← Chapters

မုန်တိုင်းကိုဖြတ်ကျော်ခြင်း (၃)

Vol. 63 Ch. 1051

မုန်တိုင်းကိုဖြတ်ကျော်ခြင်း (၃)

Vol. 63 Ch. 1051

“ရှားရှား အရှိန်မြှင့်လိုက်၊၊ ဘာမှတွေးမနေနဲ့တော့… အသံအတားဆီးကို ချိုးဖျက်ပစ်လိုက်”

ထိန်းချုပ်ခန်းထဲတွင် လင်းရှန်က ပြတ်သားစွာဆုံးဖြတ်ချက်ချလိုက်သည်။

မုန်တိုင်းထဲတွင် အန္တရာယ်များပြည့်နှက်နေပြီး အနည်းငယ်မျှပေါ့ဆမိပါက ပြန်ပြင်၍မရသော ဘေးအန္တရာယ်ကြီးနှင့် ကြုံတွေ့ရနိုင်သည်။ သို့သော် ဤသို့သောအခြေအနေမျိုးတွင် တည်ငြိမ်နေ၍မရဘဲ မုန်တိုင်း၏ ဗဟိုချက်မှ အမြန်ဆုံးထွက်ခွာနိုင်လေ အန္တရာယ်နှင့် ဝေးကွာလေဖြစ်လိမ့်မည်။

ရှားရှားက ခေါင်းညိတ်လိုက်ပြီး ထိန်းချုပ်မောင်းတံကို တိုက်ရိုက်တွန်းရွှေ့ကာ သတ်မှတ်ချက်များကို ပြင်ဆင်လိုက်ရာ ကောင်းကင်အမိုးခုံးရထားကြီးသည် လေထဲတွင် နောက်တစ်ကြိမ်အရှိန်ပြင်းစွာထိုးတက်သွားတော့သည်။

“ပစ်အား အပြည့်ဖွင့်”

နန်ကျင်း၏ အော်ဟစ်သံမှာ ကွပ်ကဲတံတား၏ အမြှောက်လိုင်းတွင် ပေါက်ကွဲထွက်လာသည်။

ဘွန်း ဘွန်း ဘွန်း ဘွန်း

သုံးမြွှာကြယ်တုန်ခါအမြှောက်ကြီးမှာ မိုးခြိမ်းသံအလားဟိန်းဟောက်လာကာ ထူထပ်သောကျည်ဆန်များမှာ မုန်တိုင်းနှင့် ငါးအုပ်ကြီးထဲသို့ လှိုင်းဖြတ်သန်းသည့် အရှိန်ဖြင့် တိုးဝင်သွားကာ ညှီစော်နံသောအသားစများကို သွေးမြူခိုးများအဖြစ် ပေါက်ကွဲပစ်လိုက်သည်။ ပူပြင်းလှသော ပလာစမာအမြှောက်ကြီးမှာ ချော်ရည်လှံတစ်စင်းကဲ့သို့ အနီးကပ်ချဉ်းကပ်လာသော အတောင်ပံပါ မွန်းစတားအုပ်စုကို ရူးသွပ်စွာပစ်ခတ်ခြေမှုန်းလိုက်ရာ ပေါက်ကွဲမှုတိုင်းက မွန်းစတားအရိပ်များကို မီးကျွမ်းသွားစေသည်။ ထူထပ်လှသော ပလာစမာအလင်းတန်းများမှာ ဖျက်ဆီးခြင်းပိုက်ကွန်ကြီးတစ်ခုအဖြစ် ရစ်ပတ်သွားပြီး စိတ်စွမ်းအင်အကာအကွယ်မှ လွတ်ထွက်လာသော ငါးများကို တိကျစွာ ပစ်ခတ်လိုက်သည်။ ပိုမိုထူထပ်ပြီး နားစည်ကွဲလုမည့် ပေါက်ကွဲသံကြီးမှာ အပေါ်ကုန်းပတ်မှ ဟိန်းဟောက်လာသည်။ 1130 အနီးကပ်ကာကွယ်ရေးအမြှောက်စနစ်မှာ ၎င်း၏ အမြင့်ဆုံးပစ်ခတ်နှုန်းသို့ ရောက်ရှိသွားခြင်းဖြစ်သည်။ အရာအားလုံးကို ဖောက်ထွင်းနိုင်သော သတ္တုမုန်တိုင်းမှာ ရထားကိုယ်ထည်အနီးသို့ ချဉ်းကပ်လာသော သက်ရှိတိုင်းကို ဆွဲဖြဲပစ်လိုက်ပြီး ကျည်ခွံများမှာ အောက်ဘက်ရှိ လှုပ်ခတ်နေသော ပင်လယ်ပြင်ထဲသို့ သည်းထန်စွာရွာသွန်းနေသည့်မိုးစက်များအလား ပြုတ်ကျသွားကြတော့သည်။

ကမ္ဘာလောကကြီးတစ်ခုလုံးတွင် ဖျက်ဆီးခြင်း သီချင်းသံသာ ကျန်ရှိတော့သည်။ ကောင်းကင်ပြင်တစ်ခုလုံးတွင် ကျည်ဆန်များ၊ လေဆာတန်းများ၊ မိုးပျံမွန်းစတားများ၏ စူးစူးဝါးဝါးအော်ဟစ်သံများ၊ ပျံလွှားငါးများ၏ ဆူးချွန်များ စုစည်းလာမှုများ၊ ပြင်းထန်သော ဖိအားအောက်တွင် ညည်းတွားတုန်ခါနေသော စိတ်စွမ်းအင်အကာအကွယ်နှင့် ဟိန်းဟောက်နေသော နတ်ဘုရားတစ်ပါးကဲ့သို့ လေပြင်းတိုက်ခတ်သံများက ပြည့်နှက်နေသည်။ ကောင်းကင်အမိုးခုံးရထားကြီးမှာ သွေးစွန်းနေသော သတ္တုသားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး လက်နက်အားလုံးမှ ဒေါသများကို မှုတ်ထုတ်လျက် ကောင်းကင်နှင့် ပင်လယ်ပြင်မှ သေမင်းကန့်လန့်ကာကို အရူးအမူးဆွဲဖြဲပစ်လိုက်တော့သည်။

ဤအခိုက်အတန့်တွင် ဆက်သွယ်ရေးလိုင်းတစ်ခုလုံးတိတ်ဆိတ်သွားသည်။

ရိုက်ခတ်မှုတိုင်းနှင့် ပေါက်ကွဲမှုတိုင်းက ဧရာမရထားကိုယ်ထည်ကြီးကို ပြင်းထန်စွာ တုန်ခါစေပြီး သတ္တုများကွေးညွတ်ညည်းတွားသံများမှာ နားကွဲလုမတတ်တိုက်ပွဲဆူညံသံများနှင့် ရောနှောနေကာ သေလုမြောပါးဖြစ်နေသော သားရဲရိုင်းကြီးတစ်ကောင်၏ နောက်ဆုံးဟိန်းဟောက်သံနှင့် တူလှသည်။ ဤအချိန်တွင် လူတိုင်းအံတင်းတင်းကြိတ်ထားကြသည်။

အချိန်မည်မျှ ကြာသွားသည်ကို မသိရဘဲ အဆုံးမဲ့မှောင်မိုက်နေသော ရွှံ့နွံအိုင်ကြီးထဲသို့ နစ်မြုပ်သွားသည့်အလား… ပြင်းထန်သော လေသံမှာ အကာအကွယ်ဒိုင်း၏ စူးရှသော ပွတ်တိုက်သံများကြားတွင် တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။

ပစ်ခတ်သံများမှာ ကျဲပါးသွားပြီး နောက်ဆုံးတွင် မကျေမနပ်ဖြစ်နေသော တိုးလျသောအသံအချို့သာ ကျန်ရစ်တော့သည်။ ပြတင်းပေါက်အပြင်ဘက်တွင် လိပ်တက်နေသော မင်ရည်ကဲ့သို့ မည်းမှောင်နေသော ရေတံတိုင်းကြီးမှာ တဖြည်းဖြည်းနှင့် ညစ်ထေးထေးကြက်သွေးရောင်အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ကောင်းကင်အလင်းဖျော့ဖျော့လေးနှင့်အတူ လူတိုင်းကို စိတ်သက်သာရာရစေသော ခဲရောင်ဖျော့ဖျော့အဖြစ်သို့ တဖြည်းဖြည်းကူးပြောင်းသွားသည်။ ကမ္ဘာနှင့် ကောင်းကင်ကို ဖရိုဖရဲဖြစ်အောင် ကြိတ်ခြေခဲ့သော ဧရာမ လေဆင်နှာမောင်းလေတံတိုင်းကြီးမှာ ကောင်းကင်အမိုးခုံးရထား၏ အနောက်ဘက် ဝေးလံသော နေရာတွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

ရထားအတွင်းတွင် ပေါက်ကွဲမှုအချက်ပေးသံများရပ်တန့်သွားသော်လည်း မီးကျွမ်းနေသော စူးရှသည့်ညှော်နံ့များနှင့် ပူပြင်းလှသော လျှပ်စစ်ဓာတ်ပြုလေထုမှာမူ မပျောက်ကွယ်သေးပေ။ သို့သော် ကမ္ဘာပျက်တော့မည့်အလားဖိအားကြီးမှာ ဆုတ်ခွာသွားခဲ့ပြီဖြစ်ပြီး အမြှောက်ပြောင်းများ၏ အပူလွန်ကဲမှုကြောင့် တစီစီမြည်သံများနှင့် မီးလုံးများ၏ တစ်ခါတစ်ရံထွက်ပေါ်လာသော လျှပ်စစ်သံများမှာ ရုတ်တရက် ရောက်ရှိလာသော ကြီးမားလှသည့်တိတ်ဆိတ်မှုကြားတွင် တစ်ခုတည်းသောအသံများဖြစ်လာသည်။

လူတိုင်းသည် ပြင်းထန်သောဖိအားကြောင့် တင်းမာမှုကို ဆက်လက်ထိန်းထားကြပြီး ရေနက်ပိုင်းတွင် အသည်းအသန်ရုန်းကန်ပြီးမှ ရေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိလာသည့်အလား မပူပြင်းတော့သော်လည်း လတ်ဆတ်မှုမရှိသေးသော လေထုကို အငမ်းမရရှူရှိုက်နေကြသည်။

“ငါတို့ ဆိုင်ကလုန်းမုန်တိုင်းကနေ ထွက်လာခဲ့ပြီ”

“ကျွန်မတို့ ဒုတိယအဆင့်အမှတ်သားမှာပဲ ရှိသေးတယ်”

“အဆင်ပြေပါတယ်”

လင်းရှန်က သူ၏ စွမ်းအားဝတ်စုံမျက်နှာဖုံးကို ချွတ်လိုက်ရာ သူ၏ နဖူးတွင် ချွေးစေးများ ပြည့်နှက်နေသည်။ သူက ဗိုင်အိုလာကို တိုက်ရိုက်အမိန့်ပေးလိုက်သည်။

“ငါးစာတွေကို ဖြန့်ကျက်ပြီး လွှတ်ထုတ်လိုက်… မုန်တိုင်းဇုန်ကနေ ထွက်ခွာနေတုန်း မဟာဗျူဟာမြောက်ရှင်းလင်းရေးနဲ့ ညှိနှိုင်းဆောင်ရွက်ပါ၊၊ ဘယ်အကောင်ကြီးကိုမှ ဆွဲမခေါ်လာမိစေနဲ့”

[ဗိုင်အိုလာ နားလည်ပါပြီ၊၊ ငါးဖမ်းအစီအစဉ်ကို ကြိုတင်သတ်မှတ်နေပါသည်]

“ဟူး”

ရှားရှားက သက်ပြင်းချလိုက်ပြီး သူမ၏ ထိုင်ခုံတွင် မှီချလိုက်ကာ မကျေမနပ်ဖြင့်ပြောလိုက်သည်။

“ဒါက တော်တော်လေးပြင်းထန်တာပဲ၊၊ မုန်တိုင်းထဲမှာ မွန်းစတားပုံရိပ်တွေ အများကြီးမြင်လိုက်ရတယ်၊၊ ကံကောင်းလို့ တည့်တည့်ကြီးမတိုက်မိတာ”

ကွပ်ကဲတံတားအထက်တွင် အပူရှိန်များလျော့ပါးသွားပြီး မိုနီကာသည် တဖြည်းဖြည်းဝေးကွာသွားသော အမည်းရောင်ပင်လယ်ပြင်ဆီသို့ လှည့်ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် ကောင်းကင်ကြီးမှာ တဖြည်းဖြည်းကြည်လင်လာပြီး ဧရာမအင်ဂျင်ကြီး၏ တိုးညင်းသောမြည်ဟီးသံကသာ တည်ငြိမ်စွာ ခရီးစဉ်ကို ထိန်းသိမ်းထားသည်။ ၎င်းသည် ဘေးအန္တရာယ်မှလွတ်မြောက်လာပြီးနောက် ရောက်ရှိလာသော ကြီးမားလှသည့် တိတ်ဆိတ်မှုကြားတွင် နှလုံးခုန်သံတစ်ခုကဲ့သို့ အားကောင်းပြီး ညင်သာစွာလှုပ်ခတ်နေတော့သည်။

မုန်တိုင်းကို နောက်ဆုံးတွင် ချန်ထားခဲ့နိုင်ပြီဖြစ်သည်။

ကြည်လင်နေသော ပင်လယ်ပြင်ထက်တွင် အသေးစားပျံသန်းရေးယာဉ်အနည်းငယ်မှာ ပင်လယ်လှိုင်းဂယက်များကို လှုပ်ခတ်စေလျက် အနိမ့်ပိုင်းမှ ပျံသန်းလာပြီးနောက် ရေပြင်ထက်တွင် ဝဲပျံနေကြသည်။ ထိုယာဉ်ငယ်တစ်စင်း၏ ထိန်းချုပ်ခန်းအတွင်းရှိ သတင်းအချက်အလက်အရာရှိသည် ဝေးလံသောနေရာမှ မှောင်မှိုင်းနေသည့် မိုးကြိုးမုန်တိုင်းကောင်းကင်ဆီသို့ လှည့်ကြည့်ကာ မိုးလေဝသရေဒါမှ အချက်အလက်များကို တိုင်းတာပြီးနောက် ပြောလိုက်သည်။

“ကမ္ဘာပျက်ကပ်လေဆင်နှာမောင်းမုန်တိုင်းနဲ့ ရေမိုင်နှစ်ရာအကွာအဝေးပဲ လိုတော့တယ်၊၊ ဒီဇုန်ထဲမှာ ဘာပစ်မှတ်မှ ရှာမတွေ့သေးပါဘူး”

ဒေါက် ဒေါက် ဒေါက်

ချန်ယန်ရွှီက ပင်မပြတင်းပေါက်ထံသို့ အလျင်အမြန်လျှောက်သွားပြီး ရှေ့မှ ပင်လယ်ပြင်ကြီးကို အလေးနက်စိုက်ကြည့်လိုက်ရင်း သူ၏မျက်ဝန်းများတွင် ဒေါသအရိပ်အယောင်များယှက်သန်းသွားသည်။

သူ့ဘေးတွင် ဟူးဒီအင်္ကျီဝတ်ဆင်ထားပြီး စူးရှသောမျက်လုံးများရှိသည့် လူငယ်တစ်ဦးရပ်နေကာ ယခုအခါတွင် အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“သေဆုံးသွားတဲ့အရိပ်ယောင် မရှိဘူး၊၊ အဲဒီလူစုက မြောက်ဘက်ကို ဦးတည်သွားတာပဲဖြစ်ရမယ်၊၊ သူတို့ရဲ့ နည်းလမ်းတွေနဲ့ဆိုရင် ကမ္ဘာပျက်ကပ်မုန်တိုင်းကို ရင်ဆိုင်ဖို့ အများကြီးယုံကြည်ချက်ရှိပုံရတယ်၊၊ သူတို့ ဟာဝိုင်အီကိုသွားပြီး အဲဒီကနေတစ်ဆင့် တောင်အမေရိကတိုက်ဘက်ကိုလှည့်ဖို့ စီစဉ်ထားပုံပဲ”

သူက စကားဆုံးသည်နှင့် ချန်ယန်ရွှီ၏ ပျက်ယွင်းနေသော မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။

“ခဗျားရဲ့ အမှောင်ဂီယာကိုတော့ ပြန်ရနိုင်တော့မှာ မဟုတ်ဘူး”

ဤလူသည် ယခင်က အာခီစိုင်းတွင် လင်းရှန် တွေ့ဖူးသည့်လူ- နှင်းဆီနက်ဘားတွင် ထိုင်ကာ အရက်သောက်နေခဲ့သည့် ဗျာဒိတ်တော််ဂိုဏ်းမှ နာမည်ဝှက်က မွန်းရှဲဒိုးဖြစ်သည်။

ဘန်းးး

ဖျစ် ဖျစ်

ချန်ယန်ရွှီ၏ လက်ထဲမှ အီလက်ထရွန်နစ်ကိရိယာတစ်ခုမှာ ရုတ်တရက် ကြေမွသွားပြီး အပိုင်းအစများလွင့်စင်သွားရာ ထိန်းချုပ်ခန်းအတွင်းရှိ လူများအားလုံး လှည့်ကြည့်မိကြသော်လည်း ချန်ယန်ရွှီ၏ ဒေါသကို ခံစားမိသည်နှင့် အကြည့်များကို ချက်ချင်း ပြန်လွှဲလိုက်ကြသည်။

“ထူးဆန်းတဲ့ ရေဒီယို၊၊ ပျံသန်းနိုင်တဲ့ လက်ကောက်၊၊ ငွေကျည်ဆန်... နံပါတ်တစ် ကပ်ဘေးအပင်ဖြစ်တဲ့ ငွေနဂါးဆယ်ဆပန်း၊၊ ပြီးတော့ ထင်ရှားတဲ့ မျိုးပွားစနစ် သွေးနွယ်ပင်တွေ... အမှောင်ဂီယာရဲ့ အာကာသပြိုလဲမှုထဲကနေ လင်းရှန် ဘယ်လိုလွတ်မြောက်လာနိုင်လဲဆိုတာ ငါ လုံးဝနားမလည်နိုင်ဘူး”

ချန်ယန်ရွှီ မျက်လုံးများကို မှိတ်လျက် အသက်ကို ပြင်းပြင်းရှူကာ သူသတိမထားမိဘဲ ကျန်ရစ်ခဲ့သည့် အစိတ်အပိုင်းများကို အဆက်မပြတ်စဉ်းစားနေသည်။

“ငွေနဂါးဆယ်ဆပန်းက ဆင့်ကဲစနစ်ကပ်ဘေးအပင်ဖြစ်ပေမဲ့ အာကာသကို ဖြတ်သန်းနိုင်စွမ်းမရှိဘူး၊၊ ပြိုလဲမှုနဲ့ အမှောင်အမှတ်သားထဲကနေ လုံးဝမလွတ်မြောက်နိုင်ပါဘူး”

“ဘယ်သူသိမှာလဲ” မွန်းရှဲဒိုးက ပခုံးတွန့်ပြလိုက်သည်။

“ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေအရ လင်းရှန်ဟာ စီလန်မြို့နဲ့ အာရုဏ်ဦးမြို့တော်တွေမှာ အာကာသတွင်းနက်နဲ့ တူတဲ့ စွမ်းအားမျိုးကို တစ်ကြိမ်ထက်မက ပြသခဲ့ဖူးတယ်၊၊ ဒါတင်မကသေးဘူး... သူတို့အဖွဲ့ထဲမှာ လျှပ်စစ်နဲ့ နတ်ဘုရားအမြန်နှုန်း စွမ်းအားရှင်တွေလည်း ပါဝင်နေသေးတယ်...”

ချန်ယန်ရွှီက မွန်းရှဲဒိုးကို အေးစက်စွာ ကြည့်လိုက်သည်။

“နတ်ဘုရားအရှိန်နှုန်းကို ခဏထားလိုက်ဦး၊၊ အဲဒီလျှပ်စစ်စွမ်းအားဆိုတာ အသက် ၁၀နှစ်ကျော်အရွယ် ကလေးတစ်ယောက်ပဲ ရှိသေးတာလေ၊၊ အာရုဏ်ဦးမြို့တော်မှာ တိုက်ခိုက်ရေးစွမ်းရည်တောင် မဖွံ့ဖြိုးသေးဘူး၊၊ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ သူတို့အဖွဲ့ကို အာကာသဖြတ်သန်းခွင့်ပေးနိုင်တဲ့ စွမ်းဆောင်ရည်မျိုးရှိလာနိုင်လို့လား”

ထိုသို့ ပြောပြီးနောက် သူ၏ အမူအရာက ပို၍ခက်ထန်လာပြီး သွားကြားထဲမှ ထွက်လာသောအသံဖြင့် ပြောလိုက်သည်၊၊

“လင်းရှန်ရဲ့ ယန္တရားစွမ်းအားက ဘယ်လိုတွေတိုးတက်နေလဲ မသိရဘူး၊၊ တစ်ခါဆို လျှပ်စစ်ကို သုံးတယ်၊၊ နောက်တစ်ခါကျတော့ တွင်းနက်ကို သုံးတယ်၊၊ ဒီလူကို တိုက်ရိုက်ဖြေရှင်းဖို့က မဖြစ်နိုင်ဘူး၊၊ ငါချန်ထားခဲ့တဲ့ ရေငုပ်သင်္ဘောကို ယူသွားပြီး သမုဒ္ဒရာနတ်ဘုရားကြီးနဲ့ အာကာသပြိုလဲမှုထဲကနေ လွတ်မြောက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊၊ သူ့မှာ တခြားဘာဝှက်ဖဲတွေ ရှိနေသေးတာလဲ”

“သူက ဓားကိုင်ဆောင်သူလေ၊၊ ယဲ့လန်က သူ့ကို ကာကွယ်ပေးထားတယ်၊၊ သူမက ညလမ်းလျှောက်သူအဖွဲ့နဲ့ ရှင်းဟွာဆီက အသက်ကယ်ဝှက်ဖဲအချို့ ပေးထားခဲ့တာနေမှာပေါ့၊၊ မဟုတ်ရင် ပင်လယ်ကျောက်ဆောင်ကျွန်းအမဲလိုက်ကွင်းထဲကနေ သူတို့ ဘယ်လိုရုန်းထွက်လာနိုင်လဲဆိုတာ ငါလည်းစဉ်းစားလို့မရဘူး”

မွန်းရှဲဒိုးကို သက်ပြင်းချရင်း ချန်ယန်ရွှီကို ကြည့်လိုက်သည်။

“အမှောင်ဂီယာကို ခံစားမိနေသေးလား”

ချန်ယန်ရွှီက ခေါင်းခါပြလိုက်သည်။

“မမှီနိုင်တော့ဘူး”

လရိပ်က လှောင်ပြုံး ပြုံးလိုက်သည်။

“ဟွာရှောင်လင်းပြောတာ နောက်တစ်ကြိမ် မှန်ပြန်ပြီထင်တယ်”

“ဘာပဲဖြစ်ဖြစ်၊၊ ငါ့မှာသုံးစရာ တားမြစ်ပစ္စည်းတစ်ခုလျော့သွားရုံပါပဲ”

ချန်ယန်ရွှီက အသက်ပြင်းပြင်းရှူလိုက်ပြီး အဝေးမှ မှောင်မိုက်သော ကောင်းကင်ယံသို့ ကြည့်ကာ လှည့်ထွက်သွားတော့သည်။

“သူတို့က သခင်ကြီးရဲ့ စွမ်းအားအပေါ် ပိုပြီးတော့ စွဲလမ်းလေလေ...”

“ကမ္ဘာသစ်နဲ့ ပိုပြီးတော့ နီးစပ်လာလေလေပဲ”

All Chapters