← Chapters

အခန်း ၄၉၁

Vol. 33 Ch. 491

အခန်း ၄၉၁

Vol. 33 Ch. 491

အခန်း (၄၉၁) အန္တရာယ်ကြားမှ စစ်ထူ အပိုင်း (၂)

သူမ၏ ရင်ထဲ၌ အတွေးများ တဝဲလည်လည် ဖြစ်နေသော်ငြား၊ ထိုအရာက ခဏတာမျှသာ ကြာမြင့်လိုက်၏။

မိန်းကလေးက ထိုကိစ္စကို သိပ်ပြီး တွေးတောမနေတော့ဘဲ တိုက်ရိုက်ပင် ပြောချလိုက်လေသည်...။

"ဟွေပြန့် က သူက အနောက်တောင်ပိုင်း ဟုန်ယွင် ကျောင်းတော်ကလို့ ဆိုတယ်ရှင့်။ ဆရာတော် ဟုန်ယွင် နောက်ကို တကောက်ကောက်လိုက်ပြီး အရှေ့မြို့တော် (တုန်းချန်) အထိ ရောက်လာခဲ့တာ။ ရည်ရွယ်ချက်ကတော့ အရှေ့မြို့တော် မိစ္ဆာဂိုဏ်းက မိစ္ဆာလူယုတ်မာတွေကို တရားပြပြီး လမ်းမှန်ရောက်အောင် လုပ်ပေးဖို့ပေါ့"

"အစပိုင်းမှာတော့ အရာရာက အတော်လေး အဆင်ပြေနေခဲ့တာ"

"သူတို့လူစုရဲ့ သိုင်းပညာတွေက သာမန်မဟုတ်ဘဲ အတော်လေးကို မြင့်မားနေခဲ့တယ်လေ"

"မိစ္ဆာဂိုဏ်းက မိစ္ဆာတွေရဲ့ သိုင်းပညာတွေက အင်မတန် အစွမ်းထက်ပြီး သူတို့ရဲ့ နည်းလမ်းတွေက ထူးဆန်းလှည့်ကွက် များတယ်ဆိုပေမယ့်လည်း ဆရာတော်တို့ကို မယှဉ်နိုင်ခဲ့ကြဘူး"

"ဒါနဲ့ပဲ သူတို့တွေ ရန်သူ့နယ်မြေထဲအထိ အတော်လေးကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ကြတယ်"

"ဒါပေမဲ့လည်း မျက်မြင်လှံကို ကာကွယ်ရလွယ်ပေမယ့် တိတ်တဆိတ် ပစ်ခတ်လိုက်တဲ့ မြားကိုတော့ ကာကွယ်ဖို့ ခက်တယ်ဆိုတဲ့အတိုင်း၊ နောက်ဆုံးတော့ သူတို့တွေ ထောင်ချောက်ထဲ သက်ဆင်းသွားခဲ့ရတယ်လေ"

"သူတို့ကို ခြုံခိုတိုက်ခိုက်ခဲ့တဲ့သူတွေက ကျိလေ ကောင်းကင် နန်းတော် က သိုင်းပညာရှင်တွေပဲ"

"သူတို့က သာမန် အရပ်သားတွေကို ငါးစာချပြီး ဆရာတော် ဟုန်ယွင်တို့ကို ဒီကနေ မိုင် (၁၀၀) ကျော်လောက် ဝေးတဲ့ ကျိဖန် တောင်ပေါ်ကို မျှားခေါ်သွားခဲ့ကြတာ"

"အဲ့ဒီမှာ အဆိပ်ငွေ့တွေ၊ ၀င်္ကပါတွေနဲ့ ကောင်းကင်နဲ့မြေကြီး ကွန်ရက်ကြီးတစ်ခု ဖန်တီးပြီး သူတို့ကို ပိတ်လှောင်ပစ်လိုက်ကြတယ်"

"ဒီကိစ္စဖြစ်ခဲ့တာ (၁၀) ရက်တောင် ရှိသွားခဲ့ပြီ"

"အဲ့ဒီနေ့က ကျွန်မတို့ ဟွေ့ပင်း ကို တွေ့တဲ့အချိန်မှာဆိုရင် (၇) ရက်လောက်တောင် ကြာနေခဲ့ပြီလေ"

"တောင်ပေါ်မှာ သူတို့အတွက် စားစရာ ဘာတစ်ခုမှ မရှိတော့ဘူး၊ သစ်ခေါက်တွေ၊ သစ်မြစ်တွေကို စားပြီး အသက်ဆက်နေခဲ့ရတာ"

"ဆရာတော် ဟုန်ယွင်ကတော့ အရှေ့မြို့တော်ကို နတ်ဆိုးတွေ နှိမ်နင်းဖို့ လာတဲ့ကိစ္စမှာ သေဆုံးသွားခဲ့ရရင်တောင် ဒါဟာ ကံတရားကြောင့်ပဲလို့ အမြဲပြောလေ့ရှိတယ်

"ဒါပေမဲ့လည်း သူ့ရဲ့ တပည့်တွေ ဒုက္ခရောက်နေတာကိုတော့ သူ မျက်စိသူငယ်နဲ့ မကြည့်ရက်နိုင်ခဲ့ဘူး။ ဒါကြောင့် တပည့်တွေကို ကယ်ထုတ်နိုင်ဖို့ နောက်ဆုံး ထွက်သက်အထိ အစွမ်းကုန် ကြိုးစားခဲ့သေးတယ်"

""ဒါပေမဲ့ သူ့ရဲ့ ခွန်အားတွေ အကုန်ထုတ်သုံးခဲ့တာတောင်မှ၊ လူ (၁၀) ယောက်ကျော်လောက်ကိုပဲ အပြင်ရောက်အောင် ပို့ပေးနိုင်ခဲ့တာပါရှင်"

"နောက်ဆုံးမှာတော့ တကယ်တမ်း လွတ်မြောက်လာနိုင်ခဲ့တဲ့သူဆိုလို့ ဟွေပြန့် တစ်ယောက်တည်းပဲ ရှိပါတယ်"

ထိုစကားများကို ကြားလိုက်ရချိန်၌ ဆုမို၏ မျက်ခုံးများ တွန့်ချိုးသွားလေ၏။ ထျန်းချူမြို့သို့ ရောက်ရှိလာပြီးကတည်းက ဤဘုန်းတော်ကြီးနှင့် ပတ်သက်၍ မည်သည့်သတင်းအစအနကိုမျှ မကြားရသဖြင့် တစ်ခုခုတော့ မှားယွင်းနေပြီဟု သူ ကြိုတင် ခံစားမိနေခဲ့ပါ၏။

သို့သော် သတင်းအစအန မကြားရခြင်းကပင် သတင်းကောင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်မည်ဟု တွေးတောကာ စိတ်ကို အနည်းငယ် လျှော့ချထားခဲ့မိလေသည်။

ထို့အပြင် ဝမ်ချန်ရှင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကြားတွင် ရစ်ပတ်ရှုပ်ထွေးနေခဲ့သဖြင့်၊ ဆုမိုက ဆက်လက် စုံစမ်းမေးမြန်းခြင်းမျိုး မလုပ်တော့ပေ။

မထင်မှတ်ထားစွာပင် ဆရာတော်ဟုန်ယွင်က အခြားသူတစ်ယောက်၏ အကြံအစည်များအောက်တွင် သားကောင်ဖြစ်သွားခဲ့ရတော့၏။

တခဏချင်း၌ပင် ဆုမို၏ ရင်ထဲတွင် ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရတော့သည်။

မိစ္ဆာဂိုဏ်းမှ လူယုတ်မာများ၏ အဆိပ်ပြင်းလှသော အကြံအစည်များနှင့် ယှဉ်လိုက်ပါက ဆရာတော်ဟုန်ယွင်ကဲ့သို့ ဖြောင့်မတ်သူ တစ်ဦးအတွက် ရင်ဆိုင်ဖြေရှင်းရန် ခက်ခဲလွန်းလှပါ၏။

ထို့နောက် ထိုမိန်းကလေးက ဆက်လက် ပြောပြလာလေသည်။

"ဟွေပြန့်က ဒီအကြောင်းတွေကို သေချာတောင် ဆုံးအောင်မပြောနိုင်ခဲ့ဘဲ အဲဒီနေရာမှာတင် အသက်ထွက်သွားခဲ့တာပါ"

"မသေဆုံးခင်မှာ သူက ပြောသွားသေးတယ်၊ သူဟာ မူလက တောင်ပေါ်က ဓားပြတစ်ယောက် ဖြစ်ခဲ့ပြီး အပြစ်ဒုစရိုက်တွေ အများကြီး ကျူးလွန်ခဲ့လို့ ကယ်တင်လို့ မရနိုင်တော့ဘူးတဲ့"

"အခု သူ သေသွားရတာကလည်း ဝဋ်လည်တာပါပဲတဲ့လေ"

"ဆရာတော်ဟုန်ယွင်ကတော့ ဗုဒ္ဓတရားတော်တွေကို နက်နက်ရှိုင်းရှိုင်း ကျင့်ကြံထားသူမလို့ ဒီလို ကံကြမ္မာဆိုးမျိုးကို မကြုံတွေ့သင့်ဘူးလို့ သူက မှာသွားသေးတယ်၊ ဒါကြောင့် ကျွန်မတို့တွေက ဆရာတော့်ကို ကယ်တင်ဖို့ နည်းလမ်းတစ်ခုလောက် စဉ်းစားပေးစေချင်ပါတယ်ရှင်"

"ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လေ..."

ထိုသို့ပြောပြီးနောက် ထိုမိန်းကလေးက စစ်ထူလေးထံသို့ ဖျတ်ခနဲ လှမ်းကြည့်လိုက်လေ၏။

စစ်ထူလေး၏ မျက်ဝန်းများက အချိန်မည်မျှကြာသွားသည်မသိ ခပ်ရေးရေး နီရဲနေခဲ့လေပြီ။

ထိုစကားကို ကြားသောအခါ သူက စကားဆိုရန် ဟန်ပြင်လိုက်သော်လည်း သက်ပြင်းတစ်ချက်ကိုသာ အရင်ချလိုက်လေ၏။

"ဒါက ကျွန်တော့်အမှားပါဗျာ..."

"ခေါင်းဆောင်ဆုနောက်ကို လိုက်ရင်းနဲ့ ကျွန်တော် ကျန်းဟူကိစ္စရပ် တော်တော်များများကို ကြုံတွေ့ခဲ့ရတယ်"

"ကျွန်တော့်ရင်ထဲမှာ ကျိလေ ကောင်းကင် နန်းတော်ကို အထင်သေးမိသွားတာပါဗျာ"

"ပြီးတော့ ခေါင်းဆောင်ဆု အထင်ကြီးအောင်လည်း လုပ်ချင်ခဲ့မိတယ်လေ"

"ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ ထျန်းချူမြို့မှာ ပြန်ဆုံကြဖို့ ကတိထားခဲ့ကြတာပဲလေ၊ အဲဒီလူတွေ အကုန်လုံးကိုသာ ကျွန်တော် ကယ်တင်နိုင်ခဲ့မယ်ဆိုရင် ခေါင်းဆောင်ဆုလည်း ကျွန်တော့်ကို အနည်းနဲ့အများတော့ လေးစားသွားလိမ့်မယ် မဟုတ်လား"

"ဒါကတော့..."

ဆုမိုမှာ တခဏမျှ စကားဆွံ့အသွားရသည်။

"မင်း တကယ်ပဲ သေချာ မစဉ်းစားခဲ့တာပဲ၊ အဲဒီအချိန်က ငါ ထျန်းချူမြို့ကို ရောက်နေခဲ့ပြီလေ၊ ဒီကိစ္စကို သိပြီးတာနဲ့ မင်း ငါ့ဆီက အကူအညီ လာတောင်းသင့်တာပေါ့ကွ"

"ဟုတ်ပါတယ်ဗျာ"

စစ်ထူလေး၏ မျက်နှာထက်တွင် ရှက်ရွံ့မှုတို့ဖြင့် ပြည့်နှက်သွားလေ၏။

"ဒါပေမဲ့လည်းလေ... ကျွန်တော်က မဆင်မခြင်နဲ့ အစ်မအချို့ကို ခေါ်ပြီး အဲဒီဘုန်းတော်ကြီးတွေကို သွားကယ်လိုက်မိတာပါဗျာ"

"ကျိလေ ကောင်းကင် နန်းတော်ရဲ့ ၀င်္ကပါတွေက သိပ်ပြီး စိုးရိမ်စရာ မရှိပေမဲ့ အဆိပ်ငွေ့တွေကတော့ ကြောက်စရာကောင်းလှပါတယ်"

"ဒါပေမဲ့လည်း အချို့အရာတွေက အဆိပ်သက်သက်ကြီးတော့ မဟုတ်ပြန်ဘူးဗျ"

"ငယ်ငယ်ကတည်းက မိသားစုထဲက လူကြီးတွေက အမြဲတမ်း တားမြစ်ထားခဲ့လို့ ဒီဘက်မှာ ကျွန်တော့်အတွက် အတွေ့အကြုံ သိပ်မရှိခဲ့ဘူးလေ"

"ရလဒ်အနေနဲ့တော့ ဖြေဆေးဖော်စပ်ဖို့ လက်ထဲမှာ ဘာမှမရှိဘဲ သူတို့ရဲ့ ထောင်ချောက်ထဲကို ကျရောက်သွားခဲ့ရတာပါပဲ"

"ထိပ်တန်းသိုင်းသမား တစ်ယောက်ကလည်း ကျွန်တော်တို့ကို အဆက်မပြတ် ဖိအားပေး တိုက်ခိုက်နေတော့ အချိန်လည်း မရလိုက်တော့ဘူးဗျ"

"အဲဒီအချိန်တုန်းက ကျွန်တော်တို့တွေ တကယ်ကို ရှေ့တိုးမရ နောက်ဆုတ်မရ အကျပ်အတည်းထဲကို ရောက်နေခဲ့တာ၊ မထင်မှတ်ထားဘဲ ခေါင်းဆောင်ဆုနဲ့ လာဆုံတာဟာ ကံတရားရဲ့ စီမံမှုလို့ပဲ ပြောရမယ်ထင်တယ်ဗျာ"

ထိုသို့ပြောပြီးသည်နှင့် သခင်‌လေး စစ်ထူ၏ မျက်ခုံးများ ရုတ်တရက် တွန့်ချိုးသွားလေ၏။

လက်တစ်ဖက်ကိုလှမ်းကာ သူ၏ ရင်ဘတ်ကို ဆုပ်ကိုင်လိုက်ပြီးနောက် လက်ပေါ်မှ သွေးကြောများ အထင်းသား ထောင်ထလာကာ၊ သူ၏ မျက်နှာအမူအရာကလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြမ်းတမ်းလာတော့သည်။

"သခင်လေး"

မိန်းကလေး လေးယောက်မှာ ကမန်းကတန်း ဝိုင်းအုံသွားကြလေ၏။

စစ်ထူလေးက လက်ကာပြလိုက်လေသည်။

"ငါ... အနိုင်နိုင် တောင့်ခံထားရတုန်းပါ..."

ထိုစကားဆုံးသည်နှင့် သူ၏ ပါးစပ်ထဲမှ သွေးလတ်လတ်တစ်ပွက်ကို ရုတ်တရက် ပန်းထုတ်လိုက်လေ၏။

"စစ်ထူလေး"

ဆုမိုနှင့် ဝမ်ချန်ရှင်းတို့ နှစ်ယောက်လုံး၏ မျက်နှာများ ပျက်ယွင်းသွားကာ ရှေ့သို့ လှမ်းတက်ရန် ဟန်ပြင်လိုက်စဉ်တွင်၊ မိန်းကလေး လေးယောက်က အလိုအလျောက် ပိတ်ဆို့ တားဆီးလိုက်ကြလေ၏။

"ရပ်လိုက်ပါ"

ဆုမိုမှာ တုံ့ခနဲ ရပ်တန့်သွားလေ၏။

"စစ်ထူလေး ဘာဖြစ်နေတာလဲကွ၊ သူ ဘယ်လိုအဆိပ်မျိုး မိထားတာလဲ၊ သူက ရွှမ်ဟူ မျှော်စင်ရဲ့ ထိပ်တန်းတပည့် တစ်ယောက်လေ၊ ဒီလောကမှာ ဘယ်လို အဆိပ်မျိုးကများ သူ့ကို ဒီလောက်တောင် ခံစားရအောင် လုပ်နိုင်မှာလဲကွ"

"ပြီးတော့ မင်းတို့က ဘာလို့ ငါတို့ကို အနားပေးမကပ်ရတာလဲ"

"...ကျွန်မတို့မှာလည်း ပြောရခက်တဲ့ အခက်အခဲတွေ ရှိနေလို့ပါရှင်"

မိန်းကလေး လေးယောက်မှာ မည်သို့ ရှင်းပြရမည်ကို မသိကြပေ။ ထို့ကြောင့် ဤသို့သာ ဆိုလိုက်ကြလေ၏။

"သခင်လေး ခံစားနေရတဲ့အရာက အဆိပ်သက်သက်ကြီးတော့ မဟုတ်ဘူးရှင့်... ဒါကလေ..."

ထိုစကားများ ဆိုပြီးသည်နှင့် တပြိုင်နက်၊ ဆုမိုက ဂူပေါက်ဝဆီသို့ ဖျတ်ခနဲ မော့ကြည့်လိုက်သည်။

"တစ်ယောက်ယောက် လာနေတယ်ဟေ့"

"ကျွန်မတို့ကို လိုက်ဖမ်းနေတဲ့သူတွေ ဖြစ်ရမယ်"

မိန်းကလေး လေးယောက်၏ မျက်နှာများမှာ ချက်ချင်းပင် မှုန်ကုပ်သွားသော်ငြား၊ ဆုမိုကို ကြည့်လိုက်ပြီးသည့်နောက်တွင်တော့ ပြန်လည် စိတ်အေးသွားကြလေ၏။

သို့သော်ငြား တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် သူတို့၏ မျက်နှာအမူအရာများမှာ ခံစားချက်ပေါင်းစုံ ရောထွေးယှက်တင်ကာ အလျင်အမြန် ပြောင်းလဲသွားလေတော့သည်။

ဝမ်ချန်ရှင်းမှာ သိသာစွာပင် အကြံအိုက် ရှုပ်ထွေးနေခဲ့ပြီး၊ ပုံမှန်အားဖြင့် ဉာဏ်ရည်ထက်မြက်လှသော ဆုမိုပင်လျှင် ဤကိစ္စက မည်သို့သော နက်နဲသည့် အခြေအနေမျိုးမှန်း နားမလည်နိုင် ဖြစ်နေတော့၏။

"အသစ်ရောက်လာတဲ့ လူတွေကို အရင်ရှင်းရမယ်"

ဆုမိုမှာ အချိန်မဆွဲချင်တော့ပေ။

"အဲဒီတော့မှ စစ်ထူလေးကို ထျန်းချူမြို့ဆီ ငါ ပြန်ခေါ်သွားမယ်၊ ငါတို့ လိုအပ်တာမှန်သမျှ အဲဒီမှာ ရှာလို့ရတယ်ကွ"

"နောက်ကျသွားပါပြီရှင်…”

All Chapters