← Chapters

ရိတ်သိမ်းခြင်း (၁)

Vol. 63 Ch. 1054

ရိတ်သိမ်းခြင်း (၁)

Vol. 63 Ch. 1054

မဟုတ်လျှင် အသက်ရှင်ကျန်ရစ်သူများသာရှိနေပါက ဤမျှများပြားသော အရင်းမြစ်ရတနာသိုက်ကြီးကို မည်သည့်နည်းနှင့်မျှ လျစ်လျူရှုထားမည်မဟုတ်ပေ။

ဒရုန်းများသည် စင်တန်းများကြားရှိ လမ်းကြောင်းများတစ်လျှောက် အလျင်အမြန်ပျံသန်းသွားပြီးနောက် မကြာမီတွင် အချက်အလက်များစွာကို ရှားရှားထံသို့ ပေးပို့လာသည်။

“အများကြီးပဲ… လတ်ဆတ်တဲ့ အစားအစာတွေတော့ မရှိတော့တာ သေချာတယ်၊၊ ဒါပေမဲ့ အစားအစာကဏ္ဍက တချို့စင်တွေပေါ်မှာ အပြည့်ပဲ၊၊ ဖျော်ရည်တွေ ဆိုဒါတွေ မုန့်တွေနဲ့ စည်သွပ်ဗူးတွေ…. ဝိုး အများကြီးပဲ သက်တမ်းလည်း မကုန်သေးလောက်ဘူး”

မိုနီကာက မျက်နှာပြင်ကို ကြည့်ရင်း အနည်းငယ် ပြုံးလိုက်သည်။

“အခြားသူတွေရဲ့ အခြေအနေလည်း ငါတို့နဲ့ တူတူပဲဖြစ်မှာပါ ဟုတ်တယ်မလား”

“မှန်တာပေါ့”

ထိုစဉ် ချီလီ၏ စိတ်လှုပ်ရှားနေသော အသံ ထွက်ပေါ်လာသည်။

“ငါတို့လည်း ပစ္စည်းကောင်းတချို့ ရှာတွေ့ထားတယ်”

နေဝင်ဖျိုးဖျအချိန် စစ်အခြေစိုက်စခန်းတစ်ခုတွင် လုချန်၏ စက်ရုပ်သည် စစ်ဝတ်စုံဝတ်ဆင်ထားသည့် ဖုတ်ကောင်အုပ်စုကို အလျင်အမြန်ရှင်းလင်းနေသည်။ လော့ယန်သည် တာပေါ်လင်စများဖြင့် ဖုံးအုပ်ထားသော စစ်သုံးရထားတစ်စင်းပေါ်တွင် မတ်တပ်ရပ်နေပြီး ချီလီနှင့် ရှုချင်းတို့လျှောက်လာပြီး တာပေါ်လင်စကို ဖျတ်ခနဲဆွဲခွာလိုက်ရာ အစိမ်းရင့်ရောင် တိုက်ကြီးဖြတ်ကျော်အဆင့် စစ်ရထားကြီးတစ်စင်းက မျက်စိရှေ့တွင် ပေါ်ထွက်လာသည်။

ရုတ်တရက် ရှုချင်း၏ မျက်လုံးများသည် မယုံနိုင်စရာအရာတစ်ခုကို မြင်လိုက်ရသည့်အလား ကျုံ့ဝင်သွားသည်။

ပုံမှန်အချိန်တွင် တည်ငြိမ်လှသော ချီလီပင် စက္ကန့်အနည်းငယ်မျှ ကြောင်အမ်းသွားပြီးမှ ဆက်သွယ်ရေးကိရိယာထဲသို့ ပြောလိုက်သည်။

“လင်းရှန် မင်းကိုယ်တိုင်လာကြည့်မှ ဖြစ်မယ်”

သူတို့ရှေ့ရှိ စစ်သုံးသံချပ်ကာရထားသည် သာမန်ရထားများထက် နှစ်ဆခန့်ပိုမိုကြီးမားပြီး ၎င်း၏ ရထားလမ်းနှင့် ဘီးများမှာ မယုံနိုင်လောက်အောင် ကြီးမားလှကာ ရှုပ်ထွေးလှသော ကိုယ်ထည်ဆိုင်းထိန်းစနစ်များက မျက်စိမူးမတတ်ဖြစ်စေပြီး ထူထဲသော အထူးသံချပ်ကာများဖြင့် ဖုံးအုပ်ထားသည်။ ဤကဲ့သို့သော သံမဏိခံတပ်တွဲများသည် စစ်အခြေစိုက်စခန်း၏ ကတုတ်ကျင်းအဆုံးထိ သွယ်တန်းနေပြီး ကြည့်ရုံမျှဖြင့် ရထားတွဲ ၅၀ ကျော် ရှိနေသည်။

အရေးကြီးဆုံးအချက်မှာ ရထား၏ ကြီးမားရှည်လျားမှုမဟုတ်ဘဲ ကုန်းမြေအခြေစိုက် အလိုအလျောက်အမြောက်တပ်ဆင်မှုများ၊ ဒုံးကျည်ပစ်လွှတ်သည့် ရထားတွဲများနှင့် လေကြောင်းရန်ကာကွယ်ရေးလက်နက်များ တပ်ဆင်ထားသည့် ရထားတွဲများအပြင် ကုန်ပစ္စည်းတွဲအချို့ကြားတွင် လေဆာအမြောက်များကဲ့သို့ ကာကွယ်ရေးလက်နက်များအပြည့်အစုံပါရှိနေခြင်းဖြစ်သည်။

ထို့အပြင် သယ်ယူပို့ဆောင်ရေးရထားတွဲများထဲတွင် သံမဏိကြိုးများဖြင့် သေချာချည်နှောင်ထားသည့် စစ်လက်နက်ပစ္စည်းများ စီတန်းလျက်ရှိနေသည်။

ရထားပေါ်တွင် ရပ်နေသော လုချန်သည် မှင်တက်စွာ ကြည့်ရင်း အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူ့ရှေ့တွင် အကြီးစား TFV600 ပြောင်းနှစ်လုံးပြူး တင့်ကားများတင်ဆောင်ထားသည့် ရထားတွဲ ၁၀ တွဲရှိပြီး စုစုပေါင်း အစီးရေ ၃၀ ကျော် ရှိနေသည်။

ရှေ့ဘက်တွင်မူ စစ်လက်နက်တိုက်အတွင်း လူသားပုံစံ စစ်သုံးမီကာစက်ရုပ်များ စီတန်းထားသည်ကို တွေ့ရပြီး ၎င်းတို့အထဲတွင် မီးနတ်ဘုရားမီကာ Iron Guard-3 ၊ စစ်သုံးမီကာ Guardian-X တိုက်ခိုက်ရေးစက်ရုပ်နှင့် ‘ငရဲမီးတောက်’ ဟု လူသိများသည့် Fireline Machine-MX တို့ ပါဝင်သည်။

“သံချပ်ကာယာဉ်‌တွေ၊ အမြင့်ပျံဒရုန်းတွေနဲ့ ကောင်းကင်ကင်းလှည့်ယာဉ်တွေပါလား ဒါ... ဒါတွေက အနည်းဆုံး တပ်ရင်းတစ်ရင်းစာ လက်နက်တပ်ဆင်ပေးဖို့ လုံလောက်တယ်”

လုချန်သည် အံ့ဩလွန်းသဖြင့် ပါးစပ်ပင်မပိတ်နိုင်တော့ပေ။

အောက်ဘက်တွင် ရှုချင်းက ဖုတ်ကောင်အလောင်းများပြည့်နှက်နေသော အခြေစိုက်စခန်းကို ကြည့်ရင်း တည်ငြိမ်စွာဖြင့် ပြောလိုက်သည်၊၊

“ဖက်ဒရေးရှင်း စတားဖလိ့ရဲ့ တပ်ရင်း ၉၇၄ ခံစစ်အုပ်စု အိုအာဟူးကျွန်းမှာ တပ်စွဲထားတဲ့ စစ်တပ်ပဲ”

ဝှစ်

ချီလီသည် လူသားအရိုးစုများ ပိတ်ဆို့နေသော အလိုအလျောက်တံခါးကို ဖွင့်ကာ အထဲသို့ ခြေလှမ်းလှမ်းလိုက်ရင်း နှာခေါင်းကိုပိတ်ကာ ရထားတွဲထဲသို့ ကြည့်လိုက်ပြီးနောက် အနံ့အသက်များ ပျောက်ပြယ်စေရန် လက်ခါယမ်းရင်း အားမလိုအားမရပြောလိုက်သည်။

“အတွင်းပိုင်းသန္ဓေပြောင်းလဲမှုနဲ့ ပြိုလဲမှုပဲ ကမ္ဘာပျက်ကပ်နေ့ပြီးနောက် စတားဖလိ့စစ်တပ်တွေရဲ့ ယူနစ်တော်တော်များများက ဒီလိုပဲပျက်စီးသွားခဲ့ကြတယ်၊၊ သေနတ်ပြောင်းတွေကို ကိုယ့်လူအချင်းချင်းဆီပဲ ချိန်ရွယ်နိုင်ခဲ့ကြတယ်”

လော့ယန်သည် အဝေးမှ ပျံသန်းလာပြီး ရထားအမိုးပေါ်သို့ဆင်းသက်လိုက်ကာ လက်ကိုင်စက်ကို ကိုင်ဆောင်ရင်း အလျင်အမြန်ပြောလိုက်သည်။

“ရှာတွေ့ပြီ နောက်ဆုံး ဆုတ်ခွာဖို့ အမိန့်ပေးခဲ့တာ ဇွန်လ ၉ ရက် ည ၂၀:၁၃ မိနစ်မှာပဲ”

ထို့နောက် သူက မျက်မှောင်ကြုတ်ကာ မော့ကြည့်လိုက်ရင်း “ကမ္ဘာပျက်ကပ်နေ့ ၁၁ ရက်မြောက်နေ့ပေါ့”

ခဏတာ တိတ်ဆိတ်သွားသည်။

“၁၁ ရက်ပဲ ခံပြီး ပျက်စီးသွားတာလား”

“နှမြောစရာကောင်းလိုက်တာ ဒီလောက်လက်နက်တွေအများကြီးနဲ့ ရထားခံတပ်ကြီးလည်း ရှိနေတာကို… ရိက္ခာတွေလည်း အပြည့်အစုံရှိနေတာတောင် ၁၁ ရက်ပဲ တောင့်ခံနိုင်ခဲ့ကြတယ်”

လုချန်က သက်ပြင်းချရင်း ရေရွတ်လိုက်သည်။

ချီလီက အေးစက်သောအမူအရာဖြင့် “ကမ္ဘာပျက်ကပ်နေ့မှာ လူသားတွေ ရင်ဆိုင်ခဲ့ရတဲ့ အကြီးမားဆုံးအန္တရာယ်က ဖုတ်ကောင်တွေမဟုတ်ဘူး၊၊ လူတွေကို ဖုတ်ကောင်အဖြစ်ပြောင်းလဲပစ်တဲ့ အမှောင်စွမ်းအားရဲ့ ကျူးကျော်မှုပဲ၊၊ ကာကွယ်ရေးစနစ်တွေ၊ သီးသန့်ခွဲထားတဲ့ နည်းလမ်းတွေမရှိရင် ဘယ်လောက်ပဲအစွမ်းထက်တဲ့လက်နက်တွေရှိရှိ… ဘာမှသုံးလို့မရဘူး… မဟုတ်လို့ ဖုတ်ကောင်သက်သက်ပဲဆိုရင် စတားဖလိ့ရဲ့ ပစ်အားအောက်မှာ ပြောပလောက်စရာတောင်ရှိမှာမဟုတ်ဘူး”

ရှုချင်းက ခေါင်းညိတ်လိုက်ကာ “ဟုတ်တယ် အမှောင်စွမ်းအင်ကျူးကျော်မှုက အမှောင်ဒီရေတွေနဲ့အတူ ရောက်လာတာမလို့ ပုန်းစရာနေရာမရှိဘူး၊၊ ငါတို့ စပြီးထွက်ပြေးတုန်းက ဘယ်အဖွဲ့သားက ရုတ်တရက်ဖုတ်ကောင်ဖြစ်သွားပြီး ကိုယ့်လည်ပင်းကို ကိုက်မလဲဆိုတာတောင် မသိခဲ့ရဘူး၊၊ အဲဒါက မျှော်လင့်ချက်အမဲ့ဆုံးအချိန်ပဲ”

“မျှော်လင့်ချက်မဲ့ခြင်းကပဲ သန္ဓေပြောင်းလဲမှုကိုဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းအရင်းပဲပေါ့”

လော့ယန်က ထပ်ဖြည့်ပြောသည်။

“ဒါဆို...”

လုချန်က ရုတ်တရက် စကားစဖြတ်ကာ ရထားအမိုးကို ပုတ်ရင်း မေးလိုက်သည်၊၊

“ဒီလောက်ကြီးတဲ့ စစ်ရထားကြီးကို သူတို့ မောင်းမထွက်နိုင်ခဲ့ပေမဲ့ ငါတို့ယူသွားလို့ရလား”

“ရတာပေါ့”

ဂြိုဟ်ပတ်လမ်းစခန်းရှိ ကောင်းကင်အမိုးခုံးတံတားပေါ်တွင် ရထား၏ အပြင်ဘက်သံချပ်ကာများကို ပြုပြင်နေရင်း တစ်ချိန်လုံး အစီရင်ခံစာကိုနားထောင်နေသည့် လင်းရှန်က ပြောလိုက်သည်၊၊

“ကောင်းကင်အမိုးခုံးရထားရဲ့ ဆွဲငင်အားစနစ်နဲ့ တိုက်ရိုက်ချိတ်ဆက်လိုက်… အကုန်လုံးယူသွားမယ်၊၊ ဒီလိုရတနာတွေကို ဒီအတိုင်းပစ်ထားခဲ့ရင် နှမြောစရာကြီးမဟုတ်လား”

ဖျက်အားပြင်းတင့်ကားများ၊ စစ်သုံးမီကာစက်ရုပ်များ စစ်တိုက်ယာဉ်များ၊ ဒရုန်းများနှင့် ရထားခံတပ်ကြီးတို့မှာ လင်းရှန်အတွက်တော့ ရတနာထဲက ရတနာများဖြစ်ကြသည်။ ဤကဲ့သို့သော သံမဏိခံတပ်ကြီးကို ကောက်ရခြင်းမှာ အသက်ရှင်ကျန်ရစ်သူတိုင်း မက်ရမည့် အဆုံးစွန်သောအိပ်မက်ဖြစ်ပေရာ ၎င်းကို ယူဆောင်ရန်နည်းလမ်းမရှာဘဲ မည်သို့နေမည်နည်း။

လမ်းကြောင်းပျက်စီးနေလျှင်ပင် ကောင်းကင်အမိုးခုံးရထားကို အသုံးပြု၍ ပျံသန်းမောင်းနှင်နိုင်ကြောင်းနှင့် ကီကီနှင့် ရူဂျီတို့လည်း ကူညီနိုင်ကြောင်း လင်းရှန် စိတ်ထဲမှ တွက်ချက်လိုက်သည်။ အဆိုးဆုံးအခြေအနေကြုံလာလျှင်ပင် သူ့တွင် ကြယ်နက်ပန်းပဲဖိုရှိသေးသည်။ လူအသက်ရှင်နေသရွေ့ လမ်းစမပျောက်နိုင်ဘဲ ဤလက်နက်ပစ္စည်းများကို ဝါးမျိုပြီး အဆင့်မြှင့်တင်ရေးပစ္စည်းများအဖြစ်ပြောင်းလဲပစ်ခြင်းက ပစ်ထားခဲ့ခြင်းထက် ပိုမိုကောင်းမွန်ပေသည်။

ဂျုံးး

ဟာဝိုင်အီစစ်အခြေစိုက်စခန်းတွင် စစ်သုံးရထားကြီး၏ သံဘီးများသည် ရထားလမ်းချော်နေသည့် အခြေအနေမှ လမ်းကြောင်းပေါ်သို့ ပြန်တက်လာစဉ် ပြင်းထန်သောအသံများနှင့်အတူ မီးပွားများလွင့်စင်သွားပြီးနောက် လင်းရှန်၏ ထိန်းချုပ်မှုအောက်တွင် ကျွန်း၏ အရှေ့ဘက်ဂြိုဟ်ပတ်လမ်းစခန်းသို့ ဖြည်းညှင်းစွာဝင်ရောက်လာခဲ့သည်။ လမ်းခရီးတစ်လျှောက်တွင် အခြားသူများက ဆွဲဆောင်ခြင်းခံရသည့် ဖုတ်ကောင်များနှင့် ထူးဆန်းသောလူသားများကို ရှင်းလင်းရန် တာဝန်ယူခဲ့ကြသည်။ ဤစစ်ရထားကြီးကို ဆွဲခေါ်လာပြီးနောက် အားလုံးသည် မိမိတို့ကိုယ်ပေါ်ရှိ အမှောင်အမှတ်အသားများကိုလည်း တစ်ပါတည်းရှင်းလင်းနိုင်ခဲ့ကြသည်။

နေဝင်ဆည်းဆာအလင်းသည် နီရဲနေသော သံပူကြီးကဲ့သို့ တောက်ပနေသည်။ သို့သော် သူတို့သည် ရိက္ခာများကို ဆက်လက်စာရင်းမသွင်းတော့ဘဲ ညမှောင်လာမည့်အချိန်ကို စောင့်ဆိုင်းရန် ကောင်းကင်အမိုးခုံးရထားဆီသို့ ပြန်လာခဲ့ကြသည်။

ကမ္ဘာပျက်ကပ်အဆင့်အပူပိုင်းမုန်တိုင်းကို ဖြတ်ကျော်ပြီးနောက် သူတို့ဆင်းသက်မိသည့်နေရာသည် ဖုတ်ကောင်များပြည့်နှက်နေသည့် စွန့်ပစ်ကျွန်းတစ်ခုဖြစ်နေသော်လည်း ရိက္ခာပစ္စည်းများ အပြည့်အစုံရှိနေသဖြင့် မမျှော်လင့်ဘဲ ရတနာသိုက်ကြီးတိုးမိသကဲ့သို့ ဖြစ်သွားခဲ့သည်။

ဤခရီးစဉ်တွင် မိုနီကာနှင့် ချီလီတို့ ရှာတွေ့ခဲ့သည့် ကုန်လှောင်ရုံနှင့် စစ်သုံးရထားကြီးအပြင် ချန်ဆီရွှမ်၊ ကီကီနှင့် နန်ကျင်းတို့လည်း အသုံးဝင်မည့် အရာများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၎င်းမှာ ရှားပါးအပင်များစွာရှိနေသည့် ရုက္ခဗေဒဥယျာဉ်တစ်ခုဖြစ်ပြီး သေဆုံးနေသောကျွန်း၏ ဖန်လုံအိမ်အမိုးခုံးအတွင်းတွင် စိမ်းလန်းစိုပြည်လျက် အကောင်းတိုင်းရှိနေသေးသော မျိုးစေ့များနှင့်အတူ ဆေးဝါးနှင့် အိမ်သုံးပစ္စည်းအမြောက်အမြားကိုပါတွေ့ရှိခဲ့ခြင်းဖြစ်သည်။

လင်းရှန်သည် ဤပစ္စည်းများကို သယ်ယူရန် ဗိုင်အိုလာနှင့် အနည်းဆုံး လုပ်ငန်းသုံးစက်ရုပ်တစ်ထောင်ခန့်ကို လွှဲအပ်ပေးခဲ့သည်။

ယခုအခါ အားလုံးက ညမှောင်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ လမ်းခရီးတစ်လျှောက် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကြောင့် သူတို့တွင် သတိကြီးစွာ ထားတတ်သည့် စိတ်ဓာတ်များကိန်းအောင်းနေပြီ ဖြစ်သည်။ သူတို့သည် ပင်လယ်ကျောက်ဆောင်ကျွန်း၊ သမုဒ္ဒရာနတ်ဘုရားကြီး ရေအောက်ဝဲဂယက်ကြီးများ၊ မီးတောင်ပေါက်ကွဲမှုများနှင့် စူပါအပူပိုင်းမုန်တိုင်းတို့ကို ရင်ဆိုင်ဖြတ်သန်းခဲ့ရသဖြင့် အာရုံကြောများမှာ အစွမ်းကုန်တင်းမာနေခဲ့သည်။ ပုံမှန်အတိုင်း အန္တရာယ်မရှိလှဟုထင်ရသော ဤဖုတ်ကောင်ကျွန်းပျက်ကြီးသည် မှောင်မိုက်သွားပြီးနောက် မည်ကဲ့သို့သော အကျပ်အတည်းများကို ယူဆောင်လာမည်ကို မည်သူမျှမသိနိုင်ပေ။

ထို့ကြောင့် ယခုအချိန်တွင် ကောင်းကင်အမိုးခုံးရထား၏ အဓိကကောင်းကင်တံတားပေါ်၌ လူတိုင်းက မိမိတို့၏ စွမ်းအားဝတ်စုံများကို ဝတ်ဆင်ထားကြပြီး တချို့က မတ်တပ်ရပ်ရင်း… တချို့က ထိုင်ရင်း… တချို့က ပြတင်းပေါက်မှ အပြင်သို့ ကြည့်ရင်းနှင့် တချို့က ရေဒါမျက်နှာပြင်ကို စောင့်ကြည့်ရင်း စကားတစ်လုံးမှ မပြောကြဘဲ ညဉ့်နက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

လင်းရှန် အချိန်ကိုကြည့်လိုက်ရာ ၁၈:၄၂ မိနစ် ရှိပြီ ဖြစ်သည်။

တွင်းနက်သို့ ရောက်ရှိရန် ခန့်မှန်းခြေအကွာအဝေးနှင့် နီးကပ်နေပြီ ဖြစ်ရမည်။

“ဒီလို ဒီရေနှစ်ခုထပ်တူကျတာမျိုးက မရိုးရှင်းနိုင်ဘူး၊၊ ပင်လယ်ကျောက်ဆောင်ကျွန်းတုန်းကလို တစ္ဆေသရဲတွေ ညဘက်လှည့်လည်တာမျိုးထပ်ဖြစ်ဦးမလား”

ချန်ဆီရွှမ်က လင်းရှန်၏ နားအနားသို့ တိုးကပ်ကာ တိုးတိုးလေး မေးလိုက်သည်။

လင်းရှန်က ခေါင်းခါလိုက်သည်၊၊

“ငါလည်း မသိဘူး၊၊ ဒါပေမဲ့ ပင်လယ်ကျောက်ဆောင်ကျွန်းနဲ့တော့ တူမှာမဟုတ်ဘူးလို့ ခံစားရတယ်၊၊ ဒီမှာက မြို့ပြလမ်းမတွေနဲ့ အဆောက်အအုံတွေက မပျက်စီးသေးဘဲ နဂိုအတိုင်းရှိနေသေးပြီး ဖုတ်ကောင်တွေပဲ ပြည့်နေတာဆိုတော့ ကြည့်ရတာ... အတော်လေးပုံမှန်ဖြစ်နေသလိုပဲ”

ဝူး၊၊

ထိုစဉ် ကောင်းကင်ထက်၌ ဆန်းကြယ်သောအလင်းတန်းတစ်ခု လျှပ်ခနဲ လက်သွားပြီး အလင်းကွင်းတစ်ခုသည် ကောင်းကင်အနှံ့အလျင်အမြန်ပျံ့နှံ့သွားသည်။ လူတိုင်း ပြတင်းပေါက်အပြင်ဘက်သို့ တစ်ပြိုင်နက်တည်းကြည့်လိုက်ကြသည်။

“လာပြီ”

နန်ကျင်းက လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ မိုနီကာက ဆုံလည်ကုလားထိုင်ပေါ်မှ ပြတင်းပေါက်ဘက်သို့ လှည့်ကာ လက်မောင်းကို ပိုက်ရင်း အေးစက်စွာ စောင့်ကြည့်နေသည်။

ကီကီက ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ မှီထိုင်ရင်း လက်ချောင်းများဖြင့် စားပွဲကို တဒေါက်ဒေါက်ခေါက်ကာ ရေဒါမျက်နှာပြင်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။

ဝူး၊၊

တစ်ချိန်တည်းမှာပင် ဒုတိယမြောက် ဆန်းကြယ်သောအလင်းတန်းသည် ပြန်လည်ကျုံ့ဝင်သွားပြီး ကောင်းကင်တစ်ခုလုံးကို ဝါးမြိုမည့် အမှောင်ထုတံတိုင်းကြီးက ကောင်းကင်တစ်ခွင်သို့ အလျင်အမြန်လွှမ်းမိုးလာခဲ့သည်။

ညအမှောင်ထုက ရောက်ရှိလာပြီ ဖြစ်သည်။

လူတိုင်း၏ အာရုံကြောများတင်းမာသွားသည်။

ထိုအခိုက်အတန့်တွင် ပူပြင်းလှသော ကမ်းခြေလေထုသည် ရုတ်တရက် အေးစက်သွားပြီး ပြတင်းပေါက်မှန်များပေါ်တွင် မြူဖြူများ စွဲထင်လာကာ အဝေးရှိ မှောင်မိုက်သောလမ်းမများဆီမှ ထူးဆန်းသောအော်ဟစ်သံများ ထွက်ပေါ်လာသည်။ ဤအသံများအပြင် ဂြိုဟ်ပတ်လမ်းစခန်းအပြင်ဘက်ရှိ ဖုတ်ကောင်များလှုပ်ရှားသွားလာနေသည့် တဖျတ်ဖျတ်အသံများကိုသာကြားရသည်။

All Chapters