အခန်း ၂၄၁
Vol. 25 Ch. 241
အခန်း (၂၄၁) အစီအစဉ်များ (၂)
ဟူပင်းရေကန်သည် ကျွင်းချန်မြို့အနီးရှိ (၄) အေ အဆင့်ရှိ ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်ရာ နေရာ တစ်ခု ဖြစ်၏။ ၎င်းသည် ရွှံ့ညွန်များ၊ ရေပြင်များ၊ ရွှံ့နွံတောများ၊ မြက်ခင်းပြင်များနှင့် သစ်တောများ အပါအဝင် ပြီးပြည့်စုံသော ဂေဟစနစ်ကို ထိန်းသိမ်းထားနိုင်သည့် နိုင်ငံမြောက်ပိုင်းရှိ တစ်ခုတည်းသော သဘာဝဘေးမဲ့တောလည်း ဖြစ်လေသည်။
အတိတ်ဘဝတွင် လုံယုသည် ဟူပင်းရေကန်ကို သိမ်းပိုက်ရန် တာဝန်တစ်ခုဖြင့် ထိုနေရာသို့ ရောက်ရှိခဲ့ ဖူးပေသည်။
ထိုစဉ်က ဟူပင်းရေကန်သည် အလွန်ပင် နက်ရှိုင်းကြောင်း သူ သိရှိခဲ့ရသည်။ ထို့ပြင် တောင်တန်းများ ဝန်းရံထားသောကြောင့် အပူချိန်မှာ အခြားဒေသများထက် ပိုမိုအေးမြလေသည်။ လပေါင်းများစွာ ကြာ အောင် အလွန်အမင်း ပူပြင်းခဲ့သော်လည်း ရေချိုကန်ကြီးမှာ ခန်းခြောက်သွားခြင်း မရှိဘဲ ထိုနေရာ၌ နေထိုင်သူများသည် ၎င်းကို အမှီပြု၍ ရှင်သန်ခဲ့ကြရလေသည်။
စစ်တပ်က ဟူပင်းရေကန်ကို ထိန်းချုပ်ပြီးနောက်တွင်မူ ရေလိုအပ်သူ မည်သူမဆို ရိက္ခာနှင့် လဲလှယ်ကြ ရလေသည်။ ထိုသို့မဟုတ်ပါက စစ်သားများက ရေယူခွင့် ပေးမည် မဟုတ်ပေ။
ဤဘဝတွင်မူ စစ်တပ်က ဟူပင်းရေကန်ကို ထိန်းချုပ်ထားခြင်း ရှိမရှိ လုံယု မသေချာသေးသောကြောင့် ထိုနေရာသို့ မသွားမီ ရိက္ခာများကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်လေသည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရှီရွှမ်းက ပြောလိုက်လေ၏။
"ခေါင်းဆောင်နဲ့ ယောင်ရန်က ဟူပင်းရေကန်ကို သွားမယ်ဆိုရင်...၊ ကျွန်တော် ကျားရှန်းနဲ့အတူ ကားတွေ ထပ်ရှာဖို့ သွားလိုက်မယ်လေ...။"
ဟွမ်ချန်ကလည်း လက်မြှောက်၍ ပြောလေသည်။
"ကျွန်တော်ကတော့ ညီမလေးနဲ့အတူ အစားအစာနဲ့ အခြား အရေးကြီးတဲ့ ရိက္ခာတွေကို သွားစုဆောင်း လိုက်မယ်...၊ ချီချီက ခြေထောက် ဒဏ်ရာရထားတော့ မနက်ဖြန် အိမ်မှာပဲ နားနေသင့်တယ်...။"
တန်ချီချီကလည်း ကန့်ကွက်ခြင်းမရှိဘဲ သဘောတူလိုက်၏။
"ကောင်းပါပြီ...၊ ဒါဆိုရင် ကျွန်မပဲ အိမ်ကို စောင့်ရှောက်ထားလိုက်ပါ့မယ်...။"
တာဝန်များ ခွဲဝေပြီးနောက် လုံယုက ပြောလိုက်လေသည်။
"နေဝင်ပြီးရင် ငါတို့ ထွက်ကြမယ်...။"
အခြားသူများကလည်း ခေါင်းငြိမ့်ကာ ပြန်ဖြေကြလေ၏။
"ကောင်းပါပြီ ခေါင်းဆောင်...။"
ယောင်ရန်သည် သူမ၏ တိုက်ခန်းသို့ ပြန်ရောက်သောအခါ လုံယု၏ ညစ်ပတ်နေသော အဝတ်အစား များကို သတိထားမိသဖြင့် ပြောလိုက်လေ၏။
"ရှင် အစာမစားခင် ရေအရင်ချိုးသင့်တယ်...။"
လုံယုက သူ၏ အဝတ်အစားများကို တစ်ချက်ကြည့်ကာ၊
"ဒါဆိုရင် ငါ အိမ်ပြန်လိုက် ပြီးမှ ခဏနေရင် ပြန်လာခဲ့မယ်...။"
ယောင်ရန်သည် သူမ၏ ရေစင်များကို ရေထပ်ဖြည့်ရန် အစီအစဉ် မရှိတော့သဖြင့် လုံယု၏ လက်ကိုဆွဲ ကာ ပြောလိုက်လေ၏။
"ရှင် ကျွန်မရဲ့ နေရာလွတ်ထဲမှာပဲ ရေချိုးလို့ ရပါတယ်...။"
ထိုသို့ ပြောပြီးနောက် သူတို့နှစ်ဦးသည် နေရာလွတ်ထဲသို့ အတူတကွ ဝင်ရောက်ခဲ့ကြလေသည်။ ဗီလာ အတွင်း သို့ ရောက်သောအခါ သူမက သူ၏လက်ကို လွှတ်ပေးလိုက်လေ၏။ ထို့နောက် သူမ၏ စိတ် ဝိညာဉ်ကို အသုံးပြု၍ ဂိုဒေါင်ထဲမှ နွေရာသီဝတ်စုံသစ် တစ်စုံကို ထုတ်ယူလိုက်လေသည်။
ထို့ပြင် အပူဒဏ်ခံအဝတ်အစား တစ်စုံနှင့် အပူချိန်ထိန်းအဝတ်အစား တစ်စုံကိုပါ သူ့အတွက် ပြင်ဆင် ပေးလိုက်လေသည်။
သူမသည် ထိုအဝတ်အစားများကို လုံယုထံ ကမ်းပေးရင်း အိပ်ခန်းမဆီသို့ ညင်သာစွာ တွန်းပို့လိုက်ကာ ပြောလိုက်လေ၏။
"ရှင် ရေသွားချိုးလိုက်ပါ...၊ ကျွန်မ ညစာ ပြင်ဆင်ထားမယ်...။”
"အင်း...။”
လုံယု သည်အိပ်ခန်းမဆီသို့ သွားလိုက်တော့သည်။
လုံယု ရေချိုးနေစဉ်တွင် ယောင်ရန်သည် မီးဖိုချောင်၌ အလုပ်ရှုပ်နေခဲ့ပေ၏။
မကြာမီမှာပင် သူသည် မီးဖိုချောင်သို့ ရောက်လာခဲ့ပြီး သူတို့နှစ်ဦး အတူတကွ ညစာ သုံးဆောင်ခဲ့ကြ လေသည်။ စားသောက်ပြီးနောက် ယောင်ရန်သည် သူ့ကို နေရာလွတ်ထဲမှ ပြန်ခေါ်ထုတ်လာခဲ့လေ၏။ သူတို့သည် မိမိတို့၏ စွမ်းအားများကို နာရီအနည်းငယ်ကြာအောင် လေ့ကျင့်ပြီးနောက် လုံယုသည် အနားယူရန် အိမ်သို့ ပြန်သွားခဲ့လိုက်လေသည်။
နာရီအနည်းငယ်ကြာ အိပ်စက်ပြီးနောက် ယောင်ရန်သည် လန်းဆန်းစွာ နိုးထလာခဲ့သည်။ ရေချိုးကာ နံနက်စာ သုံးဆောင်ပြီးနောက် နေကြာပန်းများကို ကြည့်ရန် ဝရံတာသို့ ထွက်လာခဲ့လိုက်၏။
အိပ်ခန်းထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ယနေ့ ရာသီဥတုမှာ ယခင်လောက် မပူပြင်းတော့ကြောင်း သူမ သတိထားမိလိုက်လေသည်။
သူမသည် နံရံတွင် ချိတ်ဆွဲထားသော အပူချိန်တိုင်းကိရိယာကို ကြည့်လိုက်သောအခါ အပူချိန်မှာ (၆၅) ဒီဂရီ ဆဲလ်စီးယပ်စ် ဖြစ်နေသည်ကို အံ့သြစွာ တွေ့လိုက်ရလေသည်။ နောက်ဆုံးအကြိမ် သူမ စစ်ဆေး စဉ်က (၇၀) ဒီဂရီ ရှိခဲ့ပေသည်။
ခြောက်ရက်အတွင်းမှာပင် အပူချိန်မှာ (၅) ဒီဂရီ အထိ ကျဆင်းသွားခဲ့ခြင်း ဖြစ်လေသည်။
အပူချိန်ကို စစ်ဆေးပြီးနောက် သူမသည် ဝရံတာသို့ လျှောက်သွားခဲ့လိုက်လေသည်။ ယောင်ရန်သည် နေကြာပန်းများ နေရောင်ခြည်ရရှိစေရန် ထူထဲသော လိုက်ကာကို အသာအယာ ဖယ်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို အကဲခတ်ရန် နေရာလွတ်ထဲမှ မှန်ပြောင်းကို ထုတ်ယူလိုက်လေသည်။
အောက်တွင် မည်သူမျှ မရှိသည်ကို တွေ့ရသောအခါ ယောင်ရန်သည် မှန်ပြောင်းကို ပြန်သိမ်းလိုက်၏။ ခဏအကြာတွင် လုံယုနှင့်အတူ ဟူပင်းရေကန်သို့ သွားရမည် ဖြစ်သောကြောင့် သူမသည် အရင်ဆုံး လေ့ကျင့်မှုအချို့ ပြုလုပ်ရန် ဆုံးဖြတ်လိုက်ပေသည်။
အချိန်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့လေသည်။ သူမ မသိလိုက်မီမှာပင် နေမင်း သည် မိုးကုတ်စက်ဝိုင်းအောက်သို့ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ယောင်ရန်သည် ဝရံတာလိုက်ကာကို ပိတ်ကာ နေရာလွတ်ထဲသို့ ဝင်၍ ရေချိုးပြီးနောက် ထွက်ခွာရန် ပြင်ဆင်လိုက်လေ၏။
လုံယု ရောက်လာသောအခါ သူမသည် ခုတင်ပေါ်တွင် စာဖတ်နေပြီး၊
"ရှင် ရောက်လာပြီလား...။"
လုံယုက ခေါင်းငြိမ့်ပြကာ မေးလိုက်၏။
"မင်း အဆင်သင့် ဖြစ်ပြီလား...။"
"ဟုတ်ကဲ့...။”
လုံယုသည် သူမ၏ ကျောပိုးအိတ်ကို မြင်သောအခါ ယူလိုက်ပြီး လက်ကို ကမ်းပေးရင်းပြောလိုက် လေသည်။
"သွားကြစို့...။”
ယောင်ရန်နှင့် လုံယုတို့ တိုက်ခန်းမှ ထွက်လာသောအခါ ရှီရွှမ်းနှင့် အခြားသူများသည်လည်း အခန်း အမှတ် (၂၀၀၁) ထဲမှ ထွက်လာခဲ့ကြပြီဖြစ်လေသည်။
လုံယုက သူတို့ကို ကြည့်ကာ ပြောလိုက်လေသည်။
"ငါ အရင်ဆုံး ကုန်တင်ကား သွားယူလိုက်မယ်...၊ မင်းတို့ကတော့ ရေပုံးတွေကို အောက်ထပ်ကို ရွှေ့ထား လိုက်ကြ...။"
ထိုသို့ ပြောပြီးနောက် သူသည် ကျောပိုးအိတ် နှစ်လုံးကို သယ်ဆောင်ကာ အောက်ထပ်သို့ ဆင်းသွား တော့သည်။ လုံယု ကုန်တင်ကား သွားယူနေစဉ် အခြားသူများသည်လည်း အိမ်ထဲမှ ရေပုံးအလွတ် များကို အောက်ထပ်သို့ သယ်ယူလာကြ၏။
လုံယုက ကုန်တင်ကားကို အဆောက်အအုံ (၃) ၏ တံခါးဝသို့ မောင်းလာသောအခါ သူတို့သည် ရေပုံး အလွတ်များကို ကားပေါ်သို့ တင်လိုက်ကြသည်။ အိမ်တွင် ရေပုံးအချို့နှင့် ပလတ်စတစ်ပုလင်းများ ကျန် ရှိနေသေးသဖြင့် လုံယုနှင့် အခြားသူများသည် အထပ် (၂၀) သို့ ပြန်တက်သွားကြပြီး ယောင်ရန်ကမူ ကားကို စောင့်ကြပ်ရန် ကျန်ရစ်ခဲ့လေသည်။
သူတို့ မသိလိုက်သည်မှာ သူတို့၏ လှုပ်ရှားမှုများက လင်းယွမ်တိုက်ခန်းဝင်းအတွင်းရှိ ကျန်ရှိနေသော အသက်ရှင်ကျန်ရစ်သူများ၏ အာရုံကို ဆွဲဆောင်သွားခဲ့ခြင်းပင် ဖြစ်ချေသည်။
နေထိုင်သူအများစု ထွက်ခွာသွားပြီးနောက် သဘာဝဘေးအန္တရာယ်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသော အသက်ရှင်ကျန်ရစ်သူအချို့သည် လင်းယွမ်တိုက်ခန်းဝင်းထဲသို့ ပြောင်းရွှေ့လာခဲ့ကြပေသည်။ ယခုအခါ ကင်းလှည့်စစ်သားများကို ကျွင်းချန် စစ်အခြေစိုက်စခန်း တည်ဆောက်ရေးတွင် ကူညီရန် ပထမ တပ်မတော်သို့ ပြန်လည်ခေါ်ယူလိုက်ပြီ ဖြစ်သောကြောင့် လုံခြုံရေးမှာ ယခင်ကကဲ့သို့ မတင်းကြပ်တော့ ပေ။
ယောင်ရန်နှင့် သူမ၏ သူငယ်ချင်းများ ရေပုံးအလွတ်များ သယ်နေသည်ကို မြင်သောအခါ ထိုသူများ သည် သူတို့ ရေရှာရန် ထွက်ကြတော့မည်ကို ရိပ်မိလိုက်ကြသည်။
လင်းယွမ်တိုက်ခန်းဝင်းသို့ အသစ်ပြောင်းလာသူအချို့မှာ ယောင်ရန်နှင့် သူမ သူငယ်ချင်းများ၏ ဂုဏ် သတင်းကို သိရှိခြင်းမရှိကြပေ။ သူမ တစ်ယောက်တည်း ရပ်နေသည်ကို မြင်သောအခါ အချို့က အကြည့်ချင်းဖလှယ်ကာ သူမအနားသို့ ချဉ်းကပ်ရန် ဆုံးဖြတ်လိုက်ကြလေသည်။
လုံယု ကုန်တင်ကားနှင့် ပြန်ရောက်လာကတည်းက ယောင်ရန်သည် သူတို့၏ လှုပ်ရှားမှုများကို သတိ ထားမိနေခဲ့ခြင်ဖြစ်ပေသည်။ သူမကို ပထမဆုံး လာရောက် စကားပြောသူမှာ တိုက်ခန်းဝင်း၏ အုပ်ချုပ် ရေးမှူးအသစ် ဖြစ်နေသည်ကို တွေ့ရသဖြင့် သူမ အံ့သြသွားရ၏။ ထိုသူသည် လူလတ်ပိုင်း အမျိုးသား တစ်ဦး ဖြစ်ပြီး သူမနှင့် တစ်ခါမျှ စကားပြောဖူးခြင်းမရှိသေးပေ။
အုပ်ချုပ်ရေးမှူးသည် သူမနှင့် နှစ်မီတာခန့်အကွာတွင် ရပ်လိုက်ပြီး ပြုံးပြလေသည်။ သူ၏ ဖြူလျော့ကာ ကွဲအက်နေသော နှုတ်ခမ်းများမှာ ရေဓာတ် အလွန်အမင်း ခမ်းခြောက်နေသည့် လက္ခဏာပင် ဖြစ်၏။
သူသည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် အက်ရှရှအသံဖြင့် မေးလိုက်လေသည်။
"မမလေး... ရေသွားရှာမလို့လား...။"