အခန်း ၄၉၂
Vol. 33 Ch. 492
အခန်း (၄၉၂) အန္တရာယ်ကြားက စစ်ထူ (အပိုင်း ၃)
မိန်းကလေး၏ စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် လေခွဲသံများက လိုဏ်ဂူအပြင်ဘက်သို့ ရောက်ရှိလာသည်။ ထို့နောက် ကြမ်းတမ်းလှသော အမျိုးသားအသံတစ်သံသည် ဂူအတွင်းသို့ ဟိန်းထွက်လာတော့၏။
“မိန်းကလေး တစ်သိုက်ကတော့ တော်တော်လေး ပြေးနိုင်တာပဲ”
ထိုသူ၏ စကားမှာ ထိုနေရာ၌ ရပ်တန့်သွားပြီးနောက် ဆွဲဆောင်မှုအပြည့်ရှိသော အမျိုးသမီးအသံအဖြစ် ရုတ်ချည်း ပြောင်းလဲသွားသည်။ ၎င်းမှာ နားထဲသို့ တိုးဝင်လာသော မြှူဆွယ်သံ တစ်ခုနှင့်ပင် တူလှပေသည်။
“ဒါပေမဲ့ ဒီအထိ ပြေးလာမှတော့ မင်းတို့အတွက် လမ်းဆုံးသွားပြီပေါ့ ဟုတ်တယ်မလား။ ယောကျ်ားလေးလို ဝတ်ထားတဲ့သူလေးရယ်... မင်းက တစ်ညတာ ရှောင်လောင်လေညှင်း အဆိပ် မိထားတာလေ။ အဲဒီအဆိပ်က တကယ့်ကို မုန်တိုင်းတစ်ခုလိုပဲ မင်းကို ဖျက်ဆီးပစ်လိမ့်မယ်။ မင်းရဲ့ ဆေးပညာက ဘယ်လောက်ပဲ နတ်ဘုရားဆန်ပါစေဦးတော့... ငါတို့ ကျိလေ ကောင်းကင် နန်းတော်ရဲ့...”
ထိုသူ၏ စကားမဆုံးမီမှာပင် အသံမှာ ကြမ်းတမ်းသော အမျိုးသားအသံအဖြစ် နောက်တစ်ကြိမ် ပြန်လည် ပြောင်းလဲသွားပြန်သည်။
“ငါတို့ နန်းတော်ရဲ့ အဖိုးတန်ရတနာကိုတော့ မင်း ဘယ်လိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ကဲ... အခုချက်ချင်းပဲ အပြင်ထွက်လာပြီး ငါ့ကို အသာတကြည် အညံ့ခံလိုက်စမ်းပါ။ မဟုတ်ရင်တော့ မင်းရဲ့ အသက်ကို အချည်းနှီး စတေးရလိမ့်မယ်နော်”
ဆုမိုနှင့် ဝမ်ချန်ရှင်းတို့မှာ ထိုသူ နောက်ပိုင်းတွင် ဘာတွေ ဆက်ပြောနေသည်ကိုပင် သတိမထားမိကြတော့ချေ။ ‘ယောကျ်ားလေးလို ဝတ်ထားတဲ့သူ’ ဟူသော စကားလုံးက သူတို့၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားရသည်။ သူတို့နှစ်ဦးစလုံးသည် သခင်လေးစစ်ထူထံသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြတော့၏။
သခင်လေးစစ်ထူမှာမူ အသက်ကို ပြင်းပြင်းရှူသွင်းလျက် သူ၏ ကိုယ်ပေါ်ရှိ သွေးကြောကွက် အချို့ကို အမြန်ပိတ်ဆို့လိုက်သည်။
“ကျွန်တော်... ကျွန်မ..တောင့်ခံနိုင်ပါသေးတယ်... တောင့်ခံ... ထားဦးမယ်...”
ဆုမို၏ မျက်နှာမှာ တင်းမာသွားပြီး အသက်ကို တစ်ချက် ပြင်းပြင်းရှူလိုက်သည်။
“ငါ ခဏနေရင် ပြန်လာခဲ့မယ်”
အခုအချိန်သည် သခင်လေးစစ်ထူက မိန်းကလေးလား၊ ယောကျ်ားလေးလား ဆိုသည်ကို ငြင်းခုံနေရမည့် အချိန်မဟုတ်ပေ။ အချိန်သည် တကယ့်ကို တန်ဖိုးရှိနေပြီ ဖြစ်ပေသည်။ အကယ်၍သာ ကြိုသိခဲ့လျှင် ခုနက အသေးစိတ်များ ရှင်းပြခိုင်းနေမိမှာ မဟုတ်ပေ။
သို့သော် ဆုမိုလည်း သိနေပေသည်။ ခုနက မိန်းကလေး ရှင်းပြလိုက်သည့် အချိန်လေးမှာပင် သခင်လေးစစ်ထူ၏ အခြေအနေက အသည်းအသန် ဖြစ်နေပြီ ဖြစ်၏။ ထိုအချိန်တိုလေးအတွင်း ထျန်းချူမြို့သို့ ပြန်ရန်မှာလည်း မဖြစ်နိုင်ချေ။ သူမတို့ လေးဦး ဤနေရာသို့ ရောက်လာခြင်းမှာပင် မျှော်လင့်ချက် ကုန်ဆုံးနေ၍ ဖြစ်ပေလိမ့်မည်။
ဆုမိုသည် လိုဏ်ဂူအပြင်သို့ ထွက်လိုက်သည်နှင့် နောက်ကွယ်မှ ခြေသံတစ်ခုကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ ဝမ်ချန်ရှင်း ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ဆုမိုက အနည်းငယ် အံ့အားသင့်သွားကာ မေးလိုက်သည်။
“မင်းကော ဘာလို့ ထွက်လာတာလဲ”
“သခင်လေးစစ်ထူ က ငါ့ရဲ့ အသက်သခင် ကျေးဇူးရှင်ပဲလေ။ သူ့ကို ဒုက္ခပေးတဲ့သူကို ငါ ဘယ်လိုလုပ် လွှတ်ပေးနိုင်မှာလဲ”
ဝမ်ချန်ရှင်း၏ စကားအဆုံးတွင် တစ်ဖက်မှ လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာသည်။
“မင်းတို့က ဘယ်သူတွေလဲ။ ငါ့ရဲ့ မိန်းကလေးတွေကော ဘယ်မှာလဲ”
မော့ကြည့်လိုက်သောအခါ မိုးရေစက်များအောက်တွင် ထူးဆန်းလှသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူ၏ ကိုယ်ခန္ဓာမှာ ဘယ်ညာ အတိအကျ ကွဲပြားနေပြီး တစ်ဖက်မှာ အမျိုးသားပုံစံ၊ နောက်တစ်ဖက်မှာမူ အမျိုးသမီးပုံစံ ဖြစ်နေ၏။ ဝတ်စုံမှာလည်း ဘယ်ဘက်ခြမ်းက ယောကျ်ားဝတ်၊ ညာဘက်ခြမ်းက မိန်းမဝတ် ဖြစ်နေသလို မျက်နှာမှာလည်း ဘယ်ဘက်က မိန်းမ၊ ညာဘက်က ယောကျ်ားအသွင် ဖြစ်နေသဖြင့် ယင်နှင့်ယန်မှာ ထိုသူ့အပေါ်တွင် လုံးဝ ကမောက်ကမ ဖြစ်နေချေပြီ။
ဆုမိုက ထိုသူကို ကြည့်ကာ ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။
“အားနာပါတယ်”
နောက်တစ်ခဏတွင် ဆုမိုသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး သူ၏ လက်ဝါးကို ရုတ်ချည်း ရိုက်ထုတ်လိုက်တော့၏။
တစ်ဖက်မှလူမှာ တကယ်ကို မှင်သက်သွားရသည်။ ဤလူငယ်လေးသည် မည်သူဖြစ်ကြောင်း နာမည်ပင် မပြောရသေးဘဲ အဘယ်ကြောင့် သေတွင်းထဲသို့ ဤမျှ အသည်းအသန် တိုးဝင်လာရသနည်း။ ရုပ်ရည်ကလည်း ချောမောလှသဖြင့် ဖမ်းမိလျှင် နန်းတော်သို့ ခေါ်သွားမည်ဟု သူက အတွေးပေါက်နေစဉ်မှာပင် ဆုမို၏ လက်ဝါးချက်မှာ သူ၏ ရှေ့သို့ ရောက်ရှိလာတော့သည်။
ဆုမို၏ လက်ဝါးချက်မှာ အစပိုင်းတွင် သာမန်အတိုင်း ထင်ရသော်လည်း လမ်းခုလတ်သို့ ရောက်သောအခါ ပတ်ဝန်းကျင်ရှိ လေနှင့် မိုးများမှာ ထိုလက်ဝါးဆီသို့ ဗဟိုပြုကာ ဝေ့ဝဲလာတော့၏။ လေထုတစ်ခုလုံးမှာ ထိုလက်ဝါးအတွင်းသို့ စုပ်ယူခံလိုက်ရသကဲ့သို့ ရှိနေပေသည်။ မိုးရေစက်များသည် သူ၏ လက်ဝါးရှေ့တွင် စုစည်းလာသော်လည်း ဆုမို၏ လက်ကမူ ထိုမိုးရေများကို ထိုးဖောက်ကာ တိုးဝင်သွားပြီ ဖြစ်၏။
ဤသို့သော ထူးဆန်းလှသော ဖြစ်စဉ်ကြောင့် ကျိလေ ကောင်းကင် နန်းတော်မှ ထိုကျွမ်းကျင်သူမှာ မျက်နှာ ချက်ချင်း ပျက်သွားတော့သည်။ ၎င်းမှာ သာမန်လူ မဟုတ်ဘဲ နန်းတော်၏ ထိပ်တန်းကျွမ်းကျင်သူ ချာယွမ်ကျွင်း ပင် ဖြစ်ပေသည်။ သူသည် ကောင်းကင်နှင့်မြေကြီး ပေါင်းစည်းခြင်းကျမ်း ကို အဆင့်မြင့်ဆုံးအထိ ကျင့်ကြံထားသူဖြစ်ရာ ဆုမို၏ လက်ဝါးကို ကောင်းကင်နှင့်မြေကြီး ပေါင်းစည်းခြင်း သိုင်းကွက်ဖြင့် တန်ပြန် ခုခံလိုက်တော့၏။
“ဘုန်း...”
မိုးရေစက်များကြားတွင် ကျယ်လောင်လှသော ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာသည်။ ချာယွမ်ကျွင်းသည် သူ၏ ကိုယ်ခန္ဓာအတွင်းသို့ ကောင်းကင်နှင့် မြေကြီး၏ အရှိန်အဝါများအလား ပြင်းထန်လှသော အတွင်းအားများ တိုးဝင်လာသည်ကို ခံစားလိုက်ရ၏။
သူ၏ အင်္ကျီလက်များမှာ မျက်တောင်တစ်ခတ်အတွင်း အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားရတော့သည်။ အတွင်းအားများမှာ အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားသဖြင့် ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာ ပေါက်ကွဲသွားသလို ကျောက်တုံးကြီးများမှာလည်း ချိုင့်ဝင်သွားကြသည်။
ဝမ်ချန်ရှင်းမှာမူ သူ၏ ဓားကို ဆွဲထုတ်ကာ ထိုအတွင်းအားလှိုင်းများကို မနည်း ခုခံနေရလေ၏။
ဆုမိုက ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီးနောက် ရှေ့သို့ ထပ်မံ တိုးဝင်ကာ လက်သီး တစ်လုံး ပစ်ထုတ်လိုက်ပြန်သည်။ လက်သီးရိပ်များမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီးနောက် အမှတ်တစ်ခုတည်းဆီသို့ စုစည်းကာ တိုးဝင်သွားတော့၏။
ချာယွမ်ကျွင်းမှာမူ သရဲတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်သွားတော့သည်။ ခုနက လက်ဝါးတစ်ချက်မှာပင် သူ၏ အသက်မှာ ပျောက်လုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်ပါလော။ ယခုမူ ဤလက်သီးချက်မှာ ပို၍ပင် ပြင်းထန်နေပြန်၏။ သူသည် အံကို ကြိတ်ကာ နောက်ဆုံးကျန်သော အစွမ်းများဖြင့် ခုခံရန် ကြိုးစားလိုက်သည်။
“ဘုန်း...”
ဆုမို၏ သံမဏိလက်သီးအောက်တွင် ကောင်းကင်နှင့် မြေကြီး ပေါင်းစည်းခြင်း ဆိုသည်မှာ ဟာသတစ်ခုအလား ရှိနေပေသည်။ ချာယွမ်ကျွင်း၏ လက်ဝါးမှာ ဆုမို၏ လက်သီးကို မည်သို့မျှ မတားဆီးနိုင်ဘဲ ဆုမို၏ လက်သီးမှာ သူ၏ ရင်ဘတ်ရှိ တန်ကျုံး သွေးကြောကွက်ဆီသို့ တည့်တည့်မတ်မတ် ကျရောက်သွားတော့၏။
ခုနစ်ချက်ဒဏ်လက်သီး ၏ ပြင်းထန်လှသော အရှိန်မှာ ချာယွမ်ကျွင်း၏ ကိုယ်ခန္ဓာအတွင်းသို့ တိုးဝင်သွားပြီး ယင်ယန်နှင့် ဓာတ်ကြီးငါးပါးကို ကမောက်ကမ ဖြစ်သွားစေတော့သည်။ ချာယွမ်ကျွင်း၏ မျက်နှာမှာ ရုတ်ချည်း ပြောင်းလဲသွားပြီး သူ၏ ကိုယ်ခန္ဓာမှာ လေထဲသို့ လွင့်စင်သွားကာ သွေးမိုးများအဖြစ် ပေါက်ကွဲပျက်စီးသွားလေတော့၏။
--