အခန်း ၂၄၃
Vol. 25 Ch. 243
အခန်း (၂၄၃)
လီထျန်းယု
လုံယုနှင့် ယောင်ရန်တို့ ရွေးချယ်ထားသော လမ်းကြောင်းမှာ အခြားသော ရှင်ကျန်ရစ်သူ အများစုနှင့် ကွာခြားလှသဖြင့် လမ်းတစ်လျှောက်တွင် မော်တော်ယာဉ်များနှင့် ခြေလျင်လျှောက်လှမ်းနေသော လူ အရေအတွက်မှာ နည်းပါးလှပေသည်။
လေးနာရီခန့် ကြာပြီးနောက်တွင် လုံယုသည် အဝေးပြေးလမ်းမပေါ်မှ မောင်းနှင်ထွက်လာခဲ့ကာ ပြော လိုက်၏။
"ရန်ရန်...၊ ငါတို့ ရောက်ခါနီးပြီ...။”
ယောင်ရန်သည် မျက်လုံးများကို ဖွင့်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ လမ်းပေါ်၌ မော်တော် ယာဉ်များ ပိုမိုများပြားလာသည်ကို သတိပြုမိလိုက်သည်။ သူတို့ ဟူပင်းရေကန်သို့ ရောက်ရှိချိန်တွင် မိုးသောက်ယံ အချိန်သို့ ရောက်ရှိနေပြီ ဖြစ်ကာ နာရီကို ကြည့်လိုက်ရာ နံနက် သုံးနာရီပင် ရှိနေပြီ ဖြစ် လေသည်။
လမ်းခရီးတစ်လျှောက်တွင် သူတို့သည် ထုံထိုင်းအေးစက်သော မျက်နှာထားများဖြင့် အသက်မဲ့နေသော လူသေကောင်များကဲ့သို့ ရှေ့သို့ လျှောက်လှမ်းနေကြသော အသက်ရှင်ကျန်ရစ်သူ အများအပြားကို တွေ့ ကြုံခဲ့ရလေ၏။
အရုဏ်တက်ချိန်သို့ နီးကပ်လာသည်နှင့်အမျှ အသက်ရှင်ကျန်ရစ်သူများသည် နေရောင်ခြည်ဒဏ်မှ ခိုလှုံ ရန် နေရာများကို အသည်းအသန် ရှာဖွေနေကြလေသည်။ အဘယ်ကြောင့်ဆိုသော် ပူပြင်းလှသော နေရောင်ခြည်နှင့် ထိတွေ့မိပါက သူတို့သည် လောင်ကျွမ်း၍ သေဆုံးသွားနိုင်သောကြောင့် ဖြစ်ပေသည်။
မည်သည့် အသက်ရှင်ကျန်ရစ်သူမျှ လုံယုနှင့် ယောင်ရန်တို့၏ ကုန်တင်ကားကို မနာလို မဖြစ်ကြပေ။ နေထွက်လာသည့်အခါ ကားအတွင်းပိုင်း အပူချိန်မှာ အပြင်ဘက်ထက်ပင် ပိုမိုပြင်းထန်လာနိုင်သည်ကို သူတို့ သိရှိထားကြသောကြောင့် ဖြစ်ပေ၏။
ရှင်ကျန်ရစ်သူများသည် မကြာသေးမီက မိသားစုတစ်စု လိုက်ပါလာသော ဗန်ကားတစ်စီး လောင်စာဆီ ပြတ်တောက်သွားသည်ကို မြင်တွေ့ခဲ့ကြရသည်။ ထိုသူတို့သည် ဓာတ်ဆီနှင့် ရေကို ရှာမတွေ့သောအခါ ကားမှာ လမ်းပေါ်၌ ရုတ်တရက် ပေါက်ကွဲသွားခဲ့လေ၏။
ပေါက်ကွဲမှုမှာ လျင်မြန်လွန်းလှသဖြင့် ကားအတွင်းရှိ မိသားစုကို ကယ်တင်ရန် အချိန်မရလိုက်ဘဲ အပြစ်မဲ့သော ဘေးလူများပါ ထိခိုက်သေဆုံးခဲ့ရသည့် ကြေကွဲဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့လေသည်။ ရှင်ကျန်ရစ်သူများသည် မော်တော်ယာဉ်အားလုံးမှာလည်း ထိုမိသားစုကဲ့သို့ ကံကြမ္မာဆိုးနှင့် ကြုံတွေ့ ရနိုင်သည်ကို သိရှိထားကြသည်။
ထိုသို့သော ဘေးအန္တရာယ်များကြောင့် မည်သူမျှ သူတို့အား လုယက်ရန် မကြိုးစားဝံ့ကြပေ။
ဟူပင်းရေကန်သို့ ရောက်ရှိသောအခါ ရေကန်အတွင်းရှိ ရေများမှာ နောက်ကျိနေသဖြင့် အသုံးမပြုမီ စစ်ထုတ်ရန် လိုအပ်ကြောင်း လုံယုနှင့် ယောင်ရန်တို့ သတိပြုမိလိုက်သည်။ သို့သော်လည်း ဤနေရာ၌ အပူရှိန်မှာ အလွန်အမင်း မပြင်းထန်လှဘဲ နောင်အနာဂတ်တွင်လည်း ရေကန်ခန်းခြောက်သွားမည့် ပုံ မပေါ်နေပေ။
လုံယုသည် အနီးအနားတွင် တပ်စွဲထားသော စစ်သည်များကို ကြည့်ကာ တိုးညင်းစွာ ရေရွတ်လိုက်လေ ၏။
"ဒုတိယတပ်မတော်က ဟူပင်းရေကန်ကို ထိန်းချုပ်ထားတဲ့ပုံပဲ...။”
ယောင်ရန်က လုံယုကို လှည့်၍ မေးလိုက်လေသည်။
"ဒါက ပထမတပ်မတော် မဟုတ်ဘဲ ဒုတိယတပ်မတော်မှန်း ရှင် ဘယ်လိုသိတာလဲ...။”
လုံယုသည် အဝေးမှ အသက်သုံးဆယ်ကျော်အရွယ် စစ်သည်တစ်ဦးကို ညွှန်ပြရင်း ပြန်ဖြေလိုက်၏။
"အဲ့ဒါ လီထျန်းယုပဲ...၊ သူက ဒုတိယတပ်မတော် ရှေ့ပြေးတပ်ဖွဲ့ရဲ့ တပ်ခွဲမှူးတစ်ယောက်ပေါ့...။ ငါ သူနဲ့ အလုပ်အတူတူ လုပ်ဖူးတယ်...။ အသိအကျွမ်းတွေလို့ ပြောလို့ရတာပေါ့...။”
ယောင်ရန်သည် လီထျန်းယုကို ခဏမျှ ကြည့်လိုက်ပြီးနောက် လုံယုအား မေးလိုက်လေသည်။
"ငါတို့ သူနဲ့ သွားစကားပြောသင့်လား...။”
လုံယုက ခေါင်းခါပြကာ၊
"မလိုပါဘူး...၊ ငါတို့လည်း အခြားသူတွေလိုပဲ ရေရဖို့အတွက် တန်းစီကြတာပေါ့...။”
"ကောင်းပါပြီ...။”
ကားကို ရပ်နားပြီးနောက် တံခါးများကို သေချာစွာ ပိတ်၍ သူတို့သည် လူတန်းရှည်ကြီးထဲတွင် ဝင် ရောက် တန်းစီလိုက်ကြလေသည်။ ယောင်ရန်သည် ပတ်ဝန်းကျင်ရှိ စစ်သည်များနှင့် အသက်ရှင် ကျန်ရစ်သူများကို အကဲခတ်နေလိုက်လေသည်။
မကြာမီမှာပင် သူမသည် ရေကန်အနီးရှိ အသိပေးဆိုင်းဘုတ်ကို တွေ့ရှိသွားကာ လုံယုကို ခေါ်ဆောင် သွားခဲ့လေ၏။ သူမသည် ထိုဆိုင်းဘုတ်ပေါ်ရှိ စည်းကမ်းချက်များကို ဂရုတစိုက် ဖတ်ရှုလိုက်သည်။
ရှင်ကျန်ရစ်သူများသည် ရေခပ်ယူနိုင်သော်လည်း နိုင်ငံသားကတ်ပြသရန် လိုအပ်ပြီး တစ်ဦးလျှင် ရေတစ်ပုံး သာ ခပ်ယူခွင့်ရှိပေသည်။ ရေပမာဏ အမြောက်အမြား လိုအပ်ပါက ရိက္ခာပစ္စည်းများနှင့် လဲလှယ်ရမည် ဖြစ်ကာ လဲလှယ်ရမည့် ပမာဏမှာ ရေပမာဏအပေါ် မူတည်၍ သတ်မှတ်မည် ဖြစ် သည်။
အသက်ရှင်ကျန်ရစ်သူ အားလုံးသည် နိုင်ငံသားကတ်ရမည်ဖြစ်ပြီး ရေကို ဖြုန်းတီးသူများကိုမူ စစ်တပ်မှ ပြင်းထန်စွာ အပြစ်ပေးမည် ဖြစ်လေသည်။
ယောင်ရန်သည် လူတန်းရှည်ကြီး နှစ်ခုကို ကြည့်ကာ ပြောလိုက်လေသည်။
"အဲ့ဒီမှာ လူတန်း နှစ်ခုရှိတယ်...။ တစ်ခုက နိုင်ငံသားကတ်အတွက်ဖြစ်ပြီး နောက်တစ်ခုက ရေခပ်ဖို့ ထင် တယ်...။”
လုံယုက စည်းကမ်းချက်များကို ဖတ်ပြီးနောက်၊
"ငါတို့ ရေအများကြီး လိုချင်ရင်တော့ စစ်သားတွေနဲ့ ညှိနှိုင်းရလိမ့်မယ်ထင်တယ်...။”
ယောင်ရန်က တိုးတိုးလေး ပြောလိုက်လေ၏။
"လောလောဆယ် ရေနှစ်ပုံးပဲ ယူပြီး ထွက်သွားကြရအောင်...၊ နောက်မှ လူသူမရှိတဲ့ နေရာကျမှ ကျွန်မ ဘာသာ ရေဖြည့်လိုက်မယ်...၊ သူတို့နဲ့ ညှိနှိုင်းနေရင် ရိက္ခာတွေ အပိုကုန်နေလိမ့်မယ်...။”
လုံယုက ခဏမျှ စဉ်းစားပြီးနောက် သဘောတူလိုက်လေသည်။
"ကောင်းပြီလေ...။”
သူတို့သည် အမည်စာရင်း နိုင်ငံသားကတ်ကာ နှစ်နာရီနီးပါး တန်းစီစောင့်ဆိုင်းပြီးနောက် သတ်မှတ်ထား သော ရေကို ရရှိခဲ့ကြပြီး ကားဆီသို့ ပြန်လာခဲ့ကြသည်။ သူတို့ ထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် လုံယု သည် အဝေးမှ လျှောက်လာသော လီထျန်းယုကို မြင်လိုက်ရလေသည်။
သူက ပြောလိုက်လေသည်။
"ရန်ရန်...၊ ကားထဲမှာ ခဏစောင့်နေဦး...။”
ယောင်ရန်သည် လီထျန်းယုကို တစ်ချက်ကြည့်ကာ ရေနှစ်ပုံးကို ကားနောက်ခန်းထဲသို့ တင်လိုက်ပြီး နောက် ခရီးသည်ခုံတွင် ဝင်ထိုင်လိုက်လေသည်။
အဝေးမှနေ၍ လီထျန်းယုသည် ယောင်ရန် ကားပေါ်သို့ တက်သွားသည်ကို မြင်သောအခါ မျက်ခုံးပင့် လိုက်မိ၏။ ထို့နောက် သူသည် လုံယုကို စိတ်ဝင်တစား ကြည့်လိုက်လေသည်။
လီထျန်းယုသည် လုံယုရှေ့၌ ရပ်ကာ အလေးပြုရင်း ပြောလိုက်လေသည်။
"တပ်ခွဲမှူးလုံ...၊ မတွေ့တာ ကြာပြီနော်...။”
လုံယုကလည်း ပြန်လည် အလေးပြုကာ၊
"ငါ အနားယူလိုက်ပါပြီ လီထျန်းယု...၊ ငါ့ကို လုံယုလို့ပဲ ခေါ်ပါ...။”
လီထျန်းယုက သက်ပြင်းချကာ၊
"မင်း အနားယူလိုက်တယ်ဆိုတဲ့ သတင်းကို ငါ ကြားပါတယ်...။ ပထမတော့ မယုံခဲ့ပေမယ့် အခုတော့ တကယ်ဖြစ်သွားပြီပေါ့...။”
လုံယုက ပြုံးရုံသာ ပြုံးပြလိုက်၏။ လီထျန်းယုက ကားကို ကြည့်ကာ မေးလိုက်လေသည်။
"မင်း ရေလာခပ်တာလား...။”
"ဟုတ်တယ်...၊ ဒါပေမဲ့ ငါတို့ လဲလှယ်ဖို့ ပစ္စည်းတွေ မပါလာလို့ ဒီနေ့အတွက် ရသလောက်ပဲ ယူသွား တော့မယ်...။”
လုံယုက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
လီထျန်းယုသည် လုံယုအနားသို့ တိုးကပ်လာကာ အသံကို နှိမ့်၍ ပြောလိုက်၏။
"တပ်ခွဲမှူးလုံ...၊ ငါ မကြာသေးခင်က ကောလာဟလတချို့ ကြားထားတယ်...။”
လုံယုက မျက်ခုံးပင့်ကာ စိတ်ဝင်စားဟန်ဖြင့်၊
"ဘာကောလာဟလတွေလဲ...။”
လီထျန်းယုက ကားရှေ့ခန်း၌ ထိုင်နေသော ယောင်ရန်ကို လှည့်ကြည့်ကာ ၊
"ပထမတပ်မတော်က ညီအစ်ကိုတွေ ပြောတာတော့ မင်းရဲ့ ချစ်သူက တပ်ကြပ်ရွှီရဲ့ တူမဆို...၊ အဲ့ဒါ အမှန်ပဲလား...။”
လုံယုက ခေါင်းငြိမ့်ပြလိုက်ရာ လီထျန်းယု၏ မျက်ဝန်းများ ဝင်းလက်သွားသည်ကို မြင်လိုက်ရလေ၏။ လုံယုက မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။
"လီထျန်းယု...၊ မင်း ငါ့ချစ်သူအကြောင်း ဘာလို့ မေးတာလဲ...။”
လုံယု၏ သတိပေးဟန် အကြည့်ကို မြင်သောအခါ လီထျန်းယုက အနည်းငယ် ချောင်းဟန့်ကာ ပြုံးလိုက် ပြီး ၊
"ညီအစ်ကို...၊ မင်းရဲ့ ချစ်သူက ပထမတပ်မတော်ကို ရိက္ခာတွေ အများကြီး လှူခဲ့တယ်လို့လည်း ကြား တယ်...။ အဲ့ဒါကော အမှန်ပဲလား...။”
လုံယုက ထပ်မံ ခေါင်းငြိမ့်ပြလိုက်ရာ လီထျန်းယုက စိတ်အားထက်သန်စွာဖြင့်၊
"ဒုတိယတပ်မတော်အတွက်ရော လှူဒါန်းဖို့ ရိက္ခာတွေ ရှိသေးလား...။”
"မင်းတို့ ပထမတပ်မတော်ဆီကနေ ရိက္ခာတွေ မရဘူးလား...။”
လုံယုက နားမလည်နိုင်စွာ မေးလိုက်လေ၏။
လီထျန်းယုသည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက်၊
"ရတော့ ရပါတယ်...။ ဒါပေမဲ့...၊ ငါ သိချင်တာက မင်းရဲ့ ချစ်သူဆီမှာ စီးကရက်တွေ ရှိဦးမလားလို့ပါ...။”
လုံယုသည် လီထျန်းယုမှာ ဆေးလိပ် အလွန်အကျွံ သောက်တတ်သူဖြစ်ကြောင်း သတိရသွားခဲ့လေ သည်။ ရေလွှမ်းမိုးမှု၊ အလွန်အမင်း အေးခဲမှုနှင့် ယခု အလွန်အမင်း ပူပြင်းမှုတို့ကြောင့် ရိက္ခာအများစုမှာ ပျက်စီးကုန်ပြီ ဖြစ်လေသည်။