အခန်း ၄၉၅
Vol. 33 Ch. 495
အခန်း (၄၉၅) မိုးအေးတောင်ကြား
မိန်းကလေးလေးများသည် လိုဏ်ဂူအပြင်ဘက် မိုးရေထဲတွင် ရပ်တန့်နေရင်း တစ်ဦးနှင့်တစ်ဦး စိုးရိမ်တကြီး တီးတိုးပြောဆိုနေကြသည်။
“ဒီနည်းလမ်းက လူကယ်ဖို့အတွက် အမှန်တကယ် အသုံးဝင်တယ် ဆိုပေမဲ့လည်း ခေါင်းဆောင်ဆု က ယောကျ်ားတစ်ယောက်လေ။ အကယ်၍သာ တစ်ခုခု မှားယွင်းသွားရင်...”
အခြား မိန်းကလေးတစ်ဦးက ခေါင်းကို ခါယမ်းလိုက်ရင်း ပြန်လည်ပြောဆိုလိုက်၏။
“ခေါင်းဆောင်ဆု ရဲ့ စိတ်ဓာတ်က တကယ့်ကို ဖြူစင်ပြီး တရားမျှတတဲ့သူ တစ်ယောက်ပါ။ သူကတော့ တစ်ဖက်သား ဒုက္ခရောက်နေတာကို အခွင့်ကောင်းယူမယ့်သူ မဟုတ်ပါဘူး”
“သူ့ရဲ့ ကိုယ်ကျင့်တရားကိုတော့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းက ကိုယ်ခန္ဓာပေါ်က သွေးကြောကွက်တွေကို တိုက်ရိုက်ထိတွေ့ပြီး နှိပ်ပေးရတာလေ။ အသားချင်း ထိတွေ့ရတာဆိုတော့... အကယ်၍ ခေါင်းဆောင်ဆု အနေနဲ့ မထိန်းနိုင်ဘဲ စိတ်လွတ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ”
“အဲဒါကတော့ ဘာမှတတ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ဒီနည်းလမ်းကို သုံးမယ်ဆိုရင် သခင်လေးရဲ့ မူလရုပ်သွင်ကို ပြန်ဖော်မှ ရမှာလေ။ မဟုတ်ရင် သွေးကြောကွက်တွေက လွဲကုန်ပြီး အသက်အန္တရာယ် ပိုရှိသွားလိမ့်မယ်”
“ဒါဆိုရင်တော့ ခေါင်းဆောင်ဆု ကိုပဲ ယုံကြည်လိုက်ရတော့မှာပေါ့။ ဒါက သခင်လေး ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လမ်းပဲဟာ။ သူသာ သေတာကိုပဲ ရွေးချယ်ခဲ့ရင်တော့ ငါတို့ သဘောတူတာ မတူတာက အရေးမကြီးတော့ပါဘူး”
မိန်းကလေးလေးများသည် သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။
“ရွှမ်ဟူမျှော်စင် ကနေ ထွက်လာတုန်းက မတော်တဆမှုတွေ မဖြစ်အောင်လို့ ပြောင်းပြန်ဓာတ်ငါးပါးအပ် နဲ့ ယောကျ်ားလေးလို ရုပ်ဖျောက်ပေးထားခဲ့တာ။ သခင်လေးကို လောကအကြောင်းတွေ ပိုမြင်စေချင်လို့ပါပဲ။ ဒါပေမဲ့ အခုလို အဖြစ်အပျက်မျိုး ဒီလောက်မြန်မြန် ကြုံရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ”
သူမတို့သည် တီးတိုး ပြောဆိုနေကြသော်လည်း ဝမ်ချန်ရှင်း ကမူ ဘာမှမကြားသလိုမျိုးသာ ဟန်ဆောင်နေသည်။ သူသည် နှာခေါင်းကို ကြည့်၊ နှာခေါင်းမှတစ်ဆင့် ပါးစပ်ကို ကြည့်ကာ အတွေးများကို စုစည်းလျက် တိတ်ဆိတ်စွာ ရပ်နေပေတော့သည်။
အချိန်သည် တစ်စက္ကန့်ချင်း ကုန်ဆုံးသွားခဲ့လေပြီ။ လိုဏ်ဂူအတွင်းမှ တိတ်ဆိတ်သံများနှင့်အတူ တစ်ခါတစ်ရံတွင် ရိုက်နှက်သံများကိုလည်း ခပ်သဲ့သဲ့ ကြားနေရ၏။ (၃၀) မိနစ်ခန့် ကြာမြင့်ပြီးနောက်တွင်မှ အရာအားလုံး ငြိမ်သက်သွားတော့သည်။ မိန်းကလေးလေးများသည် ရုတ်ချည်း တိတ်ဆိတ်သွားကြပြီး ဝမ်ချန်ရှင်း သည်လည်း လိုဏ်ဂူဝသို့ အမှတ်မထင် လှည့်ကြည့်လိုက်မိသည်။
ဆုမိုသည် လိုဏ်ဂူအတွင်းမှ ခြေလှမ်းကျဲကျဲဖြင့် ထွက်လာ၏။
“အဲဒီလောက်တောင် မြန်လှချေလား”
မိန်းကလေး (၄) ဦးလုံးက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသဖြင့် ဆုမို ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
'ဟောဗျာ... ဘယ်လို စကားကြီးလဲ။ ငါက လူနာကို ကုသပြီးလို့ ထွက်လာတာကို မြန်တယ်တဲ့။ တကယ်လို့ ငါက အထဲမှာ အကြာကြီး နေနေရင်လည်း တစ်မျိုး ပြောကြဦးမှာ မဟုတ်လား။ တကယ့်ကို ကိုင်တွယ်ရခက်တဲ့ မိန်းကလေးတွေပဲ။'
ဆုမိုသည် စိတ်ထဲမှသာ ရေရွတ်လိုက်ပြီးနောက် အတည်ပေါက်ပင် ပြန်လည်ဖြေကြားလိုက်၏။
“သူ အခု သက်သာသွားပါပြီ”
“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဆု”
မိန်းကလေးလေးများသည် လိုဏ်ဂူအတွင်းသို့ အပြေးအလွှား ဝင်သွားကြသည်။ သခင်လေးစစ်ထူ သည် ဝေါယာဉ်ပေါ်တွင် မှီထိုင်နေပြီး အဝတ်အစားများမှာ သပ်ရပ်နေသော်လည်း ပါးပြင်လေးများမှာမူ နီမြန်းကာ နုနယ်နေဆဲ ဖြစ်ပေသည်။ ၎င်းတို့ကို မြင်သောအခါ သူမက အားနည်းသော လေသံဖြင့် ခေါ်လိုက်၏။
“အစ်မတို့...”
မိန်းကလေးများက သခင်လေးစစ်ထူ အား စစ်ဆေးကြည့်ပြီးနောက် တစ်ဦးက မျက်နှာပျက်ပျက်ဖြင့် မေးလိုက်သည်။
“သခင်လေး... ခေါင်းဆောင်ဆု က... သူ... ဘာမှ မလုပ်ဘူး မဟုတ်လား”
သခင်လေးစစ်ထူ က ကပျာကယာပင် ခေါင်းခါပြလိုက်ရသည်။ ထိုအခါမှ မိန်းကလေး (၄) ဦးမှာ သက်ပြင်းချနိုင်တော့၏။ တစ်ဦးက သွေးကြောကို စမ်းသပ်ကြည့်ပြီးနောက် အံ့ဩစွာ ဆိုလိုက်သည်။
“ခေါင်းဆောင်ဆု ရဲ့ အတွင်းအားက တကယ်ကို နက်နဲတာပဲ။ သူ့ရဲ့ အစစ်အမှန်ယန် စွမ်းအားက သာမန်ထက် အများကြီး သာလွန်တယ်။ ခဏလေးအတွင်းမှာပဲ သခင်လေးရဲ့ ကိုယ်ထဲက မီးအဆိပ်တွေကို အကုန် မောင်းထုတ်ပေးနိုင်ခဲ့တာပဲ”
သခင်လေးစစ်ထူ က ခေါင်းညိတ်လိုက်ပြီး အမိန့်ပေးလိုက်၏။
“ငါ့ကို ကျင်းရွှီဆေးလုံး (၂) လုံးလောက် ပေးပါဦး”
ဆေးလုံးများကို သောက်သုံးပြီးနောက်တွင်မှ သူမသည် အသက်ကို ဝဝရှူနိုင်တော့သည်။ ထိုအချိန်တွင် ဆုမို နှင့် ဝမ်ချန်ရှင်း တို့သည်လည်း လိုဏ်ဂူအတွင်းသို့ ပြန်လည်ဝင်ရောက်လာကြ၏။
ဆုမိုနှင့် သခင်လေးစစ်ထူ တို့ အကြည့်ချင်း ဆုံလိုက်သောအခါ လေထုမှာ အနည်းငယ် အနေရခက်သွားရသည်။ အသက်ကို ကယ်တင်ရန်အတွက် မလွဲမရှောင်သာ ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်သော်လည်း ဘာမှမဖြစ်ခဲ့သလို နေရန်မှာမူ ခဲယဉ်းလှပေသည်။
ဆုမိုသည်လည်း စိတ်ထဲတွင် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်မိ၏။
'ဒုက္ခပါပဲ။ ဒီကိစ္စကို ဘယ်လိုမျိုး အဆင်ပြေအောင် လုပ်ရပါ့မလဲ။ ငါကတော့ ကောင်းမှုလုပ်ပြီးမှ အရှက်ရနေရသလိုပဲ။'
သို့သော် ယခုအချိန်တွင် ထိုကိစ္စများကို အချိန်အကြာကြီး စဉ်းစားနေရန် မဖြစ်နိုင်တော့ချေ။ ဆုမိုသည် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး မေးလိုက်သည်။
“ကျိလေ ကောင်းကင် နန်းတော် က လူယုတ်မာတွေ ကျိဖန်တောင် မှာ ဘယ်လို ၀င်္ကပါတွေ ဆင်ထားတာလဲ။ ဆရာတော် ဟုန်ယွင် တို့ အခု ဘယ်နားမှာ ရှိနေလဲ။ ငါတို့ အရင်က မသိလို့ ထားလိုက်ပေမဲ့ အခု သိသွားပြီဆိုမှတော့ လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူး”
“ကျွန်မလည်း လိုက်ခဲ့ပါ့မယ်”
သခင်လေးစစ်ထူ က အလျင်စလို ပြောလိုက်၏။ ဆုမိုက ခေါင်းခါယမ်းလိုက်ရင်း တားမြစ်လိုက်သည်။
“မင်းက အခုမှ အဆိပ်တွေ ပျောက်သွားတာလေ။ ယင်နဲ့ယန်က အခုမှ ပြန်မျှရုံပဲ ရှိသေးတာ။ ခန္ဓာကိုယ်က အကြီးအကျယ် ဖျားနာပြီး ပြန်နိုးလာသလိုမျိုး အားနည်းနေဦးမှာပဲ။ ဒီညကလည်း မိုးက သည်းနေတာဆိုတော့ ဒီမှာပဲ နားနေလိုက်ပါ”
“ရပါတယ်ရှင်။ ကျွန်မ ကျင်းရွှီဆေးလုံး သောက်ထားပြီးပြီဆိုတော့ အတွင်းအားနဲ့ ပြန်ထိန်းလို့ ရပါတယ်။ ခေါင်းဆောင်ဆု က ၀င်္ကပါတွေအကြောင်းကို သိပ်နားမလည်ဘူး မဟုတ်လား။ ပြီးတော့ ကျိလေ ကောင်းကင် နန်းတော် က လူတွေက အဆိပ်ခတ်တဲ့နေရာမှာ တကယ့်ကို ကျွမ်းကျင်တာလေ...”
ထိုသို့ပြောရင်း သူမ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြန်၏။
“ကျွန်မတို့သာ အတူတူ လိုက်သွားမယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေမှာပါ”
ဆုမိုသည် ခေတ္တမျှ တွန့်ဆုတ်သွားပြီးနောက် မိန်းကလေးလေးများကို လှမ်းကြည့်လိုက်သည်။ ၎င်းတို့ကလည်း တစ်ပြိုင်နက်တည်း ခေါင်းညိတ်ပြကြ၏။
“သခင်လေး ပြောတာ မှန်ပါတယ်ရှင်။ အတူတူ သွားကြတာပေါ့”
“ခေါင်းဆောင်ဆု က တကယ့်ကို တရားမျှတတဲ့ လူကြီးလူကောင်းတစ်ယောက်ပဲ။ ခင်ဗျား တစ်ယောက်တည်း အန္တရာယ်ကြား သွားနေတာကို ကျွန်မတို့ ဘယ်လိုကြည့်နေနိုင်မှာလဲ”
ဆုမိုမှာမူ ဆွံ့အသွားရလေတော့သည်။ သူက ခေါင်းညိတ်လိုက်ပြီး...
“ဒါဆိုရင်လည်း... သွားကြတာပေါ့”
ဝမ်ချန်ရှင်း က ဆုမိုအား လှမ်းကြည့်ကာ မေးလိုက်သည်။
“ထျန်းချူမြို့ ကို ပြန်ပြီး သတင်းသွားပို့ဖို့ လိုဦးမလား”
“မလိုတော့ဘူး။ သူတို့တွေ အခုချိန်ဆို မြို့ထဲမှာ ရှိတော့မှာ မဟုတ်ဘူး”
ဆုမို၏ စကားကြောင့် ဝမ်ချန်ရှင်း အံ့အားသင့်သွားရသည်။
“ဟင်... ဒါဆို သူတို့ ဘယ်ကို သွားကြတာလဲ”
ဆုမိုက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် စကားသုံးလုံးကိုသာ ပြောလိုက်သည်။
“မိုးအေးတောင်ကြား”
---
မိုးအေးတောင်ကြား..
သည်းထန်စွာ ရွာသွန်းနေသော မိုးရေများအောက်တွင် မြို့ရိုးထက်၌ အမျိုးသားတစ်ဦးသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တတ်ရပ်နေသည်။ သူသည် မဟာတောင်ကြီး တစ်ခုအလား မလှုပ်မယှက် တည်ငြိမ်နေပေ၏။
သူ၏ အကြည့်များမှာ ချီမေတောအုပ် ရှိရာ အရပ်ဆီသို့ စူးစိုက်နေသည်။ အဝေးမှ ကြည့်လျှင် အေးစိမ့်ခြောက်ခြားဖွယ်ကောင်းသော ထိုတောအုပ်ကြီးမှာ ကောင်းကင်နှင့် မြေကြီးကြားတွင် အခြေချနေသော မိစ္ဆာတစ်ကောင်အလား ရှိနေပေသည်။
ရုတ်တရက် သူ၏ အနောက်တွင် အရိပ်တစ်ခု ပေါ်လာပြီး တိုးညင်းစွာ ခေါ်လိုက်၏။
“စီနီယာအစ်ကို”
ထိုသူ လှည့်ကြည့်လိုက်သောအခါ လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ အကြည့်များမှာ နက်နဲလှပြီး လှုပ်ရှားမှုတိုင်းတွင်လည်း မခန့်ညားဘဲ မနေနိုင်သော အရှိန်အဝါများ ထွက်ပေါ်နေပေသည်။
၎င်းမှာ သွမ့်ဆုန် ပင် ဖြစ်ပေတော့သည်။
ဆုမို နှင့် ဝေဇီယီ တို့ ဇီယန်ဂိုဏ်း မှ ထွက်လာစဉ်က ဝေဇီယီ က ဆုမိုအား မေးမြန်းခဲ့ဖူးသည်။ သွမ့်ဆုန်း က ဘာလို့ ထျန်းချူမြို့ ကို မလိုက်တာလဲ ဟုပေါ့။ ထိုစဉ်က ဆုမိုက သူ သွားရမည့် တခြားနေရာ ရှိသည်ဟုသာ ဖြေကြားခဲ့၏။
ထိုနေရာမှာ ယခု သူ ရောက်ရှိနေသော မိုးအေးတောင်ကြား ပင် ဖြစ်ပေသည်။
“အခြေအနေတွေ ဘယ်လိုလဲ”
သွမ့်ဆုန်း က တိုးညင်းစွာ မေးလိုက်သည်။
“အားလုံး အသင့်ပြင်ပြီးပါပြီ”
ဖြေကြားသူမှာ သွမ့်ဆုန်း ၏ တပည့်ဖြစ်သလို ဇီယန်ဂိုဏ်း ၏ (၃၁) ဆက်မြောက် တပည့်ဖြစ်သော လူယွမ် ပင် ဖြစ်၏။ သူသည် ဂိုဏ်း၏ အမိန့်ကို နာခံပြီး မိုးအေးတောင်ကြား ကို ပြန်လည် သိမ်းပိုက်နိုင်ကတည်းက ဤနေရာတွင်ပင် အခြေချကာ ခုခံရေးအတွက် တာဝန်ယူနေခြင်း ဖြစ်ပေသည်။
လူယွမ် က မချိတင်ကဲ မေးလိုက်၏။
“ဒီတစ်ခါ အခြေအနေက တော်တော်လေးကို ကြီးကျယ်တာနော်။ ကျွန်တော်တို့ တကယ်ပဲ သေချာရဲ့လား”
“မင်း ဆုထျန်းယန် ကို ယုံသလား”
သွမ့်ဆုန်း က ချီမေတောအုပ် ဘက်သို့ ပြန်လည် လှည့်ကြည့်လိုက်ရင်း မဆိုင်သလိုရှိသော မေးခွန်းတစ်ခုကို မေးလိုက်သည်။
လူယွမ် က မပြုံးဘဲ မနေနိုင်တော့ချေ။
“ဆုထျန်းယန် ဆိုတာ နှစ်ပေါင်းများစွာအတွင်းမှာ တစ်ခါမှ မပေါ်ဖူးတဲ့ ပါရမီရှင်လေ။ သိုင်းလောကမှာ ကျင်လည်လာတဲ့ တစ်လျှောက်လုံး ကျွန်တော် သူ့လိုလူမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ အကယ်၍ သူကသာ ဓားတောင်ကြီးပဲ ဖြစ်ဖြစ်၊ မီးပင်လယ်ကြီးပဲ ဖြစ်ဖြစ် ဒါက လမ်းဖြောင့်ကြီးပဲလို့ ပြောရင်တောင် ကျွန်တော်ကတော့ ယုံမှာပဲ”
“မင်း သူ့စကားကို ယုံတယ်ဆိုရင်... ဆုမို ကိုလည်း ယုံလို့ ရပါတယ်”
“အင်း... စီနီယာ ပြောတာတော့ ခဏခဏ ကြားဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော် သူ့ကို တစ်ခါမှ မတွေ့ဖူးသေးဘူး။ တကယ်ကို တွေ့ချင်မိတာပဲဗျာ”
လူယွမ် က သက်ပြင်းချလိုက်ပြီးနောက် သွမ့်ဆုန်း ဘက်သို့ လှည့်ကြည့်လိုက်သည်။
“ဒါနဲ့ စီနီယာအစ်ကို... အခု အကုန်လုံးလည်း အသင့်ဖြစ်နေပြီလေ။ စောင့်နေဖို့ပဲ ကျန်တော့တာကို ဘာတွေ စိတ်ပူနေသေးတာလဲ”
“ငါ စိတ်ပူတာက...”
သွမ့်ဆုန်း စကားပြောရန် ဟန်ပြင်ပြီးမှ လက်ကို စိတ်ပျက်လက်ပျက် ဝှေ့ယမ်းလိုက်သည်။
“ထားလိုက်ပါတော့။ မင်းက အိမ်ထောင်တောင် မကျသေးတဲ့ ကောင်ပဲ။ ပြောပြလည်း နားလည်မှာ မဟုတ်ဘူး”
“စီနီယာ ကလည်း အိမ်ထောင်ကျနေတဲ့ လူကျနေတာပဲ”
လူယွမ် က ချက်ချင်းပင် ပြန်လည် ချေပလိုက်သည်။ သို့သော်လည်း သွမ့်ဆုန်း ၏ မျက်နှာမှာ ရုတ်ချည်း ပြောင်းလဲသွားပြီး လူယွမ် ၏ အနောက်ဘက်သို့ စိုက်ကြည့်လိုက်သည်ကို တွေ့လိုက်ရ၏။
“ယူချွမ်ခေါင်းဆောင်....”
“ဗျာ..”
လူယွမ် မှာ ထိတ်လန့်တကြားဖြင့် အနောက်သို့ အသည်းအသန် လှည့်ကြည့်လိုက်သည်။ သို့သော်လည်း သူ၏ အနောက်တွင် မည်သူမျှ မရှိချေ။ ထိုအခါမှသာ သွမ့်ဆုန်း ၏ လှည့်စားခြင်းကို ခံလိုက်ရမှန်း သူ သိလိုက်ရတော့သည်။
သူ မြင်လိုက်ရသည်မှာ သွမ့်ဆုန်း က သူ၏ အနောက်တွင် ရပ်နေရင်း ခြေထောက်ကို မြှောက်ကာ သူ့အား ကန်ရန် ပြင်နေခြင်း ပင် ဖြစ်ပေသည်။
“မင်းကို ငါ ပြောပြီးပြီလေ... စကားတွေ အများကြီး မပြောနဲ့လို့..”
--