← Chapters

အခန်း ၆၂၉

Vol. 42 Ch. 629

အခန်း ၆၂၉

Vol. 42 Ch. 629

အခန်း (၆၂၉) အပြစ်ဝန်ခံခြင်း၊ ကောင်းကင်ဧကရာဇ်များ ဆင်းသက်လာခြင်းနှင့် တပိုင်း အဆင့် သူတော်စင်၏ ကိုယ်ပွား

မြင်ကွင်းမှာ တကယ့်ကို ထူးဆန်းအံ့ဩဖွယ်ရာ ကောင်းလှပေသည်။

ရေပေါ်ဖြူမြို့တော်ရှိ ရင်ပြင်သစ်ကြီးအတွင်း စုဝေးနေကြသော ဧည့်သည်တော်များမှာ သူတို့၏ မျက်လုံးများကိုပင် သူတို့ကိုယ်တိုင် မယုံကြည်နိုင်အောင် ဖြစ်နေကြရရှာသည်။

အထူးသဖြင့် ကျောင်းယန် သန့်စင်သောမြို့တော်မှ ရောက်ရှိလာကြသည့် ကျင့်ကြံသူများမှာ သူတို့ သိကျွမ်းထားသော အဆင့်မြင့် ပုဂ္ဂိုလ်များကို ကြည့်ကာ ဆွံ့အလျက် ရှိနေကြတော့သည်။

“ဟာ... ဒါ ဘာတွေ ဖြစ်ကုန်တာလဲ”

“ဟောဗျာ... ဟိုမှာကြည့်စမ်း။ ဟိုလူက ရှုမေ့ဘိုးဘေးရဲ့ တပည့်ရင်းကြီး မဟုတ်လား။ သူ့ကို ဟင်းလင်းပြင်ဖြိုခွဲအဆင့် (၁) ကို ရောက်ဖို့ နှစ်ပေါင်း (၁၀၀၀) ပဲ ကြာခဲ့တဲ့ တကယ့် ပါရမီရှင်လို့ ပြောကြတာလေ။ အခုတော့ ဘာဖြစ်လို့ ခွေးတိုးဝက်တိုးပုံစံနဲ့ ဖြစ်နေရတာလဲ ”

“ဟိုးမှာ... ဟို လင်မယားကိုလည်း ကြည့်ဦး။ ဝူရှန်းဘိုးဘေးနဲ့ ဆွေ့ထျန်းဘိုးဘေးတို့ရဲ့ သားနဲ့ သမီး မဟုတ်လား။ သူတို့လည်း ဘာလို့ ဒီလိုကြီး လုပ်နေရတာလဲ ”

ယဲ့ဖုန်းကတော့ ထိုင်ခုံမှာ ခပ်အေးအေးပဲ မှီထိုင်နေရင်း မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။

“ဟင်း... ဒီလူတွေကတော့ တော်တော်လေးကို ဇာတ်နာအောင် ကပြနေကြတာပဲ။ ကြည့်ရတာ ကြိမ်ထမ်းပြီး အပြစ်ဝန်ခံတယ် ဆိုတဲ့ အကွက်ပေါ့လေ။ တကယ်ကို အနုပညာ ဆန်လွန်းပါတယ် ”

“ကြိမ်ထမ်းပြီး အပြစ်ဝန်ခံတယ် ”

ယဲ့ဖုန်းရဲ့ ပါးစပ်ကနေ အဲဒီစကားလုံး ထွက်လာသည့်အခါ လူတိုင်း၏ မျက်လုံးတွေက အရောင်လက်သွားကြတော့သည်။

ယဲ့ဖုန်းသည် သူ၏ အရှေ့တွင် ဒူးထောက်လျက် ကျောပေါ်၌ ဆူးခက်များကို ထမ်းထားကြသော ဟင်းလင်းပြင်ဖြိုခွဲအဆင့် အကြီးအကဲများကို အကဲခတ်လိုက်၏။ သူတို့၏ မျက်နှာများမှာ ကြောက်ရွံ့မှုနှင့် ရှက်ရွံ့မှုတို့ ရောပြွမ်းနေပြီး ကိုယ်ခန္ဓာများမှာလည်း တုန်ယင်နေကြရှာသည်။

“မင်းတို့က ရှုမေ့ဘိုးဘေး... ဝူရှန်းဘိုးဘေးနဲ့ ဆွေ့ထျန်းဘိုးဘေးတို့ရဲ့ တပည့်တွေ... သားသမီးတွေပေါ့ ဟုတ်လား ”

“ဟုတ်ပါတယ် ”

“ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေက ကောက်ကျစ်စဉ်းလဲလှတဲ့ လင်ဟွေဘိုးဘေးရဲ့ လှည့်ဖြားမှုကို ခံလိုက်ရလို့ ဂိုဏ်းချုပ်ယဲ့ကို ပြစ်မှားမိတာပါ။ ဒါပေမဲ့ သူတို့ရဲ့ အပြစ်က သေလောက်တဲ့အထိတော့ မကြီးလေးပါဘူး။ ဂိုဏ်းချုပ်ယဲ့ အနေနဲ့ သူတို့ကို အသက်ချမ်းသာပေးဖို့ တောင်းပန်ပါတယ် ”

“ဟုတ်ပါတယ် ဂိုဏ်းချုပ်ယဲ့... ဂိုဏ်းကို လာတိုက်တာက လင်ဟွေဘိုးဘေးရဲ့ စီစဉ်မှုသက်သက်ပါ။ ကျွန်တော်တို့ ဘိုးဘေးတွေကတော့ သူ့နောက်ကို လိုက်လာရုံတင် ရှိတာပါ။ ရေပေါ်ဖြူမြို့တော်မှာ ပြန့်နေတဲ့ အရိပ်မှတ်တမ်းတင်ကျောက်တုံးထဲမှာတောင် ကျွန်တော်တို့ ဘိုးဘေးတွေ ဘာမှ မလုပ်ခဲ့တာကို တွေ့နိုင်ပါတယ် ”

ယဲ့ဖုန်းကတော့ ခပ်အေးအေးပဲ လှောင်ပြောင်လိုက်၏။

“ဪ... ဆိုတော့ မင်းတို့က သူတို့ကို လာပြီး ရွေးချင်တာပေါ့ ”

ယဲ့ဖုန်း၏ လေသံက ရုတ်တရက် အေးစက်သွားသည်နှင့်အမျှ ပတ်ဝန်းကျင်တစ်ခုလုံးမှာ စိမ့်ခနဲ အေးခဲသွားသလို ခံစားလိုက်ရပေသည်။ ယခုအခါ ယဲ့ဖုန်း၏ ရုပ်ခန္ဓာခွန်အားမှာ ကောင်းကင်နှင့် မြေကြီးကိုပင် ကိုင်လှုပ်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူ လက်ကလေး တစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့်ပင် လေထုထဲ၌ အက်ကြောင်းများ ထင်ကျန်ခဲ့ပြီး သူ၏ အသက်ရှူသံ တစ်ချက်စီတိုင်းမှာပင် လေဟာနယ်ကို တစ်စစီ ပြိုကွဲစေနိုင်လောက်အောင် ပြင်းထန်လှပေသည်။

ထိုအခိုက်အတန့်၌ ကောင်းကင်ယံကြီးသည် မမြင်ရသော လက်အစုံ (၃) စုံ၏ ဆွဲဖြဲခြင်းကို ခံလိုက်ရသကဲ့သို့ ဝုန်းခနဲ ပွင့်ထွက်သွားတော့သည်။ ခပ်ဩဩ အသံကြီး တစ်သံသည်လည်း ကောင်းကင်ယံမှနေ၍ လွင့်ပျံ့ကျဆင်းလာသည်။ နေရာလပ် အက်ကြောင်းများကြားမှနေ၍ ခမ်းနားထည်ဝါသော ပုံရိပ် (၃) ခုမှာ ဖြည်းညှင်းစွာ ဆင်းသက်လာကြတော့၏။

“ဟားဟားဟား ”

“ဂိုဏ်းချုပ်ယဲ့... ကျွန်တော်တို့ ဖိတ်စာမပါဘဲ ရောက်လာတာကို စိတ်မရှိပါနဲ့”

“ခွင့်လွှတ်တတ်တာက သူတော်ကောင်းတို့ရဲ့ ကျင့်ဝတ်တစ်ခုပဲ မဟုတ်လား။ ရှုမေ့ဘိုးဘေးတို့ တစ်သိုက်ရဲ့ အပြစ်က သေသင့်သေထိုက်တာမျိုး မဟုတ်ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ သူတို့ကို ရွေးဖို့အတွက် များပြားလှတဲ့ လျော်ကြေးတွေ ပေးပါ့မယ် ”

ပုံရိပ် (၃) ခု ပေါ်လာတာနှင့်တင် တစ်လောကလုံးကို လွှမ်းမိုးသွားနိုင်သည့် ဖိအားကြီးတစ်ခု ပါလာတော့သည်ပင်။

“ဒါက ဝတ်ရုံဖြူ ကောင်းကင်ဧကရာဇ်... နဂါးဝါ ကောင်းကင်ဧကရာဇ်နဲ့ နတ်ဘုရားပင်လယ် နဂါးဧကရီတို့ပဲ ”

ကျန်းလင်း ဘိုးဘေးက ယဲ့ဖုန်း၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ရှင်းပြရှာသည်။ ယဲ့ဖုန်းကတော့ ထိုင်ခုံမှာပဲ ခပ်အေးအေး ထိုင်နေတုန်းပင်။

“ဪ... ကျောက်

ယန်မြို့တော်က ကောင်းကင်ဧကရာဇ် (၃) ပါးကိုး။ ကျွန်တော့်ရဲ့ မြူခိုးဂိုဏ်း ကြယ်သုံးပွင့်အဆင့် တက်တဲ့ပွဲလေးက ခင်ဗျားတို့ကို ဒီအထိ ရောက်လာအောင် ဆွဲဆောင်နိုင်လောက်တဲ့အထိ မကြီးကျယ်ပါဘူး။ ကြည့်ရတာ ရှုမေ့ဘိုးဘေးတို့အတွက် လာပြီး အသနားခံပေးကြတာပေါ့ ”

ယဲ့ဖုန်းကတော့ လုံးဝကို မလှုပ်မယှက်ပါပင်။

ကောင်းကင်ဧကရာဇ် သုံးပါးသည် ယဲ့ဖုန်းကို ကြည့်ကာ စိတ်ထဲမှ တုန်လှုပ်နေကြရရှာသည်။ သူတို့သည် ကောင်းကင်မျက်လုံးကို အသုံးပြုကာ ယဲ့ဖုန်း၏ အနက်အဓိပ္ပာယ်ကို ကြည့်ရှုသော်လည်း မမြင်နိုင်ကြပေ။

မြင်ရသည်မှာ အဆုံးအစမရှိသော ကြယ်တာရာ ပင်လယ်ကြီးပမာ ပြင်းထန်လှသည့် အသက်ဓာတ် စွမ်းအားများသာ ဖြစ်သည်။

“ဂိုဏ်းချုပ်ယဲ့... ရှုမေ့ဘိုးဘေးတို့က ကျောင်းယန် မြို့တော်ရဲ့ အရေးကြီးတဲ့ အင်အားစုတွေပါ။ နောက်ဆိုရင် ကြယ်စင်ယံကလာမယ့် ရန်သူတွေကို တိုက်ခိုက်ဖို့ သူတို့ရဲ့ ခွန်အားတွေ လိုအပ်ပါတယ်။ ဒီတစ်ခါတော့ သူတို့ လင်ဟွေဘိုးဘေးရဲ့ ဖျားယောင်းမှုကို ခံလိုက်ရလို့ မှားသွားတာပါ။ သူတို့ အမှားက သေလောက်တဲ့အထိတော့ မဟုတ်ပါဘူး။ သူတို့ကို အသက်ချမ်းသာပေးလို့ မရဘူးလား”

ဝတ်ရုံဖြူ ကောင်းကင်ဧကရာဇ်က လက်နှစ်ဖက် ဆုပ်ပြီး ယဉ်ယဉ်ကျေးကျေး တောင်းပန်ရှာ၏။

“ဟုတ်တယ်... သူတို့ အပြစ်က သေသင့်တာမျိုးတော့ မဟုတ်ဘူး ”

ယဲ့ဖုန်းက ခေါင်းညိတ်လိုက်၏။

“လူတစ်ယောက်ကို အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ တစ်ခုစီနဲ့ လာရွေးပါ”

“ဘာ... လူတစ်ယောက်ကို ဝိညာဉ်ရတနာ တစ်ခုလား။ ဒါက လူကို အစိမ်းလိုက် ဝါးစားတာပဲ ”

နတ်ဘုရားပင်လယ် နဂါးဧကရီကတော့ စိတ်ထဲမှ တီးတိုးရေရွတ်နေမိ၏။

‘ဟူး... ငါ့မှာသာ အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ ရှိရင် ဒီလိုလူတွေကို လာရွေးမနေပါဘူး’

ယဲ့ဖုန်းက ကောင်းကင်ဧကရာဇ် (၃) ပါးကို ကြည့်ပြီး နှုတ်ခမ်းလေး တွန့်ရုံ ပြုံးလိုက်၏။

“ဘာလဲ... ခင်ဗျားတို့ သဘောမတူဘူးလား ”

“သဘောမတူရင်လည်း လာခဲ့တဲ့ လမ်းအတိုင်းပဲ ပြန်လှည့်သွားကြပေါ့ ”

ထိုအခိုက်အတန့်၌ မြူခိုးဂိုဏ်းအတွင်းဝယ် လေပြေအေးလေး တစ်ချက် ဝှေ့ယမ်းတိုက်ခိုက်သွားသည်။ ဝိညာဉ်ရေကန်အတွင်းမှ ရေကြည်များသည် လေထဲသို့ ပျံတက်လာကာ ခံ့ညားလှသော အမျိုးသားတစ်ဦး၏ ပုံရိပ်ကို ပုံဖော်လိုက်တော့၏။ ထိုပုံရိပ်သည် ရင်ပြင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာရင်း တဖြည်းဖြည်းနှင့် ထင်ရှားပြတ်သားလာပြီး ပန်းချီကားတစ်ချပ်အတွင်းမှ အသက်ဝင်ကာ ထွက်ပေါ်လာသည့်အလား ရှိနေတော့သည်။

ဒီလူက ကျောက်စိမ်းရောင် ဝတ်ရုံကြီးကို ဝတ်ထားပြီး လက်နှစ်ဖက်ကို အနောက်မှာ ပစ်ထားသည်။ ဆံပင်ကိုလည်း ကျောက်စိမ်းသရဖူနှင့် သေသေသပ်သပ် စည်းထားတာကြောင့် ကြည့်ရတာ တကယ့်ကို ပညာရှိကြီး တစ်ယောက်လိုပါပင်။

“မြို့စားမင်းကို ဂါရဝပြုပါတယ် ”

ကောင်းကင်ဧကရာဇ် (၃) ပါးစလုံး ဒူးထောက်ပြီး အရိုအသေ ပေးလိုက်ကြတော့သည်။

“မြို့စားမင်း ဟုတ်လား။ ဟိုက်... သူက ကျောင်းယန် မြို့တော်ရဲ့ မြို့စားမင်း... တပိုင်း အဆင့် သူတော်စင်ရဲ့ ကိုယ်ပွား မဟုတ်လား ”

“တပိုင်း အဆင့် သူတော်စင် မဟာသခင်ကြီးကို ဂါရဝပြုပါတယ်ဗျာ ”

ယဲ့ဖုန်း တစ်ယောက်သာ ထိုင်ခုံမှာ ဆက်ထိုင်နေရင်း ရောက်လာသူကို စူးစိုက်ကြည့်လိုက်၏။

“တပိုင်း အဆင့် သူတော်စင်ရဲ့ ကိုယ်ပွားပေါ့လေ ”

ယဲ့ဖုန်းက တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်တော့၏။

--

All Chapters