စူပါကွန်ဒက်တာမိုးကြိုးဓား (၁)
Vol. 63 Ch. 1047
“မဟုတ်ပါဘူး ကပ္ပတိန်လင်း”
လုချန်က လူတိုင်းကို တစ်ချက်ကြည့်ပြီး လင်းရှန်ကို ကြည့်ကာ ပြုံးလျက် ပြောသည်။
“ကျွန်တော်တို့က ကပ္ပတိန်ရဲ့ အမိန့်ကို စောင့်နေတာပါ”
“ဘာအမိန့်လဲ”
“တာဝန်တွေလေ”
မိုနီကာက သတင်းအချက်အလက်အရာရှိနေရာတွင် ထိုင်ကာ ခြေထောက်ချိတ်လျက် လှည့်ကြည့်ရင်း ပြောသည်။
“ကျွန်မတို့အားလုံးက ဒီအတိုင်းလှဲနေရမှာလား”
“ပြီးတော့ နောက်ပိုင်းကျရင် ဒီကောင်းကင်အမိုးခုံးရထားပေါ်ကိုပဲ အကုန်ပြောင်းရွှေ့တော့မှာလား ဒါမှမဟုတ် ကုန်းမြေကို ရောက်ရင် အနန္တရထားဆီ ပြန်သွားမှာလား”
နန်ကျင်းကလည်း ထိုအခိုက်အတန့်တွင် မေးမြန်းလိုက်သည်။
လင်းရှန်သည် ပြတင်းပေါက်မှတစ်ဆင့် မိုးကုပ်စက်ဝိုင်းကို ကြည့်လိုက်ပြီး တားမြစ်ပစ္စည်းများထည့်ထားသော ခဲသေတ္တာကို ထုတ်ယူကာ လေးနက်စွာပြောလိုက်သည်။
“ပြောရခက်တယ်။ အချို့တားမြစ်ပစ္စည်းတွေက သယ်ဆောင်သွားလို့မရဘူးထင်တယ်။ ထူးဆန်းသောကုဗတုံးလိုမျိုးပေါ့။ အဲဒါကို အနန္တရထားပေါ် ကနေ ကောင်းကင်အမိုးခုံးရထားပေါ်မှာ ပြောင်းလိုက်ရင် ဘာပြောင်းလဲမှုတွေ ဖြစ်လာမလဲဆိုတာ ငါလည်း သေချာမသိသေးဘူး...”
“တွင်းနက်ထဲကို ဖြတ်ဖို့လား”
..
ဝူး
ပစိဖိတ်သမုဒ္ဒရာ၏ ကောင်းကင်ယံတစ်နေရာတွင် ကြယ်တာယာကောင်းကင်ပန်ကာများ၏ တိုးညှင်းသော လည်ပတ်သံက ပဲ့တင်ထပ်နေပြီး ပင်လယ်ပြင်ထက်က လေထုကိုပင် တုန်ခါသွားစေသည်။ ကောင်းကင်အမိုးခုံးရထား၏ စွမ်းအင်ကိုယ်ထည်ဝမ်းဗိုက်နှင့် အမြီးပိုင်းရှိ အဓိကအင်ဂျင်ဂျက်ထုတ်ပေါက် ၈ခုမှ အပြာရောင်အိုင်းယွန်းစီးကြောင်းများ ဒလဟောထွက်ပေါ်နေသည်။ အသံထက်နှေးသော ပျံသန်းမှုစနစ်အောက်တွင် ထွက်ပေါ်လာသော စွမ်းအင်အရှိန်အဟုန်သည် သည်းထန်စွာ ရွာသွန်းနေသော မိုးရေထဲတွင် မီတာထောင်ချီ ရှည်လျားသော မြူခိုးဥမင်လိုဏ်ခေါင်းတစ်ခုအဖြစ် ရေငွေ့ပျံသွားရာ ကောင်းကင်နတ်ဘုရားက အလင်းဓားတစ်စင်းဖြင့် ပင်လယ်လိုက်ကာကို ပိုင်းဖြတ်လိုက်သည့်အလား ထင်မှတ်ရသည်။
“ဗိုင်အိုလာ ပျံသန်းမှုအမြင့်ကို ထပ်လျှော့လိုက်”
ပင်မထိန်းချုပ်ခန်းထဲတွင် အဖွဲ့ဝင်တိုင်းက ထိုအခိုက်အတန့်တွင် အလွန်နိုးကြားနေကြသည်။ နေ့ခင်းဘက်ဖြစ်သော်လည်း လေမုန်တိုင်းဇုန်ထဲသို့ တိုးဝင်ပြီးနောက် ကောင်းကင်တွင် မိုးသည်းထန်စွာရွာသွန်းလာပြီး နေရောင်ခြည်ပျောက်သွားခဲ့သည်။ အပေါ်ရှိ အနိမ့်ပိုငမးမိုးတိမ်များကို ထောက်လှမ်းမိသဖြင့် လင်းရှန်သည် တိမ်တိုက်ထဲတွင်ရှိနေနိုင်သော မွန်းစတားများ၏ ပစ်မှတ်ထားခံရခြင်းမှ ကာကွယ်ရန် ပျံသန်းမှုအမြင့်ကို လျှော့ချဖို့ ဗိုင်အိုလာကို ထပ်ခါတလဲလဲညွှန်ကြားနေရခြင်းဖြစ်သည်။
ကောင်းကင်အမိုးခုံးရထားသည် ပင်လယ်ရေပြင်အထက်အနိမ့်ပိုင်းတွင် ဆူညံစွာမြည်ဟည်းလျက် ပွတ်ကာပျံသန်းနေသည်။ ယာဉ်ကိုယ်ထည်က လေဟာနယ်ရိုက်ခတ်မှုလှိုင်းများကို သယ်ဆောင်လာပြီး ဖိအားမြင့်လေစီးကြောင်းက ပင်လယ်ရေကို အောက်သို့ဖိချလိုက်ရာ အချင်းမီတာရာချီရှိသော ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်လာကာ လှိုင်းလုံးနံရံများက ဓားသွားများကဲ့သို့ လိမ့်တက်ကာ ပေါက်ကွဲထွက်ကုန်သည်။
ကောင်းကင်အမိုးခုံးရထား၏ လက်ရှိဦးခေါင်းပိုင်းတွင် ပင်မလက်နက်တိုက်တွဲအစိတ်အပိုင်းကို ထည့်သွင်းထားပြီး လင်းရှန်သည် ပျံသန်းစဉ် တိုက်မိခြင်းဘေးမှ ကာကွယ်ရန် ခေါင်းပိုင်းကာကွယ်ရေးစနစ်သုံးလွှာကို ထပ်မံဖြည့်စွက်ထားသည်။ ကာဗွန်အလွိုင်းယာဉ်ခွံအပြင် စွမ်းအင်လက်နက်များနှင့် အမှုန်စီးကြောင်းများကို ခုခံရန် တည်ငြိမ်လျှပ်စစ်စက်ကွင်း ထုတ်လုပ်စက်များ၊ ထိရောက်စွာကာကွယ်ရန် စွမ်းအင်မြင့်ပလာစမာလေဆာစနစ်များနှင့် ရှေ့တည့်တည့်မှတိုက်ခိုက်မှုများကို ရင်ဆိုင်ရန် အပူဒဏ်ခံသံချပ်ကာများပါဝင်သည်။
ထိုတွဲအစိတ်အပိုင်းကြောင့် ကောင်းကင်အမိုးခုံးရထားသည် မူလကြယ်ကောင်းကင်ပတ်လမ်း သယ်ယူပို့ဆောင်ရေးသင်္ဘောအဆင့်မှ ကိုယ်ပိုင်ကာကွယ်ရေးစနစ်ပါရှိသော မိုးကုပ်စက်ဝိုင်းအလွန်အခြေချလက်နက်တစ်ခုအဖြစ် အဆင့်မြှင့်တင်ပြီးသားဖြစ်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် နန်ကျင်း၊ ရှုချင်း၊ ရှောင်ချင်းတို့နှင့် တခြားလူများသည် လက်နက်တိုက်သင်္ဘောပေါ်တွင် ကင်းထောက်ခြင်းနှင့် ပစ်ခတ်ခြင်းတို့ကို တာဝန်ယူထားပြီး သုံးမြွှာလျှပ်စစ်သံလိုက်ကြယ်ပစ်အမြောက်နှင့် ပလာစမာအမြောက်တို့ကို အချိန်မရွေးတုံ့ပြန်နိုင်ရန် အသင့်ပြင်ထားကြသည်။ ချန်ဆီရွှမ်၊ လုချန်၊ လော့ယန်တို့နှင့် တခြားလူများက သတင်းအချက်အလက်စနစ်ကို ကိုင်တွယ်ပြီး ရှားရှားက ပဲ့ထိန်းအဖြစ် ဆောင်ရွက်ကာ တခြားလူများက ထိန်းချုပ်ခန်းနှင့် လုပ်ဆောင်ချက်တွဲများတွင် အသင့်အနေအထားရှိနေကြသည်။ စွန်းယုကျန်း၊ မာရှောင်ထန်း၊ တင်းကျန်းရီနှင့် ရှောင်ယွမ်တို့သာ လူနေတွဲအပိုင်းတွင် ထောက်ပံ့ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြသည်။
လုရှင်းချန်ကမူ ပင်မထိန်းချုပ်ခန်း ပြတင်းပေါက်၏ ရှေ့တည့်တည့်တွင် တစ်ဦးတည်း ရပ်နေပြီး သူ၏မျက်လုံးများက ကြယ်ပွင့်များအလား တောက်ပနေကာ နှုတ်ခမ်းထောင့်တွင် ဘာမထီသော အပြုံးတစ်ခုရှိနေသည်။ သူက ပြတင်းပေါက်ပြင်ပက လိမ့်တက်နေသော မိုးလှိုင်းများနှင့် ကွဲအက်နေသော ဧရာမလှိုင်းလုံးများကို ကြည့်ပြီး ကျယ်လောင်စွာရယ်မောလိုက်သည်။
“ရဟူး… ဟားဟားဟား… ဒါက ငါတို့ရဲ့ စစ်မြေပြင်ပဲ။ အိုး အနန္တကောင်းကင်အမိုးခုံးရထား... ဒီရှုပ်ထွေးလှတဲ့ မိုးရေလိုက်ကာကို ဆွဲဖြဲပစ်လိုက်စမ်း၊ ထန်နေတဲ့ လှိုင်းလုံးတွေကို ဖြတ်ကျော်လိုက်စမ်း။ ငါ့ရဲ့ သံမဏိခန္ဓာကိုယ်က ကောင်းကင်နဲ့ မြေကမ္ဘာကြားမှာ အကြီးမြတ်ဆုံးပဲ။ လေမုန်တိုင်းနဲ့ မိုးသက်မုန်တိုင်းဆိုတာ ငါ့မျက်နှာကို လာပွတ်တဲ့ ဖုန်မှုန့်လောက်ပဲ ရှိတယ်။ ကြည့်စမ်း လှိုင်းဖြတ်မောင်းနှင်ရတဲ့ ဒီစိတ်လှုပ်ရှားစရာခံစားချက်က ပင်လယ်နတ်ဘုရားကို တုန်လှုပ်စေပြီး ကောင်းကင်တိမ်တိုက်မိစ္ဆာတွေကို ဆုတ်ခွာစေတယ်။ ဒါကမှ တကယ့်သူရဲကောင်းတစ်ယောက်ရဲ့ ကံကြမ္မာနဲ့ ကိုက်ညီတာ။ ကမ္ဘာကြီး သက်သေခံလိုက်စမ်း။ အရာအားလုံးကို ဖြတ်ကျော်မယ့် ဒီလမ်းကြောင်းက စကြာဝဠာကို ငါသိမ်းပိုက်ဖို့ ပထမဆုံးခြေလှမ်းပဲ။ လာစမ်း… မုန်တိုင်းက ဘယ်လောက်ပဲ ပြင်းထန်ပါစေ… ငါ့ရဲ့ မီးတောက်က ကမ္ဘာကြီးကို သန့်စင်ပေးလိမ့်မယ်… ဟားဟားဟားဟား”
ဘွန်းးး
သို့သော် သူ၏ ရည်မှန်းချက်များကို အပြည့်အဝမထုတ်ဖော်နိုင်ခင်မှာပင် ရှေ့က လက်နက်သင်္ဘောပေါ်ရှိ ပလာစမာအမြောက်တစ်လက်က ရုတ်တရက်ပစ်ခတ်လိုက်ရာ လျှပ်စီးပလာစမာတန်းက တိမ်တိုက်တစ်ခုထဲသို့ တိုးဝင်ကာ ပေါက်ကွဲသွားသည်။ အပြာရောင်လျှပ်စီးလက်မှုအောက်တွင် ထူးဆန်းသော အနက်ရောင်အရိပ်တစ်ခု တိမ်တိုက်ထဲမှ ရုန်းထွက်လာပြီး မြူခိုးများကင်းစင်သွားချိန်တွင် အတောင်ပံပါသော မွန်းစတားကဲ့သို့ သတ္တဝါတစ်ကောင် လေထဲတွင် လိမ့်ကာ ဝေးလံသော ပင်လယ်လှိုင်းများထဲသို့ ပြုတ်ကျသွားသည်ကို တွေ့လိုက်ရသည်။
“ကပ္ပတိန်လင်း… ရေဒါကနေ အနိမ့်ပျံသက်ရှိတစ်ကောင်ကို ထောက်လှမ်းမိလို့ ကျွန်မ ယာဉ်ပေါ်က လက်နက်တွေကို အလိုအလျောက် ရန်သူရှာတုံ့ပြန်ပစ်ခတ်ဖို့ အသက်သွင်းလိုက်ပြီ”
နန်ကျင်း၏ အသံက ပင်မထိန်းချုပ်ခန်းဆက်သွယ်ရေးလမ်းကြောင်းမှ ထွက်ပေါ်လာသည်။
“ကောင်းတယ် အားမနာနဲ့”
လင်းရှန်က လုရှင်းချန်ကို လေးနက်သော မျက်နှာထားဖြင့်ကြည့်လိုက်ပြီး “မီးတောက်၊ မိုနီကာ၊ ရှီဇီ… မင်းတို့ ကောင်းကင်တံတားဆီကို သွားပါ။ အားဖေး၊ ကီကီ၊ ရူဂျီ… မင်းတို့က အောက်ထပ်ကို သွားပြီး လေကြောင်းနဲ့ ရေအောက်အန္တရာယ်တွေကို ကိုင်တွယ်ပေးပါ။ ငါတို့ရဲ့ လက်ရှိအရှိန်နဲ့ အခုလို အနိမ့်ပျံသန်းမှုမှာ ကာကွယ်ရေးလက်နက်တွေရဲ့ လွှမ်းခြုံမှုနဲ့ တုံ့ပြန်မှုက အမီလိုက်နိုင်မှာမဟုတ်ဘူး”
“သိပြီ”
မိုနီကာက ချက်ချင်းပင် သူမ၏ ထိုင်ခုံမှ ထကာ ထိန်းချုပ်ခန်းအပြင်သို့ တိုက်ရိုက်ဦးတည်သွားပြီး ရှီဇီက နောက်က လိုက်သွားသည်။ ကြီးမားသော တာဝန်ကို အပ်နှင်းခံရသဖြင့် မီးတောက်သည်လည်း ချက်ချင်း လေးနက်သွားကာ စိတ်အားထက်သန်စွာ နောက်ကလိုက်သွားတော့သည်။
“ကီကီ” လင်းရှန်က ကီကီကို လှမ်းခေါ်လိုက်သည်။
“အားဖေးကို ကာကွယ်ဖို့အပြင် မင်းနဲ့ ရူဂျီလည်း ဘာနဲ့မှ တိုက်ရိုက်မတိုက်မိအောင် ဂရုစိုက်ဦး”
“နားလည်ပြီ”
ကီကီက လက်ဖျောက်တီးလိုက်ပြီး သူမ၏ လျှပ်စစ်ဓားသွားပျံသန်းရေးကိရိယာကို ခေါ်ယူကာ နောက်က လိုက်သွားသည်။ ရူဂျီကမူ မျက်နှာအမူအရာကင်းမဲ့စွာဖြင့် လင်းရှန်ကို ခေါင်းညိတ်ပြကာ အမြန်ထွက်ခွာသွားသည်။
ကြယ်သင်္ဘောပျံသန်းခြင်းနှင့် ရထားမောင်းနှင်ခြင်းက လုံးဝတခြားစီဖြစ်သည်။ ရထားတွင် ရထားလမ်းရှိသော်လည်း အခု သူတို့အောက်တွင်ရှိနေသည်က အဆုံးမရှိသော ပင်လယ်ပြင်တွင်းနက်ကြီးဖြစ်ပြီး ဧရာမသန္ဓေပြောင်းမွန်းစတားများရှိနေနိုင်သည်။ အခုလိုမြန်နှုန်းမြင့်မောင်းနှင်မှုတွင် မည်သည့်ထိခိုက်မှုမဆို အလွန်အန္တရာယ်များလှပြီး လေထုက ဆွဲဖြဲပစ်နိုင်သဖြင့် လေကြောင်းယူနစ်များက ပို၍ အန္တရာယ်များခြင်း ဖြစ်သည်။
“လင်းရှန်”
ယာယီသိပ္ပံအရာရှိအဖြစ်ဆောင်ရွက်နေသော ချန်ဆီရွှမ်က သူမ၏ ထိုင်ခုံမှ လှည့်ကြည့်လာပြီး စိုးရိမ်သော မျက်နှာထားဖြင့် ပြောသည်။
“အလွန်ကြီးမားတဲ့ အပူပိုင်းမုန်တိုင်းဇုန်က ကျွန်မတို့နဲ့ ရေမိုင် ၁၀၀ တောင် မကွာတော့ဘူး”
“တကယ်ကို ကံဆိုးတာပဲ.. စောစောကတင် ကောင်းကင်ကြီးက ကြည်လင်နေတာကို”
ချီလီက ညည်းတွားလိုက်သည်။
“ဒီလိုနေရာမျိုးမှာ ရာသီဥတုတင် ပြဿနာရှိတာမဟုတ်ဘူး၊၊ အမှောင်ကျူးကျော်မှုကိုလည်း သတိထားရမယ်”
ချန်ဆီရွှမ်က ပါလ်မားနှင်းပြင်ပေါ်တွင် သူတို့ကြုံတွေ့ခဲ့ရသော မုန်တိုင်းကို ပြန်လည်အမှတ်ရပြီး သူမ၏ စိုးရိမ်မှုကို ထုတ်ဖော်ပြောလာခြင်းဖြစ်သည်။
“ငါ သိပါတယ်”
လင်းရှန်က ဗိုင်အိုလာကို ကြည့်လိုက်သည်။
“ဟာဝိုင်အီကိုရောက်ဖို့ ဘယ်လောက်လိုသေးလဲ”
[လက်ရှိ အရှိန်အတိုင်းဆိုရင် ခန့်မှန်းခြေ ၇ နာရီ လိုပါသေးတယ်။ တည်နေရာအမှားအယွင်းနဲ့ အမှောင်ကျူးကျော်မှုက စနစ်မြင်ကွင်းအပေါ်သက်ရောက်မှုရှိနိုင်တာကို ထည့်တွက်ရင်တော့ ၁ နာရီလောက် ကွာဟချက်ရှိနိုင်လို့ အဲဒါအတွက် ပြင်ဆင်ထားဖို့ အကြံပြုချင်ပါတယ်]
ဗိုင်အိုလာက တည်ငြိမ်စွာ ပြောသည်။
[ပုံမှန်အခြေအနေအရ မုန်တိုင်းဇုန်နဲ့ ကြုံရရင် ကြယ်သင်္ဘောပျံသန်းမှုလမ်းညွှန်စာအုပ်အတိုင်း အသံထက်မြန်တဲ့ အရှိန်နဲ့ ဖြတ်ကျော်နိုင်ပေမဲ့ မုန်တိုင်းဇုန်ထဲက ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ ခြိမ်းခြောက်မှုကို ထည့်တွက်ရင် တိုက်မိပြီး မတော်တဆမှုတွေမဖြစ်အောင် ပျံသန်းမှုအရှိန်ကို လျှော့ချဖို့ပဲ အကြံပြုနိုင်ပါတယ်]
“အရှိန်လျှော့မယ်...”
လင်းရှန်က မျက်မှောင်ကြုတ်လိုက်သည်။
“ဒီအရှိန်အတိုင်းဆိုရင် ညမမှောင်ခင် ရောက်ဖို့ မသေချာဘူး။ တကယ်လို့ အရှိန်ထပ်လျှော့လိုက်ရင်တော့ လုံးဝရောက်နိုင်မှာမဟုတ်တော့ဘူး”
“ပြီးတော့ အဲဒီကျွန်းပေါ်က အခြေအနေက ဘယ်လိုရှိနေမလဲဆိုတာ ဘယ်သူသိမှာလဲ။ ဘေးကင်းရဲ့လားဆိုတာကလည်း မေးခွန်းတစ်ခုပဲ။ တကယ်လို့ ပင်လယ်ကျောက်ဆောင်ကျွန်းတုန်းကလို ရာနဲ့ချီတဲ့ နတ်ဆိုးမိစ္ဆာတွေ သောင်းကျန်းနေတဲ့ နေရာမျိုးဆိုရင် ငါတို့တွေ ဘယ်လိုမှဆင်းသက်နိုင်မှာမဟုတ်ဘူး”
ချီလီက လော့ယန်ဘက်သို့ လှည့်ကာ လှမ်းအော်လိုက်သည်။
“ဟေး ငါတို့ ဒီမုန်တိုင်းဇုန်ကို ပတ်မောင်းလို့မရဘူးလား”
လော့ယန်က ချက်ချင်းပင် ခေါင်းခါပြပြီး သူ၏ နားကြပ်ကို ချွတ်ကာ ပြောသည်။
“မဖြစ်နိုင်ဘူး။ အတိအကျပြောရရင် ငါတို့က မုန်တိုင်းဇုန်ရဲ့ အနားသတ်ထဲကို ရောက်နေပြီ။ တကယ်လို့ ပတ်မောင်းပြီး ညမမှောင်ခင် ရောက်ချင်တယ်ဆိုရင် အနည်းဆုံးတော့ အသံထက် ၄ ဆမြန်တဲ့ အရှိန် (Mach 4) အထိ မြှင့်ရလိမ့်မယ်။ အဲဒီအရှိန်နဲ့ဆိုရင် ရှောင်တိမ်းဖို့ နေနေသာသာ အလိုအလျောက်ခုခံရေးစနစ်တွေတောင် အလုပ်လုပ်နိုင်မှာ မဟုတ်ဘူး။ ပိုပြီးတော့တောင် အန္တရာယ်များသွားလိမ့်မယ်”
လင်းရှန်က ခေါင်းခါလိုက်သည်။
“အသံထက်မြန်တဲ့ အရှိန်နဲ့ မောင်းရင် ငါတို့ ပိုမြန်မြန်သေရုံပဲ ရှိမယ်။ တခြားနည်းလမ်းမရှိတော့ဘူး။ ဒီအပူပိုင်းမုန်တိုင်းကိုပဲ အတင်းဖြတ်ကျော်ရမယ်”
ထိုနောက် သူက ဆက်သွယ်ရေးစနစ်မှတစ်ဆင့် လှမ်းပြောလိုက်သည်။
“ဘာနဲ့ပဲကြုံရကြုံရ ငါတို့ရဲ့ ပထမဆုံးဦးစားပေးက အနန္တကောင်းကင်အမိုးခုံးရထားနဲ့ ဘေးကင်းကင်းနဲ့ ဆုတ်ခွာနိုင်ဖို့ပဲ။ တခြားအရာတွေကို စိတ်မပူနဲ့။ တကယ်လို့ တိုက်ခိုက်ခံရရင်လည်း ကျွန်းကိုရောက်မှပဲ အဲဒီပြဿနာကို ရှင်းကြမယ်”
“သိပါပြီ”
“နားလည်ပါပြီ”
“နန်ကျင်း၊ ရှုချင်း... သွေးဆောင်ဖြားယောင်းကိရိယာတွေကို ပြင်ထားပါ။ မုန်တိုင်းဇုန်ထဲ ရောက်တာနဲ့ အဝေးကနေ အသုတ်လိုက် ထုတ်လွှတ်မယ်။ ပြဿနာမဖြစ်ခင်ကတည်းက ကြိုတင်ဟန့်တားရမယ်”
ဝူး ဝူး ဝူး
မှောင်မိုက်နေသော ကောင်းကင်အောက်တွင် အပြာရောင် အိတ်ဇောမီးတောက်များမှုတ်ထုတ်နေသော အနန္တကောင်းကင်အမိုးခုံးရထားသည် မိုးရေလိုက်ကာကို ဖြတ်ကျော်ကာ ဟိန်းဟောက်မောင်းနှင်နေသည်။ လက်နက်တိုက်တွဲ၏ ဒုံးကျည်ပစ်စင်များက စနစ်တကျပွင့်လာပြီး ဒုံးကျည်ငယ်ရှစ်စင်းကို တစ်ပြိုင်နက်တည်း ပစ်ထုတ်လိုက်ရာ ယင်းတို့သည် ဘယ်ဘက်အရှေ့နှင့် ညာဘက်အရှေ့သို့ တောင်ပံဖြန့်သည့် ပုံစံဖြင့် မြန်နှုန်းမြင့်ပျံသန်းသွားပြီး ရေမိုင်ဒါဇင်ပေါင်းများစွာအကွာရှိ တိမ်တိုက်ထဲတွင် ပေါက်ကွဲသွားတော့သည်။
ဂျုံးးး
မိုးခြိမ်းသံများ ဆူညံသွားကာ ပင်လယ်ပြင်က ထန်လာပြီး တိမ်တိုက်များ ဖုံးလွှမ်းနေသော ကောင်းကင်နှင့် မြေကမ္ဘာကြားတွင် ကြောက်မက်ဖွယ်ကောင်းသော ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ စဉ်းစားနေစရာပင် မလိုဘဲ သွေးဆောင်ဒုံးကျည်များကြောင့် ပင်လယ်နှင့် တိမ်တိုက်ထဲတွင် ပုန်းအောင်းနေသော မွန်းစတားများ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။