အခန်း ၆၂၆
Vol. 42 Ch. 626
အခန်း (၆၂၆) အချိန်ဝင်္ကပါကို ချထားခြင်းနှင့် ကောင်းကင်ဧကရာဇ်အဆင့် ပညာရှင်ကို ဖိနှိပ်ခြင်း
ရှေးဟောင်းမျိုးနွယ်စုကြီး (၁၈) စု၏ ခေါင်းဆောင်များမှာ အပျော့ဆွဲနှင့် လိုက်လျောမည့်သူများ မဟုတ်ကြပေ။ ၎င်းတို့ တစ်ဦးချင်းစီတိုင်းမှာ ဟင်းလင်းပြင်ဖြိုခွဲအဆင့် သတ္တမအလွှာတွင် ရှိနေကြသူများ ဖြစ်ကြရာ လင်ဟွေဘိုးဘေးမှလွဲ၍ ကျန်ရှိသော ကျူးကျော်သူ မည်သူ့ကိုမဆို တစ်ယောက်ချင်းစီ အသာလေး အောင်ပွဲခံနိုင်စွမ်း ရှိကြသည်။
ယခုအခါ ထိုပုဂ္ဂိုလ် (၁၈) ဦးစလုံးမှာ ကောင်းကင်ယံသို့ တစ်ပြိုင်နက်တည်း ပျံတက်သွားကြတော့၏။ ထိုနေရာမှ ထွက်ပေါ်လာသော လွှမ်းမိုးချုပ်ကိုင်မှု အရှိန်အဝါကြီးမှာ နတ်ဆိုး ဘုရားကျောင်းသခင်၏ သတ္တိများကိုပင် အစိမ်းလိုက် ဝါးမြိုပစ်တော့မည့်အလား ပြင်းထန်လှ၏။
“လင်ဟွေဘိုးဘေး... မြန်မြန် လုပ်ပါဦးဗျ... လှုပ်ရှားပါဦး...”
ဟင်းလင်းပြင်ဖြိုခွဲအဆင့် သတ္တမအလွှာတွင် ရှိနေကြသော အခြားဘိုးဘေးအချို့မှာ မျက်နှာများ ပြာနှမ်းကုန်ကြရသည်။ ၎င်းတို့မှာ လင်ဟွေဘိုးဘေးက ကျောင်းယန် သန့်စင်သောမြို့တော်မှ ခေါ်ဆောင်လာသည့် ‘ပေဟယ်ဆန့်ကျင်ရေးမဟာမိတ်အဖွဲ့’ မှ အဖွဲ့ဝင်များ ဖြစ်ကြသည်။
“ဘာတွေ ပျာယာခတ်နေကြတာလဲ...”
လင်ဟွေဘိုးဘေးကတော့ စိတ်ထဲမှနေ၍ ခပ်မဲ့မဲ့ လှောင်ပြောင်လိုက်၏။ ၎င်း၏ လက်ဝယ်တွင် ‘ကောင်းကင်ဘုံသို့ခြေလှမ်းခုနစ်လှမ်း’ ၏ ပထမ (၅) လှမ်း ရှိနေသည် မဟုတ်ပါလား။ ဟင်းလင်းပြင်ဖြိုခွဲအဆင့် သတ္တမအလွှာရှိသူ (၁၈) ဦးကို ၎င်းက အဘယ်ကြောင့် ကြောက်ရွံ့နေမည်နည်း။ လင်ဟွေဘိုးဘေး၏ အမြင်တွင်မူ ဤကဲ့သို့သောသူ (၂၀) လောက်ကိုတောင် တစ်ယောက်တည်းနှင့် တံမြက်လှည်းသလို ရှင်းပစ်နိုင်သည်ဟု တွေးထားသည်။
“ဖန်ဝူဧရာမလက်ဝါးတံဆိပ်...”
သို့သော်လည်း လင်ဟွေဘိုးဘေးသည် ၎င်း၏ ဝှက်ဖဲကို အခုချက်ချင်းတော့ ထုတ်မသုံးသေးပေ။ ၎င်းက လက်ကို ဆန့်ထုတ်လိုက်ပြီး အာဏာပါပါနှင့် နတ်ဘုရားစွမ်းရည်တစ်ခုကို အသုံးပြုလိုက်၏။ မိုင် (၁၀၀) ပတ်လည်လောက် ကျယ်ပြန့်သော ဧရာမ လက်ဝါးကြီးတစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး ရှေးဟောင်းမျိုးနွယ်စု (၁၈) ခု၏ ခေါင်းဆောင်များဆီသို့ အုပ်မိုးချလိုက်တော့သည်။
ရေပေါ်ဖြူမြို့တော်ရှိ လူသန်းပေါင်းများစွာမှာ ကောင်းကင်မှ ကျလာသော လက်ဝါးကြီးကို ကြည့်ပြီး အကြောင်းမဲ့ ရင်တုန်ပန်းတုန် ဖြစ်နေကြရရှာသည်။ မြူခိုးဂိုဏ်းမှ တပည့်များပင်လျှင် လန့်သွားကြရ၏။
“ဟာ... ဘာလဲ... နောက်ထပ်တစ်ယောက်က လာတိုက်ပြန်ပြီလား...”
တပည့်များ၏ မျက်နှာတွင် စိတ်ပျက်နေသည့် အရိပ်အယောင်များ ပေါ်နေတော့သည်။ မြူခိုးဂိုဏ်းထဲ ရောက်ကတည်းက တစ်နေ့တစ်မျိုး မရိုးရအောင် ရန်ပွဲများနှင့်သာ ရင်ဆိုင်နေရသည် မဟုတ်ပါလား။
“ဝင်္ကပါဖွဲ့စမ်း...”
အစိမ်းရောင်ဝတ်ရုံဝတ်ဓားဘိုးဘေးက အရင်ဆုံး စကားစလိုက်သည်နှင့် ကျန်ရှိသူများကလည်း ထပ်ချပ်မကွာ လိုက်လုပ်ကြတော့သည်။ လူတိုင်းက လက်ညှိုးများဖြင့် ဓားပုံသဏ္ဌာန်ဖော်ကာ ဝင်္ကပါမြေပုံများကို ကောင်းကင်ယံထက်တွင် ပေါင်းစည်းလိုက်ကြလေ၏။
“ဝှီး...”
အဲ့ဒီ ဧရာမလက်ဝါးကြီး၏ အောက်တွင် ကြယ်တာရာ မြစ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ကြယ်တာရာ သန်းပေါင်းများစွာက လှိုင်းလုံးများပမာ တလိပ်လိပ် တက်လာပြီး ထိုလက်ဝါးကြီးကို အမှုန့်ဖြစ်အောင် ကြိတ်ချေပစ်လိုက်တော့သည်။
“ဒီဝင်္ကပါက တော်တော် အစွမ်းထက်တာပဲ...”
လင်ဟွေဘိုးဘေး၏ မျက်လုံးအိမ်များ ကျုံ့သွားတော့၏။ ‘ကောင်းကင်ဘုံသို့ခြေလှမ်းခုနစ်လှမ်း’ ကို မသုံးလျှင်တော့ အောင်ပွဲရရန် မလွယ်ကူကြောင်း သဘောပေါက်သွားတော့၏။
“တစ်လှမ်း... ချီကျင့်ကြံ၊ စကြဝဠာ နိုးထ..”
လင်ဟွေဘိုးဘေးက ဟိန်းဟောက်ပြီး ရှေ့သို့ လှမ်းလိုက်၏။ ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်မှ ကောင်းကင်စွမ်းအင်များသည် ၎င်းထံသို့ တရှိန်ထိုး စုပြုံရောက်ရှိလာတော့၏။
“သေစမ်း... ဒါ ‘ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း’ မဟုတ်လား... ဒီကောင်က ဒါကို ဘယ်လိုလုပ် သိနေရတာလဲ...”
ရှေးဟောင်းမျိုးနွယ်စု ခေါင်းဆောင်များ၏ မျက်လုံးများ ပြူးသွားကြရသည်။ ၎င်းတို့မှာ ယဲ့ဖုန်း၏ အဲ့ဒီခြေလှမ်းများအောက်တွင် ပြားပြားဝပ်ခဲ့ရဖူးသည် မဟုတ်ပါလား။ လင်ဟွေဘိုးဘေးက ဤနတ်ဘုရားစွမ်းရည်ကို သုံးနိုင်သည်ကို မြင်သောအခါ ရှေးဟောင်းမျိုးနွယ်စု ခေါင်းဆောင်များမှာ မထိန်းနိုင်ဘဲ တုန်ယင်လာကြတော့၏။
“ဟားဟား... မင်းတို့ ကြောက်နေကြပြီမလား...”
လင်ဟွေဘိုးဘေးကတော့ ၎င်းတို့၏ မျက်နှာပေးများကို ကြည့်ပြီး အားရပါးရ ရယ်ရင်းနှင့် ခြေလှမ်းများကို ဆက်တိုက် လှမ်းနေတော့သည်။
“နှစ်လှမ်း - ဓာတ်စုစည်း၊ လေပြင်းတိမ်တိုက် လှုပ်ခတ်။...”
“အုပ်စိုးခြင်း ခြေလှမ်းသုံးလှမ်း... ကောင်းကင်နဲ့ မြေကြီး တုန်လှုပ်ခြင်း...”
“လေးလှမ်း - ဧကရာဇ်အဆင့်၊ တရားဓမ္မ နက်နဲ..”
“ငါးလှမ်း - အရှင်သခင်၊ ကမ္ဘာအဆက်ဆက် ဖိနှိပ်...”
ခဏလေးအတွင်းမှာပင် လင်ဟွေဘိုးဘေးသည် ခြေ (၅) လှမ်း ဆက်တိုက် လှမ်းလိုက်သဖြင့် ၎င်း၏ အရှိန်အဝါမှာ အဆပေါင်းများစွာ မြင့်တက်လာပြီး ဟင်းလင်းပြင်ဖြိုခွဲအဆင့်၏ အထွတ်အထိပ်သို့ ရောက်သွားသည်။ သာမန် ကောင်းကင်ဧကရာဇ် တစ်ယောက်ထက်ပင် ပိုမို အစွမ်းထက်နေသေးတော့၏။
“ဟားဟားဟားဟား..”
“ဒီလို ပြိုင်ဘက်ကင်းတဲ့ နတ်ဘုရားစွမ်းရည် ရှိနေမှတော့ ငါ့ကို ဘယ်သူကများ ယှဉ်နိုင်ဦးမှာလဲ...”
လင်ဟွေဘိုးဘေးသည် အရူးတစ်ယောက်နှင့်မခြား ရယ်နေတော့သည်။ ၎င်း၏ ကိုယ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပြည့်နေသည်ကို ခံစားနေရခြင်း ဖြစ်၏။ ဤကောင်းကင်အောက်တွင် ရှေးဟောင်းသူတော်စင်များနှင့် တပိုင်း အဆင့် သူတော်စင်များကလွဲလျှင် ၎င်းကို ဘယ်သူမှ အနိုင်မတိုက်နိုင်ဟု ယုံကြည်နေသည်။
“ဒါ... ဒါကတော့...”
ရှေးဟောင်းမျိုးနွယ်စု ခေါင်းဆောင်များမှာ ကြောက်လွန်းသဖြင့် အနောက်သို့ ဆုတ်နေကြရရှာသည်။ မျက်နှာများမှာလည်း ဖြူဖတ်ဖြူလျော် ဖြစ်နေကြကုန်၏။
“အရူးတွေ...”
အဲ့ဒီအချိန်မှာပဲ ယဲ့ဖုန်းက လေထဲသို့ ခုန်တက်လာသည်။ လက်နှစ်ဖက်ကို အနောက်တွင် ပစ်ထားပြီး အေးစက်စက်နှင့် ဆူပူလိုက်၏။
“မပြည့်စုံတဲ့ ‘ကောင်းကင်ဘုံသို့ခြေလှမ်းခုနစ်လှမ်း’ လေး တစ်ခုကို မြင်တာနဲ့တင် ခင်ဗျားတို့က ဒီလောက်တောင် ကြောက်နေရသလား။ ကျုပ် အခုတင် ပြုပြင်ပေးလိုက်တဲ့ ဝင်္ကပါအကြောင်းကို မေ့ကုန်ကြပြီလား...”
ရှေးဟောင်းမျိုးနွယ်စု ခေါင်းဆောင်များ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားကြတော့သည်။
“ဟုတ်သားပဲ..”
“ငါတို့ရဲ့ ‘ကြယ်တာရာ မြစ်ကြီးဆယ့်ရှစ်သွယ်မဟာဝင်္ကပါ’ က အခုဆိုရင် အပြည့်အစုံ ဖြစ်သွားပြီလေ။ အခု ငါတို့ ဒီဝင်္ကပါရဲ့ စစ်မှန်တဲ့ စွမ်းအားကို ထုတ်ပြပြီး ကမ္ဘာကြီးကို ငါတို့ ရှေးဟောင်းမျိုးနွယ်စုတွေအကြောင်း နောက်တစ်ကြိမ် မှတ်မိအောင် လုပ်ပြရတာပေါ့...”
အစိမ်းရောင်ဝတ်ရုံဝတ်ဓားဘိုးဘေးနှင့် ငှက်မွေးဖြူစံအိမ်သခင်တို့သည် စွမ်းအား အကုန်ထုတ်၍ ဝင်္ကပါမြေပုံများထဲသို့ ပို့လွှတ်လိုက်ကြ၏။
“ဝှီး...”
ကောင်းကင်ယံရှိ ကြယ်တာရာ မြစ်ကြီးမှာ အဆပေါင်းများစွာ ပိုမို ကြီးမားကျယ်ပြန့်လာတော့သည်။ အဲ့ဒီမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ အတိုင်းအဆမရှိ ကျယ်ပြောလှပြီး ပြိုင်ဘက်ကင်းသော ကောင်းကင်ဧကရာဇ် တစ်ယောက်ကို ရင်ဆိုင်နေရသကဲ့သို့ ခံစားချက်ကို ပေးစွမ်းနေတော့၏။ လင်ဟွေဘိုးဘေးတောင် ၎င်းတို့နှင့် ယှဉ်လျှင် အများကြီး သေးသိမ်သွားသလို ဖြစ်သွားရ၏။
“တပိုင်း အဆင့် သူတော်စင် အဆင့်နီးပါး ရောက်နေတာလား... ဒါ... ဒါက ဘယ်လိုလုပ်...”
လင်ဟွေဘိုးဘေး အသက်ရှူမှားသွားရှာသည်။ သို့သော်လည်း မာန်လျှော့ခြင်း မရှိဘဲ...
“ဟွန်း... အရှိန်အဝါကြီးတာလေး တစ်ခုနဲ့တော့ ငါ့ကို နိုင်မယ်လို့ မထင်နဲ့။ ဖိနှိပ်စမ်း...”
၎င်းက အားကုန်သုံးပြီး ကြယ်တာရာ မြစ်ကြီးဆီသို့ ခြေလှမ်းလှမ်းလိုက်သည်။
“ကြယ်စင်မြစ်ဓား... ခုတ်ပိုင်းမယ်..”
ယဲ့ဖုန်းက ‘ကြယ်တာရာ မြစ်ကြီးဆယ့်ရှစ်သွယ်မဟာဝင်္ကပါ’ ကို ပြုပြင်ပေးလိုက်သဖြင့် အဲ့ဒီအတွင်းရှိ နိယာမပေါင်းစုံကို အသုံးချနိုင်ပြီ ဖြစ်၏။ ဓားလမ်းစဉ်၏ ဘိုးဘေးတစ်ယောက်ဖြစ်သော အစိမ်းရောင်ဝတ်ရုံဝတ်ဓားဘိုးဘေးသည် ဤဝင်္ကပါကို ဦးဆောင်နေသူ ဖြစ်၏။ ၎င်းက လက်ဟန်များ ဖော်လိုက်ပြီး ကြယ်တာရာ မြစ်ကြီး တစ်ခုလုံး၏ စွမ်းအားကို စုစည်းလိုက်၏။ ထိုစွမ်းအားများမှာ မိုင် (၁၀၀) ကျော် ရှည်လျားသည့် ကြယ်စင်မြစ်ဓားကြီး တစ်လက်အဖြစ် ပြောင်းလဲသွားပြီး အထက်သို့ ပြောင်းပြန်စီးဆင်းကာ ခုတ်ပိုင်းလိုက်တော့သည်။
“ဒုတ်...”
လင်ဟွေဘိုးဘေး၏ ညာဘက်ခြေထောက်မှာ ပြတ်ထွက်သွားတော့၏။ ၎င်း၏ မျက်လုံးအိမ်များမှာ ကျုံ့သွားပြီးမှ နောက်ပိုင်းတွင် ပြူးထွက်လာကာ ရင်ကွဲမတတ် အော်ဟစ်လိုက်မိတော့သည်။
“အား... ငါ့ခြေထောက်... ငါ့ခြေထောက်ကြီး...”
၎င်းက ပြတ်သွားသော ခြေထောက်ကို အမြန်ဆွဲယူ၍ ပြန်ဆက်လိုက်၏။ ဒဏ်ရာပျောက်ကင်းရန်အတွက် ၎င်း၏ သက်တမ်းနှင့် အသက်ဓာတ် အမြောက်အမြားကို အသုံးပြုလိုက်ရ၏။
“ဆုတ်ကြ... မြန်မြန်ဆုတ်ကြ...”
လင်ဟွေဘိုးဘေးမှာ ဤနေရာတွင် ဆက်မနေရဲတော့ပေ။ ၎င်းသည် တကယ်ကို နောင်တရနေတော့၏။ လက်အောက်ငယ်သားများကိုပင် မကယ်နိုင်တော့ဘဲ နေရာရွှေ့ပြောင်းခြင်း နည်းစနစ်ကို သုံး၍ ထွက်ပြေးရန်သာ ပြင်ဆင်တော့သည်။
“ထွက်ပြေးချင်တယ် ဟုတ်လား... ငါ ဂိုဏ်းချုပ်ရဲ့ ခွင့်ပြုချက်ကိုရော တောင်းပြီးပြီလား...”
ကောင်းကင်ယံ၏ အထက်တွင် ယဲ့ဖုန်းသည် မူလအနှစ်သာရစွမ်းအား အခြေအနေသို့ ဝင်ရောက်လိုက်ပြီး ၎င်း၏ မူလအနှစ်သာရကို သုံး၍ ခွန်အား (၁၀) ဆ တိုးမြှင့်လိုက်၏။ ယဲ့ဖုန်း၏ ကျင့်ကြံခြင်းအဆင့်မှာ ဟင်းလင်းပြင်ဖြိုခွဲအဆင့် အဋ္ဌမအလွှာသို့ တစ်ဟုန်ထိုး တက်လှမ်းသွားတော့သည်။
“တစ်လှမ်း... ချီကျင့်ကြံ၊ စကြဝဠာ နိုးထ..”
ယဲ့ဖုန်းက ‘ကောင်းကင်ဘုံသို့ခြေလှမ်းခုနစ်လှမ်း’ ကို အသုံးပြုကာ ခြေလှမ်း (၇) လှမ်းစလုံးကို ဆက်တိုက် လှမ်းပစ်လိုက်၏။ ၎င်း၏ အရှိန်အဝါမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့၏။ ထိုအခိုက်အတန့်တွင် ယဲ့ဖုန်းသည် တပိုင်း အဆင့် သူတော်စင် အဆင့်နှင့် အကန့်အသတ်မရှိ နီးစပ်သွားပြီး ကောင်းကင်နှင့် မြေကြီးကို ရင်ဆိုင်နေရသကဲ့သို့ ခမ်းနားသော ခံစားချက်ကြီးကို ထုတ်လွှတ်နေတော့သည်။
“ဒါက တကယ့် ‘ကောင်းကင်ဘုံသို့ခြေလှမ်းခုနစ်လှမ်း’ ရဲ့ အပြည့်အစုံပဲ..”
လင်ဟွေဘိုးဘေးနှင့် ‘ပေဟယ်ဆန့်ကျင်ရေးမဟာမိတ်အဖွဲ့’ မှ အခြားဘိုးဘေးများ၊ ပြီးတော့ နတ်ဆိုး ဘုရားကျောင်းသခင်တို့မှာ အံ့သြလွန်းသဖြင့် မျက်နှာများ အကုန်ပျက်ကုန်ကြရ၏။
“မြန်မြန် ပြေးကြ..”
လင်ဟွေဘိုးဘေးသည် ရူးသွပ်သွားသကဲ့သို့ အရှိန်မြှင့်၍ ထွက်ပြေးရန် ကြိုးစားသည်။ သို့သော်လည်း ဘာကြောင့်မှန်းမသိဘဲ ၎င်း၏ အရှိန်မှာ (၁၀) ဆလောက် နှေးသွားပြီး ပုံမှန်အရှိန်၏ ဆယ်ပုံတစ်ပုံသာ ရှိတော့ကြောင်း တွေ့လိုက်ရ၏။ ယဲ့ဖုန်း ချထားသော အချိန်ဝင်္ကပါထဲသို့ ၎င်း ရောက်ရှိသွားခြင်း ဖြစ်ပေသည်။
၎င်း အဲ့ဒီနေရာမှ မလွတ်မြောက်မီမှာပင် ယဲ့ဖုန်း၏ ခြေထောက်က ကောင်းကင်မှ ကျဆင်းလာတော့၏။
“ဂျွတ်...”
လင်ဟွေဘိုးဘေးသည် ကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်နေသော်လည်း ယဲ့ဖုန်း၏ ခြေဖဝါးအောက်တွင် အမှုန့်ဖြစ်သွားပြီး မြေကြီးထဲသို့ အရိုးများတောင် ကြိတ်ချေခံရမတတ် နစ်ဝင်သွားရှာသည်။
“ဖိနှိပ်စမ်း..”
ယဲ့ဖုန်းက အဆင့်မြင့်ဝိညာဉ်ရတနာဖြစ်သော ကြယ်တာရာမျှော်စင်ကို ထုတ်ယူလိုက်ပြီး ဒဏ်ရာအပြင်းအထန်ရနေသည့် လင်ဟွေဘိုးဘေးကို အထဲသို့ ဆွဲသွင်းလိုက်၏။ မျှော်စင်အတွင်းရှိ ကြယ်စင်ယံနယ်ပယ်ဖြင့် ၎င်းကို ဖိနှိပ်ထားလိုက်သဖြင့် မည်သို့မျှ ထွက်မပြေးနိုင်တော့ပေ။
“မင်းတို့လည်း အထဲကို ဝင်ကြဦးလေ...”
ယဲ့ဖုန်းသည် ကျန်ရှိသူများကိုလည်း လွှတ်မပေးပေ။ ၎င်းက ‘လေဟာနယ်ကျောက်စိမ်းခန္ဓာကျမ်း’ ကို အသုံးပြု၍ ဟင်းလင်းပြင်ဖြိုခွဲအဆင့် ဘိုးဘေးများကို တစ်ချက်စီ ထိုးကြိတ်ကာ ကြယ်တာရာမျှော်စင်ထဲသို့ အကုန် ကန်ထည့်လိုက်တော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် လေဟာနယ်ထဲ၌ တုန်တုန်ယင်ယင်နှင့် ကျန်ခဲ့သည်မှာ နတ်ဆိုး ဘုရားကျောင်းသခင် တစ်ယောက်တည်းသာ ရှိတော့၏။
“ဂလု...”
သူသည် တံတွေးကို အတင်းမျိုချလိုက်ရရှာသည်။ မျက်လုံးများက နီရဲနေပြီး လည်ချောင်းမှာလည်း တစ်ဆို့နေသဖြင့် စကားပင် မပြောနိုင်တော့ပေ။
“မ... မသတ်ပါနဲ့ဗျာ... ကျွန်တော့်ကို မသတ်ပါနဲ့...”
နတ်ဆိုး ဘုရားကျောင်းသခင်မှာ ချက်ချင်းပင် ဒူးထောက်၍ ယဲ့ဖုန်းကို ဦးချတော့သည်။ အသက်ရှင်ရန်အတွက် သိက္ခာနှင့် မာနများကို လွှင့်ပစ်လိုက်ခြင်း ဖြစ်၏။
“ဟက်... မင်းကို ငါ.. လွှတ်ပေးမယ်လို့ ထင်နေသလား...”
ယဲ့ဖုန်းက နတ်ဆိုး ဘုရားကျောင်းသခင်၏ လည်ပင်းကို ဆုပ်ကိုင်ကာ အားနှင့် ညှစ်လိုက်တော့သည်။
“ဂျွတ်...”
ဟင်းလင်းပြင်ဖြိုခွဲအဆင့် စတုတ္ထအလွှာရှိ ဤဘိုးဘေးမှာ ယဲ့ဖုန်း၏ လက်ထဲမှာပင် အသက်ပျောက်သွားရှာတော့၏။ ချက်ချင်းဆိုသလိုပင် သတ်ဖြတ်ခြင်းအရှိန်အဝါများက ၎င်းကို ဝါးမြိုလိုက်သဖြင့် ယဲ့ဖုန်းသည် ထိုသူ၏ မှတ်ဉာဏ်များကို သိရှိသွားရတော့၏။
ယဲ့ဖုန်းသည် ၎င်း၏ လက်ကို လွှတ်လိုက်ရာ နတ်ဆိုး ဘုရားကျောင်းသခင်၏ ပြာများမှာ လေထဲတွင် လွင့်စဉ်သွားတော့သည်။ ထိုအတောအတွင်း ယဲ့ဖုန်းသည် အချိန်အမှတ်အသားများကို အသုံးပြု၍ နတ်ဆိုး ဘုရားကျောင်းသခင်ဆီမှ သက်တမ်း နှစ်ထောင်ပေါင်းများစွာကို ဖယ်ရှားယူလိုက်၏။
“ဂိုဏ်းချုပ်ရဲ့ ခွန်အားတွေက ပိုပြီးတော့တောင် တိုးလာပြန်ပြီပဲ...”
ထိုအချိန်တွင် ရှေးဟောင်းမျိုးနွယ်စု (၁၈) ခု၏ ခေါင်းဆောင်များသည် မြူခိုးတောင်ထိပ်၏ အထွတ်အထိပ်တွင် ရိုရိုသေသေနှင့် မတ်တတ်ရပ်နေကြသည်။ သူတို့၏ မျက်လုံးများထဲတွင် ယဲ့ဖုန်းအပေါ်၌ ကြောက်ရွံ့လေးစားမှုများ အပြည့်ပါပင်။
“အားနာနေစရာ မလိုပါဘူး။ ဂိုဏ်းချုပ်ရဲ့ မဟာခန်းမဆောင်ထဲကို လာကြဦးလေ...”
ယဲ့ဖုန်းကတော့ အချိန်ဆွဲမနေတော့ပေ။ ရှေးဟောင်းမျိုးနွယ်စု ခေါင်းဆောင်များကို ဂိုဏ်းစာရင်းသွင်းစာအုပ်ထဲတွင် အမြန်ဆုံး နာမည်သွင်း၍ မိမိ၏ ရုပ်ခန္ဓာခွန်အားများ အဆမတန် တိုးလာရန်သာ စိတ်စောနေမိပါတော့၏။
--