အခန်း ၄၈၇
Vol. 33 Ch. 487
အခန်း (၄၈၇) ပြန်လည်ဆုံစည်းခြင်း
ခြံဝင်းအတွင်း၌ အနက်ရောင်ဝတ်လူသားသည် 'ကောင်းကင်စမ်းရေ နှလုံးသားသန့်စင် ဓားသိုင်း' ၏ အခန့်ညားဆုံး သိုင်းကွက်ကို ထုတ်ပြခဲ့သော်လည်း၊ ဆုမို၏ ဓားတစ်ချက်အောက်တွင်သာ အားလုံးမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ရသည်။ ဆုမို၏ ဓားသိုင်းမှာ တကယ့်ကို တစ်ဖက်ကမ်းခတ် ပြောင်မြောက်လှသည်မှာ အမှန်ပင်ဖြစ်၏။ သို့သော် အခြားတစ်ဖက်တွင်လည်း အနက်ရောင်ဝတ်လူသားသည် ဆုမိုနှင့် အသေအလဲ တိုက်ခိုက်လိုစိတ် မရှိခဲ့ပေ။
(အနက်ရောင်ဝတ်လူသားခမျာ ဆုမိုရဲ့ ဓားအောက်မှာ ငါတော့ သေပြီလို့ ထင်နေတုန်းမှာပဲ၊ သူ့နားထဲကို ဆုမိုရဲ့ တိုးညင်းတဲ့ အသံတစ်သံ ရောက်လာခဲ့တာလေ။ 'အရှေ့ဘက်ကို ပြေးတော့' တဲ့။ အဲဒီအချိန်က သူ့ရင်ဘတ်ကို ထိုးဖောက်သွားတယ်လို့ ထင်ရတဲ့ ဓားချက်ကလည်း တကယ်တော့ အရေပြားကို ခပ်ဖွဖွလေးပဲ ထိသွားတာ။)
ဆုမိုသည် သူ၏ ရပ်တည်ချက်နှင့် အနေအထားကို ပါးနပ်စွာ အသုံးချ၍ ချောင်းကြည့်နေသူများ မမြင်နိုင်အောင် ဖုံးကွယ်ထားခဲ့သည်။ ထို့နောက်မှ ရိုက်လိုက်သော 'ဇီယန် နတ်ဘုရားလက်ဝါး' မှာလည်း အရှိန်အဟုန် ပြင်းထန်လှသည်ဟု ထင်ရသော်လည်း၊ တကယ်တမ်းတွင်မူ တိုက်ခိုက်ခြင်းမဟုတ်ဘဲ တွန်းထုတ်လိုက်ခြင်းသာ ဖြစ်ပေသည်။
(လူတစ်ယောက်ကို တကယ်ရိုက်တာနဲ့ တွန်းထုတ်တာက သုံးတဲ့ အားချင်း မတူဘူးလေ။ ဒါပေမဲ့ ဆုမိုလို ကျွမ်းကျင်သူမျိုးအတွက်တော့ အဲဒီ အားနှစ်မျိုးကို တစ်ချက်တည်းနဲ့ ရောမွှေပစ်ဖို့ဆိုတာ ကလေးကစားစရာပါပဲ။ ရိုက်သလိုလိုနဲ့ တွန်းလိုက်တာဆိုတော့ ဘယ်သူမှ မရိပ်မိကြဘူးပေါ့။)
အနက်ရောင်ဝတ်လူသားသည် ဆုမို ညွှန်ကြားသည့်အတိုင်း အရှေ့ဘက်သို့ အသည်းအသန် ထွက်ပြေးခဲ့သလို၊ ဒဏ်ရာ အပြင်းအထန် ရထားဟန်ကိုလည်း ပီပြင်အောင် သရုပ်ဆောင်သွားခဲ့သေး၏။ သို့သော် သူ မမျှော်လင့်ထားသည်မှာ အရှေ့ဘက်ကို ပြေးခိုင်းလိုက်သော ဆုမိုက အခုထိ ပေါ်မလာသေးဘဲ နောက်ကျနေခြင်း ပင်တည်း။ သူသည် ယခုအခါတွင်မူ တကယ်ကို ဒဏ်ရာအပြင်းအထန် ရရှိနေပြီ ဖြစ်ပေသည်။
သူသည် ဆုမိုကို မော့ကြည့်ရင်း မချိတင်ကဲ မေးလိုက်သည်။
"မင်းက ဘာလို့ အခုမှ ရောက်လာရတာလဲကွာ"
"ကိစ္စလေးတွေ နည်းနည်း ရှိနေလို့ပါဗျာ။ သရုပ်ဆောင်တယ်ဆိုတာကလည်း အစကနေ အဆုံးထိ ပီပြင်ရမှာ မဟုတ်လား။ မင်းလည်း အတူတူပါပဲ"
ဆုမိုက အနက်ရောင်ဝတ်လူသားကို တစ်ချက်ကြည့်ကာ ပြုံး၍ ဆိုလိုက်၏။
"အကိုဟူနဲ့ ဉာဏ်စမ်းကစားတုန်းကလည်း မင်းက တစ်ချက်မှ နောက်မဆုတ်ခဲ့ဘူး မဟုတ်လား"
"..."
အနက်ရောင်ဝတ်လူသားမှာ ခေတ္တမျှ ဆွံ့အသွားပြီးမှ ရှက်ကိုးရှက်ကန်း ပြန်ပြောလိုက်သည်။
"အဲဒါက တခြားစီပါ... ဒါနဲ့ မင်း ငါ့ကို ဘယ်တုန်းကတည်းက သိနေတာလဲ"
"လန်ယွဲ့နန်းတော်ထဲမှာတုန်းကပေါ့။ အဲဒီနေ့က မင်း မျက်လုံးတွေကို အရင်လိုပဲ ဖြစ်အောင် ဟန်ဆောင်ထားပေမဲ့... စကားပုံတစ်ခု ရှိတယ်လေ၊ မျက်လုံးဆိုတာ စိတ်ဝိညာဉ်ရဲ့ ပြတင်းပေါက်ပဲတဲ့။ ဘယ်လိုပဲဖြစ်ဖြစ် အပြောင်းအလဲလေးတော့ ရှိတာပေါ့"
"အစတုန်းက မင်းရဲ့ အကြည့်တွေက ကလေးတစ်ယောက်လိုမျိုး တကယ့်ကို ကြည်လင်နေတာ။ ဒါပေမဲ့ နောက်ပိုင်းမှာ မင်း ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ၊ တည်ငြိမ်မှုတွေက ပေါ်နေတာပဲလေ။ အခုတလောတော့ မင်းရဲ့ သရုပ်ဆောင်မှုက တော်တော်လေး တိုးတက်လာတယ်လို့ ပြောရမလား၊ ဒါမှမဟုတ် မင်းကိုယ်တိုင်ကပဲ ဒီဇာတ်ရုပ်ထဲမှာ ပျော်နေတာလားတော့ မသိဘူးပေါ့"
(အမာရွတ်နဲ့ လူစိမ်းဆိုတဲ့ ဇာတ်ရုပ်ကတော့ တကယ်ကို ကောင်းပါပေ့။ ငါတောင် တစ်ခါတလေကျရင် သူက ဘယ်သူလဲဆိုတာ ဝေခွဲမရ ဖြစ်ဖြစ်သွားသေးတာ။)
ဆုမိုက အသာအယာ ပြုံးလိုက်ပြီးနောက် ရှေ့သို့ လှမ်းကြည့်လိုက်သည်။
"ကဲ... အလွမ်းသယ်တာတွေ တော်ပြီ။ ဟိုက လူတွေကို အကြာကြီး စောင့်ခိုင်းထားရင် မကောင်းဘူးလေ"
မျက်မှောက်တွင် ရှိနေသော လူရှစ်ယောက်ကို ဆုမိုက ဝေ့ကြည့်လိုက်၏။ 'သရဲငါးပါး ကောင်းကင်ပိုက်ကွန်' အဖွဲ့မှာ ဆုမိုအား အေးစက်စွာ စိုက်ကြည့်နေကြသလို၊ ဓားကိုင်ထားသော ဝမ်ချန်ရှင်း အတု သုံးယောက်မှာလည်း မျက်နှာပျက်နေကြပြီ ဖြစ်ပေသည်။
"ဆုမို... မင်း သိပ်ပြီး မောက်မာမနေနဲ့.."
ရှေ့ဆုံးမှ ဝမ်ချန်ရှင်း အတုက ဟိန်းဟောက်လိုက်သည်။
"မင်းရဲ့ အစွမ်းတွေကို စမ်းသပ်ဖို့ ငါတို့ စောင့်နေတာ ကြာပြီကွ.."
"အော်... ဟုတ်လား"
ဆုမိုက ခပ်ပြုံးပြုံးပင် ပြန်လည် တုံ့ပြန်လိုက်၏။
"အဲဒါကတော့ တကယ်ကို မမျှော်လင့်ထားတဲ့ ကိစ္စပဲဗျ။ ခင်ဗျားတို့က အသက်ရှင်ရတာကို ဒီလောက်တောင် ငြီးငွေ့နေကြပြီလား"
ဆုမိုသည် စကားကို ရပ်လိုက်ပြီး လက်နှစ်ဖက် ဆုပ်ကာ ယဉ်ကျေးပျူငှာစွာ ဆိုလိုက်သည်။
"တကယ်တော့ ခင်ဗျားတို့ကို ကျွန်တော်က တောင်းပန်ရမှာပါ။ ဒီကို ရောက်နေတာ ကြာပြီဆိုပေမဲ့ သူငယ်ချင်းနဲ့ စကားကောင်းနေလို့ ခင်ဗျားတို့ကို ပစ်ထားမိသလို ဖြစ်သွားတယ်။ အားနာစရာကြီးဗျာ"
"ဒါပေမဲ့ စိတ်မပူကြပါနဲ့။ အခုပဲ ခင်ဗျားတို့ အားလုံးကို ငရဲပြည်အထိ အဖော်လိုက်ပို့ပေးတော့မှာမို့လို့"
သည်းထန်စွာ ရွာသွန်းနေသော မိုးရေများကြားတွင် ဆုမို၏ အသံမှာ လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ တိုးဝင်သွားသည်။ ထိုစကားကြောင့် လူတိုင်း၏ မျက်နှာများမှာ ရုတ်ချည်း ပျက်ယွင်းသွားတော့၏။
ဆုမိုက ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်နှင့် သူ၏ ကျောနောက်မှ ဓားသေတ္တာမှာ ဝုန်းခနဲ ပွင့်သွားသည်။ 'ချလွင်' ဟူသော သံရှည်ကြီးနှင့်အတူ 'နဂါးဟိန်းဓား' သည် အပြင်သို့ ရုတ်ချည်း ထွက်ပေါ်လာတော့၏။
ဓားရှည်သည် လေထဲသို့ ပျံတက်သွားပြီး ပြင်းထန်လှသော ဓားချီများ ထွက်ပေါ်လာသည်။ ရန်သူများက ထိုဓားကို ရိုက်ချရန် ကြိုးပမ်းကြသော်လည်း ဆုမိုက အင်္ကျီ လက်စကို ခပ်ဖွဖွ ဝှေ့ယမ်းကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။ သာမန်အားဖြင့်ဆိုလျှင် ထိုလက်ဝါး၏ အရှိန်ကို ခံစားရုံသာ ရှိမည်ဖြစ်သော်လည်း၊ ယခုအခါတွင်မူ ရွာသွန်းနေသော မိုးရေစက်များမှာ ထိုလက်ဝါးချက်ကြောင့် မြူမှုန်များအဖြစ် ပြောင်းလဲသွားသဖြင့် လက်ဝါး၏ ပုံသဏ္ဌာန်မှာ ရှင်းလင်းစွာ ပေါ်လွင်နေပေသည်။
မိုးရေများကို ဖြတ်သန်းသွားသော ထိုလက်ဝါးချက်သည် တိုးဝင်လာသော ဓားချီများကို မျက်တောင်တစ်ခတ်အတွင်း ဖြိုခွင်းပစ်လိုက်သည်။
နောက်တစ်ခဏတွင် ဝမ်ချန်ရှင်း အတု သုံးယောက်၏ ဓားရှည်များနှင့် ပြင်းထန်လှသော ဓားချီများမှာ ဆုမို၏ ထံပါးသို့ ရောက်ရှိလာတော့၏။ သို့သော် ဆုမိုကမူ 'နဂါးဟိန်းဓား' ကို လက်အတွင်း၌ အသင့် ကိုင်ဆောင်ထားပြီး ဖြစ်ပေသည်။
သူသည် ဓားကို အသာအယာ လှည့်လိုက်ရုံမျှသာ ရှိသေးသော်လည်း ၎င်း၏ ဓားသွားမှာ အလွန်တရာ ထက်မြက်စူးရှလှပေသည်။
(ကြည့်စမ်း... ဒီဓားချက်မှာ ဟိတ်ဟန်တွေ အများကြီး မပါဘူး။ ဒါပေမဲ့ မြင်လိုက်တဲ့သူတိုင်းရဲ့ ရင်ထဲမှာတော့ အရိုးထဲအထိ စိမ့်အောင် အေးသွားမှာပဲ။ လူဆိုတာ အသက်ရှင်နေသရွေ့ သေမှာကိုတော့ ကြောက်ကြတာပဲ မဟုတ်လား။ အခု ငါ့ဓားသွားက ရေးဆွဲလိုက်တဲ့ လမ်းကြောင်းကတော့ သေမင်းရဲ့ ကောက်ကြောင်းပဲပေါ့။)
'ဖျတ်..'
မိုးရေစက်များကြားတွင် အပေါက်ငယ်လေး တစ်ခုသာ ပွင့်သွားသည်။
သို့သော် ထိုအပေါက်ငယ်လေးသည် ဝမ်ချန်ရှင်း အတု သုံးယောက်၏ 'ကောင်းကင်စမ်းရေ ဓားသိုင်း' ကို ဟာသတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်တော့၏။ သူတို့၏ ဓားချီများမှာ အမြစ်ပြတ်သွားသော မှော်ပင်များအလား ချက်ချင်းပင် လွင့်ပါး ပျောက်ကွယ်သွားရသည်။
သူတို့သည် လက်များဖြင့် လည်ပင်းကို အသည်းအသန် ဆုပ်ကိုင်ထားကြသော်လည်း၊ ဖိတ်စင်လာသော သွေးများကိုမူ မတားဆီးနိုင်ကြတော့ချေ။ သူတို့၏ မျက်ဝန်းများတွင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်လျက် မြေပြင်ပေါ်သို့ တစ်ဦးပြီးတစ်ဦး လဲကျ သေဆုံးသွားကြလေတော့၏။
ထိုအချိန်တွင် ဆုမိုသည် သူ၏ ဘေးပတ်လည်၌ မနားတမ်း ဝဲပျံနေသော အရိပ်ငါးခုကို အကဲခတ်လိုက်သည်။ သူက အဓိပ္ပာယ်ပါသော အပြုံးတစ်ခုဖြင့် ဆိုလိုက်၏။
"မင်းတို့က ငါ့ကို ဒီလို ဝိုင်းထားပြီး ဘယ်လို သိုင်းကွက်မျိုး ထုတ်ပြမလို့လဲ"
ဆုမို၏ အသံကြောင့် 'သရဲငါးပါး ကောင်းကင်ပိုက်ကွန်' အဖွဲ့ဝင်များမှာ ခေတ္တမျှ တွန့်ဆုတ်သွားသော်လည်း၊ ထို့နောက်တွင်မူ ပိုမို လျင်မြန်သော အရှိန်ဖြင့် လှုပ်ရှားလာကြတော့သည်။
တစ်ချိန်တည်းမှာပင် အနက်ရောင်ဝတ်လူသား၏ သတိပေးသံကို ကြားလိုက်ရ၏။
" ဒီလူတွေက 'သရဲငါးပါး ကောင်းကင်ပိုက်ကွန်' ပဲ.. သူတို့ရဲ့ သိုင်းကွက်တွေက တကယ်ကို လှည့်စားတတ်ပြီး မှန်းဆရ ခက်ခဲလွန်းတယ်။ နောက်ပြီး 'သရဲငါးပါး နတ်ဆိုးချီ' ကလည်း အတော်လေး အစွမ်းထက်တယ်... လျော့မတွက်နဲ့ဦးနော်..”
--