← Chapters

အခန်း ၆၂၅

Vol. 42 Ch. 625

အခန်း ၆၂၅

Vol. 42 Ch. 625

အခန်း (၆၂၅) ဂိုဏ်းချုပ်ကိုယ်တိုင် လှုပ်ရှားစရာ မလိုပါဘူး၊ ဒီကောင်တွေကို ကျွန်တော်တို့ ဖိနှိပ်ပေးပါ့မယ်

“ဟူး... ဟူး... ဟူး...”

ယဲ့ဖုန်းတစ်ယောက် အမောတကော အသက်ရှူနေရရှာသည်။

သူ ခေါင်းထောင်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်တော့မှ အံ့သြစရာတစ်ခုကို သတိထားမိသွားသည်။

‘အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အချိန်ဟင်းလင်းပြင်ထဲမှာ သူ နှစ်ပေါင်းထောင်ချီ၊ သောင်းချီအောင် ခရီးနှင်ခဲ့ပေမဲ့ လက်တွေ့လောကထဲ ပြန်ရောက်လာတဲ့အခါမှာတော့ အပြင်မှာ ခဏလေးပဲ ကုန်ဆုံးသွားသေးတာကိုး’

“အမလေး... မောလိုက်တာ။ ဟိုထဲမှာ နေခဲ့ရတာ နှစ်ပေါင်း မနည်းတော့ဘူး။ အပြင်မှာတော့ မျက်တောင်တစ်ခတ်စာပဲ ရှိသေးတာလား...”

ယဲ့ဖုန်း စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

‘အချိန်ကျင့်စဉ်’ ရဲ့ ပထမအတွဲကတော့ ပျောက်ကွယ်သွားပြီ။ ဒါက ဘာကို ပြလဲ ဆိုတော့ သူဟာ အဲ့ဒီ အချိန်စွမ်းအားရဲ့ အစိတ်အပိုင်းကို အပိုင်ကျွမ်းကျင်သွားပြီ ဖြစ်သလို၊ ထိုကျမ်းစာဟာလည်း သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပြီဆိုတာပါပင်။

ယဲ့ဖုန်းဟာ လေဝိညာဉ်ပုလဲလုံးကို ထုတ်လိုက်ပြီး မှန်တစ်ချပ်အဖြစ် ပြောင်းလဲလိုက်၏။ ပြီးတော့ သူ့မျက်ခုံးနှစ်ခုကြားကို သေချာကြည့်လိုက်တော့... ထိုနေရာမှာ “~” ပုံသဏ္ဌာန် ထောင်လိုက်လေး ရှိသည့် ငွေရောင်ဖျော့ဖျော့ အမှတ်အသား တစ်ခုကို တွေ့လိုက်ရ၏။

“ဒါက... အချိန်အမှတ်အသားရဲ့ ပထမအဆင့်ပေါ့။ နောက်ထပ် ဘယ်နှစ်ဆင့် ရှိဦးမလဲဆိုတာတော့ မသိဘူး။ ဒါပေမဲ့ အဲ့ဒီ ကျယ်ပြောလှတဲ့ အချိန်ဟင်းလင်းပြင်ထဲမှာ ငါ လျှောက်သွားနေတုန်းကတော့ အချိန်စွမ်းအားဆိုတာ အတိုင်းအဆမရှိ ကျယ်ပြောလှတယ်ဆိုတာ သိခဲ့ရတယ်လေ။ အခု ငါ ကျွမ်းကျင်တာက အဲ့ဒီစွမ်းအားရဲ့ အစွန်းအစလေးပဲ ရှိပါသေးတယ်...”

*

ယဲ့ဖုန်းသည် ခဏလောက် စဉ်းစားပြီးနောက် အချိန်ဝင်္ကပါကို စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်၏။ သူ လက်ဟန်တွေ ဆွဲသားလိုက်သည့်အခါ သူ့ပတ်ပတ်လည်မှာ ရှေးဟောင်းစွမ်းအားတွေ ထွက်ပေါ်လာပြီး ငွေရောင်ဖျော့ဖျော့ အကာအကွယ်ဒိုင်းတစ်ခုက သူ့ကို လွှမ်းခြုံသွားတော့သည်။

“အင်း... အချိန်ဝင်္ကပါကို သုံးထားတုန်းမှာ ငါ့ကိုယ်တစ်ခုလုံးကို အချိန်စွမ်းအားတွေက ပတ်ထားတာပဲ။ ဘယ်ကောင်ပဲလာပြီး ငါ့ကို ချောင်းတိုက်တိုက်၊ အဲ့ဒီကောင့်ရဲ့ သက်တမ်းက အဝါးမြိုခံရပြီး ငါ့အတွက် စွမ်းအင်အဖြစ် ပြောင်းသွားမှာပဲ။ တကယ်ကို လူယုတ်မာတွေအတွက် အကောင်းဆုံး လက်ဆောင်ပဲ...”

သူ လက်ချောင်းလေးကို တစ်ချက်ခါလိုက်တော့ အချင်းဝက် မီတာဝက်လောက် ရှိသော အလင်းဝင်္ကပါလေးတစ်ခု ပေါ်လာပြီး တောင်ထိပ်ပေါ်မှ ဝိညာဉ်မြက်ပင်လေးထဲကို စီးဝင်သွား၏။

ထို့နောက်မှာတော့ ဝိညာဉ်မြက်ပင်လေးဟာ တားမြစ်ချက် တစ်ခုကို ထိတွေ့လိုက်ရသလိုမျိုး တုန်ခါသွားပြီး သူ၏ ကြီးထွားနှုန်းက ပုံမှန်ထက် (၁၀) ဆလောက် မြန်သွားတော့သည်ပင်။ ခဏလေးအတွင်းမှာပဲ တစ်လက်မလောက် ပိုရှည်လာသည်။

“ချွင်..”

ရေခဲတွေ အက်ကွဲသွားသလို အသံမျိုး.. ဝိညာဉ်မြက်ပင်လေးဆီက ထွက်လာပြီး မြက်ပင်လေးကနေ ငွေရောင်အငွေ့အသက်လေးတွေ ထွက်လာ၏။ ကြီးထွားနှုန်းကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်ပင်။

“ဟင်... ဒီအချိန်ဝင်္ကပါက နာရီဝက်ပဲ ခံတာလား။ ကြည့်ရတာ စွမ်းအင်တစ်ခုခု လိုနေတာပဲ ဖြစ်ရမယ်... ငါ ဒါကို ထပ်ပြီး တွက်ချက်ကြည့်ဦးမှ...”

ယဲ့ဖုန်း မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။ ဉာဏ်အလင်းပွင့်နှလုံးသားကို သုံးပြီး သူ အဖြေရှာကြည့်လိုက်သည့် အခါမှာတော့...

“သြော်... သက်တမ်း လိုတာကိုး။ အချိန်ဝင်္ကပါတစ်ခု တည်ဆောက်ဖို့ဆိုရင် စွမ်းအင်တစ်ခုခုကို သုံးရမှာပဲ၊ မဟုတ်ရင် အဲ့ဒီဝင်္ကပါက ကြာကြာမခံဘူး။ အဲ့ဒီမှာ မရှိမဖြစ် လိုအပ်တဲ့ စွမ်းအင်ကတော့ သက်တမ်းပဲ။ ငါ့ရဲ့ သက်တမ်းကို သုံးလို့ရမလား...”

သူ့ရဲ့ သက်တမ်းကို သူ ပြန်ကြည့်လိုက်တော့ အဆုံးမရှိသလောက်ကို များပြားနေတာ တွေ့ရ၏။

သို့နှင့် ယဲ့ဖုန်းက..သက်တမ်း (၁) နှစ်စာကို ထုတ်ပြီး ဝင်္ကပါအတွက် စွမ်းအင်အဖြစ် ပြောင်းလိုက်၏။

“ဝုန်း..”

နောက်ထပ် အချိန်ဝင်္ကပါတစ်ခု ထွက်ပေါ်လာပြီး ဝိညာဉ်မြက်ပင်လေးထဲ စီးဝင်သွားပြန်သည်။

ထိုမြက်ပင်ရဲ့ ကြီးထွားနှုန်းက (၁၀) ဆ မြန်သွား၏။ ယဲ့ဖုန်း ထပ်ပြီး တွက်ကြည့်လိုက်တော့ ဒီတစ်ခါ ဝင်္ကပါက (၁) လလောက်အထိ ခံမည်ကို သိလိုက်ရသည်။

“အိုကေ... ငါ သိပြီ။ ငါ့သက်တမ်း (၁) နှစ်ကို သုံးရင် (၁၀) ဆ အရှိန်မြှင့်ထားတဲ့ အချိန်ဝင်္ကပါကို (၁) လကျော်လောက် ထိန်းထားနိုင်တာပေါ့။ အကယ်လို့ သက်တမ်း (၁၀) နှစ် သုံးလိုက်ရင်တော့ တစ်နှစ်ပတ်လုံး အလုပ်လုပ်မှာပေါ့။ ငါ့မှာက သက်တမ်းတွေက ပေါမှ ပေါပဲလေ...”

ယဲ့ဖုန်းသည် မြူခိုးဂိုဏ်းက ကျင့်ကြံရေးမျှော်စင်နှင့် ဝိညာဉ်စုစည်းရေးမျှော်စင်တွေမှာ (၁၀) ဆ အရှိန်မြှင့်ထားသော အချိန်ဝင်္ကပါတွေ သွားချထားဖို့ ပြင်လိုက်၏။

ဘာလို့ အဆ (၁၀၀) မမြှင့်တာလဲ ဆိုတော့ သူက အချိန်ကျင့်စဉ်၏ ပထမအတွဲကိုသာ ကျွမ်းကျင်သေးတာ၊ မျက်ခုံးပေါ်မှာလည်း အချိန်အမှတ်အသား တစ်ခုပဲ ရှိသေးတာကြောင့် ဖြစ်သည်။ (၁၀) ဆဆိုတာ သူ ယခု လုပ်နိုင်သော အမြင့်ဆုံး ကန့်သတ်ချက်သာ ဖြစ်၏။

*

ယဲ့ဖုန်း အချိန်ဝင်္ကပါ သွားချဖို့ လုပ်နေတုန်းမှာပဲ ရှေးဟောင်းမျိုးနွယ်စု (၁၈) ခု၏ ခေါင်းဆောင်တွေ သန့်ရှင်းသော ဗိမာန်တော်ထဲက ထွက်လာပြီး ယဲ့ဖုန်းနားမှာ လာရပ်ကြသည်။

“ခင်ဗျားတို့ ဘာလို့ ရုတ်တရက်ကြီး ပြန်လာကြတာလဲ...”

ယဲ့ဖုန်းက ပြုံးစိစိနှင့် မေးလိုက်၏။

“ဂိုဏ်းချုပ်ကို အစီရင်ခံပါတယ်။ ကျွန်တော်တို့ရဲ့ ဓားပျိုဂိုဏ်းကတော့ ပထမအဆင့် လူရွေးတာ ပြီးပါပြီ။ လောလောဆယ်မှာ ကံကြမ္မာခရမ်းရွှေရောင်ခေါင်းလောင်းရဲ့ စမ်းသပ်မှုကို အောင်မြင်တဲ့ တပည့်ပေါင်း (၂၂၀) ရှိပါတယ်။ သူတို့ကို စောင့်ကြည့်ရမယ့် စာရင်းထဲ ထည့်ထားလိုက်ပါပြီ...”

“ကျွန်တော်တို့ သွေးကြာပန်းဂိုဏ်းမှာတော့ (၃၀၀) ကျော် ရှိပါတယ်...”

“ငှက်မွေးဖြူစံအိမ်မှာတော့ (၁၇၀) ပါ...”

ရှေးဟောင်းမျိုးနွယ်စု ခေါင်းဆောင်တွေက တစ်ယောက်ပြီးတစ်ယောက် အစီရင်ခံကြသည်။

မျိုးနွယ်စုတစ်ခုမှာ အနည်းဆုံး လူတစ်ရာလောက်ကတော့ ခေါင်းလောင်းကို ပဲ့တင်ထပ်စေနိုင်ခဲ့ကြသည်ပေါ့။ သို့ဆိုလျှင်၊ မြူခိုးဂိုဏ်းအတွက် တပည့်သစ် နှစ်ထောင်၊ သုံးထောင်လောက် တိုးလာဦးမှာပဲ ဖြစ်၏။

'အင်း... ကောင်းတယ်။ ဂိုဏ်းတည်ထောင်တာကလည်း (၃) နှစ်ထဲ ရောက်တော့မယ်ဆိုတော့၊ အဲ့ဒီ (၃) နှစ်ပြည့်ပြီးမှပဲ ဒီ ရှေးဟောင်းမျိုးနွယ်စုက တပည့်တွေကို တစ်ပြိုင်နက်တည်း တပည့်အဖြစ် လက်ခံလိုက်မယ်၊ သူတို့ကို ‘တတိယမျိုးဆက် တပည့်များ’ လို့ သတ်မှတ်လိုက်ရင် စီမံရတာ ပိုလွယ်သွားမှာပေါ့…’

ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။ ထို့နောက်၊ သူက စိတ်ထဲမှ စနစ်ကို မေးလိုက်ပြန်သည်။

'ဒါနဲ့ နေဦး... စနစ်... ဒီ ရှေးဟောင်းမျိုးနွယ်စု ခေါင်းဆောင်တွေကို တကယ့် အမြင့်ဆုံးအကြီးအကဲတွေအဖြစ် ဘယ်တော့ သတ်မှတ်လို့ ရမလဲ...”း’

[တီ ..တီ.. မြူခိုးဂိုဏ်းက ကြယ်သုံးပွင့်အဆင့်ကို တက်လှမ်းသွားပြီ ဖြစ်လို့ အထူးအခွင့်အရေးတွေ ပွင့်သွားပါပြီ။ ရှေးဟောင်းမျိုးနွယ်စု ခေါင်းဆောင်တွေဟာ ဂိုဏ်းနဲ့ လိုက်ဖက်ညီမှု (၉၉) ရာခိုင်နှုန်း ရှိနေတာကို တွေ့ရပါတယ်။ အဲ့ဒီ လိုက်ဖက်ညီမှုကို (၁၀၀) ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်မှသာ ဂိုဏ်းသားအဖြစ် စာရင်းသွင်းနိုင်မှာ ဖြစ်ပါတယ်]

‘လိုက်ဖက်ညီမှု.. အဲ့ဒါက ဘာကြီးလဲ။ အင်း... ကြည့်ရတာ ‘သစ္စာရှိမှု’ လိုမျိုး အရာတစ်ခုပဲ ဖြစ်ရမယ်။ ကဲလေ... အဲ့ဒီ လိုက်ဖက်ညီမှုကို တိုးမြှင့်မယ့် နည်းလမ်းတစ်ခုတော့ စဉ်းစားရတော့မှာပဲ…’

ယဲ့ဖုန်း ခေတ္တစဉ်းစားပြီးနောက် ပြုံးကာ ဆိုလိုက်၏။

“အေးဗျာ... ကျွန်တော်လည်း ရက်နည်းနည်းလောက် နားလိုက်တာ အားအင်တွေ ပြည့်နေပြီ။ အခုဆိုရင် ‘ကြယ်တာရာ မြစ်ကြီး ဆယ့်ရှစ်သွယ် မဟာဝင်္ကပါ’ ကို အပြီးသတ် ပြုပြင်ပေးလို့ ရပြီဗျ...”

“တကယ်လား...”

အားလုံး ရင်တထိတ်ထိတ် ဖြစ်သွားကြသည်။ ယဲ့ဖုန်းက တိုက်တွန်းလိုက်၏။

“ကျွန်တော်က ခင်ဗျားတို့ကို လိမ်ပါ့မလားဗျာ။ ခင်ဗျားတို့ဆီက ဝင်္ကပါမြေပုံတွေကို ထုတ်လိုက်ကြစမ်းပါ။ ကျွန်တော် ကိုယ်တိုင် အဲ့ဒီမြေပုံတွေကို ဖြည့်စွက်ပေးလိုက်မယ်၊ အဲ့ဒါမှ ခင်ဗျားတို့လည်း သူ့ရဲ့ အစွမ်းအပြည့်ကို ထုတ်သုံးနိုင်မှာပေါ့...”

“အမိန့်အတိုင်းပါ ဂိုဏ်းချုပ်...”

ရှေးဟောင်းမျိုးနွယ်စု ခေါင်းဆောင်တွေ အားလုံး ကောင်းကင်ပေါ် လက်ကမ်းလိုက်ပြီး သူတို့ဆီမှာ ရှိနေတဲ့ ဝင်္ကပါမြေပုံ အစိတ်အပိုင်းတွေကို ထုတ်လိုက်ကြသည်။

ယဲ့ဖုန်းက ကျန်နေသည့် ဟာကွက် (၁၀) ခုကို ကြည့်လိုက်၏။ သူက ပါရမီ (၂) ဆ တိုးထားသည့် ဉာဏ်အလင်းပွင့်နှလုံးသားကို အသက်သွင်းလိုက်သလို၊ လေဝိညာဉ်ပုလဲလုံး၏ တွက်ချက်မှု စွမ်းရည်ကိုပါ သုံးလိုက်သော အခါမှာတော့ သူ၏ တွက်ချက်မှု အရှိန်က အရင်ထက် နှစ်ဆလောက် ပိုမြန်သွားတော့သည်ပင်။

“ဝှီး... ဝှီး... ဝှီး..”

သူ့လက်ချောင်းလေးတွေနှင့် လေထဲမှာ ရှုပ်ထွေးလှသော ရွှေရောင်မန္တန်တွေကို ရေးဆွဲပြီး ဝင်္ကပါမြေပုံထဲက ဟာကွက်တွေကို ဖြည့်လိုက်၏။

ဒီတစ်ခါတော့ သူ တကယ် မြန်သည်။ နာရီဝက်ပဲ ကြာ၏၊ ယ

ကျန်သော ဟာကွက် (၁၀) ခုစလုံး ပြည့်သွားလေပြီ။ ယဲ့ဖုန်းကတော့ လေပြည်လေး တိုက်ခတ်နေသလိုမျိုး အေးအေးဆေးဆေးပင်။

ရှေးဟောင်းမျိုးနွယ်စု ခေါင်းဆောင်တွေဟာ ပြီးပြည့်စုံသွားသော ဝင်္ကပါမြေပုံကို ကြည့်ပြီး ယဲ့ဖုန်းအပေါ်မှာ ပိုပြီးတော့တောင် လေးစားသွားကြတော့သည်။ အစက ဒွိဟဖြစ်နေသော ခေါင်းဆောင်တွေတောင် အခုတော့ ယဲ့ဖုန်း၏ ခြေဖဝါးအောက်မှာ လုံးဝကို ပြားပြားဝပ်သွားကြပြီပင်။

[တီ ..တီ.. ရှေးဟောင်းမျိုးနွယ်စု ခေါင်းဆောင်တွေရဲ့ လိုက်ဖက်ညီမှုဟာ (၁၀၀) ရာခိုင်နှုန်း ပြည့်သွားပြီဖြစ်လို့ ဂိုဏ်းရဲ့ အမြင့်ဆုံးအကြီးအကဲတွေအဖြစ် စာရင်းသွင်းနိုင်ပါပြီ]

ယဲ့ဖုန်း ပြုံးလိုက်ပြီး ဂိုဏ်းစာရင်းသွင်းစာအုပ်ကို ထုတ်လိုက်၏။

“ဝုန်း... ဝုန်း... ဝုန်း..”

ထိုအခိုက်အတန့်မှာပင်၊ ကောင်းကင်ယံမှ တုန်လှုပ်စရာ ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာသည်။ ယဲ့ဖုန်း မော့ကြည့်လိုက်တော့... မိစ္ဆာဂိုဏ်းက ဓမ္မရုပ်တုကြီး တစ်ခုဟာ မြူခိုးဂိုဏ်း၏ အကာအကွယ်ဒိုင်းကို လာပြီး ဗုံးကြဲတိုက်ခိုက်နေတာ တွေ့လိုက်ရသည်။ သို့သော်၊ အဲ့ဒီရုပ်တုကြီးက ဒိုင်းကို မကျော်နိုင်ဘဲ အနောက်သို့ လွင့်ထွက်သွားရှာ၏။

အထက်ကောင်းကင်ယံမှာတော့ နတ်ဆိုး ဘုရားကျောင်းသခင်ဟာ သူ၏ ဓမ္မရုပ်တုကြီး၏ လက်သီးဟာ ရေတွက်၍ မရနိုင်သော ဓားရိပ်လေးတွေကြားမှာ တစ်စစီ ဖြစ်သွားတာကို ကြည့်ပြီး မျက်လုံးပြူးသွားရသည်။

“ချွင်..”

မြူခိုးဂိုဏ်းရဲ့ အပေါ်မှာ ရုတ်တရက် အမိုးခုံးပုံစံ အလင်းဒိုင်းကြီး တစ်ခု ပေါ်လာ၏။

ထိုဒိုင်းမျက်နှာပြင်ပေါ်မှာ ဓားရိပ်တွေ တဖျပ်ဖျပ် တောက်ပနေလေ၏။ ဒါကတော့ ‘အမြင့်ဆုံးအဆင့် ဓားဝင်္ကပါ’ဟု ခေါ်သည့် အလွန်ကြီးမားသော ဂိုဏ်းအကာအကွယ်ဝင်္ကပါပင် ဖြစ်သည်။

ထိုဓားဝင်္ကပါဒိုင်း၏ အပြင်ဘက်မှာတော့ နတ်ဆိုး ဘုရားကျောင်းသခင်နှင့် လင်ဟွေဘိုးဘေးတို့ အုပ်စုဟာ လေထဲမှာ ဝဲနေရင်းနှင့် မြူခိုးတောင်ထိပ်ကို ကြည့်ပြီး အံ့သြနေကြသည်။

“ဘာတွေ ဖြစ်နေတာလဲ... မြူခိုးဂိုဏ်းမှာ ဟင်းလင်းပြင်ဖြိုခွဲအဆင့် သတ္တမအလွှာ ရှိတဲ့ အကောင် (၁၈) ယောက်တောင် ရှိနေတာလား။ ဒါ ငါတို့ ရထားတဲ့ သတင်းတွေနဲ့ လုံးဝ မကိုက်ညီဘူးလေ..”

လင်ဟွေဘိုးဘေးက ဒေါသတကြီး ဆူပူလိုက်ပြီး၊ သူ့လက်ကို မြှောက်ကာ နတ်ဆိုး ဘုရားကျောင်းသခင်၏ လည်ပင်းကို ညှစ်လိုက်တာကြောင့် နန်းတော်သခင်၏ မျက်နှာကြီး ပြာနှမ်းသွားတော့သည်။

“ကျွန်တော်... ကျွန်တော်လည်း မသိဘူးဗျ..”

နတ်ဆိုး ဘုရားကျောင်းသခင်ခမျာ တကယ်ကို မခံချင်ဖြစ်နေရှာသည်။

‘ မြူခိုးဂိုဏ်းမှာ ဟင်းလင်းပြင်ဖြိုခွဲအဆင့် သတ္တမအလွှာသမား (၁၈) ယောက်ရှိမှန်းသာ ငါ သိရင် အစောကြီးကတည်းက ထွက်ပြေးမှာပေါ့၊ ဘာကိစ္စနဲ့ ပြန်လာပြီး တိုက်ခိုက်မလဲ’

ယဲ့ဖုန်းက နတ်ဆိုး ဘုရားကျောင်းသခင်ကို ကြည့်ပြီး အေးစက်စက် လှောင်ပြောင်လိုက်၏။

“သြော်... ကြည့်စမ်း... နတ်ဆိုး ဘုရားကျောင်းသခင်ပါလား။ ကောင်းကင်က ပေးတဲ့ လမ်းကိုတော့ မလျှောက်ဘူး၊ ငရဲမှာ တံခါးမရှိတာကိုတော့ အတင်းတိုးဝင်လာတယ်ဆိုတဲ့အတိုင်းပဲ။ မင်းတို့ကတော့ သေချင်လို့ စောစောစီးစီး လာအားပေးကြတာပေါ့လေ...”

ပြီးတော့ သူက ဟင်းလင်းပြင်ဖြိုခွဲအဆင့် နဝမအလွှာမှာရှိတဲ့ လင်ဟွေဘိုးဘေးနဲ့ တခြား ဟင်းလင်းပြင်ဖြိုခွဲအဆင့် သတ္တမအလွှာအောက်က ဘိုးဘေးတွေကို သတိထားမိသွားပြီး သူ့မျက်လုံးတွေ အနည်းငယ် ကျဉ်းမြောင်းသွား၏။

“သောက်ရမ်းမိုက်တဲ့ အကောင်တွေ..”

“ငါတို့ မြူခိုးဂိုဏ်းကို လာတိုက်ရဲတယ်ပေါ့၊ မင်းတို့ သေချင်နေတာလား..”

“ဂိုဏ်းချုပ်... ကိုယ်တိုင် လှုပ်ရှားစရာ မလိုပါဘူး။ ဒီလို မောက်မာတဲ့ ကျူးကျော်သူတွေကို ကျွန်တော်တို့ပဲ ဖိနှိပ်ပေးပါ့မယ်...”

ရှေးဟောင်းမျိုးနွယ်စု (၁၈) ခုရဲ့ ခေါင်းဆောင်တွေက တစ်ယောက်ပြီးတစ်ယောက် ဒေါသတကြီး ကြုံးဝါးလိုက်ကြသည်။ နောက်တစ်စက္ကန့်မှာတော့... သူတို့တွေဟာ ဝင်္ကပါမြေပုံတွေကို ကိုင်ပြီး ကောင်းကင်ပေါ်ကို ပျံတက်သွားကြပြီး၊ အမြင့်ဆုံးအဆင့် ဓားဝင်္ကပါရဲ့ အပြင်ဘက်က နတ်ဆိုး ဘုရားကျောင်းသခင်တို့ အုပ်စုဆီကို တရှိန်ထိုး ပြေးဝင်သွားကြတော့၏။

--

All Chapters