← Chapters

အခန်း ၆၃၀

Vol. 42 Ch. 630

အခန်း ၆၃၀

Vol. 42 Ch. 630

အခန်း (၆၃၀) မြို့စားမင်း အလျှော့ပေးခြင်းနှင့် ဝိညာဉ်ရတနာဖြင့် လဲလှယ်ခြင်း

ကြွရောက်လာသူမှာ ကျောင်းယန် သန့်စင်သောမြို့တော် မြို့စားမင်း၏ ကိုယ်ထည်ရင်း မဟုတ်ဘဲ မိုင်ပေါင်းသန်းချီသော ဟင်းလင်းပြင်ကို ဖြတ်ကျော်လာသည့် ဝိညာဉ်အာရုံ ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်သော်လည်း ထိုသူ၏ အရှိန်အဝါမှာ ထူးကဲလွန်းလှရာ ယဲ့ဖုန်းမှာ ကောင်းကင်ဧကရာဇ်ထက်ပင် သာလွန်သော ထူးကဲမြင့်မြတ်သည့် ဂုဏ်ရည်ကို ခံစားလိုက်ရ၏။

'သူ့ရဲ့ ကိုယ်ထည်ရင်းနဲ့ တိုက်ရိုက် ရင်ဆိုင်ဖို့ဆိုရင် ငါ့ရဲ့ မူလအနှစ်သာရစွမ်းအားကို (၁၀) ဆ တိုးမြှင့်ထားတဲ့ အခြေအနေမှာ ရှိနေမှသာ အခွင့်အရေး အနည်းငယ် ရှိနိုင်လိမ့်မယ် ... '

ယဲ့ဖုန်းသည် စိတ်ထဲမှနေ၍ အခြေအနေကို တွက်ချက်နေသည်။ တပိုင်း အဆင့် သူတော်စင် ဆိုသည်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှု ဖြစ်၏။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ကောင်းကင်ဧကရာဇ် အဆင့်သို့ ရောက်ရှိ၍ 'ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း' ကို အသုံးပြုလျှင်ပင် တပိုင်း အဆင့် သူတော်စင်ကို အနိုင်ယူနိုင်ရန် ခဲယဉ်းလိမ့်မည်ဟု ယဲ့ဖုန်း ခံစားနေရသည်။ တိုက်ခိုက်ရေးစွမ်းအား ကွာဟချက်သာမက နတ်ဘုရားစွမ်းရည် အဆင့်အတန်းချင်းလည်း ကွာခြားနေသောကြောင့်ပါ။

တပိုင်း အဆင့် သူတော်စင် ဆိုသည်မှာ 'သူတော်စင်' ဟူသော အမည်နာမနှင့်အညီ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို အမြောက်အမြား ထိန်းချုပ်နိုင်ပြီး ဟင်းလင်းပြင်ဖြိုခွဲအဆင့် ကျင့်ကြံသူများ မလိုက်နိုင်သော နက်ရှိုင်းသည့် နတ်ဘုရားစွမ်းရည်များကို ထုတ်ဖော်နိုင်စွမ်း ရှိကြသည်။ သို့သော် ယခု ရောက်ရှိလာသူမှာ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်သည်။ ယဲ့ဖုန်းအနေဖြင့် လက်သီးတစ်ချက်တည်းနှင့် ထိုကိုယ်ပွားကို အမှုန့်လုပ်နိုင်သော်လည်း ကျောင်းယန် မြို့စားမင်း၏ မျက်နှာကို ထောက်ထားသောအားဖြင့် နေရာမှ ထလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ စကားဆိုလိုက်၏။

“ကျောင်းယန် မြို့စားမင်းကြီး ကိုယ်တိုင် ကြွလာတာပဲ ... ကြိုဆိုဖို့ ပျက်ကွက်သွားတာ ခွင့်လွှတ်ပါဗျာ ... ”

မြို့စားမင်းကိုယ်ပွားက ခေါင်းညိတ်ပြရင်း ပြန်လည် စကားဆိုသည်။

“ဂိုဏ်းချုပ်ယဲ့ ... ငါ မင်းကို စောင့်ကြည့်နေခဲ့တာ တော်တော်ကြာပါပြီ ... ”

၎င်းမှာ သူ တောင်ပိုင်းမြစ်ဝှမ်းနယ်မြေသို့ ပထမဆုံးအကြိမ် လာရောက်ခြင်း မဟုတ်ပေ။ ယခင်တစ်ခေါက် လာရောက်စဉ်ကပင် မြူခိုးဂိုဏ်း၏ ကြီးမားလှသော ကံကြမ္မာအရှိန်အဝါကို သတိပြုမိခဲ့ပြီး ဤဂိုဏ်းမှာ သာမန်မဟုတ်ကြောင်း သူ သိရှိထားပြီး ဖြစ်သည်။

'ငါ့ကို စောင့်ကြည့်နေတာ ကြာပြီ ဟုတ်လား ... '

ထိုစကားကြောင့် ယဲ့ဖုန်းမှာ အနည်းငယ် အံ့အားသင့်သွား၏။ ကြည့်ရသည်မှာ ဤ တပိုင်း အဆင့် သူတော်စင်မှာ မြူခိုးဂိုဏ်းကို မျက်စိဒေါက်ထောက် ကြည့်နေခဲ့သည်မှာ ကြာပြီ ဖြစ်ဟန်တူသည်။ ယွီကျူးနှင့် သူ၏ ဆက်ဆံရေးကိုလည်း ဤမျှ အစွမ်းထက်သော မြို့စားမင်းအနေဖြင့် မသိဘဲ နေလိမ့်မည် မဟုတ်ပေ။

“တပိုင်း အဆင့် သူတော်စင် တစ်ယောက်ရဲ့ အာရုံစိုက်မှုကို ရတာက ဒီဂိုဏ်းချုပ်အတွက် ဂုဏ်ယူစရာပါပဲ ဗျ ... ”

ယဲ့ဖုန်းက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ယဉ်ကျေးစွာပင် လက်နှစ်ဖက် ဆုပ် နှုတ်ဆက်လိုက်၏။

မြို့စားမင်းကိုယ်ပွားက သူ လာရင်းကိစ္စကို တိုက်ရိုက်ပင် ဆို၏။

“ဂိုဏ်းချုပ်ယဲ့ ... ရှုမေ့ဘိုးဘေးတို့ အုပ်စုက ငါတို့ ကျောင်းယန် မြို့တော်ရဲ့ ထိပ်တန်း တိုက်ခိုက်ရေး အင်အားစုတွေ ပါ ... သူတို့က မြူခိုးဂိုဏ်းကို ပြစ်မှားခဲ့တယ် ဆိုပေမဲ့ သူတို့ အပြစ်က သေလောက်တဲ့အထိတော့ မကြီးလေးပါဘူး ... ဒါကြောင့် သူတို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ် ... ”

ယဲ့ဖုန်းက သူ၏ ရပ်တည်ချက်ကို ပြတ်သားစွာ ပြန်လည် ပြောကြားလိုက်၏။

“အင်း ... ခင်ဗျား ပြောတာလည်း ဟုတ်ပါတယ် ... ဒီလူတွေက သေသင့်တဲ့အထိတော့ မဟုတ်ဘူး ... အကယ်၍ သူတို့ကို ပြန်ရွေးချင်တယ် ဆိုရင်တော့ အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ တစ်ခုစီနဲ့ လဲရမယ် ဆိုရင်တော့ ဖြစ်နိုင်တယ် ဗျ ... ”

“ဘုရားရေ ... ”

ဘေးမှ ကြည့်နေသော လူအုပ်ကြီးမှာ အသက်ရှူပင် မှားသွားကြကုန်၏။ တပိုင်း အဆင့် သူတော်စင်နှင့် ဤကဲ့သို့ ဈေးဆစ်ရဲသည်မှာ အံ့ဩစရာပင်။ အချို့မှာ တပိုင်း အဆင့် သူတော်စင်၏ ဒေါသကို ကြောက်ရွံ့သဖြင့် တုန်လှုပ်နေကြတော့၏။

မြို့စားမင်းကိုယ်ပွားက ခေါင်းခါယမ်းရင်း ဆို၏။

“ဒါက တန်ဖိုး အရမ်းကြီးလွန်းတယ်... ဂိုဏ်းချုပ်ယဲ့လည်း သိတဲ့အတိုင်း သူတို့က ဟင်းလင်းပြင်ဖြိုခွဲအဆင့် (၇) မှာပဲ ရှိသေးတာ ... အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ တစ်ခုရဲ့ တန်ဖိုးကို သူတို့ မမီနိုင်ဘူး လေ ... ”

'ငါ့ကို ပြန်ပြီး ဈေးဆစ်နေတာလား ... '

ယဲ့ဖုန်းက နှုတ်ခမ်းကို အနည်းငယ် မဲ့လိုက်ပြီး ပြန်မေးလိုက်၏။

“ဒါဆို တပိုင်း အဆင့် သူတော်စင် မဟာသခင်ကြီး အနေနဲ့ ဘယ်လို လဲလှယ်မှုမျိုးက တရားမျှတတယ်လို့ ထင်ပါသလဲ... ”

“အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ တစ်ခု ပေးမယ် ... ပြီးရင် ရှုမေ့ဘိုးဘေးတို့ အုပ်စု အားလုံးကို ငါ ခေါ်သွားမယ် ... ” မြို့စားမင်းက သူ၏ နောက်ဆုံး အခြေအနေကို ပြောပြလာသည်။

ယဲ့ဖုန်းက လက်ယမ်းကာ ငြင်းဆန်လိုက်၏။

“ဟင်းလင်းပြင်ဖြိုခွဲအဆင့် (၇) ကျင့်ကြံသူ အများကြီးကို အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ တစ်ခုတည်းနဲ့ လဲမယ် ဆိုတာ ... မဟုတ်သေးဘူး ... ကျွန်တော့်မှာ နောက်ထပ် အခြေအနေ တစ်ခု ရှိသေးတယ် ... ”

မြို့စားမင်း၏ နှုတ်ခမ်းထောင့်များပင် တွန့်ကွေးသွားရသည်။ ဤယဲ့ဖုန်းမှာ တကယ့်ကို ကိုင်ရတွက်ရ ခက်သော လူပင် ဖြစ်၏။ အကယ်၍ သူ မလာမီက ကောင်းကင်မျက်လုံးကို အသုံးပြုကာ ယဲ့ဖုန်းမှာ တပိုင်း အဆင့် သူတော်စင် ဖြစ်လာရန် အလားအလာ အလွန်များသော ရုပ်ခန္ဓာကျင့်စဉ် ကောင်းကင်ဧကရာဇ် ဖြစ်ကြောင်း မသိထားခဲ့လျှင်၊ ထို့ပြင် တစ်စုံတစ်ဦး၏ အကြံပြုချက်ကို မရရှိထားခဲ့လျှင် သူသည် ဤမျှအထိ အလျှော့ပေးလိမ့်မည် မဟုတ်ပေ။

ပွဲတက်လာသူများမှာလည်း ယဲ့ဖုန်း၏ နောက်ထပ် အခြေအနေကို ကြားရသောအခါ ရင်တမမ ဖြစ်သွားကြပြန်၏။ အချို့မှာ စားပွဲအောက်သို့ပင် ခေါင်းတိုးဝင်သွားကြတော့၏။ သူတို့နှစ်ဦး အဆင်မပြေဘဲ တိုက်ပွဲ ဖြစ်ပွားခဲ့လျှင် မြူခိုးဂိုဏ်းတစ်ခုလုံး ပျက်စီးသွားနိုင်ပြီး သူတို့လည်း အလကားနေရင်း အသတ်ခံရမည်ကို စိုးရိမ်နေကြခြင်း ဖြစ်၏။

သို့သော် လူတိုင်း စိုးရိမ်နေစဉ်မှာပင် မြို့စားမင်းကိုယ်ပွားက မေးမြန်းလိုက်၏။

“ဘာအခြေအနေမျိုးလဲ ဆိုတာ ပြောပါဦး ... ”

ယဲ့ဖုန်းက ပြုံးလျက် ဆို၏။

“ကျွန်တော့်ကို ကျောင်းယန် မြို့တော်ရဲ့ ဘဏ္ဍာတိုက်ထဲက ပစ္စည်းတစ်ခုကို စိတ်ကြိုက် ရွေးခွင့်ပေးပါ ... ခင်ဗျား သဘောကောင်းမယ် ဆိုရင်တော့ အများကြီး ရွေးခွင့်ပေးရင် ပိုကောင်းတာပေါ့ လေ ... ”

“ရတယ် ... ဒါပေမဲ့ တစ်ခုပဲ ရွေးရမယ် နော် ... ”

နောက်ဆုံးတွင် မြို့စားမင်းကိုယ်ပွားမှာ အလျှော့ပေးလိုက်ရသည်။

ယဲ့ဖုန်းက အခွင့်အရေးကို ချက်ချင်း လက်ဆုပ်လက်ကိုင် ယူလိုက်၏။

“ကောင်းပြီ ... ဒါဆိုရင် ဒီနေ့ပဲ ဘဏ္ဍာတိုက်ကို သွားပြီး ရွေးကြတာပေါ့ ... ”

ထိုစကားကြောင့် မြို့စားမင်းမှာ ဒေါသပင် ထွက်ချင်လာတော့၏။ သူသည် ဘဏ္ဍာတိုက်ထဲမှ အဖိုးတန်ဆုံးသော ကောင်းကင်နှင့် မြေကြီး ရတနာများကို အခြားတစ်နေရာသို့ အရင် ရွှေ့ပြောင်းထားရန် ကြံရွယ်ထားသော်လည်း ယဲ့ဖုန်းက ယခုပင် သွားမည်ဟု ဆိုလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

“မြို့စားမင်းကြီး ... ဘဏ္ဍာတိုက်ကို သွားကြစို့ လေ ... ”

ယဲ့ဖုန်း၏ ပုံရိပ်မှာ လျှပ်တစ်ပြက်အတွင်း မြို့စားမင်းကိုယ်ပွား၏ ဘေးသို့ ရောက်ရှိလာသည်။

ယဲ့ဖုန်း အသက်ရှူလိုက်တိုင်း လေဟာနယ်မှာ အက်ကွဲသွားပြီး ထွက်ပေါ်လာသော ဖိအားကြောင့် မြို့စားမင်းကိုယ်ပွားမှာပင် ပျက်စီးသွားမတတ် ဖြစ်သွားရာ မြို့စားမင်းမှာ ရင်ထဲ၌ တုန်လှုပ်သွားရ၏။

“အရင်ဆုံး လူတွေကို လွှတ်ပေး ဦး လေ ... ”

မြို့စားမင်းက လေးနက်သော လေသံဖြင့် ဆိုသည်။

သူသည် လူကို မတွေ့ရဘဲ ပစ္စည်းကို လွှဲပေးရန် အစီအစဉ် မရှိပေ။

ထိုအခါ၊ ယဲ့ဖုန်းက ကြယ်တာရာမျှော်စင်ကို ထုတ်ယူကာ အသာအယာ ပစ်မြှောက်လိုက်၏။ ဝှီးဟူသော အသံနှင့်အတူ ရှုမေ့ဘိုးဘေး အပါအဝင် ကျောင်းယန် မြို့တော်မှ ဟင်းလင်းပြင်ဖြိုခွဲအဆင့် ဘိုးဘေးများ အားလုံးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျလာကြပြီး အမောတကော အသက်ရှူနေကြသည်။ သူတို့၏ အခြေခံအုတ်မြစ်များ ထိခိုက်မှု မရှိသည်ကို တွေ့ရသောအခါမှ ကောင်းကင်ဧကရာဇ် (၃) ပါးနှင့် မြို့စားမင်းမှာ စိတ်အေးသွားကြတော့၏။

“မြို့တော်ကို ရောက်တာနဲ့ ဝိညာဉ်ရတနာကို ပေးမယ် ... ”

မြို့စားမင်းက နယ်ပယ်ကျော် နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ကို ထုတ်ယူကာ ချေမွလိုက်ရာ ကြီးမားသော အာကာသအက်ကြောင်းကြီး ပွင့်လာပြီး ဟိုဘက်အခြမ်းတွင် စည်ကားလှသော ကျောင်းယန် မြို့တော်ကို မြင်တွေ့လိုက်ရသည်။

“သွားကြစို့ ... ”

မြို့စားမင်းက လက်ဝှေ့ယမ်းပြပြီး ရှုမေ့ဘိုးဘေးတို့ အုပ်စုကို ဦးဆောင်ကာ အက်ကြောင်းအတွင်းသို့ ဝင်ရောက်သွား၏။ ယဲ့ဖုန်းကလည်း တည်ငြိမ်သော အမူအရာဖြင့် နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားသည်။

ကျောင်းယန် မြို့တော်သို့ ရောက်ရှိသောအခါ မြို့စားမင်းက အမိန့်ပေးလိုက်၏။

“မင်းတို့တွေ ရှုမေ့ဘိုးဘေးတို့ကို ပြုစုပေးလိုက်ကြ ... ဂိုဏ်းချုပ်ယဲ့ ... ကျွန်တော်နဲ့ လိုက်ခဲ့ပါ ... ”

ယဲ့ဖုန်းသည် မြို့စားမင်း၏ နောက်မှ လိုက်ပါသွားရာ မကြာမီမှာပင် ကျောင်းယန် မြို့တော် သန့်ရှင်းသောဗိမာန်တော်၏ ဘေးဆောင်တစ်ခုသို့ ရောက်ရှိသွားသည်။ ထိုနေရာမှာ မြို့တော်၏ ဘဏ္ဍာတိုက်ပင် ဖြစ်၏။

“ဒီမှာ ကောင်းကင်နဲ့ မြေကြီး ရတနာ အမျိုးပေါင်း သန်းနဲ့ချီ ရှိတယ် ... ပြီးတော့ အဖိုးတန် ဝိညာဉ်လက်နက်တွေနဲ့ ဝိညာဉ်ရတနာတွေလည်း အများကြီးပဲ ... မင်း အနေနဲ့ အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ တစ်ခုနဲ့ ရတနာ တစ်ခုကို စိတ်ကြိုက် ရွေးနိုင်တယ် ... ”

မြို့စားမင်းကိုယ်ပွားမှာ ယဲ့ဖုန်းက ပစ္စည်းများကို ရမ်းသမ်းယူသွားမည်ကို စိုးရိမ်သဖြင့် ဘေးမှ ကပ်၍ လိုက်ပါနေသည်။

ယဲ့ဖုန်းက ပြုံးလျက် ဆို၏။

“ကောင်းပါပြီ ... ကျေးဇူးတင်ပါတယ် စီနီယာ ... ”

ဘဏ္ဍာတိုက်ကြီးမှာ ကျယ်ပြောလှပြီး အတွင်းပိုင်းမှာ ဂူကောင်းကင်ကမ္ဘာ တစ်ခုကဲ့သို့ပင် ဖြစ်သည်။ လေထဲတွင် ကြယ်စင်ယံကဲ့သို့ လွင့်မျောနေသော အလင်းလုံးပေါင်း များစွာ ရှိနေ၏။ အလင်းလုံး တစ်ခုစီတိုင်းမှာ ကောင်းကင်နှင့် မြေကြီး ရတနာ တစ်ခုစီပင် ဖြစ်သည်။ ယဲ့ဖုန်းမှာ တစ်ခုခုကို အာရုံခံမိသွားပြီး အလင်းလုံး တစ်ခုကို ဖမ်းဆုပ်လိုက်ရာ အတွင်း၌ ကျိုးပဲ့နေသော ကြေးနီပိုင်းလေး တစ်ခုကို မြင်တွေ့လိုက်ရသဖြင့် နှုတ်ခမ်းများ တွန့်ရုံ ပြုံးလိုက်မိ၏။

“အဆင့်မြင့် ဝိညာဉ်ရတနာ အဆင့်ရှိတဲ့ ရှေးဟောင်း ကြေးနီပိုင်းလေး လား ... တကယ်ပဲ ဒါကို ယူမှာလား ... ” မြို့စားမင်းက အနည်းငယ် အံ့ဩစွာ မေးသည်။

“ဟုတ်တယ် ... ဒါပဲ ယူမယ် ... ”

“ကောင်းပြီ လေ ... ”

မြို့စားမင်းမှာ စိတ်ထဲတွင် သက်ပြင်းချလိုက်မိ၏။

ထိုကြေးနီပိုင်းမှာ အဆင့်မြင့်သော်လည်း အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ ပြုလုပ်ရန်အတွက်သာ သုံးနိုင်ပြီး လက်ရှိ တန်ဖိုးမှာ အဆင့်မြင့် ဝိညာဉ်ရတနာ အပြည့်အစုံ တစ်ခုကိုပင် မမီနိုင်ပေ။ မြို့စားမင်း၏ အမြင်တွင် ယဲ့ဖုန်းမှာ သူ့ကို မျက်နှာနာသောအားဖြင့် တန်ဖိုးနည်းသည့် အရာကို ရွေးလိုက်သည်ဟု ထင်မှတ်သဖြင့် စိတ်ကြည်သွားသည်။

“ကဲ ... အခု အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ တစ်ခု ထပ်ရွေးပါ ဦး ... ”

မြို့စားမင်း၏ လေသံမှာ အတော်လေး နူးညံ့သွားပြီး လက်ယမ်းလိုက်ရာ အနီးရှိ အလင်းလုံး တစ်ခု အနားသို့ ရောက်လာသည်။

ယဲ့ဖုန်း ကြည့်လိုက်ရာ ခရမ်းရွှေရောင် တောက်ပနေသော လှံရှည်ကြီး တစ်လက် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ လှံရိုးပေါ်တွင် 'ကောင်းကင်ပေါက် ခရမ်းရွှေလှံ' ဟူသော စာလုံးများကို တံဆိပ်ခတ်နှိပ်ထားသည်။

“ချွင် ... ”

ယဲ့ဖုန်းက ထိုလှံကို လှမ်းဖမ်းလိုက်သောအခါ လှံကြီးမှာ ယဲ့ဖုန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် ရုပ်ခန္ဓာခွန်အားကို အာရုံခံမိသွားသဖြင့် တုန်ခါသွား၏။ အစပိုင်းတွင် ကြောက်ရွံ့နေဟန် ရှိသော်လည်း နောက်ပိုင်းတွင် စိတ်လှုပ်ရှားသွားဟန် ရှိသည်။

“သူက မင်းကို သဘောကျနေပုံပဲ.. ” မြို့စားမင်းက မှတ်ချက်ပေးသည်။

ဤလှံကြီးမှာ မာနကြီးလှသော ဝိညာဉ်ရတနာ တစ်ခု ဖြစ်သည်။ သာမန် ကောင်းကင်ဧကရာဇ်များကိုပင် အဖက်မလုပ်ဘဲ လွယ်လွယ်ကူကူ အညံ့မခံတတ်သောကြောင့် အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာများထဲတွင် ပြဿနာအရှာဆုံး ပစ္စည်းတစ်ခု ဖြစ်လေ၏။

“ကောင်းပြီ ... ဒါကိုပဲ ယူမယ် ... ”

ယဲ့ဖုန်းက လှံကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ လှံကြီးမှာ စိတ်လှုပ်ရှားလွန်းသဖြင့် သူ၏ လက်ထဲမှ ရုန်းထွက်၍ လေထဲတွင် ကခုန်ချင်နေသည့်အလား ရှိနေတော့သည်။

“စီနီယာကို ကျေးဇူးတင်ပါတယ် ဗျ ... စကားမစပ် မြူခိုးဂိုဏ်းမှာ အခု ကြယ်အဆင့် တက်တဲ့ ပွဲလုပ်နေတာ ... ခင်ဗျား လာပြီး တစ်ခွက်လောက် သောက်ချင်လား ဗျ ... ”

“မသောက်တော့ဘူး ... ”

မြို့စားမင်းမှာ ယဲ့ဖုန်းကို ဆက်မတွေ့ချင်တော့ဘဲ သူ အမြန်ဆုံး ထွက်သွားရန်သာ ဆုတောင်းနေမိသည်။

“ဒါဆိုရင်လည်း နှုတ်ဆက်ပါတယ် ဗျ ... ”

ယဲ့ဖုန်းမှာ ကြေးနီပိုင်းကို သိမ်းဆည်း၍ လှံကို ကိုင်ဆောင်ကာ ဘဏ္ဍာတိုက်မှ ထွက်ခွာလာခဲ့၏။ ထို့နောက် တဖြည်းဖြည်း ပြန်ပိတ်နေသော အာကာသအက်ကြောင်းကို ဖြတ်ကျော်ကာ မြူခိုးဂိုဏ်းသို့ ပြန်လည် ရောက်ရှိလာသည်။

“နောက်ဆုံးတော့ ဒီဘေးဆိုးကြီး ထွက်သွားပြီ ပဲ ... ”

မြို့စားမင်းက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ အာကာသအက်ကြောင်းမှာ လုံးဝ ပိတ်ဆို့သွားတော့၏။ ထို့နောက် ထိုကိုယ်ပွားမှာ သန့်ရှင်းသောဗိမာန်တော်၏ အလယ်ဗဟိုသို့ လျင်မြန်စွာ လျှောက်လှမ်းသွားသည်။

ထိုနေရာတွင် လူနှစ်ဦး ထိုင်နေကြ၏။

တစ်ဦးမှာ အမျိုးသား ဖြစ်ပြီး ကျန်တစ်ဦးမှာ အမျိုးသမီး ဖြစ်သည်။

--

All Chapters