အခန်း ၂၄၂
Vol. 25 Ch. 242
အခန်း (၂၄၂)
ဟူပင်းရေကန်
ယောင်ရန်သည် အုပ်ချုပ်ရေးမှူးအား အဖြေအဖြစ် ခေါင်းငြိမ့်ပြလိုက်၏။ ထိုအခါ သူ၏မျက်ဝန်းများ ဝင်းလက်သွားခဲ့လေသည်။
သူသည် ခြောက်သွေ့နေသော နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ၊ ချောင်းတစ်ချက်ဟန့်၍ လည်ချောင်းကို ရှင်းလိုက်ပြီးနောက်၊
"မမလေး...၊ ကျွန်တော် မမလေးတို့နောက် လိုက်ခဲ့လို့ ရမလား...၊ ကျွန်တော့်မှာ ရေလဲကုန်နေပြီ၊ မိသားစု အတွက်လည်း ရေက အရေးတကြီး လိုနေလို့ပါ...။"
သူမသည် ထိုသူ့ကို ကောင်းကောင်းမသိသဖြင့် အတူခေါ်သွားရန် မဝံ့ရဲပေ။ အုပ်ချုပ်ရေးမှူးသည် အန္တရာယ်ကင်း၍ အားနည်းပုံရသော်လည်း သူမအနေဖြင့် သတိမမူဘဲ မနေသကဲ့သို့ သူ့ကိုလည်း အထင်မသေးပေ။
"ရှင် ကျွန်မနဲ့ လိုက်လို့မရပါဘူး...။" ဟု ယောင်ရန်က သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်ရင်း ပြောလိုက်၏။
သူမ၏ အဖြေကြောင့် အုပ်ချုပ်ရေးမှူး၏ မျက်ဝန်းများ မှိန်ဖျော့သွားကာ ခဏမျှ ကြောင်စီစီ ရပ်နေပြီး နောက် အသာအယာ ဦးညွှတ်လိုက်လေသည်။
"နှောင့်ယှက်မိတာ တောင်းပန်ပါတယ်...။"
ထိုသူသည် အလွန်အမင်း စိတ်ပျက်လက်ပျက်ဖြစ်နေသော ပုံစံဖြင့် လှည့်ထွက်သွားတော့သည်။
ယောင်ရန်သည် သူ ထွက်ခွာသွားသည်ကို ခဏမျှ စဉ်းစားတွေးတောစွာဖြင့် ကြည့်နေပြီးနောက် လှမ်း ပြောလိုက်လေ၏။
"ရှင် ကျွန်မနဲ့ လိုက်လို့မရပေမဲ့ ကျွန်မ ရှင့်ကို ရေတော့ ရောင်းပေးနိုင်ပါတယ်...။"
ထိုစကားကို ကြားသောအခါ အုပ်ချုပ်ရေးမှူးသည် ခြေလှမ်းများ ရပ်တန့်သွားပြီး သူမဘက်သို့ ပြန် လှည့်ကြည့်လာခဲ့လေသည်။ သူသည် မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် မေးလိုက်၏၊
"တကယ်လား...၊ မမလေးက ကျွန်တော့်ကို ရေတကယ်ရောင်းပေးမှာလား...။"
ယောင်ရန်က ခေါင်းငြိမ့်ပြကာ "ဟုတ်တယ်... တခြားရိက္ခာတွေနဲ့လည်း လဲလို့ရတယ်...။” ဟု
ပြန်ပြောလိုက်သည်။
အုပ်ချုပ်ရေးမှူးမှာ ပိန်ချောင်၍ ညစ်ပတ်နေပြီး စားနပ်ရိက္ခာနှင့် ရေ ပြတ်လပ်နေပုံရသည်ဟု ယောင်ရန် ခန့်မှန်းလိုက်မိလေသည်။
သူမက သူ့ကို အကဲခတ်နေစဉ်မှာပင် အုပ်ချုပ်ရေးမှူးက မေးလိုက်လေသည်၊
"ဓာတ်ဆီ လက်ခံလား...။"
"လက်ခံတယ်...။"
ယောင်ရန်က ပြန်ဖြေလိုက်ရာ သူက ထပ်မေးလိုက်ပြန်လေသည်၊
"ဓာတ်ဆီ တစ်လီတာကို ရေဘယ်လောက် ရမလဲ...။"
"ဓာတ်ဆီ တစ်လီတာကို ရေတစ်လီတာပဲ...။” ဟု သူမက တည်ငြိမ်စွာ အဖြေပေးလိုက်လေသည်။
အုပ်ချုပ်ရေးမှူးသည် သူမ၏ အဖြေကို ကြားသောအခါ အလွန်ဝမ်းသာသွား၏။ အကြောင်းမှာ ဤမျှ မျှတသော လဲလှယ်နှုန်းကို သူ မျှော်လင့်မထားသောကြောင့် ဖြစ်သည်။
သူ့တွင် ကားမရှိသော်လည်း မကြာသေးမီက ကားများနှင့် ဆီဆိုင်များမှ ဓာတ်ဆီများကို စုဆောင်းထား ခဲ့လေ၏။ ယခုအခါ ၎င်းကို ရေနှင့် လဲလှယ်နိုင်ပြီ ဖြစ်သည်။ နောင်တွင် အခွင့်အရေးရပါက ဓာတ်ဆီကို အစားအစာ သို့မဟုတ် အဝတ်အထည်များနှင့်ပင် လဲလှယ်နိုင်ပေလိမ့်မည်။
ထိုသို့ တွေးတောရင်း အုပ်ချုပ်ရေးမှူးက စိတ်အားထက်သန်စွာ ပြောလိုက်လေသည်။
"ကျွန်တော် အခုချက်ချင်း ဓာတ်ဆီ သွားယူလိုက်မယ်...၊ ခဏလေး စောင့်ပေးပါဦး မမလေး...။"
ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်ရာ သူသည် အိမ်သို့ အပြေးအလွှား ပြန်သွားတော့သည်။ ဤမြင်ကွင်းကို အဝေးမှ ကြည့်နေသော အခြား အသက်ရှင်ကျန်ရစ်သူများလည်း ယောင်ရန်အနားသို့ ချဉ်းကပ်လာခဲ့ ကြလေသည်။
သူတို့ ဘာလိုချင်သည်ကို သိသောကြောင့် သူမက ကြေညာလိုက်လေတော့သည်။
"ဓာတ်ဆီ တစ်လီတာကို ရေတစ်လီတာ...၊ ကျွန်မ ဆယ်မိနစ်ပဲ စောင့်မယ်...။"
အသက်ရှင်ကျန်ရစ်သူ အချို့မှာ စိတ်လှုပ်ရှားစွာဖြင့် အပြေးအလွှား သွားယူကြသော်လည်း အချို့မှာမူ စိတ်ပျက်သွားကြ၏။ ဓာတ်ဆီမရှိပါက သူတို့ ယောင်ရန်နှင့် ရေလဲလှယ်နိုင်မည် မဟုတ်သောကြောင့် ပေ။
အုပ်ချုပ်ရေးမှူးသည် ဓာတ်ဆီ (၁၀) လီတာနှင့်အတူ ပြန်ရောက်လာသောအခါ ယောင်ရန်သည် သူမ၏ ကျောပိုးအိတ်ထဲမှ မှတ်စုစာအုပ်နှင့် ဘောပင်ကို ထုတ်ယူ၍ သူ၏အမည်ကို မှတ်သားကာ လက်မှတ် ထိုးခိုင်းလိုက်လေ၏။
"ကျွန်မ ပြန်ရောက်လာတဲ့အခါ ရှင့်ကို ရေ (၁၀) လီတာ ပေးမယ်...။"
"ကျေးဇူးတင်ပါတယ် မမလေး...။" ဟု သူက ကျေးဇူးတင်စွာဖြင့် ပြန်ပြောလေသည်။
သူမသည် ဓာတ်ဆီနှင့် ရေလဲလှယ်ပေးရန် အမှန်တကယ် စိတ်အားထက်သန်နေသည်ကို မြင်သောအခါ အိမ်တွင် ဓာတ်ဆီရှိသူများမှာ အလျင်အမြန် သွားယူကြလေတော့၏။ အချို့ကမူ ၊
"မမလေး...၊ တခြား ရိက္ခာတွေနဲ့ရော လဲလို့ရမလား...။" ဟု မေးမြန်းကြလေသည်။
ယောင်ရန်က တည်ငြိမ်စွာ ပြန်ပြောလိုက်လေ၏။
"တခြားရိက္ခာတွေကိုလည်း လက်ခံပါတယ်...၊ ဒါပေမဲ့ အရင်ဆုံး ကြည့်ရမယ်...။ ကျွန်မ လိုအပ်တဲ့ ပစ္စည်းတွေကိုပဲ ယူမှာ ဖြစ်ပြီး လဲလှယ်နှုန်းကိုတော့ တစ်ခါတည်း ညှိနှိုင်းရမယ်...။"
ထိုစကားကို ကြားသောအခါ ကျန်ရှိနေသော အသက်ရှင်ကျန်ရစ်သူများ၏ မျက်ဝန်းများမှာ ဝင်းလက် သွားကာ လဲလှယ်ရန် ပစ္စည်းများ သွားယူရန် အိမ်သို့ အပြေးအလွှား ပြန်သွားကြတော့သည်။
လုံယုနှင့် အခြားသူများသည် ရေပုံးအလွတ်များနှင့်အတူ ပြန်ရောက်လာသောအခါ ယောင်ရန်မှာ အမည် စာရင်း မှတ်သားခြင်းနှင့် အသက်ရှင်ကျန်ရစ်သူများနှင့် ညှိနှိုင်းခြင်းတို့ဖြင့် အလုပ်ရှုပ်နေသည်ကို တွေ့ လိုက်ရလေတော့သည်။
လုံယုက သူမအနားသို့ လျှောက်လာပြီး အံ့ဩစွာဖြင့် မေးလိုက်လေသည်။
"ရန်ရန်...၊ ဘာတွေလုပ်နေတာလဲ...။”
"သူတို့က ရေနဲ့ ရိက္ခာတွေ လဲချင်လို့တဲ့...၊ အဲ့ဒါကြောင့် ကျွန်မ သူတို့နာမည်တွေ မှတ်ပြီး ရိက္ခာတွေကို အရင်ယူထားတာ...။ ကျွန်မတို့ ပြန်ရောက်ရင် သူတို့ကို ရေပြန်ပေးလိုက်မယ်လေ...။”
ယောင်ရန်က စာရင်းထဲသို့ အမည်တစ်ခု ထပ်တိုးနေရင်း ရှင်းပြလိုက်လေသည်။
နာမည်စာရင်း မှတ်သားခြင်းနှင့် အသက်ရှင်ကျန်ရစ်သူများနှင့် လဲလှယ်နှုန်းများ ညှိနှိုင်းခြင်းတို့ကို လုပ် ဆောင်ရန် (၁၅) မိနစ်ခန့် ကြာမြင့်ခဲ့လေသည်။
သူမ၏ မှတ်စုစာအုပ်ကို ပြန်သိမ်းပြီးနောက် ယောင်ရန်က သူတို့ကို ပြောလိုက်၏။
"ကျွန်မ နှစ်ရက်အတွင်း ပြန်လာခဲ့ပါမယ်...၊ ကျွန်မ ပြန်လာတဲ့အခါ ရေယူဖို့ ကိုယ်ပိုင် ရေပုံးတွေ ယူလာ ခဲ့ကြဦးနော်...။”
သူမ စကားပြောအပြီးတွင် လုံယုနှင့်အတူ ကုန်တင်ကားပေါ်သို့ တက်လိုက်ကြလေသည်။
အနားတွင် ရပ်နေသော ရှီရွှမ်းက မှာလိုက်လေသည်၊
"လမ်းမှာ ဂရုစိုက်ကြဦးနော်...။”
လုံယုက ခေါင်းငြိမ့်ပြကာ ယောင်ရန် ထိုင်ခုံခါးပတ် ပတ်ပြီးသည်အထိ စောင့်ဆိုင်းပြီးမှ ကားကို မောင်း ထွက်ခဲ့လိုက်လေသည်။
သူတို့ ထွက်ခွာသွားပြီးနောက် ရှီရွှမ်းနှင့် အခြားသူများသည်လည်း ခရီးစဉ်အတွက် ပြင်ဆင်ရန် အထပ် (၂၀) သို့ ပြန်တက်သွားကြပြီး အသက်ရှင်ကျန်ရစ်သူများကမူ မျှော်လင့်ချက်အပြည့်ဖြင့် ကားထွက်သွား သည်ကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့ကြလေတော့သည်။
လင်းယွမ်တိုက်ခန်းဝင်းမှ ထွက်လာသောအခါ ယောင်ရန်သည် လမ်းမပေါ်၌ ကားများစွာကို တွေ့လိုက် ရလေသည်။ အချို့ကားများမှာ လမ်းဘေးတွင် ရပ်ထားကြသည်။ ကားများ၏ အမိုးနှင့် နောက်ခန်းများ တွင် ရိက္ခာများ ပုံနေပြီး ချွေးများနှင့် ဖုန်မှုန့်များ ပေကျံနေသော လူများမှာလည်း ကားပေါ်တွင် ပြည့်နှက် လျက်ရှိနေကြလေသည်။
လမ်းအခြေအနေမှာ ဆိုးရွားလှပြီး စွန့်ပစ်ထားသော ကားများစွာက လမ်းကို ပိတ်ဆို့နေခဲ့ပေ၏။ လုံယု သည် ရှေ့မှ အတားအဆီးများကို ဖယ်ရှားပြီးသည်အထိ မကြာခဏ ရပ်တန့်စောင့်ဆိုင်းပြီးမှ ဆက် လက်မောင်းနှင်ခဲ့ရလေသည်။
ကျွင်းချန်မြို့၏ မြို့စွန်သို့ ရောက်ရှိလာသောအခါတွင်မူ လမ်းမပေါ်၌ ကားများနှင့် လူသူနည်းပါးသွားခဲ့ပြီ ဖြစ်သည်။
ကားမောင်းနိုင်သူများ၏ ဦးတည်ရာမှာ တစ်ခုတည်းသာ ဖြစ်၏။ ၎င်းမှာ ကျွင်းချန် စစ်အခြေစိုက်စခန်း ပင် ဖြစ်ချေသည်။ ကား သို့မဟုတ် ဓာတ်ဆီ မရှိသူများမှာမူ ခြေကျင်ခရီးဖြင့် သွားလာနေကြရလေ သည်။
လုံယု ကားအရှိန်မြှင့်လိုက်စဉ်တွင် ယောင်ရန်သည် လမ်းဘေး၌ ပင်ပန်းနွမ်းနယ်စွာ လျှောက်လှမ်းနေကြ သော အသက်ရှင်ကျန်ရစ်သူများကို ကြည့်နေမိသည်။
လောင်စာဆီ ချွေတာရန်အတွက် သူတို့သည် အဲကွန်းကို မသုံးဘဲ မှန်များကို ဖွင့်ထားခဲ့ကြလေ၏။ သို့ သော်လည်း ဖုန်မှုန့်များမှာ အလွန်ပင် များပြားလှသဖြင့် ယောင်ရန်သည် မှန်များကို အမြန်ပြန်ပိတ်လိုက် ရလေသည်။
သူမသည် အနည်းငယ် ချောင်းဆိုးလိုက်ပြီး လုံယုကို ကြည့်ကာ မေးလိုက်၏။
"ရှင်လည်း မှန်ပိတ်ထားလို့ ရမလား...။”
လုံယုက ခေါင်းငြိမ့်ကာ သူ့ဘက်မှ မှန်များကို ပိတ်လိုက်သည်။ မှန်များ ပိတ်လိုက်ပြီးနောက် ကား အတွင်း၌ အပူချိန်မှာ မြင့်တက်လာခဲ့လေသည်။
ယောင်ရန်သည် အချိန်မဖြုန်းဘဲ နေရာလွတ်ထဲမှ နေရောင်ခြည်စွမ်းအင်သုံး ပန်ကာအသေးလေး တစ်လုံးကို ထုတ်ယူ၍ ကားရှေ့ဒက်ချ်ဘုတ်ပေါ်တွင် တပ်ဆင်လိုက်လေသည်။
ထို့နောက် ကားအတွင်း လေထု အေးမြစေရန် ပန်ကာရှေ့တွင် ရေခဲအိုးတစ်လုံးကို ထားလိုက်လေသည်။ အပူချိန် တဖြည်းဖြည်း လျော့နည်းလာသောအခါမှ ယောင်ရန်သည် သက်ပြင်းချကာ စိတ်အေးသွား တော့သည်။
သူမသည် ကားမောင်းစရာ မလိုသောကြောင့် မျက်စိမှိတ်ကာ စိတ်ဝိညာဉ်ကို နေရာလွတ်ထဲသို့ ပို့လိုက် ပြီး အသီးအနှံများ ရိတ်သိမ်းခြင်း၊ မျိုးစေ့များ ပြန်လည်စိုက်ပျိုးခြင်း၊ တိရစ္ဆာန်များကို အစာကျွေးခြင်း နှင့် ရေခဲများ ထပ်မံပြုလုပ်ခြင်းတို့ဖြင့် အချိန်ကုန်လွန်စေလိုက်လေသည်။
သုံးနာရီခန့် မောင်းနှင်ပြီးနောက် သူတို့သည် ကျွင်းချန်မြို့မှ နောက်ဆုံးတွင် ထွက်ခွာနိုင်ခဲ့ပြီး အဝေးပြေးလမ်းမပေါ်သို့ ရောက်ရှိလာခဲ့ကြလေတော့သည်။