အခန်း ၆၂၇
Vol. 42 Ch. 627
အခန်း (၆၂၇) မြင့်မြတ်သော မြို့တော်ကို တုန်လှုပ်စေခြင်း၊ မျှော်စင်အမြွှာကို အသွင်ပြောင်းလဲခြင်းနှင့် အချိန်အရှိန်မြှင့်တင်ခြင်း
ရှေးဟောင်းမျိုးနွယ်စုကြီး (၁၈) စု၏ ခေါင်းဆောင်များသည် ယဲ့ဖုန်း၏ နောက်သို့ လိုက်ပါကာ ဂိုဏ်းချုပ်၏ မဟာခန်းမဆောင်ကြီးအတွင်းသို့ ဝင်ရောက်လာကြသည်။ ယဲ့ဖုန်းသည် ဂိုဏ်းချုပ်ထိုင်ခုံတွင် ခန့်ညားစွာ ထိုင်လိုက်ပြီး စားပွဲပေါ်၌ ဂိုဏ်းစာရင်းသွင်းစာအုပ်ကြီးကို ဖြန့်ခင်းလိုက်၏။ ထို့နောက် လက်ထဲတွင် ကလောင်တံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း စကားဆိုသည်။
“ဒါက ကျွန်တော်တို့ဂိုဏ်းရဲ့ စာရင်းသွင်းစာအုပ်ပဲ။ အချက်အလက်တွေကို မှတ်တမ်းတင်ဖို့ သီးသန့်သုံးတာ။ ကဲ... ခင်ဗျားတို့ အစီအစဉ်အတိုင်း တန်းစီကြ။ တစ်ယောက်ချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကျွန်တော့်ကို အစီရင်ခံပါ။ ကျွန်တော်ကိုယ်တိုင် စာရင်းသွင်းပြီးပြီဆိုတာနဲ့ ခင်ဗျားတို့ဟာ မြူခိုးဂိုဏ်းရဲ့ အစစ်အမှန် အမြင့်ဆုံးအကြီးအကဲတွေ ဖြစ်လာပါလိမ့်မယ် ”
ယဲ့ဖုန်း၏ စကားအဆုံးတွင် အစိမ်းရောင်ဝတ်ရုံဝတ် ဓားဘိုးဘေးက ပထမဆုံး ရှေ့သို့ တိုးလာခဲ့၏။
“အစိမ်းရောင်ဝတ်ရုံဝတ် ဓားဘိုးဘေး... နာမည်ရင်း လီချင်းရှန်း... ဟင်းလင်းပြင်ဖြိုခွဲအဆင့် သတ္တမအလွှာ... အမြင့်ဆုံးအဆင့် အရိုးတည်ဆောက်ပုံ... အသက် (၃၅၇၀) နှစ်... ဓားလမ်းစဉ်... ပြီးပြည့်စုံခြင်း အဆင့် ”
ယဲ့ဖုန်းသည် ထိုအချက်အလက်များကို ရွတ်ဆိုရင်း စာအုပ်ထဲတွင် တစ်လုံးချင်း ရေးချလိုက်၏။ ထို့နောက် လီချင်းရှန်း၏ အမည်နောက်တွင် ‘အမြင့်ဆုံးအကြီးအကဲ’ ဟူသော စာလုံးများကို ဖြည့်စွက်လိုက်၏။
“ဂျွတ် ”
ဂိုဏ်းချုပ်တံဆိပ်တုံးကို စာအုပ်ပေါ်တွင် ဖိနှိပ်လိုက်သည်နှင့် တစ်ပြိုင်နက်... ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းကြီးတစ်ခုမှာ ယဲ့ဖုန်း၏ ခန္ဓာကိုယ်အတွင်းသို့ တလိပ်လိပ် စီးဝင်သွားတော့သည်။ ဒါက ဟင်းလင်းပြင်ဖြိုခွဲအဆင့် သတ္တမအလွှာရှိ ပညာရှင်တစ်ဦး၏ ခွန်အားနှင့် ညီမျှသော ရုပ်ခန္ဓာအရှိန်အဝါပင် ဖြစ်လေ၏။
“ဟင်း... ဒီအရှိန်အဝါက တော်တော်လေး ပြင်းတာပဲ ”
ယဲ့ဖုန်း စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ ရုတ်တရက် ခွန်အားများ အဆမတန် တိုးလာသည့်အခါတွင် သူကိုယ်တိုင်ပင် ကောင်းကောင်း မထိန်းချုပ်နိုင်ချေ။ လက်ထဲမှ ကလောင်တံတောင် ကြေမွသွားမလားဟု စိုးရိမ်လိုက်ရသေးသည်။
“ဆက်လုပ်ကြပါ ... ”
သူသည် ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ပြီး ကျန်ရှိနေသော ရှေးဟောင်းမျိုးနွယ်စု ခေါင်းဆောင် (၁၇) ဦးကိုလည်း တစ်ဦးချင်း စာရင်းသွင်းပေးလိုက်၏။
တစ်နာရီခန့် ကြာပြီးနောက်တွင် ရှေးဟောင်းမျိုးနွယ်စု ခေါင်းဆောင် (၁၈) ဦးစလုံးသည် လတ်လတ်ဆတ်ဆတ် ထုတ်ပေးထားသော အမြင့်ဆုံးအကြီးအကဲ အမှတ်အသားများကို ရရှိသွားကြပြီ ဖြစ်သည်။ ထိုပုဂ္ဂိုလ်တို့သည် မြူခိုးဂိုဏ်းအပေါ်တွင် စစ်မှန်သော သစ္စာရှိမှုကို ခံစားလိုက်ရပြီး မြူခိုးတောင်ထိပ်ပေါ်ရှိ သူတို့အတွက် သီးသန့်ပြင်ဆင်ထားသော အဆောက်အအုံများဆီသို့ အနားယူရန် ပြန်သွားကြပါတော့၏။
ဂိုဏ်းချုပ်၏ မဟာခန်းမဆောင်ကြီးအတွင်း၌ ယဲ့ဖုန်းသည် သူ၏ ရုပ်ခန္ဓာခွန်အားများ ပေါက်ကွဲထွက်မတတ် တိုးလာခြင်းကို ခံစားနေရဆဲ ဖြစ်သည်။ အရှိန်အဝါများကို မထိန်းနိုင်ဘဲ မြူခိုးတောင်ထိပ်ကြီးကိုပါ ဖိကြိတ်မိမလားတောင် ထင်ရ၏။ ထို့ကြောင့် သူသည် ထိုကြီးမားလှသော ခွန်အားသစ်များနှင့် အသားကျအောင် အလျင်အမြန် ကြိုးစားနေရသည်။
ယခင်က သူ၏ ရုပ်ခန္ဓာခွန်အားမှာ ဟင်းလင်းပြင်ဖြိုခွဲအဆင့် ဒုတိယအလွှာတွင်သာ ရှိခဲ့ခြင်း ဖြစ်၏။ သို့သော် ယနေ့တွင်မူ... ဟင်းလင်းပြင်ဖြိုခွဲအဆင့် သတ္တမအလွှာရှိ ပညာရှင် (၁၈) ဦး၏ စွမ်းအားများ ပေါင်းစပ်သွားသဖြင့် အတိုင်းအဆမရှိသော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားခဲ့ရတော့၏။
ယခုအခါ ယဲ့ဖုန်းကိုယ်တိုင်ပင် သူ၏ ခွန်အားမည်မျှအထိ ရှိနေသည်ကို အတိအကျ မသိတော့ချေ။ သူ သိသည်မှာ သူ၏ ရုပ်ခန္ဓာခွန်အား တစ်မျိုးတည်းနှင့်တင် ကောင်းကင်ဧကရာဇ်တစ်ဦးကို အသာလေး ဖိနှိပ်နိုင်စွမ်း ရှိနေပြီဆိုတာပင်။ အကယ်၍ သူသာ မူလအနှစ်သာရစွမ်းအား အခြေအနေထဲသို့ ဝင်ရောက်မည်ဆိုလျှင်... အားအနည်းဆုံး တပိုင်း အဆင့် သူတော်စင်ကိုတောင် ယှဉ်တိုက်နိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။
“ဟူး... ငါ့ခွန်အားတွေကတော့ တက်လာပါရဲ့။ နှမြောစရာကောင်းတာက ငါ့ကို ယှဉ်တိုက်နိုင်တဲ့သူ တစ်ယောက်မှ မရှိတော့တာပဲ ”
ယဲ့ဖုန်းသည် ထိုင်ခုံပေါ်တွင် မှီချလိုက်ပြီး နေ့စဉ် မနောအလိုကျ တောင်းခြင်းလေးကို လုပ်လိုက်၏။ ချက်ချင်းဆိုသလိုပင် သူ၏ ဘေးနားတွင် အသားကင်မီးဖိုကြီး တစ်ခု ပေါ်လာပြီး အရသာရှိလှသော အသားကင်အမျိုးမျိုးမှ မွှေးပျံ့သော အနံ့အသက်များ ထွက်ပေါ်လာတော့၏။
“ဟဲဟဲ... ဒါမှ ဘဝဆိုတာမျိုးပေါ့။ အေးအေးဆေးဆေး စားလိုက် သောက်လိုက်နဲ့ ”
သူသည် ဘယ်ဘက်လက်ဖြင့် အသားကင်ကို စားရင်း၊ ညာဘက်လက်က ရေခဲတောင် ကိုလာ တစ်ဘူးကို မော့သောက်လိုက်၏။
တစ်ကိုယ်လုံး နေလို့ထိုင်လို့ ကောင်းသွားသည်ပေါ့။ ဂိုဏ်း၏ ကံကြမ္မာ တိုးတက်လာသည်နှင့်အမျှ သူ၏ ဆုတောင်းခြင်းစွမ်းအားမှာလည်း ပိုမို အားကောင်းလာခဲ့တော့၏။ အရင်က ချီကျင့်ကြံခြင်းအဆင့်သုံး ဆေးလုံး တစ်လုံး၊ နှစ်လုံးသာ ရခဲ့ရာမှ ယခုအခါ ဆေးပုလင်း (၁၀) ပုလင်းလောက်အထိ ဆုတောင်းရရှိနိုင်နေပြီ ဖြစ်ပါ၏။
ယဲ့ဖုန်း ယုံကြည်သည်မှာ တစ်နေ့တွင် ဤနေ့စဉ်ဆုတောင်းခြင်းလေးသည် မဟာဆုတောင်းခြင်း အဖြစ် ပြောင်းလဲသွားမည် ဆိုတာပင်။ ထိုအချိန်ကျလျှင်တော့ နေ့တိုင်း ဝိညာဉ်ရတနာတွေ ဆုတောင်းရဖို့ ဆိုတာ အိမ်မက် မဟုတ်လောက်တော့ပါ။
မြူခိုးဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများသည် ရေပေါ်ဖြူမြို့တော်ကို ဗဟိုပြု၍ အရပ်ရပ်သို့ လျင်မြန်စွာ ရေပန်းစားသွားတော့သည်။ လျှို့ဝှက်ဆန်းကြယ် မြို့တော်တွင်မူ တုန်လှုပ်စရာ သတင်းများကြောင့် ဆူညံနေလေ၏။
“ဟေ့လူတွေ... သိပြီးကြပြီလား။ တကယ့်ကို တုန်လှုပ်စရာပဲဗျာ ”
“ကျောင်းယန် သန့်စင်သော မြို့တော်က ရှုမေ့ဘိုးဘေး၊ ဝူရှန်းဘိုးဘေး၊ ဆွေ့ထျန်းဘိုးဘေးတို့လို ဟင်းလင်းပြင်ဖြိုခွဲအဆင့် သတ္တမအလွှာ ဘိုးဘေးတွေရော... သိုင်းဂုဏ်ကျက်သရေ မြင့်မြတ်သောမြို့တော်က လင်ဟွေဘိုးဘေးပါ မြူခိုးဂိုဏ်းကို သွားတိုက်တာ... နောက်ဆုံးတော့ ဂိုဏ်းချုပ်ယဲ့ရဲ့ ဖိနှိပ်တာကို ခံလိုက်ရတယ်တဲ့ဗျ ”
“လင်ဟွေဘိုးဘေးက ဘာလို့ မြူခိုးဂိုဏ်းကို သွားတိုက်တာလဲ ”
“အဲဒါတော့ ငါလည်း သိပ်မသေချာဘူး။ ဖြစ်နိုင်တာကတော့ ဂိုဏ်းချုပ်ယဲ့က သူ့ထက် ပိုချောနေလို့ မနာလိုဖြစ်တာလည်း ဖြစ်မှာပေါ့ ”
လင်မြောင်ဘိုးဘေးနှင့် ကျန်းလင်း ဘိုးဘေးတို့ အစီအစဉ် တင်ဆက်သူ နှစ်ဦးမှာတော့ ဒီသတင်းကို ကြားရသည့်အခါ အားတက်သရော ဆွေးနွေးနေကြတော့သည်။
တစ်ချိန်တည်းမှာပင်... ရှေးဟောင်းမျိုးနွယ်စု (၁၈) စု ထွက်ပေါ်လာခြင်း၊ ယဲ့ဖုန်းက ၎င်းတို့ကို ဖိနှိပ်လိုက်ခြင်းနှင့် လင်ဟွေဘိုးဘေး ရှုံးနိမ့်ခြင်း သတင်းများသည် ကျောင်းယန် သန့်စင်သော မြို့တော်အတွင်းသို့လည်း တောမီးပမာ တောက်လောင်သွားတော့၏။
“ဘာ... လင်ဟွေဘိုးဘေးက မြူခိုးဂိုဏ်းချုပ်ရဲ့ ခြေဖဝါးအောက်မှာ အမှုန့်ဖြစ်သွားတာလား။ ပြီးတော့ ဂိုဏ်းချုပ်ယဲ့က ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း ရဲ့ အပြည့်အစုံကို သုံးပြသွားတယ်ဆိုတာ တကယ်ပဲလား ”
“မယုံနိုင်စရာပဲဗျာ... ပေဟယ်ဧကရာဇ်ရဲ့ အမွေအနှစ်ကို ဆက်ခံမယ့်သူ ပေါ်လာပြီနဲ့ တူတယ် ”
“ဒီ ရှေးဟောင်းမျိုးနွယ်စု (၁၈) စု ဆိုတာကရော ဘာတွေလဲ ”
မြို့တော်အတွင်းတွင် လူအများစုမှာ ဤသတင်းများကိုသာ အငြင်းအခုန် ပြုလုပ်နေကြတော့သည်။ အချို့ကလည်း မယုံကြည်နိုင်သဖြင့် တောင်ပိုင်းမြစ်ဝှမ်းနယ်မြေအထိ ကိုယ်တိုင်သွားရောက် စုံစမ်းကြပြီးမှ အမှန်တရားကို တွေ့ကာ ဆွံ့အသွားကြရရှာသည်။
ရေပေါ်ဖြူမြို့တော်တွင်မူ... အရိပ်မှတ်တမ်းတင်ကျောက်တုံး များကို အထူးရောင်းချနေသူ တစ်ဦး ရှိ၏။ ထိုကျောက်တုံးထဲမှာတော့ ယဲ့ဖုန်းနှင့် ရှေးဟောင်းမျိုးနွယ်စု ခေါင်းဆောင်များ၏ တိုက်ပွဲ၊ လင်ဟွေဘိုးဘေးကို ဖိနှိပ်လိုက်ပုံ အစအဆုံး ပါဝင်နေလေသည်။ ကျောင်းယန် မြို့တော်မှ လူတွေက ထိုကျောက်တုံးကို စျေးကြီးပေးဝယ်ပြီး မြို့တော်ထဲမှာ အနှံ့ ဖြန့်လိုက်ကြတော့သည်။
“ဘယ်လို... ငါတို့ဘိုးဘေးက မြူခိုးဂိုဏ်းချုပ်ရဲ့ လက်အောက်မှာ ရှုံးသွားတာလား ”
ရှုမေ့ဘိုးဘေးနှင့် အခြားဘိုးဘေးတို့၏ ဂိုဏ်းသားများမှာတော့ ဒီသတင်းကို ကြားရသည့်အခါ မျက်နှာတွေ ပျက်ကုန်ကြပြီပင်။ ဒါပေမဲ့ မှတ်တမ်းတင်ကျောက်တုံးထဲက မြင်ကွင်းတွေကို ကြည့်ပြီးတဲ့နောက်မှာတော့ မယုံချင်သော်လည်း ယုံလိုက်ကြရတော့၏။
ဆိတ်ငြိမ်သော စံအိမ်တစ်ခုတွင် ယွီကျူးသည် လက်ထဲက မှတ်တမ်းတင်ကျောက်တုံးကို ကြည့်ရင်း သူမ၏ နှုတ်ခမ်းနီနီလေးများမှာ အံ့သြမှုကြောင့် အနည်းငယ် ဟနေတော့သည်။
နောက်ဆုံးအကြိမ် တွေ့တုန်းကတော့ ယဲ့ဖုန်းမှာ သူမ၏ လက်ချောင်းတစ်ချက်ကိုတောင် မခုခံနိုင်သလို၊ နတ်ဆိုး ဘုရားကျောင်းသခင်ကိုတောင် မယှဉ်နိုင်ခဲ့သူ မဟုတ်ပါလား။
အခုတော့... သူဟာ ကောင်းကင်ဧကရာဇ်အဆင့်ရှိသူကိုတောင် ဖိနှိပ်နိုင်နေပြီ။ ဤကဲ့သို့သော ခွန်အားမျိုးဆိုလျှင် တပိုင်း အဆင့် သူတော်စင်ကိုတောင် စိန်ခေါ်နိုင်လိမ့်မည် မဟုတ်ပါလား။
“ဒီလူက အရင်က ခွန်အားတွေကို တမင်ဖုံးကွယ်ထားတာပဲ ဖြစ်ရမယ် ”
ယွီကျူးသည် ယဲ့ဖုန်း၏ ချောမောသော မျက်နှာကို မြင်ယောင်ရင်း ကျောက်တုံးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ သူမ၏ ရင်ထဲတွင်တော့ ရှုပ်ထွေးနေသော ခံစားချက်များ ပြည့်နှက်နေတော့၏။
ကျောင်းယန် သန့်စင်သော မြို့တော်ရှိ သန့်ရှင်းသောဗိမာန်တော်တွင်မူ မြို့စားမင်းသည် မှတ်တမ်းတင်ကျောက်တုံးကို ကြည့်ရင်း သူ၏ အကြည့်များမှာ အဆက်မပြတ် လှုပ်ရှားနေသည်။
“မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်း... ပြည့်စုံတဲ့ ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း ... ကောင်းကင်ဧကရာဇ်အဆင့် တိုက်ခိုက်ရေးစွမ်းအား... စိတ်ဝင်စားဖို့ ကောင်းလာပြီ။ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတယ်... ကြည့်ရတာ မြူခိုးဂိုဏ်းရဲ့ နောက်ကွယ်မှာ ရှိနေတာကတော့ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ ပေဟယ်ဧကရာဇ်ပဲ ဖြစ်ရမယ် ”
မြို့စားမင်း၏ အသံမှာ အာဏာပါပါ ထွက်ပေါ်လာသည်။ ပေဟယ်ဧကရာဇ်အကြောင်း ပြောလိုက်သည်နှင့် သူ၏ မျက်စိရှေ့တွင် အဖြူရောင်ဝတ်စုံနှင့် အရပ်ရှည်ရှည် ပုံရိပ်တစ်ခုကို မြင်ယောင်လာမိ၏။
“ပေဟယ်... မင်း တကယ်ပဲ ဘယ်မှာလဲ။ အမှန်အတိုင်း ပြောရရင် ငါတို့ နှစ်ယောက် တိုက်ခဲ့ကြတဲ့ တိုက်ပွဲကြီးကို ငါ တကယ် လွမ်းမိတယ် ”
မြို့စားမင်းက တီးတိုးရေရွတ်လိုက်၏။
*
မြူခိုးဂိုဏ်းအတွင်း၌ ယဲ့ဖုန်းသည် စနစ်၏ အသိပေးသံများကို နားထောင်ရင်း ရေခဲတောင်ကိုလာကို အေးအေးဆေးဆေး သောက်နေသည်။
အရိပ်မှတ်တမ်းတင်ကျောက်တုံး ဆိုသည်မှာ သူ၏ နေ့စဉ်ဆုတောင်းခြင်းလေးကို သုံးပြီး ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ မြူခိုးဂိုဏ်း၏ နာမည်ကို ပိုမို ကျော်ကြားလာစေရန်နှင့် ဂုဏ်သတင်းတန်ဖိုးများ ပိုမို ရရှိရန်သာ ဖြစ်၏။
ယဲ့ဖုန်းသည် ထိုင်ရာမှ ထလိုက်ပြီး ဝိညာဉ်ရေကန်၏ ဘေးရှိ ဝိညာဉ်စုစည်းရေးမျှော်စင်ဆီသို့ လျှောက်လှမ်းသွားလိုက်သည်။ ကမ္ဘာမြေ ပြောင်းလဲမှု ဖြစ်စဉ်အတွင်းတွင် ဝိညာဉ်စုစည်းရေးမျှော်စင်၊ ကျင့်ကြံရေးမျှော်စင်၊ ဝိညာဉ်သားရဲစင်မြင့်နှင့် ဂိုဏ်းချုပ်သီးသန့် နီလာကျောက်တုံးများ အားလုံးမှာလည်း အဆင့်မြင့်သွားခဲ့ကြပြီ ဖြစ်ပါ၏။ ယခုအခါ ဝိညာဉ်စုစည်းရေးမျှော်စင်၏ အတွင်းပိုင်းမှာ ပိုမို ကျယ်ဝန်းလာပြီး ဝိညာဉ်စွမ်းအင်များမှာလည်း ပိုမို သိပ်သည်းလာခဲ့လေပြီ။
“ဂိုဏ်းချုပ်... နောက်ဆုံးတော့ ကျွန်တော်နဲ့ လာကစားပြီပေါ့ ”
ယဲ့ဖုန်း ရောက်လာသည်ကို သိသည်နှင့် ကျောက်သားဝိညာဉ်လေးမှာ ပျော်ရွှင်စွာ အော်ဟစ်လိုက်ပြီး နီလာကျောက်တုံးပေါ်တွင် ကောင်လေးတစ်ယောက်၏ ပုံရိပ် ပေါ်ထွက်လာသည်။ ယခုအခါ ကျောက်သားဝိညာဉ်လေးမှာ ပိုမို တည်ငြိမ်ခိုင်မာလာခဲ့ပြီ ဖြစ်လေ၏။ သူသည် လက်ဖက်ရည်ခွက်ကိုပင် ကိုင်ယူနိုင်နေပြီ ဖြစ်ရာ ယဲ့ဖုန်းကို လက်ဖက်ရည် ကမ်းပေးနေတော့သည်။
“မဆိုးပါဘူး... ဆက်ပြီး စုဆောင်းထားဦး။ မကြာခင်မှာ လောကထဲကို ထွက်လာနိုင်အောင် ကြိုးစားစမ်းပါ”
ယဲ့ဖုန်းက ကောင်လေး၏ ပါးကို တစ်ချက် ဆွဲလိုက်ပြီး လေဓာတ် ဝိညာဉ်စွမ်းအင် အမျှင် (၃) ခုကို စုပ်ယူနိုင်ရန် ထုတ်ပေးလိုက်၏။ ထို့နောက် သူသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး လက်ဟန်များ ဖော်လိုက်ကာ နတ်ဆိုး ဘုရားကျောင်းသခင်ဆီမှ ရရှိထားသော သက်တမ်း နှစ်တစ်ထောင်ကို အသုံးပြု၍ ရှုပ်ထွေးလှသော အကြီးစား အချိန်ဝင်္ကပါတစ်ခုကို စတင် ရေးဆွဲလိုက်လေ၏။
“ပေါင်းစပ်စေ ”
ယဲ့ဖုန်းက လက်ချောင်းလေးကို ခါလိုက်သောအခါ အချိန်ဝင်္ကပါသည် ဝိညာဉ်စုစည်းရေးမျှော်စင်အတွင်းသို့ စီးဝင်သွားပြီး မျှော်စင်အတွင်းရှိ အချိန်စီးဆင်းမှုကို အပြင်လောကထက် (၁၀) ဆ ပိုမြန်သွားစေတော့သည်။ သို့သော်လည်း ဝင်္ကပါ၏ ဧရိယာမှာ အလွန် ကျယ်ဝန်းလွန်းသဖြင့် နှစ်တစ်ထောင် သက်တမ်းမှာ (၃) နှစ်စာလောက်သာ ခံနိုင်ရည် ရှိ၏။
ထို့နောက် ယဲ့ဖုန်းသည် ကျင့်ကြံရေးတောင်ထိပ်ဆီသို့ ဆက်လက် သွားရောက်ကာ ကျင့်ကြံရေးမျှော်စင်တွင်လည်း ထိုနည်းအတိုင်း (၁၀) ဆ အချိန်အရှိန်မြှင့်တင်ပေးသော ဝင်္ကပါကို ချထားပေးလိုက်၏။ ၎င်းမှာလည်း (၃) နှစ်တိတိ ခံနိုင်မည် ဖြစ်၏။
“သုံးနှစ်ဆိုတာ တော်တော်လေး ကြာပါတယ်လေ။ အချိန်စေ့ခါနီးမှပဲ သက်တမ်းတွေ ထပ်ဖြည့်ပေးတာပေါ့ ”
ယဲ့ဖုန်း တီးတိုးရေရွတ်လိုက်၏။ သူက မျှော်စင်အမြွှာ၏ အချိန်အရှိန်မြှင့်တင်မှု အကြောင်းကို တပည့်များကို အသိမပေးခဲ့ချေ။
တပည့်တွေက သူတို့ဘာသာ သူတို့ ဒီထူးခြားချက်ကို ရှာတွေ့သွားမည် ဆိုလျှင် ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းလိမ့်မည်။
ယဲ့ဖုန်းက တွက်ချက်နေမိတော့၏။
--