အခန်း ၂၄၄
Vol. 25 Ch. 244
အခန်း (၂၄၄)
လီထျန်းယု၏ အကြံပြုချက်
လုံယုက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေ၏။
"တပ်ကြပ်လီ... ၊ မင်း ဆေးလိပ်ဖြတ်လိုက်ပြီလို့ ငါ ထင်နေတာ...၊ မင်း အသက်ရှည်ရှည် နေနိုင်အောင် လို့ မင်းရဲ့ အထက်လူကြီးက ဖြတ်ခိုင်းထားတာ မဟုတ်ဘူးလား...။”
လီထျန်းယုက သက်ပြင်းချကာ ပခုံးတွန့်ပြလိုက်ရင်း ၊
"ငါလည်း ကြိုးစားပါသေးတယ်...၊ ဒါပေမဲ့ ငါတို့ရဲ့ တာဝန်တွေက အရမ်းဖိအားများလွန်းတော့ ဒီရက်ပိုင်း မှာ ဆေးလိပ်ကို ပိုပြီး တောင့်တနေမိတာပါ...။”
သူ၏ သနားစဖွယ် အမူအရာကို မြင်သောအခါ လုံယုက ပြောလိုက်လေ၏ ၊
"ဒီမှာ ခဏစောင့်ဦး...။”
ထို့နောက် လုံယုသည် ထရပ်ကားဆီသို့ ပြန်လျှောက်သွားပြီး ယောင်ရန်၏ အာရုံစိုက်မှုကို ရရှိရန် ခရီး သည်တင်ဘက်ခြမ်းမှ ပြတင်းပေါက်ကို ခေါက်လိုက်လေသည်။ သူမ မှန်တင်ခါးကို ချလိုက်သောအခါ သူက မေးလိုက်လေသည်၊
"ရန်ရန်...၊ မင်းမှာ ဆေးလိပ် ရှိသေးလား...။”
သူမက သူ့ကို ကြည့်ကာ မေးလိုက်လေသည်။
"ရှင် ဘယ်လောက် လိုချင်လို့လဲ...။”
လုံယုက လီထျန်းယုကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ၊
"နည်းနည်းပါးပါးဆိုရင် လုံလောက်ပါပြီ...။”
ယောင်ရန်သည် လီထျန်းယုကို ခဏမျှ ကြည့်လိုက်ပြီးနောက် လုံယုကို ခေါင်းညိတ်ပြလိုက်လေသည်။ ထို့နောက် သူမသည် ချမ်းသာသော သူဌေးကြီး၏ ရုံးခန်းအတွင်းမှ တွေ့ရှိခဲ့သော ဆေးလိပ်တစ်ဗူးကို ထုတ်ပေးလိုက်လေ၏။ သူမအနေဖြင့် ၎င်း၏ တန်ဖိုးကို အတိအကျ မသိသော်လည်း ထိုသူဌေးကြီး၏ ကြွယ်ဝမှုကို ထောက်ဆပါက ဤဆေးလိပ်များမှာ အလွန်ပင် ဈေးကြီးနိုင်ပေသည်။
သူမသည် ဆေးလိပ်ဗူးကို ကမ်းပေးရင်း ပြောလိုက်လေသည်။
"ကျွန်မရဲ့ နေရာလွတ်ထဲမှာ အများကြီး ကျန်ပါသေးတယ်...။ ရှင် လိုအပ်ရင် ထပ်တောင်းနော်...။”
လုံယုက ကျေးဇူးတင်စကား ပြောလိုက်ပြီး လီထျန်းယုထံသို့ လျှောက်သွားလိုက်၏။ လုံယု၏ လက်ထဲရှိ ဆေးလိပ်ဗူးကို မြင်လိုက်ရသောအခါ လီထျန်းယု၏ မျက်ဝန်းများမှာ ဝင်းလက်သွားတော့သည်။
"ဒီဆေးလိပ်ဗူးအတွက် ထောက်ပံ့ရေး ပစ္စည်း ဘယ်လောက် ပေးရမလဲ...။” ဟု လီထျန်းယုက စိတ်အား ထက်သန်စွာ မေးလိုက်လေသည်။
လုံယုက ဆေးလိပ်ဗူးကို ပစ်ပေးလိုက်ရင်း ပေါ့ပေ့ါပါးပါးပင် ပြောလိုက်လေသည်၊
"ယူထားလိုက်ပါ...။”
လီထျန်းယုက ပြုံးရွှင်စွာဖြင့် ကျေးဇူးတင်စကား ပြောလိုက်ပြီး ဆေးလိပ်ဗူးကို ဖွင့်ကာ အနံ့ကို ရှူရှိုက် လိုက်ပြီးနောက် အိတ်ကပ်ထဲသို့ ထည့်လိုက်လေ၏။
"မင်းတို့ ကျွင်းချန် အခြေစိုက်စခန်းကို သွားကြမလို့လား...။” ဟု သူက မေးလိုက်သည်။
"သွားမှာပါ... ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး...။”
လုံယုက ပြန်ဖြေလိုက်၏။ လီထျန်းယုသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေသည်။
"မင်းတို့ အခြေစိုက်စခန်းရဲ့ ပထမအဆင့် တည်ဆောက်ရေး မပြီးမချင်း စောင့်သင့်တယ်လို့ ငါ အကြံပေး ချင်တယ်...။”
သူ၏ စကားများကြားတွင် တစ်စုံတစ်ရာ ဖုံးကွယ်ထားသည်ကို ရိပ်မိသဖြင့် လုံယုက မေးလိုက်၏။ ၊
"မင်း တစ်ခုခု သိထားတာ ရှိလို့လား...။”
လီထျန်းယုက အသံကို နှိမ့်ကာ ရှင်းပြလေသည်။
"ငါ့အထက်လူကြီးနဲ့ တပ်ကြပ်ရွှီတို့က ဗဟိုအစိုးရဆီကို ဆေးဝါးတွေနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ မပို့ဖို့ သဘောတူထားကြတယ်...။ အခု ငါတို့က ကိုယ့်အားကိုယ်ကိုးနေကြတာဆိုတော့ ဗဟိုအစိုးရက လူတွေ နဲ့ ပဋိပက္ခတွေတောင် ဖြစ်လာနိုင်တယ်...။”
လုံယုသည် ဤသတင်းကြောင့် အံ့သြခြင်း မရှိပေ။ တပ်ကြပ်ရွှီသည် ရှို့တူးမြို့သို့ ဆေးဝါးနှင့် ရိက္ခာများ ပို့ဆောင်ရန် အမိန့်ကို လက်ခံရရှိကတည်းက သူ၏ သဘောထားကို ရှင်းလင်းစွာ ဖော်ပြခဲ့ပြီး ဖြစ်၏။
လုံယုက အံ့သြခြင်း မရှိသည်ကို မြင်သောအခါ လီထျန်းယုသည် လုံယုအနေဖြင့် ဤအကြောင်းကို သိထားပြီး ဖြစ်ကြောင်း နားလည်လိုက်လေသည်။
သူက သက်ပြင်းချကာ လုံယု၏ ပခုံးကို ပုတ်ရင်း ၊
"ငါ အလုပ်ပြန်လုပ်ရတော့မယ်...၊ မင်းတို့ ရေထပ်လိုချင်ရင် ဒီကိုသာ လာခဲ့ပါ...။”
သူသည် မိမိအိတ်ကပ်ကို ပုတ်ကာ ရယ်မောရင်း ပြောလိုက်လေသည်။
"ဒီအဖိုးတန် ဆေးလိပ်ဗူးအတွက် ကျေးဇူးဆပ်တဲ့အနေနဲ့...၊ မင်းတို့ ရောက်လာတိုင်း ရေပိုရအောင် ငါ စီစဉ်ပေးမှာပေါ့...။”
လီထျန်းယုသည် အဝေးမှ ယောင်ရန်ကို ခေါင်းညိတ်ပြနှုတ်ဆက်ပြီးနောက် ထွက်ခွာသွားခဲ့လေသည်။
လုံယု ထရပ်ကားထဲသို့ ပြန်ရောက်သောအခါ ယောင်ရန်က မေးလိုက်လေသည်။
"စကားပြောလို့ ပြီးပြီလား...။”
လုံယုက ကားကို စက်နှိုးလိုက်ပြီး ပြန်ဖြေလိုက်၏။
"အင်း...၊ အခြေစိုက်စခန်းရဲ့ ပထမအဆင့် တည်ဆောက်ရေး ပြီးတဲ့အထိ စောင့်ဖို့ သူ အကြံပေးတယ်...။ ဗဟိုအစိုးရအတွက် အလုပ်လုပ်နေတဲ့ လူတွေက ရိက္ခာတွေ တောင်းဆိုဖို့ လာကြလိမ့်မယ် ထင် တယ်...။”
ယောင်ရန်သည် သူ၏ စကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်လေသည်။ ခဏမျှ စဉ်းစားပြီး နောက် သူမက ပြောလိုက်လေသည်၊
"ကူညီပေးမယ့်အစား အရင်းအမြစ်တွေကိုပဲ တောင်းဆိုနေကြတာလား...၊ သူတို့မှာ ကိုယ်ပိုင် အစီအစဉ် တွေ ရှိနေပုံပဲနော်...။”
"အင်း...၊ အခွင့်အရေး ရတဲ့အခါ ဗဟိုအစိုးရရဲ့ အခြေအနေကို ငါတို့ စုံစမ်းကြည့်သင့်တယ်...။ တစ်ခုခု တော့ မှားနေပြီထင်တယ်...။” ဟု လုံယုက သဘောတူလိုက်လေသည်။
စကားပြောနေရင်းဖြင့် လုံယုသည် ဟူပင်းရေကန်မှ မောင်းထွက်လာခဲ့လေသည်။
တဲတစ်ခုအောက်တွင် ရပ်နေသော လီထျန်းယုသည် သူတို့ ထွက်ခွာသွားသည်ကို ကြည့်နေလေသည်။ သူသည် ဆေးလိပ်ဗူးကို ထုတ်ယူကာ ရယ်မောရင်း မှတ်ချက်ပြုလိုက်လေ၏။
"တပ်ကြပ်လုံကတော့ ဇနီးကောင်းတစ်ယောက် ရထားတာပဲ...။”
အနီးနားရှိ စစ်သည်တစ်ဦးက သူ၏ စကားကို ကြားသောအခါ မေးလိုက်လေသည်။
"တပ်ကြပ်ရော ဇနီး မရှာချင်ဘူးလား...။”
လီထျန်းယုသည် မုတ်ဆိတ် မရိတ်ရသေးသော မိမိ၏ မေးစေ့ကို စဉ်းစားဟန်ဖြင့် ပွတ်သပ်ကာ ၊
"ငါ့ရုပ်ရည်နဲ့ဆိုရင် တစ်စုံတစ်ယောက်ရဲ့ စိတ်ကို ဖမ်းစားနိုင်ပါ့မလား...။” ဟု ပြန်မေးလိုက်၏။
ထိုစစ်သည်က ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေလိုက်လေသည်။
"တပ်ကြပ်သာ မုတ်ဆိတ်ရိတ်ပြီး ရေချိုးလိုက်ရင်တော့ အခွင့်အရေး ရှိမယ် ထင်ပါတယ်...။”
လီထျန်းယုက သက်ပြင်းချကာ ၊
"ငါ ရေချိုးခွင့် မရခင်မှာပဲ ငါ့ခန္ဓာကိုယ်ပေါ်မှာ မှိုတွေ၊ ရေညှိတွေ ပေါက်ကုန်တော့မှာပဲ...။”
သူ၏ စကားကို ကြားသောအခါ စစ်သည်သည် ရွှံ့ထူထပ်နေသော ရေကန်ကို စိုးရိမ်သော မျက်ဝန်း များဖြင့် တိတ်ဆိတ်စွာ ကြည့်နေမိတော့သည်။
ဟူပင်းရေကန်မှ ထွက်ခွာလာပြီးနောက် လုံယုနှင့် ယောင်ရန်တို့သည် ကျွင်းချန်မြို့သို့ ပြန်လည် ဦးတည် လိုက်ကြလေ၏။ လမ်းတစ်လျှောက်ရှိ အမှိုက်သရိုက်များနှင့် စွန့်ပစ်ထားသော ယာဉ်များကို ဖယ်ရှားပြီး ဖြစ်သဖြင့် လုံယုသည် အရှိန်ပြင်းပြင်း မောင်းနှင်ခဲ့ရာ သုံးနာရီအတွင်းမှာပင် လင်းယွမ်တိုက်ခန်း အဆောက်အအုံသို့ ပြန်လည်ရောက်ရှိခဲ့လေသည်။
သူတို့ ရောက်ရှိချိန်တွင် လေထုမှာ အပူရှိန်ကြောင့် တုန်ယင်နေပြီး မျက်လှည့်ပြနေသကဲ့သို့ ပုံရိပ်ယောင် များ ဖြစ်ပေါ်နေခဲ့လေ၏။ ပူပြင်းလှသော နေရောင်ခြည်ကို ရှောင်ရှားရန် လုံယုသည် မြေအောက်ကား ပါကင်သို့ တိုက်ရိုက် မောင်းဝင်လိုက်သော်လည်း အမှန်တကယ်တွင် ထိုနေရာ၌ ကားမရပ်လိုပေ။
အဆောက်အအုံက ခိုင်ခံ့သော်လည်း ပြိုကျနိုင်ခြေရှိသော အန္တရာယ်ကို သူ စိုးရိမ်မိသောကြောင့် ဖြစ် ပေသည်။
ကားပေါ်မှ ဆင်းပြီးနောက် ယောင်ရန်သည် ထရပ်ကား နောက်ခန်းသို့ တက်သွားပြီး ရေပုံးများကို ဖြည့်လိုက်လေသည်။
နာရီဝက်ခန့် ကြာသောအခါ တိုက်ခန်းမန်နေဂျာနှင့် အခြား အသက်ရှင်ကျန်ရစ်သူများသည် ယောင်ရန် ပြန်ရောက်လာကြောင်း ကြားသဖြင့် ရောက်ရှိလာခဲ့ကြလေသည်။
သူတို့ မြေအောက်ကားပါကင်သို့ ရောက်ရှိချိန်တွင် ယောင်ရန်သည် ရေပုံးအားလုံးနီးပါးကို ဖြည့်ပြီးနေပြီ ဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူများကို မြင်သောအခါ ကျန်ရှိနေသော ရေပုံးအလွတ်များကို ဆက်မဖြည့် တော့ရန် ဆုံးဖြတ်လိုက်လေသည်။
တိုက်ခန်းမန်နေဂျာသည် ယောင်ရန် ကားနောက်ခန်းမှ ဆင်းလာသည်ကို မြင်သောအခါ စိုးရိမ်တကြီး မေးလိုက်လေ၏။
"မိန်းကလေး...၊ ဘာလို့ ဒီလောက် စောစော ပြန်ရောက်လာတာလဲ...၊ ရေကော…၊ ရခဲ့ရဲ့လား...။”
ယောင်ရန်က ခေါင်းညိတ်ပြရင်း ၊
"ရခဲ့ပါတယ်...၊ မှတ်တမ်းစာအုပ် ယူဖို့ ခဏလောက် စောင့်ပေးပါဦး...။” ဟု ပြောလိုက်လေသည်။
သူ၏ ပြန်လည်ဖြေကြားမှုကို မစောင့်ဘဲ သူမသည် ခရီးသည်တင်ဘက်ခြမ်း တံခါးကို ဖွင့်ကာ ကျောပိုး အိတ်ထဲမှ မှတ်တမ်းစာအုပ်နှင့် ဘောပင်ကို ထုတ်ယူလိုက်လေ၏။
မှတ်တမ်းစာအုပ်ကို ဖွင့်ကာ ပြန်လျှောက်လာရင်း ယောင်ရန်က မေးလိုက်လေသည်။
"ရှင်တို့ ရေပုံးတွေ ယူလာကြလား...။”
တိုက်ခန်းမန်နေဂျာက အလျင်အမြန် ခေါင်းညိတ်ကာ ၊
"ယူလာပါတယ်...၊ ငါတို့ အားလုံး ယူလာကြပါတယ်...။”
"ကောင်းပါပြီ...၊ ရေဝေပေးဖို့အတွက် ကျွန်မ နာမည်တွေ ခေါ်ပါမယ်...။ ရှင်တို့ရဲ့ ရေဝေစုကို ရတဲ့အခါ နာမည်ဘေးမှာ လက်မှတ်ထိုးပေးကြပါ...။ နောက်မှ ရေမရဘူးလို့ လာပြောမှာမျိုး ကျွန်မ မလိုချင် ဘူး...။” ဟု ယောင်ရန်က တည်ငြိမ်စွာ ရှင်းပြလိုက်လေသည်။
သူမ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လူတိုင်းက သဘောတူကြောင်း ခေါင်းညိတ်ကြ၏။
ယောင်ရန်သည် မှတ်တမ်းစာအုပ်ထဲရှိ နာမည်များကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်လေသည်။
"တိုက်ခန်းမန်နေဂျာ...၊ ရှင်ကတော့ ရေ (၁၀) လီတာ ရပါမယ်...။”