အခန်း ၄၉၀
Vol. 33 Ch. 490
အခန်း (၄၉၀) အန္တရာယ်ကြားက စစ်ထူ
လန်ယွဲ့နန်းတော်၏ လရောင်ကြည့်စင်မြင့်ထက်တွင် လျူဆွေ့ဖုန်းနှင့် တတိယနန်းတော်သခင်တို့၏ တိုက်ပွဲအပြီး၌ စစ်ထူလေးသည် သူတို့နှင့် လမ်းခွဲခဲ့ခြင်း ဖြစ်ပေသည်။ သူသည် သိုင်းလောက၏ ဆွဲဆောင်မှုနှင့် အရသာကို တစ်ကိုယ်တည်း လှည့်လည်ခံစားရန် ရည်ရွယ်ခဲ့သော်လည်း ယခုကဲ့သို့သော အခြေအနေနှင့် ရုတ်တရက် ကြုံတွေ့ရလိမ့်မည်ဟု မည်သူမျှ မခန့်မှန်းနိုင်ခဲ့ချေ။
(ဒီကောင်လေးကတော့ တကယ်ပါပဲ။ သိုင်းလောကရဲ့ အရသာကို မြည်းစမ်းချင်တယ်ဆိုပြီး ထွက်သွားတာ၊ အခုတော့ အသက်တောင် မနည်းလုနေရတဲ့ ပုံစံပေါ့။ "လမ်းဆုံးပြီ" လို့ ပြောနေတာကလည်း တကယ့်ကို အတည်ကြီးလား၊ ဒါမှမဟုတ် ပုံမှန်အတိုင်းပဲ အလွမ်းသယ်နေတာလား မသိဘူး။ ဒီကောင်လေး မျက်နှာကို ကြည့်ရတာတော့ တော်တော်လေးကို အခြေအနေ ဆိုးနေပုံရတယ်။)
ဆုမိုသည် သူ၏ ရှိနေမှုကို အသိပေးရန်အတွက် ဖုံးကွယ်ထားသော အရှိန်အဝါများကို လွှတ်လိုက်သည်။ စစ်ထူလေးနှင့် မိန်းကလေး လေးဦးမှာ သာမန်လူများ မဟုတ်ကြသဖြင့် လိုဏ်ဂူအတွင်း၌ အခြားတစ်စုံတစ်ယောက် ရှိနေကြောင်းကို မျက်တောင်တစ်ခတ်အတွင်းမှာပင် ရိပ်မိသွားကြတော့၏။
"ဘယ်သူလဲ.."
"အခုချက်ချင်း ထွက်ခဲ့စမ်း.."
မိန်းကလေး လေးဦးသည် ၎င်းတို့၏ ဓားများကို အမြန်ဆွဲထုတ်ကာ တင်းမာသော အသံဖြင့် အော်ဟစ်လိုက်ကြသည်။ ဆုမိုသည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး ဝမ်ချန်ရှင်းနှင့်အတူ ရှေ့သို့ လှမ်းထွက်လိုက်၏။
"ကျွန်တော်ပါ.."
"ခေါင်းဆောင်ဆု...."
မိန်းကလေး လေးဦး၏ မျက်နှာအမူအရာမှာ ရုတ်ချည်း ပြောင်းလဲသွားသည်။ သို့သော် ဆုမို မြင်တွေ့လိုက်ရသော သူမတို့၏ မျက်နှာများမှာ ဝမ်းသာအားရ ဖြစ်နေသည့်ပုံစံမျိုး မဟုတ်ဘဲ အနည်းငယ် ထူးဆန်းနေပေသည်။
(အင်း... ကြည့်ရတာတော့ ငါ့ကို တွေ့ရလို့ ဝမ်းသာတာထက်၊ စိတ်တွေ ရှုပ်နေကြတဲ့ ပုံစံပဲ။ သေမင်းလက်ထဲက လွတ်လာလို့ သက်ပြင်းချနိုင်ပေမဲ့ သူတို့ မျက်လုံးထဲမှာ တွေဝေမှုတွေ ရှိနေသေးတယ်။ ပြီးတော့... ဝမ်ချန်ရှင်းကို ကြည့်နေတဲ့ အကြည့်တွေကလည်း တကယ့်ကို ရန်သူကို ကြည့်သလိုပဲ။ တော်တော်လေးကို သတိထားနေကြတာ။)
စစ်ထူလေးမှာမူ ဆုမိုကို မြင်လိုက်ရသဖြင့် မျက်လုံးများ ဝင်းလက်သွားတော့၏။
"ခေါင်းဆောင်ဆု... ခင်ဗျား ဘယ်လိုလုပ် ဒီနေရာကို ရောက်နေတာလဲဗျ"
"ကံကြမ္မာလို့ပဲ ပြောရမှာပေါ့။ ငါလည်း ဒီမှာ မိုးခိုနေတာလေ။ ခုနက ညဖက်ကြီး မိုးထဲရေထဲ လူတွေ လာနေတဲ့ အသံကြားလို့ ရန်သူတွေများလား ဆိုပြီး ခဏ ပုန်းနေလိုက်တာ။ တမင် ဖုံးကွယ်ထားချင်လို့ မဟုတ်ပါဘူး။ အားလုံးကို အားနာပါတယ်"
ဆုမိုက လက်သီးဆုပ်၍ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။
ဝမ်ချန်ရှင်းကလည်း ဘေးမှနေ၍ ခေါင်းညိတ်ပြသည်။
"ခေါင်းဆောင်ဆု က ဒီည ကျွန်တော့်ကိစ္စနဲ့တင် အလုပ်ရှုပ်နေတာပါ။ ဒါနဲ့... စစ်ထူလေး ဘာဖြစ်တာလဲ"
"ခင်ဗျား... ခင်ဗျား နေကောင်းသွားပြီလား"
ဝမ်ချန်ရှင်းတစ်ယောက် ဟန်ဆောင်မှုများ မရှိတော့ဘဲ ပုံမှန်အတိုင်း စကားပြောနေသည်ကို မြင်သောအခါ စစ်ထူလေးမှာ ဝမ်းသာအားရ ရယ်လိုက်သည်။ သူ၏ မျက်ဝန်းများမှာလည်း ကြည်နူးမှုများဖြင့် ပြည့်နှက်သွားတော့၏။
"စိတ်ပူပေးလို့ ကျေးဇူးပါပဲဗျာ"
ဝမ်ချန်ရှင်းက လက်သီးဆုပ် နှုတ်ဆက်ရင်း ဆိုလိုက်သည်။
"မင်းနဲ့ ခေါင်းဆောင်ဆု တို့ရဲ့ ကယ်တင်မှုကြောင့်သာ ကျွန်တော် အသက်ပြန်ရှင်ခွင့် ရခဲ့တာပါ။ ဒီကျေးဇူးကတော့ ကျွန်တော့်အတွက် ဒုတိယအကြိမ် အသက်ပေးတာနဲ့ အတူတူပါပဲ။ နောင်ဘဝမှာတောင် ဒီကျေးဇူးကို မမေ့ဘဲ သေချာပေါက် ပြန်ပေးဆပ်ပါ့မယ်ဗျာ"
ထိုအခါ၊ စစ်ထူလေးက ပြုံးလျက် ပြန်ပြောလိုက်၏။
"သမားတော် ဆိုတာကတော့ မိဘနဲ့ အတူတူပါပဲဗျာ။ ခင်ဗျား ဘေးကင်းသွားတာ မြင်ရတာနဲ့တင် ကျွန်တော် အတိုင်းမသိ ဝမ်းသာပါတယ်။ ကျေးဇူးဆပ်ဖို့တွေ ဘာတွေ ပြောမနေပါနဲ့တော့..."
သူသည် စကားကို ခေတ္တရပ်လိုက်ပြီး သက်ပြင်း တစ်ချက် ချလိုက်သည်။
"ဒါပေမဲ့... ကျွန်တော်လည်း တစ်ယောက်ယောက်ရဲ့ ချုံခိုတိုက်ခိုက်တာကို ခံလိုက်ရလို့ အသက်ရှင်ဖို့ လမ်းမမြင်တော့ဘူးဗျ။ တကယ်လို့ နောင်ဘဝဆိုတာ ရှိရင်တောင် ကျွန်တော် ဘယ်ရောက်နေမလဲ မသိဘူးလေ"
"အဲဒီလိုတွေ လျှောက်မပြောစမ်းပါနဲ့"
ဆုမိုက ကပျာကယာပင် ဝင်ပြောလိုက်၏။
"မင်း ဘာတွေ ဖြစ်ခဲ့တာလဲ။ ဘယ်သူက မင်းကို တိုက်ခိုက်လိုက်တာလဲ"
မိန်းကလေး လေးဦးသည် စစ်ထူလေးကို အမှတ်မထင် လှမ်းကြည့်လိုက်ကြသည်။ စစ်ထူလေးမှာမူ တစ်ခုခုကို ပြန်လည် အမှတ်ရနေဟန်ဖြင့် ဆုမိုကို ကြောင်ကြည့်နေပြီးနောက် နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်ထားကာ ဘာမှ မပြောခဲ့ချေ။
"...သခင်လေး.."
မိန်းကလေး တစ်ဦးက စစ်ထူလေးကို တစ်ချက်ကြည့်၊ ဆုမိုကို တစ်ချက်ကြည့်နှင့် ဆုံးဖြတ်ချက် တစ်ခု ချလိုက်ဟန်ဖြင့် တိုးညင်းစွာ ဆိုလိုက်၏။
"ဒီကိစ္စက လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က စတာပါ။ အဲဒီနေ့က ကျွန်မတို့ ထျန်းချူမြို့ကို ရောက်ဖို့ မိုင်ပေါင်း ဒါဇင်နဲ့ချီ လိုပါသေးတယ်။ မမျှော်လင့်ဘဲ တောင်ကြားတစ်ခုရဲ့ အနီးကို ရောက်တဲ့အခါမှာ ထူးထူးဆန်းဆန်း ဝတ်ဆင်ထားတဲ့ အမျိုးသား၊ အမျိုးသမီး တစ်စုက ရဟန်းတစ်ပါးကို ဝိုင်းတိုက်နေတာကို တွေ့လိုက်ရတယ်"
"အဲဒီ ရဟန်းက ကြည့်ရတာ တော်တော်လေး ကြောက်စရာ ကောင်းပြီး သိုင်းပညာကလည်း ကြမ်းတမ်းပေမဲ့၊ သူက လူတွေကို လူကောင်းဖြစ်ဖို့ နားချနေတာလေ။ သူတို့ကို လက်နက်ချပြီး လမ်းမှန်ပေါ် ပြန်လာဖို့ သူက တိုက်တွန်းနေတာ"
"ဒါပေမဲ့ အံ့ဩစရာကောင်းတာက အဲဒီလူတွေက နားမထောင်တဲ့အပြင် တကယ့်ကို ရိုင်းရိုင်းစိုင်းစိုင်း စကားတွေ ပြောနေကြတာပဲ။ သိုင်းလောကထဲမှာတော့ ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စကို ဝင်မပါသင့်ဘူးဆိုတာ ကျွန်မတို့ သိပါတယ်။ ဒါပေမဲ့ သူတို့ ပြောနေတဲ့ စကားတွေထဲမှာ သူတို့က 'ကျိလေ ကောင်းကင် နန်းတော်' ကလို့ ပြောလိုက်တာပဲ"
"ကျွန်မတို့ သိုင်းလောကထဲမှာ သိပ်မလှည့်လည်ဖူးပေမဲ့ 'ကျိလေ ကောင်းကင် နန်းတော်' ဆိုတာ တုန်းချန် မိစ္ဆာဂိုဏ်းရဲ့ လက်ဝေခံ အဖွဲ့အစည်းတစ်ခု ဆိုတာ သိထားပါတယ်။ သူတို့ရဲ့ မကောင်းမှုတွေကတော့ ပြောမဆုံးနိုင်ဘူးလေ။ အဲဒီတော့ သူတို့ကို တိုက်နေတဲ့ ရဟန်းက ကြည့်ရတာ ကြမ်းတမ်းပေမဲ့ လူဆိုးတစ်ယောက်တော့ မဖြစ်နိုင်ဘူးလို့ ကျွန်မတို့ ယူဆလိုက်မိတာပေါ့"
"ဒါကြောင့် ကျွန်မတို့ ဝင်ကူညီခဲ့ကြတယ်။ အဲဒီ ကျိလေ ကောင်းကင် နန်းတော်က လူတွေက သိုင်းပညာ တော်တော်လေး ကောင်းကြတာပဲ။ သူတို့က ထူးဆန်းတဲ့ အသံတွေနဲ့ လူတွေရဲ့ စိတ်ကို ယောက်ယက်ခတ်အောင် လုပ်နိုင်ကြတယ်လေ..."
ဤနေရာသို့ ရောက်သောအခါ သူမသည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်သော်လည်း ဆက်လက် ပြောဆိုသည်။
"အခြေအနေကို ကြည့်ပြီး ကျွန်မတို့ သခင်လေးက အဲဒီ ရဟန်းမှာ ဒဏ်ရာ အပြင်းအထန် ရနေပြီဆိုတာ သိလိုက်ရတယ်။ အဲဒီလူတွေနဲ့ အချိန်အကြာကြီး တိုက်မနေချင်တာကြောင့် မီးခိုးဗုံးကို သုံးပြီး သူတို့ မျက်စိလည်နေတုန်းမှာပဲ ကျွန်မတို့ ထွက်ပြေးခဲ့ကြတာပေါ့"
"အဲဒီနောက်မှာတော့ ဘေးကင်းတဲ့ နေရာတစ်ခု ရှာပြီး ရဟန်းရဲ့ ဒဏ်ရာကို ကုပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာက အဲဒီ ရဟန်းက တကယ်ကို ဒဏ်ရာ အပြင်းအထန် ရထားတာလေ။ ကျွန်မတို့ သခင်လေးက အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့လည်း မကယ်နိုင်ခဲ့ပါဘူး"
"သူ သေခါနီးမှာပဲ ခဏလောက် သတိပြန်ရလာပြီး သူ့ရဲ့ ဇာစ်မြစ်နဲ့ မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ပြောပြသွားခဲ့တယ်။ အဲဒီ ရဟန်းရဲ့ နာမည်က... 'ဟွေပြန့်’ တဲ့"
"ဟွေပြန့်...."
ထိုအမည်ကို ကြားလိုက်ရသည်နှင့် ဆုမိုမှာ ခေတ္တမျှ မှင်တက်သွားရသည်။ "တကယ်ပဲ ဟွေပြန့် လား"
"ခေါင်းဆောင်ဆု က အဲဒီ ရဟန်းကို သိလို့လား"
မိန်းကလေးမှာ အံ့အားသင့်စွာဖြင့် ဆုမိုကို လှမ်းကြည့်လိုက်၏။ ဆုမိုက ခေါင်းညိတ်ပြလိုက်သည်။
(ဟွေပြန့်... အင်း... ဟွေပြန့် ဆိုတာ ကျောက်လုံ ရေတပ်စခန်း အပြင်ဘက်မှာ ဆရာတော် ဟုန်ယွင် ပြောပြခဲ့ဖူးတဲ့ နာမည်ပဲ။ ဒါ... ဟိုတုန်းက ဟုန်ယွင်ကျောင်းတော်မှာ လာပြီး ပြဿနာ ရှာခဲ့တဲ့ 'ပန်ထျန်းခွမ်' လေ။ သူ့ရဲ့ လူအမည်က 'နင်ဝူပျန့်' ဖြစ်ပြီး ဆရာတော် ဟုန်ယွင်က သူ့ကို 'ဟွေပြန့်' ဆိုတဲ့ ဘွဲ့အမည် ပေးခဲ့တာ မဟုတ်လား။)
ဆုမိုသည် ထိုအမည်ကို မှတ်မိနေခြင်း ဖြစ်ပေသည်။ သို့သော် ယခုကဲ့သို့သော အခြေအနေတွင် ပြန်ကြားရလိမ့်မည်ဟုမူ မမျှော်လင့်ထားခဲ့ချေ။
ယခုမှသာ ဆုမိုသည် တောင်ကြားအတွင်း ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှုများမှာ စစ်ထူလေးနှင့် ကျိလေ ကောင်းကင် နန်းတော်မှ လူယုတ်မာများ၏ တိုက်ပွဲဖြစ်ကြောင်း သဘောပေါက်သွားတော့၏။
ဆုမိုနှင့် ဝေဇီယီတို့ ရောက်သွားချိန်တွင်မူ စစ်ထူလေးတို့မှာ ထွက်ခွာသွားကြပြီ ဖြစ်သဖြင့် အဆိပ်ငွေ့များကြား၌ မျက်စိလည်နေသော လူယုတ်မာများကိုသာ တွေ့ရှိခဲ့ခြင်း ပင်တည်း။
(နှမြောစရာပဲ။ ငါသာ ခြေတစ်လှမ်းလောက် စောပြီး ရောက်ခဲ့ရင် အခုလိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး။ ငါတို့က တစ်ယောက်နဲ့ တစ်ယောက် လွဲချော်ခဲ့ကြတာပဲ။)
--