ၏ ကျေးဇူးကြောင့် ဝိညာဉ်ပင်လယ် အဆင့် သို့ ရောက်ရှိသွားကြ၏။

နောက်ဆုံး ဝိညာဉ်ပင်လယ် အဆင့် တပည့်မှာ ချောင်ကျားရှီး ပင် ဖြစ်သည်။

စုစုပေါင်း ရေတွက်ကြည့်မည်ဆိုလျှင် ယခုအခါ မြူခိုးဂိုဏ်း ၏ တပည့်များထဲတွင် ဝိညာဉ်ပင်လယ် အဆင့် သို့ ရောက်ရှိနေပြီး "မျိုးဆက်သစ် ဘုရင်များ" ဟု ခေါ်ဆိုနိုင်သည့် ပုဂ္ဂိုလ် (၁၀) ဦး ရှိနေပြီ ဖြစ်သည်။

"ဂိုဏ်းချုပ်ယဲ့... ခင်ဗျားတို့ ဂိုဏ်းက အဓိက လိုအပ်ချက် အားလုံး ပြည့်မီသွားပါပြီ။ အခုကတော့ အသေးအမွှား အကဲဖြတ်မှု လေးတွေပဲ ကျန်ပါတော့တယ်" ဟု အကဲဖြတ် အကြီးအကဲ က ပြုံးကာ ပြောလိုက်၏။

သူ၏ အမြင်တွင် ကျန်ရှိနေသော လုပ်ငန်းစဉ်များ အားလုံးမှာ လုပ်ထုံးလုပ်နည်း တစ်ခုမျှသာ ဖြစ်သည်။

မြူခိုးဂိုဏ်း ကဲ့သို့ နက်ရှိုင်းသော အခြေခံအုတ်မြစ်များ ရှိသည့် ဂိုဏ်းတစ်ခုကသာ ကြယ်သုံးပွင့်အဆင့် အကဲဖြတ်မှု ကို ကျရှုံးမည်ဆိုလျှင် သူတို့ အကဲဖြတ် အကြီးအကဲ များ အတွက် ရယ်စရာတစ်ခု ဖြစ်လာပေလိမ့်မည်။

"ကောင်းပြီ... ဆက်သွားကြတာပေါ့"

ယဲ့ဖုန်းက လူတိုင်းကို သိုင်းကျမ်းဆောင် သို့ ခေါ်ဆောင်သွားပြီး ကျီဇီလင်း က မကြာမီကမှ ငွေကြေး အမြောက်အမြား အကုန်အကျခံ၍ ဝယ်ယူထားသော ရှေးဟောင်း ကျမ်းစာ အုပ်ရေ သောင်းပေါင်းများစွာကို ဂုဏ်ယူစွာ ပြသလိုက်၏။

ထို့နောက် သူတို့က သိုလှောင်ရုံ ထဲသို့ ဝင်ရောက်သွားကြ၏။

ယဲ့ဖုန်းက သူ၏ အားလပ်ချိန်များတွင် လက်နက် သွန်းလုပ်ရေး မီးဖို ကြီးကို အသုံးပြု၍ ပေါ့ပေါ့ပါးပါး ဖန်တီးထားခဲ့သော အနိမ့်ပိုင်း အဆင့်၊ အလယ်အလတ် အဆင့်၊ အဆင့်မြင့် နှင့် အမြင့်ဆုံးအဆင့် ဝိညာဉ် လက်နက် ထောင်ပေါင်းများစွာကို မြင်လိုက်ရသောအခါ လူတိုင်းမှာ အံ့အားသင့်လွန်းသဖြင့် စကားပင် မပြောနိုင်တော့အောင် ဖြစ်သွားကြတော့သည်။

ထို့နောက်တွင်...

သူတို့ အုပ်စုသည် ဝိညာဉ် ဆေးဥယျာဉ် သို့ ရောက်ရှိသွားကြပြီး ယန်ရူယွီ စိုက်ပျိုးထားသော နှစ်တစ်ထောင် သက်တမ်းရှိ ဝိညာဉ် ဆေးပင် များကို ကြည့်ကာ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ကြသည်။

နောက်ဆက်တွဲ အကဲဖြတ်မှု များ အားလုံး ချောမွေ့စွာ ပြီးဆုံးသွား၏။

ထိုနေ့ မွန်းတည့်ချိန်တွင်...

အကဲဖြတ် အကြီးအကဲ က သူ၏ ကလောင်တံကို ကောက်ကိုင်ကာ အကဲဖြတ်မှု ရလဒ်များပေါ်တွင် "အကဲဖြတ်မှု ပြီးပြည့်စုံသည်။ အောင်မြင်သည်" ဟု ရေးမှတ်လိုက်၏။

ထိုအခိုက်အတန့်တွင် ယဲ့ဖုန်း၏ ရင်ထဲ၌ မျှော်လင့်မထားသော ပျော်ရွှင်မှု လှိုင်းတံပိုး တစ်ခု ရိုက်ခတ်သွားတော့၏။

[တီ..တီ.. ဂိုဏ်းချုပ် ကို ဂုဏ်ပြုပါတယ်။ အဆင့် (၅) အကဲဖြတ်မှု ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် ဆုလာဘ်တွေ အနေနဲ့ ဉာဏ်အလင်းပွင့် နှလုံးသား အပိုင်းအစ (၁) ခု၊ အထူး မူလအနှစ်သာရ (၁) ခု၊ ကောင်းကင် ကျောက်စာတိုင် အပိုင်းအစ (၁) ခု၊ အဆင့်မြင့် ဝိညာဉ်ရတနာ (၁) ခု၊ ကောင်းကင် မိုးကြိုး အဆောင်လက်ဖွဲ့ (၅) ခု၊ အလွန် ကြီးမားသော ဂိုဏ်းအကာအကွယ် မဟာဝင်္ကပါ (၁) ခု၊ အချိန်ကျင့်စဉ် အပိုင်းအစ (၁) ခု တို့ကို ရရှိပါတယ်]

စနစ် ၏ အသိပေးသံလေးက လောကတွင် အလှပဆုံးသော ဂီတသံစဉ်လေး တစ်ခုပမာ ယဲ့ဖုန်း၏ ရင်ကို ကြည်နူးမှုများဖြင့် ပြည့်နှက်သွားစေတော့၏။

"ကောင်းတယ်... ကောင်းတယ်... အရမ်း ကောင်းတယ်"

ယဲ့ဖုန်းက သူ၏ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်တော့ချေ။

ဘေးတွင် ရပ်နေသော တတိယ မင်းသား သည်လည်း အကဲဖြတ်မှု ရလဒ်ကို မြင်လိုက်ရပြီး သက်ပြင်းချလိုက်သည်။

အကယ်၍သာ အကဲဖြတ် အကြီးအကဲ က "မအောင်မြင်ပါ" ဟု ရေးရဲမည်ဆိုလျှင် သူ့ကို ချက်ချင်း သတ်ပစ်ရန် သူ၏ အစောင့်အရှောက် ဖြစ်သော မီးခိုးရောင် ဝတ်ရုံဝတ် အဘိုးအို ကို အမိန့်ပေးရန် သူ ဆုံးဖြတ်ထားပြီး ဖြစ်၏။

ယခုအခါ တတိယ မင်းသား မှာ စိတ်အေးသွားပြီး ပြောလိုက်သည်။

"ဂိုဏ်းချုပ်ယဲ့ ဂုဏ်ပြုပါတယ်။ မြူခိုးဂိုဏ်း လည်း ဂုဏ်ပြုပါတယ်"

"ဂုဏ်ပြုပါတယ်ဗျာ"

အကဲဖြတ် အကြီးအကဲ များကလည်း လက်နှစ်ဖက် ဆုပ်ကာ ဂုဏ်ပြုစကား ဆိုကြ၏။

"နောက်ထပ် (၇) ရက် နေရင် မြူခိုးဂိုဏ်း က ကြယ်အဆင့် တိုးမြှင့်ခြင်း အခမ်းအနား ကျင်းပပါမယ်။ အဲဒီအချိန်ကျရင် ခင်ဗျားတို့ အားလုံး လာရောက်ကြပါ... အို ကျွန်တော့်မှာ လုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့ ခွင့်ပြုပါဦး"

ယဲ့ဖုန်းက အကဲဖြတ် အကြီးအကဲ များကို ဧည့်ခံရန် ကုန်းချင်းချိုး ကို တာဝန်ပေးခဲ့ပြီး သူကိုယ်တိုင်ကတော့ ဂိုဏ်းချုပ် ၏ မဟာခန်းမဆောင် ကြီး အတွင်းသို့ ပြန်ဝင်သွားသည်။

"ဒိုင်း... "

သူက တံခါးကို ပိတ်လိုက်ပြီး သူ၏ ရှေ့တွင် လွင့်မျောနေသော ကံကောင်းစေသော အိတ်လေး များကို ကြည့်ရန် လက်ဆန့်ထုတ်လိုက်ရာ သူ၏ အပြုံးက နတ်ဆိုးဆန်ဆန် ပြောင်းလဲသွားတော့၏။

"ဂျွတ်... "

ကံကောင်းစေသော အိတ်လေး များထဲမှ တစ်လုံး ပေါက်ကွဲထွက်သွားပြီး ဉာဏ်အလင်းပွင့် နှလုံးသား ၏ ငါးပုံတစ်ပုံ အပိုင်းအစ ထွက်ပေါ်လာကာ ယဲ့ဖုန်း၏ အသိစိတ် ပင်လယ် ထဲသို့ ဝင်ရောက် ပေါင်းစပ်သွားသည်။

နောက်တစ်စက္ကန့်တွင်...

သူ တစ်ကိုယ်လုံး တုန်ခါသွားပြီး သူ၏ တွက်ချက်နိုင်စွမ်း ကြီး နှစ်ဆ မြင့်တက်သွားသည်ကို ခံစားလိုက်ရကာ ယခင်က သူ့ကို ဒုက္ခပေးနေခဲ့သော ပြဿနာများ အားလုံးက ရိုးရှင်းပြီး နားလည်ရ လွယ်ကူသွားတော့၏။

"တကယ်ကို ဉာဏ်အလင်းပွင့် နှလုံးသား နဲ့ ထိုက်တန်တာပဲ"

ယဲ့ဖုန်းက ချီးကျူးလိုက်ပြီး နောက်ထပ် ကံကောင်းစေသော အိတ်လေး များကို ဆက်လက် ဖွင့်ဖောက်နေတော့သည်။

ကျောင်းယန် သန့်စင်သော မြို့တော်။

နေရာရွှေ့ပြောင်း ခန်းမဆောင် ကြီး အတွင်းမှ လူအုပ်ကြီး တစ်အုပ် ထွက်ပေါ်လာသည်။

အရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ပေါများလှသော ရွှေရောင် ဆံပင်များနှင့် ရွှေရောင် လက်သည်းများ ရှိသည့် လင်ဟွေ ဘိုးဘေး ပင် ဖြစ်သည်။

သူ၏ အနောက်တွင် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် အကြီးအကဲ အချို့နှင့် မူလနတ်ဘုရား အဆင့်၊ ဝိညာဉ်ပင်လယ် အဆင့် ပါရမီရှင် လူငယ် ဒါဇင်ပေါင်းများစွာ လိုက်ပါလာကြ၏။

နတ်ဆိုး ဘုရားကျောင်းသခင် မှာ သေးငယ်အောင် ပြုလုပ်ထားသော နတ်ဆိုး ဘုရားကျောင်း ကြီးကို လက်တစ်ဖက်ဖြင့် ကိုင်ဆောင်လျက် အချွဲတိုက်နေသော ခွေးတစ်ကောင်ပမာ သူ၏ ဘေးတွင် အဆက်မပြတ် ခေါင်းညိတ် ဦးညွှတ်ကာ ရိုသေစွာ လိုက်ပါလာသည်။

"သြော်... ဒါက ကျောင်းယန် သန့်စင်သော မြို့တော် ပေါ့။ တကယ်ကို စည်ကားတာပဲ"

ပါရမီရှင် လူငယ်များထဲမှ တစ်ဦးက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်း အနည်းငယ် ပြုံးကာ မှတ်ချက်ချလိုက်တော့သည်။

--

All Chapters