မုန်တိုင်းကို ဖြတ်ကျော်ခြင်း (၂)
Vol. 63 Ch. 1050
“အဲဒီ ဧရာမဂျယ်လီဖစ်ကြီးက လိုက်လာဦးမလား”
ထိန်းချုပ်မှုကို လွှဲပြောင်းရယူထားသော လို့ရှားရှားသည် ကောင်းကင်အမိုးခုံးရထားကို မောင်းနှင်ရသဖြင့် စိတ်လှုပ်ရှားနေပြီး အလျင်စလိုမေးလိုက်သည်။
“ငါတို့ရဲ့ အမြန်နှုန်းကို လိုက်မီနိုင်တဲ့အရာတော့ ဟုတ်ပုံရဘူး၊၊ ငါတို့ စိုးရိမ်ရမှာက ရှေ့မှာ ရှိနေတဲ့အရာပဲ”
လော့ယန်က လေးနက်သောမျက်နှာဖြင့် ပြောလိုက်သည်။
လင်းရှန်၏ မျက်လုံးများစူးရှသွားသည်။ လေတိုးသံများက အဆက်မပြတ်မြည်ဟီးနေပြီး ပြတင်းပေါက်အပြင်ဘက်တွင်မူ သူတို့ ခေတ္တမျှအသက်ရှူချောင်ခဲ့သည့် မြင်ကွင်းမှာ ပို၍ကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်းတစ်ခုဖြင့် အစားထိုးသွားသည်၊၊
သူတို့၏ မျက်စိတစ်ဆုံးတွင် အာရုံခံစားမှုများကို ပိတ်ဆို့သွားစေလောက်အောင် ကျယ်ပြောလှသည့် ဧရာမပင်လယ်ရေဝဲကတော့ကြီးတစ်ခုပေါ်လာသည်။ ကောင်းကင်သို့ ထိုးတက်နေသော မီးခိုးပြာရောင်လေတံတိုင်းကြီးမှာ ရှေးဦးအမှောင်နတ်ဘုရားတစ်ပါး၏ လက်မောင်းကြီးများကဲ့သို့ ရူးသွပ်စွာ လည်ပတ်လှုပ်ခတ်နေသည်။ မင်ရည်ကဲ့သို့ မည်းမှောင်နေသော ပင်လယ်ရေများမှာ လုံးဝပွင့်ထွက်သွားပြီး ကောင်းကင်နှင့် ပင်လယ်ပြင်ကြားတွင် မြင့်မားလှသော ကန့်လန့်ကာကြီးတစ်ခုအဖြစ် ဆွဲတင်ခြင်း ခံထားရသည်။ မီးခိုးပြာရောင်နှင့် ကတ္တရာစေးကဲ့သို့ အမည်းရောင်များမှာ ရူးသွပ်စွာ ရောယှက်နေပြီး လေဆင်နှာမောင်းနှင့် ပြင်းထန်သော လှိုင်းလုံးကြီးများမှာ တစ်သားတည်းဖြစ်သွားကာ ကောင်းကင်နှင့်မြေကြီးကို ဝါးမျိုနိုင်သည့် ဖရိုဖရဲမိစ္ဆာမျက်လုံးကြီးတစ်ခုအဖြစ် ပုံပေါ်နေသည်။ ပင်လယ်နှင့် ကောင်းကင်ကို ခွဲခြား၍မရတော့ဘဲ လည်ပတ်ပြီး ကြိတ်ခြေဖျက်ဆီးနေသည့် မီးခိုးပြာရောင် တွင်းနက်ကြီးတစ်ခုသာ ရှိတော့ပြီး ကမ္ဘာကြီးကပြိုလဲပျက်စီးတော့မည့် အရှိန်အဟုန်ဖြင့် သေးငယ်သော ကောင်းကင်အမိုးခုံးရထားဆီသို့ ဦးတည်ရိုက်ခတ်လာတော့သည်။
“လေတိုက်နှုန်းက ရူးလောက်အောင် ပြင်းထန်နေတယ်၊၊ ကျွန်မတို့ရဲ့ ရေဒါလည်း အတော်လေးကန့်သတ်ခံထားရတယ်၊၊ ကီကီ၊ မိုနီကာ... ပင်လယ်ရေဝဲတွေ အများကြီးရှိနေတာကို သတိထားကြဦး၊၊ တိမ်တိုက်တွေထဲက အကောင်တွေကိုလည်း သတိထား”
ချန်ဆီရွှမ်၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။ သူမရှေ့မှ ကြောက်မက်ဖွယ်ရာရာသီဥတုကြီးမှာ ဂြိုဟ်ချင်းတိုက်မိသည့်အလား ထိတ်လန့်ဖွယ်ကောင်းလှသည်။
ကလောက်
ချီလီ၏လက်ထဲမှ ခေါက်ယပ်တောင်လေးမှာ “ကလောက်” ကနဲ အသံမြည်ကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူ၏ ပါးစပ်မှာ အနည်းငယ်ဟသွားသည်။
“သောက်ကျိုးနည်း… ဘုရားရေ၊၊ ဒါက ဘယ်လို စူပါမုန်တိုင်းကြီးလဲ၊၊ ဒါက ကမ္ဘာပျက်ကပ်အဆင့်မုန်တိုင်းပဲ၊၊ ဒီလိုအရာမျိုးက အပြာရောင်ဂြိုဟ်ပေါ်မှာ တကယ်ဖြစ်ပွားနိုင်လို့လား”
“ဒါက ဘာလဲဆိုတာ အရေးကြီးလို့လား၊၊ ကျွန်မတို့ တည့်တည့်ပဲ ဖြတ်တိုက်ကြတာပေါ့”
ရှားရှား၏ သေးငယ်သော မျက်နှာလေးမှာ ဤအခိုက်အတန့်တွင် အလွန်တည်ကြည်နေသည်။
ရှင်သန်ရေးခန်း၏ အနက်ရှိုင်းဆုံးနေရာတွင် မာရှောင်ထန်းသည် စွန်းယုကျန်း၏ ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ခံထားရပြီး ရှောင်ယွမ်နှင့်အတူ ထောင့်တစ်နေရာတွင် ကပ်နေကြသည်။ တွဲခန်းနံရံများမှာ ပြင်းထန်စွာတုန်ခါနေပြီး အပြင်ဘက်တွင်မူ လုံးဝပရမ်းပတာဖြစ်နေကာ အဆက်မပြတ်ပေါက်ကွဲနေသော ဖြူဖျော့ဖျော့မိုးကြိုးများကသာ စွန်းယုကျန်းနှင့် ရှောင်ယွမ်တို့၏ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာများကို လင်းထိန်စေသည်။
မာရှောင်ထန်းသည် သူ့အမေ၏ လက်မောင်းအောက်မှတစ်ဆင့် ပြတင်းပေါက်အပြင်ဘက်ရှိ အမှောင်ထုကို ဆွဲဖြဲနေသော မိုးကြိုးလမ်းကြောင်းများကို စူးစမ်းလိုစိတ်ဖြင့် ချောင်းကြည့်နေသည်။ သူသည် ထိုအလင်းတန်းကို ထိတွေ့ချင်သဖြင့် သူ၏ သေးငယ်သော လက်ညှိုးလေးကို အားမလိုအားမရဆန့်ထုတ်လိုက်သည်။ ဂျိမ်း… ပိုမိုနီးကပ်သော မိုးကြိုးတစ်ချက်က တိမ်တိုက်များကို ခွဲဖြဲပစ်လိုက်ရာ အေးစက်လှသော လျှပ်စစ်စီးကြောင်းမှာ ပြတင်းပေါက်ထဲသို့ တိုးဝင်လာတော့မည့်အလားဖြစ်သွားသည်။ မာရှောင်ထန်းလည်း လန့်သွားကာ လက်ကို အမြန်ပြန်ရုပ်လိုက်ပြီး စွန်းယုကျန်း၏ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်ကာ နောက်ထပ်မလှုပ်ရဲတော့ပေ။
ဂျိန်း ဂျိန်း
ကောင်းကင်တံတားထက်တွင် ပြင်းထန်သော လေနှင့်မိုးများမှာ ဓားများကဲ့သို့ ဖြတ်တိုက်နေသည်။ ရှီဇီက ရုတ်တရက်ခေါင်းမော့လိုက်ပြီး သူမ၏ နုနယ်သောမျက်နှာပေါ်တွင် တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုများ ဖြတ်ပြေးသွားသည်။
“ကျွန်မတို့အပေါ်မှာ... တစ်ခုခုရှိနေတယ်၊၊ အများကြီးပဲ၊၊ တိုက်ပွဲအတွက် ပြင်ဆင်ကြ”
သူမ၏ အသံမှာ မုန်တိုင်းထဲတွင် အပ်ချည်မျှင်ကဲ့သို့ သေးငယ်သော်လည်း အလွန်စူးရှလှသည်။
လုရှင်းချန်နှင့် မိုနီကာတို့သည် အပေါ်ဘက်ရှိ မိုးကြိုးများနှင့် မိုးရေများလှုပ်ခတ်နေသော ကြောက်မက်ဖွယ်ရာ တိမ်တိုက်တံတိုင်းကြီးဆီသို့ ချက်ချင်း အကြည့်ကို စူးစိုက်ထားလိုက်ကြသည်။ ပရမ်းပတာဖြစ်နေသော မီးခိုးရောင်ထုထည်ကြီးမှာ ကောင်းကင်အမိုးခုံးရထားနှင့် နီးကပ်လာသည်နှင့်အမျှ လှုပ်ခတ်နေသော မုန်တိုင်းတိမ်တိုက်များ၏ အနက်ရှိုင်းဆုံးနေရာတွင် ရေတွက်၍မရသော ထူထပ်လှသည့် အမည်းစက်များကို ဖော်ပြလာသည်။ အစပိုင်းတွင် ခြင်ကောင်များကဲ့သို့ သေးငယ်သော်လည်း ပြင်းထန်သောလေထုမငြိမ်မသက်မှုများကြားတွင် ထူးဆန်းသောတည်ငြိမ်မှုကို ထိန်းသိမ်းထားကာ အားလုံး၏ မြင်ကွင်းထဲတွင် လျင်မြန်စွာ ကျယ်ပြန့်လာကြသည်။
“သတ္တဝါအုပ်ကြီးလား ဒါမှမဟုတ် မိုးစက်တွေလား” လုရှင်းချန်က သံသယဖြင့် ပြောလိုက်သည်။
“နင်က လမ်းကြောင်းပြောင်းနိုင်တဲ့ မိုးစက်တွေကို မြင်ဖူးလို့လား”
မိုနီကာ၏ အမူအရာမှာ တည်ကြည်နေသည်။ မုန်တိုင်းမိုးရေလိုက်ကာကြီးကြားမှတစ်ဆင့် သူမသည် ပိုမိုနီးကပ်လာသော ထိုမိုးစက်မိုးပေါက်များကို တဖြည်းဖြည်းမြင်သာလာသည်။ ထိုအမည်းစက်များတွင် သာမန်အတောင်ပံပါသော မိစ္ဆာများထက် အဆပေါင်းများစွာ ပိုမိုကျယ်ပြန့်သော အမြှေးပါးအတောင်ပံများပါရှိပြီး ထိုအတောင်ပံများပေါ်တွင် အရိုးဆူးများနှင့် ရုပ်ဆိုးလှသောအမောက်များက ဖုံးလွှမ်းနေသည်။ ပို၍ဆိုးသည်မှာ ၎င်းတို့မှာ အလွန်များပြားလှသဖြင့် ကြီးမားလှသော ပျားအုံကြီးတစ်ခုကို ကန်ကျောက်လိုက်သည့်အလား အကောင်အုပ်ကြီးတစ်ခုလုံးမှာ ကောင်းကင်အမိုးခုံးရထားရှိရာဘက်သို့ ထိုးဆင်းကာ စတင်စုရုံးလာကြခြင်း ဖြစ်သည်။
“ငါထင်သားပဲ၊၊ ဒါ မွန်းစတားဒီရေပဲ… သေစမ်း”
တုံ့ဆိုင်းမှုအနည်းငယ်မျှမရှိဘဲ လုရှင်းချန်၏ မျက်လုံးများတင်းမာသွားသည်။ သူ၏ လက်ပေါ်ရှိ အနန္တလက်စွပ်မှာ အရှိန်အဟုန်ဖြင့် လင်းထိန်ကာ တောက်လောင်သွားပြီး သူကိုယ်တိုင်လည်း တောက်လောင်နေသော မီးတောက်ကျည်ဆန်တစ်ဦးကဲ့သို့ ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။
“နတ်ဘုရား… မဟာမီးပင်လယ်”
လုရှင်းချန်၏ လက်နှစ်ဖက်စလုံးမှ မီးတောက်များ ပေါက်ကွဲထွက်လာပြီးနောက် မီးတောက်များကိုစုစည်းကာ လွှဲယမ်းလိုက်ရာ အလွန်ဒေါသထွက်နေဟန် အပူချိန်မြင့်သော မီးတောက်များက ဧရာမကျာပွတ်ကြီးတစ်ခုကဲ့သို့ ဆန့်ထွက်သွားပြီး အရှိန်ဖြင့်ထိုးဆင်းလာသည့် မိုးပျံမွန်းစတားအုပ်စုကို မီးပင်လယ်ကြီးအဖြစ်သို့ ချက်ချင်းပြောင်းလဲပစ်လိုက်သည်။
အပူရှိန်များမြင့်တက်လာပြီး ကောင်းကင်သို့ လျှံကျလာရာ မုန်တိုင်းမိုးစက်များမှာ အငွေ့ပျံသွားပြီး နီရဲသော မီးတောက်ရေတံခွန်ကြီးက ကောင်းကင်ယံမှ ပြင်းထန်စွာ စီးဆင်းနေသည်။
တစ်ချိန်တည်းမှာပင် မိုနီကာ၏ နီရဲသော နှုတ်ခမ်းများမှ အသံလှိုင်းတစ်ခု မှုတ်ထုတ်လိုက်သည်။ သူမ၏ မျက်လုံးများလင်းလက်သွားပြီး သူမ၏ အားကောင်းလှသော စွမ်းအားအောက်တွင် လူသားတို့၏ ကြားနိုင်စွမ်းကန့်သတ်ချက်ကို ကျော်လွန်သော စူးရှလှသည့် အသံလှိုင်းအော်သံမှာ မြင်လုလုနီးပါးဖြစ်ပြီး လေထုကို ကွေးညွတ်စေသည့် ယပ်တောင်ပုံသဏ္ဌာန် ရိုက်ခတ်မှုလှိုင်းအဖြစ် စုစည်းသွားကာ အခြားတစ်ဖက်မှ ငုံ့ဆင်းလာသော မိုးပျံမွန်းစတားအုပ်စုဆီသို့ အရှိန်အဟုန်ဖြင့် ဖြတ်တောက်သွားတော့သည်။ မရေတွက်နိုင်သော မိုးပျံမွန်းစတားများသည် မမြင်ရသော အသားကြိတ်စက်ကြီးတစ်ခုထဲသို့ တိုးဝင်သွားသည့်အလား အတောင်ပံများမှာ မျက်တောင်ခတ်အတွင်း တစ်စစီဖြစ်သွားပြီး အော်ဟစ်ညည်းတွားလျက် အောက်သို့ပြုတ်ကျသွားကြတော့သည်။
“ကောင်းကင်တစ်ခုလုံးမှာ အတောင်ပံပါတဲ့ မိုးပျံမွန်းစတားတွေချည်းပဲ၊၊ အရေအတွက်က တအားများလွန်းတယ်၊၊ ကျွန်မတို့ အရှိန်မြှင့်မှ ရမယ်...”
မိုနီကာ၏ အေးစက်သော အသံက ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် ထွက်ပေါ်လာပြီးနောက် ပိုမိုကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးများ၏ ဟိန်းဟောက်သံအောက်တွင် ချက်ချင်း နစ်မြုပ်သွားတော့သည်။
ဘွန်းး ဝေါ
အောက်ဘက်ကုန်းပတ်မှ ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်သွားသည်။ အားဖေး၏ အသံမှာ အသံဝင်နေသလိုရှိသော်လည်း နောက်တစ်စက္ကန့်တွင် အော်ဟစ်လိုက်သည်။
“သူတို့ ရောက်လာပြီ၊၊ ရေအောက်ကနေ လာနေတယ်၊၊ အကောင်အုပ်ကြီးက တော်တော်မြန်တယ်၊၊ အရေအတွက်က အများကြီးပဲ”
သူ့စကားမဆုံးခင်မှာပင် သူ၏ မျက်လုံးများမှ စွမ်းအင်မြင့်လေဆာတန်းများ လင်းထိန်သွားပြီး အောက်ဘက်ရှိ အမည်းရောင်ဆီများကဲ့သို့ လိပ်တက်နေသော ပင်လယ်ပြင်ဆီသို့ နီရဲသော ဓားနှစ်လက်ကဲ့သို့ ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။ အလင်းတန်းဖြတ်သန်းသွားရာနေရာတိုင်းရှိ ပင်လယ်ရေများမှာ ချက်ချင်းပင် ပူပြင်းလှသော အဖြူရောင်အငွေ့များအဖြစ် အငွေ့ပျံသွားပြီး ဧရာမ ငါးမျက်လုံးများနှင့် ကျယ်ပြန့်၍ ကြည်လင်နေသော ပျံသန်းနိုင်သည့် အတောင်အမြှေးပါးများပါရှိကာ လှံနှင့် ဆင်တူသော ထူးဆန်းသောသတ္တဝါတစ်ဒါဇင်ကျော်မှာ ရေပေါ်သို့ပေါ်ထွက်လာသည်နှင့် တပြိုင်နက်အငွေ့ပျံပျောက်ကွယ်သွားကြတော့သည်။
“စိတ်စွမ်းအင်အကာအကွယ်ထုတ်၊၊ တောင့်ခံထားကြ”
ကီကီ၏ အေးစက်တင်းမာသောအသံမှာ လေပြင်းများကြားတွင် ထွက်ပေါ်လာသည်။ သူမနှင့် ရူဂျီတို့၏ ပုံရိပ်များသည် ရထားဝမ်းဗိုက်၏ အစွန်းတွင် လှုပ်ခတ်နေပြီး လက်မောင်းနှစ်ဖက်စလုံးကို ဆန့်ထုတ်ထားကာ မျက်နှာများမှာ စက္ကူကဲ့သို့ ဖြူဖျော့နေပြီး နားထင်ကြောများမှာလည်း တဒုတ်ဒုတ်တုန်ခါနေသည်။ မမြင်ရသော်လည်း အလွန်ခိုင်မာလှသော စိတ်စွမ်းအားအကာကွယ်နှစ်ခုမှာ ဧရာမပိုက်ကွန်ကြီးတစ်ခုကဲ့သို့ ပွင့်ထွက်သွားပြီး ဖိအားမြင့်ရေပြွန်သေနတ်မှ ပန်းထွက်လာသည့်အလားဖြစ်နေသော ပျံလွှားငါးအုပ်ကြီးကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ ပျံလွှားငါးများမှာ စွမ်းအင်အကာကွယ်နှင့် ရိုက်မိပြီး တဒုန်းဒုန်းနှင့် တိုးလျသောအသံများထွက်ပေါ်လာကာ ၎င်းတို့၏ အမြန်နှုန်းမှာ ရုတ်တရက်ကျဆင်းသွားသည်။ သို့သော် မာကျောသောအရိုးလှံများနှင့် အမြှေးပါးတောင်ပံများ၏ ပြင်းထန်လှသော ရိုက်ခတ်မှုလှိုင်းများကြောင့် ကီကီနှင့် ရူဂျီတို့ မျက်မှောင်ကြုတ်သွားကြသည်။
အရေအတွက်မှာ ပိုမိုများပြားလာပြီး ပင်လယ်ရေအောက်ခြေမှ ပစ်လွှတ်လိုက်သော တိကျသည့် ကျည်ဆန်များကဲ့သို့ ထူထပ်စွာ ပန်းထွက်လာတော့သည်။
“ကျွန်မတို့ရဲ့ ပစ်မှတ်က ပိုပြီးတော့ ရှင်းလင်းလာပြီ၊၊ ဒါတွေက ကျွန်မတို့ကို အမှီလိုက်ပြီးတိုက်ခိုက်နိုင်တဲ့ ထူးဆန်းတဲ့သတ္တဝါတွေပဲ၊၊ ကျွန်မတို့ အမြန်နှုန်းမြှင့်ရမယ်၊၊ ပိုပြီးတော့ ကြီးမားတဲ့အရာတစ်ခုခုလာနေတာလည်း ဖြစ်နိုင်တယ်”
ကီကီက ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် စိတ်စွမ်းအင်အကာအကွယ်ကို ထိန်းချုပ်ရင်း ပြောလိုက်သည်။