← Chapters

အခန်း ၆၂၈

Vol. 42 Ch. 628

အခန်း ၆၂၈

Vol. 42 Ch. 628

အခန်း (၆၂၈) လန်တယ်ရဲ့ ရှာဖွေတွေ့ရှိမှုနှင့် ကြယ်သုံးပွင့်အဆင့် တိုးမြှင့်ခြင်း အောင်ပွဲခံအခမ်းအနား

ဝိညာဉ်စုစည်းရေးမျှော်စင်ကြီးအတွင်း၌ ဒုတိယမျိုးဆက်တပည့်မလေး လန်တယ်သည် တိတ်ဆိတ်စွာ ကျင့်ကြံနေလေ၏။ ထိုအခိုက် သူမသည် လက်ရှိကျင့်ကြံခြင်းအဆင့်ကို ချိုးဖောက်ကျော်ဖြတ်နိုင်ရန် အသည်းအသန် ကြိုးပမ်းနေတော့သည်။

အကြောင်းမူကား လန်တယ်သည် မူလက ကောင်းကင်ဝါးမြိုမိစ္ဆာဂိုဏ်း၏ တပည့်တစ်ဦးဖြစ်ပြီး မြင့်မြတ်သော လေ ဓားဂိုဏ်းမှ မဟာ အကြီးအကဲက မြူခိုးဂိုဏ်းအတွင်းသို့ သူလျှိုအဖြစ် စေလွှတ်ခဲ့ခြင်းပါ။

သို့သော်ငြား ကံကြမ္မာ၏ မထင်မှတ်ထားသော အလှည့်အပြောင်းများကြောင့် နောက်ဆုံးတွင်မူ သူမသည် မြူခိုးဂိုဏ်းအပေါ် သက်ဝင်ယုံကြည်သော သစ္စာရှိတပည့်စစ်စစ်တစ်ဦး အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

လန်တယ်၏ ပါရမီကလည်း မဆိုးလှပါ။ မြူခိုးဂိုဏ်းသို့ ရောက်ရှိလာချိန်မှစ၍ မနေမနား ကြိုးပမ်းကျင့်ကြံခဲ့သည့်အပြင် ဂိုဏ်းချုပ်ဖန်တီးပေးသော ကောင်းကင်နှင်းရည်များ၏ အာနိသင်ကြောင့် သူမ၏ စွမ်းအားများမှာ တစ်ရှိန်ထိုး တိုးတက်လာခဲ့လေသည်။ ယခုအခါတွင်မူ ဓာတ်ကြီး ငါးပါး စုစည်းမှုအဆင့် (၈) ၏ အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီပင်။

ယနေ့၌မူ သူမသည် ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့် (၉) သို့ အောင်မြင်စွာ တက်လှမ်းနိုင်ရန် ပြင်းပြင်းထန်ထန် စိန်ခေါ်နေတော့သည်။

“ဖူး ... ... ... ”

တိုးညင်းသော အသံလေး တစ်ခု ထွက်ပေါ်လာ၏။ လေလည်တာတော့ မဟုတ်။ သူမ၏ အသက်ရှူသံမှ တစ်ဆင့် အားအင်တွေ ထွက်သွားသော အသံပင်။ ဒါက ဘာကို ပြလဲဆိုတော့ ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့် (၉) ကို တက်လှမ်းဖို့ ကြိုးစားတာ မအောင်မြင် ဟူသည့် အဓိပ္ပာယ်ပါပင်။

“ဟင်း... ရှုံးနိမ့်သွားပြန်ပြီ ... ... ... ”

လန်တယ်တစ်ယောက် သက်ပြင်းလေး ချလိုက်မိ၏။ ဓာတ်ကြီး ငါးပါး စုစည်းခြင်းအဆင့် (၉) ဆိုတာက ကျော်ဖြတ်ဖို့ တကယ်ကို ခက်ခဲသော အဆင့် တစ်ခုပါပင်။

သူမဟာ စိတ်ပျက်လက်ပျက်နှင့် ဝိညာဉ်စုစည်းရေးမျှော်စင်ထဲမှ ထွက်လာပြီး ကျယ်ပြန့်သွားသော ဝိညာဉ်ရေကန်ကြီး၏ ကမ်းနားမှာ ရပ်လိုက်၏။ ရေပြင်ပေါ်က လှိုင်းလေးတွေကို ကြည့်ရင်း၊ လေညင်းလေးကို ခံစားရင်းနှင့် သူမ၏ ဘဝအကြောင်းကို တွေးတောနေမိလေသည်။

“ဘာဖြစ်လို့လဲ... အဆင့်တက်တာ

မအောင်မြင်ဘူးလား ... ... ... ”

အနောက်ဘက်မှ ယဲ့ဖုန်း၏ နွေးထွေးသည်အသံလေး ထွက်ပေါ်လာ၏။ လန်တယ်

တစ်ယောက် လန့်သွားပြီး အမြန်လှည့်ကြည့်ကာ အရိုအသေပေးလိုက်သည်။

“တပည့် လန်တယ်... ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ် ... ”

“ရပါတယ်... အားနာနေစရာ မလိုပါဘူး ... ”

ယဲ့ဖုန်းက လက်ကလေးဝှေ့ယမ်းပြီး ပြောလိုက်၏။

“ဓာတ်ကြီး ငါးပါး စုစည်းမှုအဆင့်ဆိုတာ သဘာဝတရားရဲ့ ဝိညာဉ်စွမ်းအင်တွေကို မူလအင်အားအဖြစ် ပြောင်းလဲပြီး ကိုယ့်ခန္ဓာကိုယ်ကို ပြန်ပြီး သန့်စင်ရတာ။ အရေပြား၊ အသား၊ အရိုး၊ ကလီစာငါးပါးနဲ့ ဦးနှောက်ဆိုပြီး အဆင့်ဆင့် ရှိတယ်။ ဓာတ်ကြီး ငါးပါး စုစည်းခြင်းရဲ့ အထွတ်အထိပ်ကို ရောက်တဲ့အခါမှာတော့ မင်းရဲ့အရေပြားက မာကျောလာမယ်၊ အရှိန်အဝါက ကြံ့ခိုင်လာမယ်၊ ပြီးတော့ ဘယ်လောက်ပြင်းထန်တဲ့ ရိုက်နှက်မှုကိုမဆို ခံနိုင်ရည်ရှိလာလိမ့်မယ် ... ”

ယဲ့ဖုန်းက ခဏနားပြီး ဆက်ပြောလိုက်၏။

“မင်း အဆင့် (၉) ကို မတက်နိုင်တာက ကိုယ့်ကိုယ်ကို သန့်စင်တာ မလုံလောက်သေးလို့ပဲ။ မင်းရဲ့ ဝိညာဉ်အာရုံနဲ့ ကိုယ့်ကိုယ်ကို သေချာပြန်စစ်ကြည့်ပါ၊ ဘယ်အပိုင်းက စံနှုန်းမမီသေးဘူးလဲဆိုတာ သိလာလိမ့်မယ် ... ... ... ”

ဂိုဏ်းချုပ်၏ လမ်းညွှန်ချက်ကို ကြားလိုက်ရသည့် အခါ လန်တယ်တစ်ယောက် ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရ၏။ သူမဟာ ဝိညာဉ်အာရုံနှင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်လိုက်သည့် အခါမှာတော့... ဟုတ်သားပဲ။ သူမ၏ ကလီစာငါးပါးကို သန့်စင်သော အပိုင်းမှာ လိုအပ်ချက်တွေ ရှိနေသေးသည်ကို ရှာတွေ့သွားတော့လေ၏။

“ဂိုဏ်းချုပ်... ကျွန်မ နားလည်သွားပါပြီ ... ... ... ”

လန်တယ်တစ်ယောက် ဝမ်းသာအားရ ဖြစ်သွားပြီး ယဲ့ဖုန်းကို သုံးကြိမ်တိုင်တိုင် ဦးညွှတ်လိုက်၏။ ထို့နောက်၊ ကောင်းကင်ပေါ်က နေမင်းကြီးကို တစ်ချက်ကြည့်ပြီး အချိန်ကို မှတ်သားလိုက်ကာ ဝိညာဉ်စုစည်းရေးမျှော်စင်ထဲသို့ အမြန်ပြန်ဝင်သွားတော့သည်။

သည်တစ်ခါမှာတော့ လန်တယ်ဟာ မြူခိုးတောင်ထိပ်က ဝိညာဉ်စိမ့်စမ်းရည်တွေကို အမြောက်အမြား သောက်သုံးလိုက်ပြီး ဝိညာဉ်စုစည်းရေးမျှော်စင်၏ စွမ်းအားတွေနှင့် ပေါင်းစပ်ကာ သူမ၏ ကလီစာငါးပါးကို ပြီးပြည့်စုံသော အဆင့်အထိ သန့်စင်လိုက်တော့၏။

“ဟူး... ငါးနာရီတောင် ကြာသွားတာလား ... ”

လန်တယ် အချိန်ကို တွက်ချက်လိုက်ပြီးနောက် အဆင့် (၉) ကို တက်လှမ်းဖို့ ထပ်ပြီး ကြိုးစားပြန်သည်။ သည်တစ်ခါမှာတော့ အရာအားလုံးက ချောချောမွေ့မွေ့ပါပင်။ တစ်နာရီအကြာမှာတော့ သူမဟာ အောင်မြင်စွာနှင့်အဆင့်တက်လှမ်းနိုင်ခဲ့တော့၏။

လန်တယ်တစ်ယောက် ပျော်ရွှင်စွာဖြင့် မျှော်စင်အတွင်းမှ ထွက်လာသည့်အခိုက် ရေကန်ဘေး၌ ကျောက်သားဝိညာဉ်လေးနှင့် စကားပြောဆိုနေသော ယဲ့ဖုန်းကို တွေ့လိုက်ရလေသည်။

“ဂိုဏ်းချုပ်... ကျွန်မ အဆင့်တက်သွားပြီ... ဟင်...”

ရုတ်တရက် လန်တယ်သည် တစ်စုံတစ်ရာ ထူးဆန်းနေကြောင်းကို သတိပြုမိသွားတော့၏။ အကြောင်းမူကား သူမ အဆင့်တက်ရန်အတွက် စုစုပေါင်း ခြောက်နာရီခန့် အချိန်ပေးခဲ့ရခြင်း ဖြစ်လေသည်။ သို့ဆိုလျှင် အပြင်ဘက်၌ မှောင်မိုက်နေသင့်ပြီ မဟုတ်ပါလော။ သို့သော်ငြား ယခုအချိန်၌ နေမင်းကြီးမှာ ယခုမှ ဝင်ခါစသာ ရှိနေသေးတော့သည်။ မိနစ် (၃၀) ခန့်သာ ကုန်ဆုံးသွားသည့်အလားပင်။

“လန်တယ်... မင်း စိတ်ထဲမှာ မေးခွန်းတွေ အများကြီး ဖြစ်နေတယ် မဟုတ်လား...”

ယဲ့ဖုန်းက လှည့်ကြည့်လာကာ ပြုံးရွှင်စွာဖြင့် အေးဆေးစွာ ဆိုလေသည်။

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်...”

လန်တယ်က အချိန်များ ကွာဟနေမှုအပေါ် တအံ့တဩ ပြောပြလိုက်သည့်အခါ ယဲ့ဖုန်း၏ အပြုံးက ပို၍ တောက်ပသွားလေတော့၏။

“အကြောင်းကတော့ ဝိညာဉ်စုစည်းရေးမျှော်စင်ထဲမှာ အချိန်ဝင်္ကပါ ရှိနေလို့ပဲ။ ဒီမျှော်စင်တင် မကဘူး... ကျင့်ကြံရေးမျှော်စင်မှာလည်း ရှိတယ်။ အဲ့ဒီထဲမှာ အချိန်စီးဆင်းမှုက အပြင်ထက် (၁၀) ဆ ပိုမြန်တယ်လေ။ အပြင်မှာ တစ်ရက်ဆိုရင် အတွင်းမှာတော့ (၁၀) ရက်ပေါ့။ ဒါမှ မင်းတို့ အေးအေးဆေးဆေး အဆင့်တက်လို့ ရမှာ...”

“အဆ (၁၀) တောင်လား...”

လန်တယ်တစ်ယောက် အံ့ဩလွန်းလှသဖြင့် တံတွေးကို ဂလုခနဲ မျိုချလိုက်ရလေသည်။

ဤကဲ့သို့သော နယ်ပယ်မျိုးဆိုသည်မှာ ရှေးဟောင်းသူတော်စင်ကြီးများသာ ဖန်တီးနိုင်စွမ်းရှိသည်ဟု သူမ ကြားဖူးထားခဲ့ခြင်း ဖြစ်၏။

ထိုစဉ် ယဲ့ဖုန်းက အသာအယာ ပြုံးလိုက်ပြီး လေထဲသို့ လက်ညှိုးဖြင့် ဝှေ့ယမ်းလိုက်သည့်အခိုက် သေးငယ်သော အချိန်ဝင်္ကပါလေးတစ်ခု ထွက်ပေါ်လာလေသည်။ ထိုဝင်္ကပါက အချိန်စီးဆင်းမှုကို နှေးကွေးသွားစေခြင်းပင် ဖြစ်၏။ သူက အဆိုပါဝင်္ကပါအား လန်တယ်ထံသို့ ပို့လွှတ်လိုက်သည့်အခါ လန်တယ်တစ်ယောက် သူမ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံး (၁၀) ဆခန့် ပိုမိုမြန်ဆန်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

“မဟုတ်ဘူး... ဒါက ပတ်ဝန်းကျင်က မြန်သွားတာ မဟုတ်ဘူး။ ကျွန်မရဲ့ အချိန်စီးဆင်းမှုက ပုံမှန်ထက် ဆယ်ပုံတစ်ပုံလောက် နှေးသွားတာပဲ...”

လန်တယ်တစ်ယောက် ထိတ်လန့်တကြားဖြင့် ချက်ချင်း သဘောပေါက်သွားလေ၏။

“မှန်တာပေါ့။ အခု မင်းက အချိန်နှေးကွေးစေတဲ့ ဝင်္ကပါထဲ ရောက်နေတာလေ။ မင်းကိုယ်တိုင်ကတော့ ဘာမှ မထူးခြားဘူးလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မင်းရဲ့ လှုပ်ရှားမှုတိုင်းက ပုံမှန်ထက် အများကြီး နှေးနေတာ။ ဒီလို အခြေအနေမျိုးမှာ ရန်သူက မင်းကို သတ်ချင်တယ်ဆိုရင် လက်တစ်ဖက်ကို လှန်လိုက်သလိုမျိုး လွယ်လွယ်လေးပဲ နော်...”

ယဲ့ဖုန်း၏ စကားကြောင့် လန်တယ်တစ်ယောက် ရင်ထဲ၌ လှုပ်ခါသွားရတော့သည်။ တကယ်တမ်းပင် အချိန် (၁၀) ဆ နှေးကွေးနေသော နေရာမျိုး၌ဆိုလျှင် သူမ၏ တုံ့ပြန်မှုများကလည်း အလွန်နှေးကွေးနေမည် ဖြစ်ရာ ရန်သူ၏ တိုက်ခိုက်မှုကို မည်သို့မျှ ကာကွယ်နိုင်မည် မဟုတ်ပေ။

ထိုအခိုက် ယဲ့ဖုန်းက လက်ကို ဝှေ့ယမ်းလိုက်ကာ ဝင်္ကပါကို ဖျက်သိမ်းလိုက်လေ၏။

လန်တယ်၏ အချိန်စီးဆင်းမှုမှာ ပုံမှန်အတိုင်း ပြန်လည်ဖြစ်တည်သွားသော်ငြား သူမ၏ စိတ်အစဉ်၌မူ ကြောက်ရွံ့ထိတ်လန့်မှုများက ကင်းစင်မသွားသေးချေ။

“ကဲ... ပြန်ပြီး ကျင့်ကြံတော့...”

ထို့နောက် ယဲ့ဖုန်းသည် ဖြည်းညင်းစွာ လှည့်ထွက်သွားပြီးနောက် ရေကန်ဘေးရှိ ထိုင်ခုံ၌ ဝင်ထိုင်ကာ ငါးမျှားတံကို ကိုင်ဆောင်လျက် အေးအေးလူလူ ငါးမျှားနေလေတော့သည်။

*

မကြာမီမှာပင် ဝိညာဉ်စုစည်းရေးမျှော်စင်နှင့် ကျင့်ကြံရေးမျှော်စင်များ၌ အချိန် (၁၀) ဆ အရှိန်မြှင့်တင်ပေးနိုင်သော ဝင်္ကပါများ ရှိနေသည်ဟူသည့် သတင်းက မြူခိုးဂိုဏ်းတစ်ခုလုံးသို့ လွှမ်းခြုံပျံ့နှံ့သွားတော့သည်။ မိနစ် (၃၀) ပင် မပြည့်လိုက်ခင်မှာပင် လူတိုင်း သိရှိသွားကြခြင်း ဖြစ်လေ၏။

“တကယ်ကို ဂိုဏ်းချုပ်နဲ့ ထိုက်တန်ပါပေတယ်။ အချိန်ဝင်္ကပါကိုတောင် ချထားနိုင်တယ်ဆိုတော့... သူ့ရဲ့ နည်းလမ်းတွေက ပိုပြီးတော့တောင် နက်နဲလာပြီပဲ...”

မိုယင်ကမူ အားရပါးရ ချီးကျူးထောမနာပြုနေတော့၏။

“ဟုတ်တယ်... အချိန်ဝင်္ကပါရှိတော့ ငါတို့က မျှော်စင်ထဲမှာ ဆယ်နာရီကြာအောင် ကျင့်ကြံရင်တောင် အပြင်မှာ တစ်နာရီပဲ ကုန်မှာလေ။ ဒါဆို ငါတို့ တိုးတက်မှုတွေက အများကြီး ပိုမြန်လာမှာပေါ့...”

ဟိုယွင်ကျဲကလည်း ဘေးမှနေ၍ ထောက်ခံပြောဆိုလိုက်လေသည်။

“ဒါပေမဲ့ နေဦး... ငါတို့ရဲ့ သက်တမ်းတွေကော မပြောင်းလဲဘူးလား...”

လီကျောက်ကျောက်က သိချင်စိတ်ပြင်းပြစွာဖြင့် ဝင်ရောက်မေးမြန်းလိုက်သည်။

“ပြောင်းလဲတာပေါ့အေ...”

ကျီဇီလင်းက စာအုပ်ကို လှန်လှောကြည့်ရှုရင်း ရှင်းပြလေ၏။

“အချိန်ဆိုတာက ပုံမှန်အတိုင်းပဲ ကုန်ဆုံးသွားတာလေ။ ဥပမာ... အပြင်မှာ တစ်နှစ်ဆိုပေမဲ့ အတွင်းမှာတော့ ဆယ်နှစ်ပဲ။ ငါတို့ အသက် (၂၀) မှာ ဝင်သွားရင်၊ ထွက်လာတဲ့အခါ (၃၀) ဖြစ်နေမှာပေါ့...”

“ဒါဆို ဘာထူးမှာလဲဟ...”

လီကျောက်ကျောက်က ထပ်မံ၍ မေးမြန်းလိုက်ပြန်သည်။

“ထူးတာပေါ့ဟယ်... စဉ်းစားကြည့်လေ။ အပြင်လောကက အချိန်စီးဆင်းမှုက ပုံမှန်ပဲလေ။ တချို့သော လျှို့ဝှက်နယ်မြေတွေဆိုရင် အင်အားမလုံလောက်လို့ ဝင်လို့မရတာမျိုး ရှိတတ်တယ် မဟုတ်လား။ အဲ့ဒီအချိန်မှာ ငါတို့က ဒီဝင်္ကပါထဲမှာ အရှိန်မြှင့်ပြီး ကျင့်ကြံလိုက်မယ်ဆိုရင် ခဏလေးအတွင်းမှာပဲ အပြင်ကလူတွေထက် ခွန်အားတွေ ပိုတက်လာမှာပေါ့။ အဲ့ဒါက အသုံးမဝင်ဘူးလား နော်...”

လီကျောက်ကျောက် ပြန်လည်စဉ်းစားကြည့်လိုက်သည့်အခါမှသာ ထိုအချက်မှာ မှန်ကန်နေကြောင်းကို လက်ခံသွားလေတော့၏။

*

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့ပြီး မြူခိုးဂိုဏ်း၏ ကြယ်သုံးပွင့်အဆင့် တိုးမြှင့်ခြင်း အောင်ပွဲခံအခမ်းအနားနေ့သို့ ရောက်ရှိလာခဲ့လေပြီ။

လျှို့ဝှက်ဆန်းကြယ်နိုင်ငံတော်အတွင်းရှိ ကြယ်အဆင့် ဂိုဏ်းအားလုံးနီးပါး ရောက်ရှိလာကြပြီး ဂိုဏ်း၏ ရင်ပြင်သစ်ကြီး၌ နေရာယူထားကြသည်။ ကမ္ဘာမြေ၏ ပြောင်းလဲမှုများကြောင့် ယခုရင်ပြင်ကြီးမှာ မိုင်ပေါင်းများစွာ ကျယ်ပြန့်သွားခဲ့ပြီး လူပေါင်း တစ်သိန်းခန့်အထိ ဝင်ဆံ့နိုင်နေပြီ ဖြစ်၏။ ထို့အပြင် ရင်ပြင်ပတ်ပတ်လည်၌လည်း မီတာ (၁၀၀) အမြင့်ရှိသော တိုင်လုံးကြီး (၁၀၀) ကို စိုက်ထူထားပြီး၊ ၎င်းတို့အပေါ်၌ ရှုပ်ထွေးနက်နဲလှသော ဝင်္ကပါပုံစံများ ရေးဆွဲထားကာ မူလနတ်ဘုရားအဆင့် အထွတ်အထိပ်၏ တိုက်ခိုက်မှုများကိုပင် ခံနိုင်ရည်ရှိအောင် စီမံထားလေသည်။

ရင်ပြင်တစ်ခုလုံး လူသံများဖြင့် ဆူညံပွက်လောရိုက်နေတော့သည်။ ရေပေါ်ဖြူမြို့တော်မှ အစေခံမလေးများကလည်း အရသာရှိလှသော ဟင်းလျာများကို တစ်မျိုးပြီးတစ်မျိုး စီစဉ်ပို့ဆောင်ပေးနေကြလေ၏။

ဂိုဏ်းချုပ်၏ ပင်မထိုင်ခုံ၌မူ ယဲ့ဖုန်းသည် ခန့်ညားထည်ဝါစွာ ထိုင်နေပြီး ဧည့်သည်တော်များ၏ အထင်ကြီး လေးစားသော အကြည့်များကို တည်ငြိမ်စွာ လက်ခံရယူနေလေသည်။

“ဂိုဏ်းချုပ်ယဲ့... ဂုဏ်ယူပါတယ် ဂုဏ်ယူပါတယ်ဗျာ...”

“မြူခိုးဂိုဏ်းကြီးက မကြာခင်မှာ ကြယ်လေးပွင့်၊ ကြယ်ငါးပွင့်အထိ အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ...”

ကျန်းလင်းဘိုးဘေး၊ လင်မြောင်ဘိုးဘေး၊ ရတနာစုံ တာအိုပညာရှင်နှင့် လေ့ဝူဘိုးဘေးတို့မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြပြီး လက်ဆောင်ပစ္စည်းများ ဆက်သကြလေသည်။

“အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ...”

ယဲ့ဖုန်းက အပြုံးလေးဖြင့် ခေါင်းညိတ်ကာ နှုတ်ဆက်နေတော့၏။

ဤပွဲတော်သို့ လျှို့ဝှက်ဆန်းကြယ်နိုင်ငံတော်မှသာမက တောင်မင်နိုင်ငံ၊ မဟာလျန်မိစ္ဆာနိုင်ငံနှင့် လေ့ဝူမင်းဆက်တို့မှပါ ဧည့်သည်တော်များ ရောက်ရှိလာကြသည့်အပြင် ကျောင်းယန် သန့်စင်သောမြို့တော်မှပင် ဟင်းလင်းပြင်ဖြိုခွဲအဆင့် အကြီးအကဲများစွာ လာရောက်ခဲ့ကြလေသည်။

“ဂိုဏ်းချုပ်ယဲ့... ကျွန်တော်တို့ အသက်ကို ချမ်းသာပေးပါဗျာ…”

လူတွေ အစားအသောက် စားဖို့ ပြင်နေတုန်းမှာပင်... ရုတ်တရက်ဆိုသလို ဟင်းလင်းပြင်ဖြိုခွဲအဆင့် (၃) အထိ ရှိကြသည့် အကြီးအကဲ ဒါဇင်ပေါင်းများစွာဟာ ရင်ပြင်အလယ်မှာ ဒူးထောက်လိုက်ကြ၏။ သူတို့၏ ကျောပေါ်မှာလည်း ကြိမ်လုံးတွေကို ထမ်းထားပြီး ရှိုက်ကြီးတငင် ငိုယိုနေကြတော့သည်။

ဒီမြင်ကွင်းကြောင့် လူအုပ်ကြီး တစ်ခုလုံး ဆွံ့အသွားရ၏။

ယဲ့ဖုန်းတောင် ခဏလောက် ကြောင်အသွားရရှာသည်။

‘ဒါ.. ဘာတွေ ဖြစ်နေတာလဲ ..’

--

All Chapters