← Chapters

ကောင်းကင်အမိုးခုံးရထားလှုပ်ရှားခြင်း

Vol. 63 Ch. 1046

ကောင်းကင်အမိုးခုံးရထားလှုပ်ရှားခြင်း

Vol. 63 Ch. 1046

“ဒါတွေအားလုံးကို ကျွန်မတို့ကို ပေးမလို့လား” ချန်ဆီရွှမ်က ထိုအခိုက်အတန့်တွင် အရေးကြီးသော မေးခွန်းတစ်ခုကို မေးမြန်းလိုက်သည်။

ရိုင်ယန်က ပေါ့ပေါ့ပါးပါးပြုံးလျက် လင်းရှန်ကို ကြည့်ကာ ပြောသည်။

“လင်း.. ရီပက်ဘလစ်ကန်ကျွန်းစုတွေဘက်ကို အက်ဇ်လန်တို့ရဲ့ ရေယာဉ်စုနဲ့ Neptune သင်္ဘောကို လူမပါဘဲဦးတည်မောင်းနှင်သွားဖို့ ငါ စီစဉ်ခဲ့ပေမဲ့ ဂါလန်မီးတောင်ရဲ့ စွမ်းအားကို ထည့်တွက်ရင်တော့ မျှော်လင့်ချက်သိပ်မရှိတော့ဘူး။ အခု အဖွဲ့ထဲက လူအတော်များများမှာ နေစရာမရှိတော့ဘူးဆိုတော့... ဒီရေငုပ်သင်္ဘောကို မင်းဆီကနေ တောင်းဆိုချင်တယ်၊၊ ဒါမှဟုတ်ရင်လည်း ငါတို့ လူတွေ တခြားသင်္ဘောတစ်စင်း မတွေ့မချင်းပေါ့”

ထိုစကားကို ကြားသောအခါ လင်းရှန်က တိုက်ရိုက်ပင် ပြန်ပြောလိုက်သည်။

“ငါတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပဲ။ ဒါကြောင့် ဒီရေငုပ်သင်္ဘောဖြစ်ဖြစ် ဒီသွေးပဲစေ့တွေဖြစ်ဖြစ် ဒါတွေက ငါတို့ရဲ့ တိုက်ပွဲဝင်ပစ္စည်းတွေပဲ။ လဲလှယ်နေဖို့ မလိုပါဘူး။ မင်းတို့ရဲ့ အကူအညီသာမပါရင် ငါတို့ အခုလိုချောချောမွေ့မွေ့လုပ်နိုင်မှာ မဟုတ်သလို သွေးပဲစေ့တွေကိုလည်း ရိတ်သိမ်းနိုင်မှာ မဟုတ်ဘူး။ ဒီသွေးပဲစေ့တွေကို အညီအမျှခွဲဝေယူသင့်တယ်လို့ ငါထင်တယ်”

ရိုင်ယန်က ဝေခွဲမနေဘဲ သဘောတူခေါင်းညိတ်ပြလျက် လင်းရှန်ကို ပြန်ပြောသည်။

“လင်း… မင်းက ဖီးနစ်ရဲ့ ဓားကိုင်ဆောင်သူဖြစ်လာတာ မတော်တဆမဟုတ်ဘူးလို့ ငါ ယုံကြည်တယ်။ ဒီတစ်ကြိမ်တော့ ငါကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရပြီ။ အခွင့်အရေးရရင် ဝင်ရိုးစွန်းဒေသမှာ ပြန်ဆုံကြတာပေါ့”

“ကောင်းပါပြီ”

လင်းရှန်သည် သူနှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် ဘာမှ ထပ်မပြောတော့ပေ။ နေ့အလင်းရောင်သည် ပို၍ တိုတောင်းလာနေပြီ ဖြစ်သည်။ ရိုင်ယန်သည် နောက်ထပ်အစီအစဉ်များအတွက် အဖွဲ့ကို အမြန်ဦးဆောင်ရမည်ဖြစ်သဖြင့် လင်းရှန်တို့အဖွဲ့ကို နှုတ်ဆက်ကာ သွေးပဲစေ့တစ်ဝက်ကို ယူဆောင်လျက် အဓိကအဖွဲ့ဝင်များကို ဦးဆောင်ကာ ပိုင်ဖုန်း-၀၉ နျူကလီးယားရေငုပ်သင်္ဘောဆီသို့ ပြန်သွားလေသည်။

မထွက်ခွာမီ ဗန်နက်ဆာသည် လင်းရှန်ထံ ပစ္စည်းနှစ်ခုလွှဲပြောင်းပေးခဲ့သည်။ တစ်ခုမှာ ဟိုက်ဘရစ်စက်ပစ္စည်းနှင့် ဆင်တူသော စက်ပစ္စည်းအသေးစားလေးဖြစ်သည့် သလင်းကျောက်မွေးမြူကိရိယာဖြစ်ပြီး အလွန်ရှုပ်ထွေးကာ သေသပ်လှပစွာပြုလုပ်ထားသောကြောင့် အဖွဲ့အစည်းကြီးတစ်ခုမှ စက်မှုထုတ်ကုန်ဖြစ်ကြောင်း ထင်ရှားသည်။ အခြားတစ်ခုမှာ ဗန်နက်ဆာကိုယ်တိုင် စုဆောင်းသုတေသနပြုထားသော သလင်းကျောက်ဆင့်ကဲပြောင်းလဲခြင်းဆိုင်ရာအချက်အလက်များဖြစ်သည်။ အနန္တရထားအတွက် လက်ရှိတွင် ထိုအရာလိုအပ်နိုင်သည်ကို သူမ သိသဖြင့် လင်းရှန်ထံ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

“လင်း… ကျေးဇူးတင်ပါတယ်”

ဗန်နက်ဆာက ပြုံးရွှင်သောမျက်နှာဖြင့် ထွက်ခွာခါနီးတွင် ပြောသည်။

“ငါတို့ ပြန်ဆုံကြဦးမယ်လို့ စိတ်ထဲခံစားနေရတယ်။ နင်တို့နဲ့အတူ တိုက်ပွဲဝင်ရမယ့်အချိန်ကို မျှော်လင့်နေပါတယ်”

“ဂရုစိုက်ပါ”

ဝုန်း၊၊

လှိုင်းလုံးများထသွားကာ လူရာပေါင်းများစွာ တင်ဆောင်ထားသော အနက်ရောင်ရေငုပ်သင်္ဘောသည် ပင်လယ်ထဲသို့ ဖြည်းညှင်းစွာ ငုပ်လျှိုးသွားပြီး ရေစီးကြောင်းအောက်တွင် ပျောက်ကွယ်သွားတော့သည်။

ပင်လယ်လင်းယုန်အဖွဲ့ ထွက်ခွာသွားသည်ကို ကြည့်ပြီး ရှုချင်းက အနည်းငယ် ဇဝေဇဝါဖြစ်နေသည်။

“ပင်လယ်က အရမ်းအန္တရာယ်များတာမဟုတ်လား… သူတို့က ကျွန်မတို့နဲ့အတူ ကုန်းပေါ်ကို လိုက်ချင်ကြလိမ့်မယ်လို့ ထင်နေတာ”

“အန္တရာယ်ဆိုတာ နှိုင်းယှဉ်ချက်တစ်ခုပဲ”

လင်းရှန်သည် အနန္တရထား၏ ပြင်ပရေလုံတံခါးကို ပိတ်လိုက်ပြီး ကုန်းပတ်ခန်းဆီသို့ ပြန်လှည့်ကာ ပြောသည်။

“သမုဒ္ဒရာနတ်ဘုရားကြီးက သူတို့အတွက်တော့ အခွင့်အလမ်းတစ်ခုပဲ။ ရိုင်ယန်က ရိုးရှင်းတဲ့လူ မဟုတ်ဘူး။ ပြီးတော့ သူ့မှာ ဖောင်ဒေးရှင်းနောက်ခံရှိတဲ့အတွက် ရှင်သန်ဖို့နည်းလမ်းတွေ အများကြီးရှိတယ်။ အဲဒါနဲ့ယှဉ်ရင် သူက ရေကြောင်းလမ်းကို ပိုသဘောကျတယ်လေ”

“သူတို့အတွက် ထွက်ပြေးဖို့က အဓိကအချက်မဟုတ်လို့နေမှာပါ”

ချီလီက ပျင်းရိစွာ အညောင်းဆန့်ရင်း ပြောသည်။

“ဒီလောက်များတဲ့ သွေးပဲစေ့တွေနဲ့ဆိုရင် သူတို့က မှောင်ခိုဈေးကွက်ကတစ်ဆင့် အလတ်စား ဒါမှမဟုတ် အဆင့်မြင့်အဖွဲ့အစည်းတစ်ခုကို ချက်ချင်း ပြန်ဖွဲ့စည်းနိုင်တယ်။ သူတို့က ယန္တရားအစိတ်ပိုင်းဆင့်ကဲပြောင်းလဲမှုနဲ့ စွမ်းအားမြှင့်တင်မှုကို ပိုအလေးထားကြတယ်လို့ ထင်တယ်။ အတော်လေးသတ္တိရှိကြတာပဲ”

“တကယ်တော့ အဲဒီအတွေးက မမှားပါဘူး”

မိုနီကာက ထိုအခိုက်အတန့်တွင် ပြောသည်။

“စွမ်းအားနဲ့ နည်းလမ်းတွေရှိရင် ကမ္ဘာပျက်ကပ်မရောက်ခင် ရှင်သန်နိုင်စွမ်းတိုးတက်ဖို့အတွက် ဘက်စုံစွမ်းဆောင်ရည်ကို အခွင့်ကောင်းယူမြှင့်တင်ကြတာပဲ”

ထိုစကားကို ကြားသောအခါ လုရှင်းချန်က ရှားရှားပါးပါးထောက်ခံသည့်အသံပြုလုပ်လိုက်သည်။

“ဟေး... ငါ တကယ်သဘောတူတယ်။ ကျင့်ကြံခြင်းကို အထွတ်အမြတ်ထားပြီး ဒုက္ခပေါင်းစုံကို သည်းခံကျော်ဖြတ်ရမယ်။ တကယ်လို့ ငါတို့ရဲ့ စွမ်းရည်တွေက တစ်နေ့မှာ ပင်လယ်နတ်ဆိုးနတ်ဘုရားကို ရင်ဆိုင်နိုင်ပြီဆိုရင် ဘယ်ဘေးဒုက္ခကိုမှ ကြောက်စရာမလိုတော့ဘူး”

“နင်က ရိုးရိုးလေး တွေးတာပဲ။ အဲဒီအကောင်က လက်တစ်ချက်ပုတ်ရုံနဲ့ ကျွန်းတစ်ကျွန်းကို အမှုန့်ချေပစ်နိုင်တယ်၊၊ အဲဒါကို ခုခံဖို့ ငါတို့ရဲ့ စွမ်းအားတွေက ဘယ်လိုအဆင့်အထိ ဆင့်ကဲပြောင်းလဲရမှာလဲ”

ကီကီက လက်ပိုက်လျက် လေထဲတွင် ပျံသန်းရင်း ပြောသည်။

“ကျွန်မအမြင်တော့ အဲဒါထက် အပေါ်က ကောင်းကင်အကာကွယ်ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကိုပဲ အာရုံစိုက်သင့်တယ်။ ကျွန်မတို့တွေ အပြင်ကိုပျံသန်းသွားနိုင်မှ တကယ့်အနာဂတ်သစ်ကို ဖော်ဆောင်နိုင်မယ်”

“လင်းရှန်”

ချန်ဆီရွှမ်က လင်းရှန်နှင့်အတူ ယှဉ်တွဲလမ်းလျှောက်ရင်း မေးသည်။

“ဘယ်လမ်းကြောင်းကိုသွားဖို့ ဆုံးဖြတ်လိုက်ပြီလဲ”

လင်းရှန်က ထမင်းစားပွဲဆီသို့ လျှောက်သွားပြီး ဗိုင်အိုလာ ပြသထားသော သုံးဖက်မြင်ပုံရိပ်ယောင်ပြကွက်ပေါ်ရှိ နေရာတစ်ခုကို ညွှန်ပြလိုက်သည်။

“ဒီနေရာ”

လင်းရှန် ညွှန်ပြနေသော ကုန်းမြေနှစ်ခုကြားကနေရာကိုကြည့်ပြီး ချန်ဆီရွှမ်က မျက်မှောင်အနည်းငယ်ကြုတ်ကာ ပြောသည်။

“ဟာဝိုင်အီလား”

“ဟုတ်တယ်”

အချိန်ကို ကြည့်ရင်း လင်းရှန်က လူတိုင်းကို ချက်ချင်းရှင်းပြလိုက်သည်။

“အခု ငါတို့အတွက် နေ့အလင်းရောင်က ၈ နာရီတောင် မပြည့်တော့ဘူး။ ဘေးကင်းဖို့အတွက် ညဘက်ဆိုရင် ရပ်နားရမယ်။ ဒါကြောင့် ဟာဝိုင်အီကျွန်းစုတွေဆီကို အရင်ဦးတည်မောင်းနှင်ပြီး အဲဒီမှာ ညအချိန်ကို ဖြတ်ကျော်ရမယ်”

“တစ်ချိန်တည်းမှာပဲ အခြေအနေကို စစ်ဆေးရမယ်။ တကယ်လို့ ပျံသန်းရတာ အန္တရာယ်များလွန်းရင် အဲဒီကနေ တောင်အမေရိကဘက်ကို ဂြိုဟ်ပတ်ရထားလမ်းအတိုင်း ဝင်ရောက်ဖို့ စဉ်းစားလို့ရသေးတယ်။ ဘာလို့လဲဆိုတော့ အဲဒီမှာ ဂြိုလ်ပတ်ကြယ်ဆိပ်ကမ်းရှိတယ် မဟုတ်လား”

ကီကီက လင်းရှန်၏ ရင်ထဲက အတွေးကို သိနေသည့်အလား ချက်ချင်း ဖြည့်စွက်ပြောလိုက်သည်။

လင်းရှန်က ပြုံးလိုက်ပြီး ငြင်းဆန်ခြင်းမပြုပေ။ ထိုအရာက သူ စဉ်းစားထားသည့်အတိုင်းပင်ဖြစ်သည်။

မည်သည့်အရာများနှင့် ကြုံတွေ့ရမည်ကို မသိဘဲ ပင်လယ်ရေပြင်အထက် အနိမ့်ပိုင်းပျံသန်းမှုအတွက် ကောင်းကင်အမိုးခုံးရထားကို တိုက်ရိုက်စတင်မောင်းနှင်ခြင်းသည် ရဲတင်းသောလုပ်ရပ်တစ်ခုဖြစ်သည်။ အကယ်၍ အခက်အခဲကြုံရလျှင် သို့မဟုတ် လေထဲတွင်တိုက်ပွဲဖြစ်ခဲ့လျှင် အနည်းဆုံးတော့ ပင်လယ်ထဲ ပြုတ်ကျမည့် ဘေးဒုက္ခမှ ကာကွယ်ရန်နှင့် ပြန်လည်ပြင်ဆင်ရန် နားခိုရာနေရာတစ်ခုရှိလိမ့်မည်။

ထို့နောက် လင်းရှန်သည် တွဲ ၅ ၏ ခေါင်းမိုးပေါ်မှ တစ်ပိုင်းတစ်စငုပ်လျှိုးနေသော အနန္တရထားဆီသို့ ဆက်သွယ်ရေးလမ်းကြောင်းကို ဖွင့်လိုက်ပြီး ရှေ့ရှိ ပင်လယ်ပြင်ဆီသို့ လက်မြှောက်လိုက်သည်။ ထို့နောက် ဟိန်းဟောက်သံများနှင့်အတူ ကြည်လင်သော ကောင်းကင်ယံအောက်တွင် ဧရာမ ယန္တရားတံခါးကြီးတစ်ခုပွင့်လာပြီး ၎င်း၏ မှောင်မိုက်သောအတွင်းပိုင်းမှ သတ္တုသံများ ထွက်ပေါ်လာကာ လျှပ်စီးတန်းများက မိုးကြိုးမြွေများကဲ့သို့ ပြင်းထန်စွာ ကူးလူးယှက်နွယ်နေကြသည်။ လင်းရှန်၏ ရင်ဘတ်ရှေ့တွင် စူပါစထရင်း နူဓာတ်ပြုအဆင့်သက်တန့်ကွင်းက အပူရှိန်များတောက်လောင်လာသည်နှင့်အမျှ ဧရာမကောင်းကင်အမိုးခုံးရတားကြီးသည် အာကာသအတားအဆီးများကို ဆွဲဖြဲကာ ရုတ်တရက် ဆင်းသက်လာလေသည်။

လေပြင်းများတိုက်ခတ်ကာ လှိုင်းလုံးများထန်လာပြီး လေးကီလိုမီတာကျော် ရှည်လျားသော ယာဉ်ကြီးသည် ကြည်လင်သောကောင်းကင်အောက်တွင် သံမဏိတောင်ကြီးတစ်ခုကဲ့သို့ အရိပ်ထိုးနေသည်။ တိုက်ပွဲဝင်သ‌ေင်္ဘာအစိတ်အပိုင်းအသစ်သည် ယင်း၏ ကြောက်မက်ဖွယ်လက်နက်စနစ်ကို ပေါ်လွင်စေပြီး သုံးမြွှာလျှပ်စစ်သံလိုက်ကြယ်ပစ်အမြောက်ကြီးက ချိန်ညှိရန်လည်ပတ်နေကာ ပလာစမာအမြောက်က ယင်း၏ ခန့်ညားမှုကို ပြသနေသည်။ ဒုံးကျည်ပစ်စင်များနှင့် 1130 ကာကွယ်ရေးအမြောက်ကြီးများက အပေါ်ဘက်သံချပ်ကာကို ဆူးများကဲ့သို့ ထိုးထွက်ကာ ဖုံးလွှမ်းထားသည်။

တိတိကျကျပြောရလျှင် ထိုလက်နက်များအားလုံးက ပြီးပြည့်စုံခြင်းမရှိသေးပေ။ လျှပ်စစ်သံလိုက်အမြောက်၊ အလွန်မြင့်မားသော အပူချိန်ရှိ ပလာစမာလမ်းညွှန်စနစ်နှင့် မိုက်ခရိုဝေ့ဖ်ကာကွယ်ရေးစနစ်တို့ကိုမပြုလုပ်ရသေးသလို လင်းရှန်ကိုယ်တိုင် အတွင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသော ခဲယမ်းမီးကျောက်ပြန်လည်ထုတ်လုပ်ရေယန္တရားလည်း မရှိသေးပေ။ စွမ်းအင်လက်နက်များကို မောင်းနှင်ရန် အလွန်ကြီးမားသော စွမ်းအင်သိုလှောင်ကိရိယာများနှင့် အမှောင်စွမ်းအင်ပေါင်းစည်းပစ္စည်းများ လိုအပ်နေသေးသည်။

သို့သော် ထိုအရာများက ယခုအချိန်တွင် အရေးမကြီးတော့ပေ။ ကောင်းကင်ကြီးက ကြည်လင်နေသော်လည်း အချိန်က စက္ကန့်နှင့်အမျှ ကုန်လွန်နေသဖြင့် ညမမှောင်မီ နားခိုရာနေရာသို့ ရောက်ရှိရန် လူတိုင်းကို အမြန်ဆုံးယာဉ်ပေါ်တက်စေရမည်။

ကံကောင်းသည်မှာ လင်းရှန်တွင် ဗိုင်အိုလာနှင့် အင်ဂျင်နီယာနှင့် ပြုပြင်ထိန်းသိမ်းရေး စက်ရုပ်များစွာ ရှိနေခြင်း ဖြစ်သည်။ အနန္တရထားမှ အဖွဲ့ဝင်များ ယာဉ်ပေါ်မတက်မီ ထိုယန္တရားလက်ထောက်များသည် ဧရာမ ကောင်းကင်အမိုးခုံးပေါ်သို့ ဆက်တိုက်ပျံသန်းသွားခဲ့ကြပြီး ဗိုင်အိုလာက ထိန်းချုပ်ခန်းသို့ ရောက်ရှိကာ အဓိကထိန်းချုပ်မှုစနစ်နှင့် စတင်ပေါင်းစပ်လျက် လင်းရှန်၏ ဘက်စုံထိန်းချုပ်မှုဦးနှောက်ဖြစ်လာခဲ့သည်။

မကြာမီ လူတိုင်းသည် ကောင်းကင်အမိုးခုံးရထား၏ ကုန်းပတ်ပေါ်သို့ စတင်ပျံသန်းတက်ရောက်ခဲ့ကြသည်။ တွဲ ၃ တွင် တင်းကျန်းရီသည် ရှောင်ယွမ်နှင့် မြောင်လုတို့ကို ဦးဆောင်ကာ သုတေသနပစ္စည်းများနှင့် ကပ်ဘေးအပင်များကို ကောင်းကင်အမိုးခုံးရထားပေါ်သို့ သယ်ဆောင်လာခဲ့သည်။ တွဲ ၄ မှ ရွှေ့ပြောင်းရခက်ခဲသော အပင်အချို့ကိုမူ ချက်ချင်းမရွှေ့နိုင်သဖြင့် ယာယီစွန့်ပစ်ထားခဲ့ရသည်။

လင်းရှန်ကမူ ကောင်းကင်အမိုးခုံးရထားပေါ်သို့ လူတိုင်းရောက်ရှိပြီးနောက် စွမ်းအားမြှင့်တင်ရန် စူပါစထရင်း နူဓာတ်ပြုအဆင့်သက်တန့်ကွင်းကို အသက်သွင်းလိုက်ပြီး ကြယ်နက်ပန်းပဲဖိုကို အပြည့်အဝစတင်ကာ ရေထဲက အနန္တရထားကို စတင်ဝါးမျိုစုပ်ယူလိုက်သည်။

၎င်းသည် အလွန်စွမ်းအင်ကုန်ဆုံးသောလုပ်ရပ်ဖြစ်သည်။ ယခင်က ဒရက်နော့အဆင့်သင်္ဘောကြီး သို့မဟုတ် ကောင်းကင်အမိုးခုံးရထားကို ဝါးမျိုစဉ်ကလည်း ထိုကဲ့သို့ အကြီးစားယန္တရားများသည် စွမ်းအင်အမြောက်အမြားကုန်ဆုံးခဲ့သည်။ ကံကောင်းသည်မှာ လင်းရှန်သည် လက်ရှိတွင် စွမ်းအင်အပြည့်ရှိနေပြီး စူပါစထရင်း နူဓာတ်ပြုအဆင့်သက်တန့်ကွင်းက စွမ်းအင်ထောက်ပံ့ပေးထားသည့်အပြင် ဘေးကင်းသောပတ်ဝန်းကျင်တွင် ရှိနေသဖြင့် သူ၏ မိတ်ဆွေဟောင်းကြီးကို ကြယ်နက်ပန်းပဲဖိုထဲသို့ အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့သည်။

ဝုန်း

ပင်လယ်ရေများက ကောင်းကင်မှ မိုးရွာသကဲ့သို့ ကျဆင်းလာသည်။ ဟင်းလင်းပြင်ရှိ ယန္တရားတံခါးကြီးသည် ဖြည်းညှင်းစွာ ပိတ်သွားပြီး လက်နက်အပြည့်တပ်ဆင်ထားသော သံလမ်းပြေးယာဉ်တွဲကြီးသည် မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

ထိုအခိုက်အတန့်တွင် ပင်လယ်ရေပြင်အထက် မီတာရာပေါင်းများစွာတွင် လေးကီလိုမီတာကျော် ရှည်လျားသော ကောင်းကင်အမိုးခုံးရထားကြီးသာ တိတ်ဆိတ်စွာ ပျံသန်းနေပြီး ဂျက်ပန်ကာသံများသည် ပင်လယ်လှိုင်းသံများအောက်တွင် နစ်မြုပ်နေသည်။ လင်းရှန်သည် ထိန်းချုပ်ခန်းသို့ ရောက်ရှိလာချိန်တွင် သိပ္ပံခန်းတွဲသို့ သွားသော တင်းကျန်းရီမှလွဲ၍ လူတိုင်းက ထိုနေရာတွင် စုဝေးကာ သူ့ကိုစောင့်ဆိုင်းနေကြသည်ကို တွေ့လိုက်ရသည်။

ယခုအခါ ဗိုင်အိုလာ၏ ထိန်းချုပ်မှုအောက်တွင် ကောင်းကင်အမိုးခုံးရထားသည် လေထဲတွင် ဖြည်းညှင်းစွာ လှည့်ပတ်ကာ ရှေ့သို့ အရှိန်မြှင့်မောင်းနှင်နေပြီဖြစ်ရာ ကြီးမားသောလေထုဖိအားကြောင့် အောက်ဘက်တွင် လှိုင်းလုံးကြီးများ ထလာသည်။

[ဦးတည်ချက် ပျံသန်းမှုအမြင့် မီတာ ၂၀၀၀။ ပျံသန်းမှုအရှိန် အသံထက်နှေးသော အရှိန်]

“မင်းတို့အားလုံးမှာ ကိုယ်ပိုင်အခန်းတွေရှိတာပဲ။ ငါက လမ်းပြပေးမှာကို စောင့်နေကြတာလား”

ကောင်းကင်အမိုးခုံးရထား ထွက်ခွာလာချိန်တွင် လူတိုင်းက သူ့ကို စိုက်ကြည့်နေကြသဖြင့် လင်းရှန်လည်း မပြောဘဲ မနေနိုင်တော့ပေ။

All Chapters