အခန်း ၂၄၅
Vol. 25 Ch. 245
အခန်း (၂၄၅)
ရေဖြန့်ဝေပေးခြင်း
တိုက်ခန်းမန်နေဂျာသည် စိတ်အားထက်သန်စွာ ခေါင်းညိတ်ကာ ယောင်ရန်ထံသို့ ရေပုံးအလွတ်တစ်ပုံး ကမ်းပေးလိုက်လေ၏။ သူမသည် ထရပ်ကား နောက်ခန်းထဲသို့ တက်သွားပြီး အခြားသူများ မမြင်နိုင် စေရန် ကွယ်လိုက်ပြီးနောက် သူမ၏ နေရာလွတ်ထဲမှ ရေခြင်ခွက်တစ်ခုကို သတိထားစွာ ထုတ်ယူလိုက် လေသည်။
သူမသည် ပလတ်စတစ် ရေပုံးကြီး၏ အဖုံးကိုဖွင့်ကာ ရေပုံးထဲသို့ ရေများ စတင်ဖြည့်လိုက်၏။ ငါးကြိမ် ခန့် ခပ်ယူပြီးနောက် ရေပြည့်နေသော ပုံးကို တိုက်ခန်းမန်နေဂျာထံသို့ ပြန်ပေးလိုက်လေသည်။
"ဒီနေရာမှာ လက်မှတ်ထိုးပေးပါ...။”
ယောင်ရန်က စာရင်းထဲရှိ သူ၏နာမည်ကို ညွှန်ပြရင်း ဘောပင်ကို ကမ်းပေးလိုက်လေ၏။
လက်မှတ်ထိုးပြီးနောက် တိုက်ခန်းမန်နေဂျာသည် သူ၏ရေပုံးကို ကိုင်၍ အလျင်အမြန် ထွက်ခွာသွားခဲ့ လေသည်။ ထိုမြင်ကွင်းကို မြင်သောအခါ အခြားသော အသက်ရှင်ကျန်ရစ်သူများသည် ယောင်ရန်ကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေကြလေ၏။
သူမသည် မှတ်တမ်းစာအုပ်ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီးနောက် နာမည်တစ်ခုကို ခေါ်လိုက်လေသည်။
"အဖွားဟူ...။”
အသက် (၆၀) ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးသည် စိတ်လှုပ်ရှားစွာဖြင့် လက်ထောင်လိုက်ပြီး အက်ရှရှအသံဖြင့် အော်ပြောလိုက်၏။
"ဒီမှာ...၊ ဒီမှာ...၊ ကျွန်မ ဒီမှာရှိပါတယ်...။”
ယောင်ရန်သည် ပိန်လှီသော အဖွားဟူကို ကြည့်ကာ ပြောလိုက်လေသည်။
"ကျွန်မ အဖွားကို ရေ သုံးလီတာ ပေးပါမယ်...။”
"ကောင်းပါပြီ...၊ ကောင်းပါပြီ...။”
အဖွားဟူက အလျင်အမြန် ပြောဆိုကာ သူမ၏ ပုံးအလွတ်ကို ကမ်းပေးလိုက်၏။ ယောင်ရန် ရေဖြည့် ပေးနေသည်ကို သူမက စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့လေသည်။
သူမ အလုပ်ရှုပ်နေသည်ကို မြင်သောအခါ လုံယုက ကားတံခါးကို ပိတ်လိုက်ပြီး ၊
"ရန်ရန်...၊ မင်းက နာမည်တွေပဲ ခေါ်ပေးပါ...။ ရေပေးတာကို ငါပဲ လုပ်လိုက်မယ်...။”
သူ၏ အကူအညီကြောင့် ယောင်ရန် စိတ်သက်သာရာရသွားပြီး အလုပ်မြန်မြန်ပြီးစေရန် သဘောတူ လိုက်လေသည်။
"ကောင်းပါပြီ...။”
လုံယု၏ အကူအညီဖြင့် သူတို့သည် ရေများကို လျင်မြန်စွာ ဖြန့်ဝေပေးနိုင်ခဲ့၏။ စာရင်းထဲရှိ နောက်ဆုံး လူအထိ ဖြန့်ဝေပြီးနောက် ယောင်ရန်သည် သူမ၏ မှတ်တမ်းစာအုပ်နှင့် ဘောပင်ကို သိမ်းဆည်းလိုက် ပြီး လုံယုက ရေပုလင်းကြီး နှစ်လုံးကို အောက်သို့ ချပေးလိုက်လေသည်။
ကျန်ရှိနေသော ရေများကို အောက်သို့ ချနေသည်ကို မြင်သောအခါ ယောင်ရန်နှင့် ပစ္စည်းချင်း မလဲလှယ် ရသေးသော အသက်ရှင်ကျန်ရစ်သူအချို့မှာ စိုးရိမ်လာကြ၏။ သူမ ရေပုံးများကို ရွှေ့ပြောင်းနေစဉ် အမျိုးသားတစ်ဦးက သူမအနားသို့ ချဉ်းကပ်လာခဲ့လေသည်။
ပလတ်စတစ်ပုလင်းများအတွင်းရှိ ရေများကို မျှော်လင့်ချက်မဲ့စွာ စိုက်ကြည့်ရင်း ထိုသူက တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး မေးလိုက်လေ၏။
"မိန်းကလေး...၊ ကျွန်တော် ခင်ဗျားဆီက ရေအချို့ ဝယ်လို့ရမလား...။”
ယောင်ရန်က လှုပ်ရှားမှုကို ခေတ္တရပ်ကာ သူ့ဘက်သို့ လှည့်ကြည့်ပြီး ပြောလိုက်လေသည် ၊
"ရေတစ်လီတာအတွက် စားနပ်ရိက္ခာ သုံးကီလိုဂရမ် ဒါမှမဟုတ် ဓာတ်ဆီ နှစ်လီတာ ပေးရပါမယ်...။”
ထိုလဲလှယ်နှုန်းကို ကြားလိုက်ရသောအခါ အခြားသော အသက်ရှင်ကျန်ရစ်သူများမှာ အံ့သြလွန်းသဖြင့် အသက်ရှူမှားသွားကြရလေသည်။
ယောင်ရန်၏ စကားကြောင့် ထိုအမျိုးသား၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားပြီး ၊
"ရေတစ်လီတာအတွက် စားနပ်ရိက္ခာ သုံးကီလိုဂရမ် ဟုတ်လား...။ ငါ့မှာ အဲဒီလောက် အစားအစာတွေ ရှိမယ်လို့ မင်းထင်နေတာလား...။”
ယောင်ရန်က ပခုံးတွန့်ပြလိုက်ရင်း အေးဆေးစွာ ပြန်ပြောလိုက်လေ၏။
"ရှင် အလဲအလှယ် မလုပ်ချင်ရင် ထွက်သွားနိုင်ပါတယ်...။ ကျွန်မက ဘယ်သူ့ကိုမှ အတင်းအကျပ် မလုပ်ခိုင်းပါဘူး...။”
ထိုသူက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ၊ "
အရင်က ရေတစ်လီတာအတွက် စားနပ်ရိက္ခာ တစ်ကီလိုဂရမ်လို့ မင်း သဘောတူခဲ့တာ မဟုတ်ဘူး လား...။” ဟု ငြင်းခုံလေတော့သည်။
ယောင်ရန်က ခေါင်းညိတ်ပြကာ ၊
"ဟုတ်တယ်...၊ ဒါပေမဲ့ အဲဒါက အရင်ကလေ...။ အခုတော့ ဈေးနှုန်း ပြောင်းသွားပြီ...။”
သူမ၏ အမူအရာမှာ နောက်ပြောင်နေခြင်း မဟုတ်သည်ကို မြင်သောအခါ အသက်ရှင်ကျန်ရစ်သူသည် ပိုမို ဒေါသထွက်လာခဲ့လေသည်။ သူသည် လက်သီးကို တင်းတင်းဆုပ်ကာ အံများကို ကြိတ်လိုက်ရင်း ၊
"မင်းက ဒီလောက်တောင် ရက်စက်နေမှတော့ ငါ့ဘက်ကလည်း အညှာအတာမဲ့တာကို မင်းမကျေမနပ် မဖြစ်နဲ့တော့...။” ဟု ဒေါသတကြီး အော်ဟစ်လိုက်လေတော့သည်။
ထိုသို့ပြောပြီးနောက် သူသည် မြေပြင်ပေါ်ရှိ ရေပုလင်းတစ်လုံးကို လုယူရန် ယောင်ရန်ထံသို့ ပြေးဝင် သွားတော့သည်။ သို့သော် သူ ရေပုလင်းကို မထိရသေးခင်မှာပင် မြေအောက်ကားပါကင်အတွင်း သေနတ်သံတစ်ချက် ဟိန်းထွက်သွားခဲ့လေတော့သည်။
“ဒိုင်း...”
အသက်ရှင်ကျန်ရစ်သူ၏ မျက်ဝန်းများမှာ အံ့သြမှုဖြင့် ဝိုင်းစက်သွားပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ မြေ ပြင်ပေါ်သို့ ဖြေးညှင်းစွာ လဲကျသွားလေတော့သည်။ သူ၏ နဖူးပေါ်ရှိ သေနတ်ဒဏ်ရာမှ သွေးများ စီးကျ လာခဲ့လေ၏။ မကြာမီမှာပင် ထိုသွေးများမှာ ခြောက်သွေ့သွားပြီး ညစ်ပတ်နေသော မြေပြင်ပေါ်၌ ညို မည်းသော အမှတ်အသားများအဖြစ် ကျန်ရစ်ခဲ့လေတော့သည်။
အခြားသော အသက်ရှင်ကျန်ရစ်သူများသည် ဤမြင်ကွင်းကို မြင်သောအခါ ကြောက်ရွံ့တုန်လှုပ် သွားကြပြီး ကျောက်ရုပ်များကဲ့သို့ အေးခဲသွားကြလေတော့၏။
ယောင်ရန် လှည့်ကြည့်လိုက်သောအခါ လုံယုသည် သေနတ်ကို ပြန်ချလိုက်ပြီး ကားနောက်ခန်းမှ ရေပုံး တစ်ပုံးကို တည်ငြိမ်စွာ ထုတ်ယူနေသည်ကို တွေ့လိုက်ရလေသည်။
ထိုအခါ သူမသည် ကျန်ရှိနေသော အသက်ရှင်ကျန်ရစ်သူများကို ကြည့်ကာ ပြောလိုက်လေ၏။
"ရှင်တို့ ရေအတွက် အလဲအလှယ် မလုပ်ချင်ရင် ထွက်သွားနိုင်ပါတယ်...၊ မဟုတ်ရင်တော့ ကျွန်မတို့ ဘက်က နှင်ထုတ်တာကို မကျေမနပ် မဖြစ်ကြပါနဲ့...။”
သူမ၏ စကားအဆုံးတွင် အသက်ရှင်ကျန်ရစ်သူများသည် အလျင်အမြန် လူစုခွဲသွားကြတော့သည်။ သူတို့ ရေကို အလွန်အမင်း လိုချင်နေကြသော်လည်း ရေကို အသုံးပြုနိုင်ရန်အတွက် အသက်ရှင်နေဖို့ လိုအပ်သည်ကို သူတို့ သိကြပေသည်။ အသက်နှင့်လဲရမည်ဆိုလျှင် ထိုရေမှာ သူတို့အတွက် ဘာမှ အသုံးဝင်မည် မဟုတ်ပေ။
အသက်ရှင်ကျန်ရစ်သူများ ထွက်သွားပြီးနောက် လုံယုက ယောင်ရန်ကို ကြည့်ကာ ၊
"ရန်ရန်...၊ မင်း ဒီမှာပဲ ရေကို စောင့်နေပါ...။ ငါ ဒါတွေကို အပေါ်ကို သယ်သွားလိုက်မယ်...။”
ယောင်ရန်က ခဏမျှ စဉ်းစားပြီးနောက် ၊
"အခု အနားမှာ ဘယ်သူမှ မရှိတော့ဘူးဆိုတော့...၊ ကျွန်မ ဒီရေပုံးကြီးတွေနဲ့ ရေအိုးတွေကို နေရာလွတ် ထဲ ထည့်လိုက်မယ်...။ ပုလင်းအသေးလေးတွေကိုပဲ အထပ် (၂၀) ဆီ သယ်သွားရအောင်...။ ဒါဆိုရင် အချိန်ရော လူရော သက်သာတာပေါ့...။”
လုံယုသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး မည်သူမျှ မရှိသည်ကို အတည်ပြုပြီးမှ ခေါင်းညိတ်ပြ လိုက်လေ၏။ ယောင်ရန်သည် လက်ကို ဝေ့ယမ်းလိုက်ရာ ရေပုံးကြီးများနှင့် ရေအိုးများမှာ သူမ၏ နေရာ လွတ်အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားလေတော့သည်။
သယ်ယူရန် ရေပုလင်းများနှင့် ရေပုံးများစွာ ကျန်ရှိနေသေးသည်ကို မြင်သောအခါ လုံယုက ရေပုလင်း ကြီး နှစ်လုံးကို မကာ မှာလိုက်လေ၏၊
"ငါ အရင်တက်သွားနှင့်မယ်...၊ သတိထားဦးနော်...။”
"ကျွန်မ သိပါတယ်...။”
လုံယု အပေါ်ထပ်သို့ တက်သွားပြီးနောက် ယောင်ရန်သည် သူမ၏ နေရာလွတ်ထဲမှ သေနတ်တစ်လက် ကို ထုတ်ယူကာ ကားနောက်ခန်းတွင် ထိုင်စောင့်နေလိုက်လေသည်။
လုံယု အထပ် (၁၉) သို့ ရောက်ရှိသောအခါ စင်္ကြံလမ်းတွင် ဟိုဟိုဒီဒီ လမ်းလျှောက်နေသော အဖွားချွမ် နှင့် အဘိုးချွမ်တို့ကို တွေ့လိုက်ရလေသည်။ သူက သူတို့ကို ခေါင်းညိတ်ပြကာ မေးလိုက်လေသည်။
"အဘိုးချွမ်၊ အဖွားချွမ်...၊ နှစ်ယောက်သား အပြင်မှာ ဘာလုပ်နေကြတာလဲ...။”
အဘိုးချွမ်က ပြုံးကာ ၊
"ငါတို့ လေ့ကျင့်ခန်း လုပ်နေကြတာပါ...၊ ယွမ်ဝေ့က အပြင်မှာ အန္တရာယ်များတယ်လို့ ပြောထားလို့ ဒီစင်္ကြံလမ်းမှာပဲ လမ်းလျှောက်ခွင့်ပြုထားတာလေ...။ နေ့တိုင်း အိမ်ထဲမှာပဲ နေရတာ ပျင်းစရာကောင်း လို့ ပျင်းပြေအောင် ခဏလောက် ထွက်ပြီး လမ်းလျှောက်နေတာ...။”
လုံယုက ခေါင်းညိတ်ပြရင်း မေးလိုက်လေသည်။
"အစ်ကိုချွမ် ဘယ်သွားလဲ...။”
အဖွားချွမ်က ပြောလိုက်၏။
"သူ အာယွမ်တို့၊ အာဟောက်တို့နဲ့အတူ ရေသွားရှာတယ်လေ...။”
လုံယုက ခဏမျှ စဉ်းစားပြီးနောက် ၊
"ရန်ရန်နဲ့ ကျွန်တော် ရေတွေ အများကြီး သယ်လာခဲ့တယ်...။ အဖွားတို့ ရေလိုချင်ရင် စားနပ်ရိက္ခာ ဒါမှ မဟုတ် ဓာတ်ဆီနဲ့ လာလဲလို့ ရပါတယ်...။” ဟု ပြောလိုက်လေသည်။
ထိုစကားကို ကြားသောအခါ အဘိုးချွမ်နှင့် အဖွားချွမ်တို့မှာ အလွန်ပင် ဝမ်းသာသွားကြလေ၏။
နေ့တိုင်း သူတို့၏ မြေးဖြစ်သူသည် စီမာညီအစ်ကိုများနှင့်အတူ အပြင်ထွက်လေ့ရှိသော်လည်း များသော အားဖြင့် သံတိုသံစအချို့ကိုသာ သယ်ဆောင်လာနိုင်ကြသည်။ တစ်ခါတစ်ရံတွင် ပျက်စီးနေသော အဆောက် အအုံများကြားမှ အစားအစာအချို့ကို ရှာဖွေတွေ့ရှိနိုင်သော်လည်း သူတို့ ရေမရရှိခဲ့သည်မှာ တစ်ပတ်ကျော်နေပြီ ဖြစ်သည်။
အဘိုးချွမ်က လုံယုကို ခေါင်းညိတ်ပြကာ ၊
"အေး...၊ အေး...၊ ငါတို့ ရေနဲ့လဲဖို့ ဘာရှိမလဲဆိုတာ သွားကြည့်လိုက်ဦးမယ်...။”
"ကောင်းပါပြီ...၊ အဘိုးတို့ လဲချင်ရင် အထပ် (၂၀) ကိုပဲ တက်လာခဲ့ပါ...။”
ထိုသို့ပြောပြီးနောက် လုံယုသည် အပေါ်ထပ်သို့ ဆက်လက် တက်သွားခဲ့လေတော့သည်။