← Chapters

အခန်း ၂၄၇

Vol. 25 Ch. 247

အခန်း ၂၄၇

Vol. 25 Ch. 247

အခန်း (၂၄၇)

ဓာတ်ဆီ စုဆောင်းခြင်း (၁)

လုံယုက ရှီရွှမ်းကို ကြည့်ကာ ပြောလိုက်လေသည်။

"ခဏနေမှ စကားပြောကြရအောင်...၊ ရန်ရန်နဲ့ ငါ ရေတွေ အများကြီး ရှာထားတယ်...။ မင်းတို့ နှစ်ယောက် အရင်သွားပြီး ရေချိုးလိုက်ဦး...။”

ထိုစကားကို ကြားသောအခါ ကျားရှန်း၏ မျက်ဝန်းများမှာ ဝင်းလက်သွား၏။ သူမက ပြုံးရွှင်စွာဖြင့် ပြောလိုက်လေသည်။

"နောက်ဆုံးတော့ ကျွန်မ ရေချိုးလို့ ရပြီပေါ့...။”

ရှီရွှမ်းနှင့် ကျားရှန်းတို့ ရေချိုးနေစဉ်အတွင်း တန်ချီချီက ညစာ ပြင်ဆင်နေပြီး လုံယုနှင့် ယောင်ရန်တို့က စင်္ကြံလမ်းကို သန့်ရှင်းရေးလုပ်ကာ ပိုးသတ်နေခဲ့ကြလေ၏။

နာရီဝက်ခန့် ကြာသောအခါ သူတို့ ငါးဦးစလုံး အခန်းအမှတ် (၁၉၀၁) ၏ ဧည့်ခန်းရှိ စားပွဲပုလေးတွင် ဝိုင်းထိုင်လိုက်ကြလေသည်။ လုံယုက မောပန်းနွမ်းနယ်နေသော ရှီရွှမ်းနှင့် ကျားရှန်းတို့ကို ကြည့်ကာ မေးလိုက်လေ၏။

"ဘာတွေ ဖြစ်ခဲ့တာလဲ...။”

ကျားရှန်းက ရေတစ်ငုံ သောက်လိုက်ပြီး ပြန်ဖြေလေသည်။

"အကျဉ်းချုပ် ပြောရရင်တော့...၊ အာရွှမ်းနဲ့ ကျွန်မ ဂိုဏ်းနှစ်ခု ချကြတာကို သွားတွေ့တာလေ...။ သူတို့ ဓာတ်ဆီဆိုင် တစ်ခုအတွက် လုနေကြတာကို သိလိုက်ရတော့...၊ သူတို့ အချင်းချင်း အလုပ်ရှုပ်နေတုန်း ကျွန်မတို့က ဆီတွေကို ယူခဲ့လိုက်တာ...။”

ရှီရွှမ်းက ခေါင်းညိတ်ကာ ထပ်လောင်း ပြောခဲ့လေ၏။

"ကျွန်တော်တို့ ဆီတင်သင်္ဘောတွေကို တိုက်ရိုက်မယူဘဲ ဆီပေပါတွေထဲကိုပဲ ဖြည့်ခဲ့တာ...။ သူတို့ အာရုံ လွဲနေတုန်း သူတို့ရဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်ပေါ်ကို ဆီပေပါတွေ တင်လိုက်တယ်...။ ပြီးတော့ ကား နှစ်စီးနဲ့အတူ လအနည်းငယ်စာ လောက်ငတဲ့ ဆီတွေကို မောင်းယူလာခဲ့တာလေ...။”

ယောင်ရန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။

"ရှင်တို့ ဘာလို့ ကြွက်စုတ်တွေထက်တောင် ပိုပြီး ညစ်ပတ်နေရတာလဲ...။”

ကျားရှန်းက ထမင်းကို မျိုချလိုက်ပြီး သက်ပြင်းချကာ ၊

"ကျွန်မတို့ ကံကောင်းတာလား ကံဆိုးတာလားတော့ မသိဘူး...။ မလုရသေးတဲ့ အပြင်သုံးပစ္စည်း အရောင်းဆိုင် တစ်ခုကို တွေ့ခဲ့တယ်လေ...။ ပစ္စည်းတွေကို ကားပေါ်တင်နေတုန်း အဆောက်အအုံက ရုတ်တရက် ပြိုကျသွားပြီး ကျွန်မတို့ ရေဆိုးမြောင်းထဲ ပြုတ်ကျသွားတာ...။”

ထိုစကားကို ကြားသောအခါ တန်ချီချီက အသက်ရှူမှားသွားပြီး စိုးရိမ်တကြီး မေးလိုက်လေသည်။

"မမကျားရှန်း...၊ အစ်ကိုရွှမ်း...၊ ရှင်တို့ နှစ်ယောက်လုံး ဘာမှမဖြစ်ကြဘူးမလား...။”

ရှီရွှမ်းက ပြုံးကာ ၊

"ငါတို့ အဆင်ပြေပါတယ်...၊ အရင်က ခေါင်းဆောင် ပေးထားတဲ့ အဝတ်အစားတွေကြောင့် ဘာမှမဖြစ်ခဲ့ တာ...။”

ယောင်ရန်က မျက်ခုံးအစုံကို အနည်းငယ် မြှင့်လိုက်ပြီး သူမ၏ ချစ်သူကို လှမ်းကြည့်လိုက်လေသည်။ လုံယုကလည်း သူမ၏ အကြည့်ကို သတိပြုမိသဖြင့် ပြုံး၍ ပြန်ကြည့်လိုက်လေ၏။

သူတို့၏ မျက်စောင်းထိုးတွင် ထိုင်နေသော ကျားရှန်းက ပျက်ယွင်းသော အမူအရာဖြင့် ၊

"ခေါင်းဆောင်...၊ ကျွန်မတို့ကို ချစ်ပြပြီး အားကျအောင် လုပ်နေတာတွေ ရပ်လို့ရမလား...။ ကျွန်မက သာမန် ထမင်းပဲ စားချင်တာပါ...။”

ယောင်ရန်က ဘာမှမကြားသလို ဟန်ဆောင်ကာ ထမင်းကိုသာ ငုံ့စားနေတော့၏။ လုံယုက သူမ၏ နီမြန်း နေသော ပါးပြင်ကလေးကို ကြည့်ကာ တိုးတိုးလေး ရယ်မောလိုက်ရာ ကျားရှန်းက သူ့ကို မျက်စောင်း ထိုးလိုက်လေသည်။

ညစာ စားပြီးနောက် ရှီရွှမ်းက ၊

"ခေါင်းဆောင်...၊ ကျွန်တော်တို့ ပြန်လာတဲ့လမ်းမှာ သတင်းအချို့ ကြားခဲ့ရတယ်...။”

လုံယုက မေးလိုက်လေသည်။ ၊

"ဘာသတင်းလဲ...။”

ရှီရွှမ်းက ရှင်းပြလေသည်။

"စစ်တပ်က ပြည်သူတွေဆီကနေ ဓာတ်ဆီ စုဆောင်းတော့မယ်လို့ ကြေညာလိုက်ပြီ...။ ဓာတ်ဆီ ငါးလီ တာကို စားနပ်ရိက္ခာ တစ်ကီလိုဂရမ် ဒါမှမဟုတ် ဓာတ်ဆီ တစ်လီတာကို ရေ သုံးလီတာနဲ့ လဲပေးမယ် တဲ့...။”

ကျားရှန်းကလည်း ၊

"ဓာတ်ဆီဆိုင်အတွက် လုနေတဲ့ ဂိုဏ်းနှစ်ခုက ဒီသတင်းကို လူထုထက် အရင် သိနေကြပုံပဲ...။ ဒါကြောင့် လည်း ဓာတ်ဆီတွေကို စုဆောင်းနေကြတာပေါ့... မဟုတ်ရင် အဲဒီ ဓာတ်ဆီဆိုင်အတွက် အသေအလဲ တိုက်ခိုက်နေကြမှာ မဟုတ်ဘူး...။”

ယောင်ရန်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

"သူတို့က ပုဂ္ဂလိက အခြေစိုက်စခန်းတွေက ဖြစ်နိုင်တယ်...။”

ထိုစကားကို ကြားသောအခါ ကျားရှန်းက သူမ၏ နဖူးကို ရိုက်ကာ ၊

"ဟုတ်သားပဲ...၊ ပုဂ္ဂလိက အခြေစိုက်စခန်းတွေ အကြောင်းကို ကျွန်မ လုံးဝ မေ့သွားတာ...။”

ရှီရွှမ်းက လုံယုကို ကြည့်ကာ မေးလိုက်လေသည်။

"တပ်ကြပ်...၊ ကျွန်တော်တို့ဆီက ဓာတ်ဆီတွေကို စစ်တပ်နဲ့ သွားလဲသင့်လား...။”

လုံယုသည် ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါလိုက်လေ၏။

"ငါတို့ အသစ်ရထားတဲ့ ဆီတွေကိုတော့ မလဲဘူး...၊ ဒါပေမဲ့ ရောစပ်ဆီတွေကိုတော့ လဲလို့ရတယ်...။ လမ်းပေါ်မှာ စွန့်ပစ်ထားတဲ့ ကားတွေ အများကြီး ရှိသေးတာပဲ...။ အဲဒီကားတွေထဲက ဆီတွေကို စုပ် ထုတ်ပြီး စစ်တပ်နဲ့ လဲလို့ ရတယ်လေ...။”

"လဲလှယ်နှုန်းကတော့ နည်းလိမ့်မယ်...။ ဒါပေမဲ့ ငါတို့က ရောစပ်ဆီတွေကို သုံးလို့မရဘူးလေ...။ အလ ကား အလေအလွင့် ဖြစ်မယ့်အစား စစ်တပ်က အဲဒါတွေကို လိုချင်မလားဆိုတာ စမ်းကြည့်လို့ ရတာ ပေါ့...။”

ကျားရှန်းက သူ၏ စကားကို ခေါင်းညိတ် ထောက်ခံလိုက်လေသည်။

"ခေါင်းဆောင်...၊ ကျွန်မနဲ့ အာရွှမ်း စုံစမ်းမိသလောက်တော့ စစ်တပ်အပြင် တခြားလူတွေလည်း အသက်ရှင်ကျန်ရစ်သူတွေဆီကနေ ဓာတ်ဆီ ဝယ်နေကြသေးတယ်...၊ သူတို့က လဲလှယ်နှုန်း ပိုပေး ကြတယ်လေ...။ ဆီအသစ် တစ်လီတာအတွက် ရောစပ်ဆီ သုံးလီတာအထိ ပေးပြီး လဲချင်ကြတာ...။”

လုံယုက ခဏမျှ စဉ်းစားပြီးနောက် ၊

"ဒီညတော့ ငါ ရန်ရန်နဲ့အတူ ဓာတ်ဆီ ထပ်ရှာဖို့ သွားလိုက်ဦးမယ်...။ မင်းတို့ နှစ်ယောက်ကတော့ အနား ယူပြီး ဟွမ်ချန်နဲ့ ဟွမ်ကျိဟွေးတို့ ပြန်လာတာကိုပဲ စောင့်နေကြ...။”

ရှီရွှမ်းနှင့် ကျားရှန်းတို့က ပြန်ဖြေလိုက်ကြ၏။

"ဟုတ်ကဲ့ပါ ခေါင်းဆောင်...။”

တန်ချီချီကို စားပွဲသိမ်းရန် ကူညီပေးပြီးနောက် ယောင်ရန်နှင့် လုံယုတို့သည် အိမ်သို့ ပြန်ကာ ပြင်ဆင်ကြ လေသည်။ ဆယ်မိနစ်ခန့် ကြာသောအခါ သူတို့သည် လင်းယွမ်တိုက်ခန်းအဆောက်အအုံမှ ခြေကျင် ထွက်ခွာလာခဲ့ကြလေ၏။

သူတို့ ယနေ့ည သွားမည့်နေရာမှာ ဓာတ်ဆီဆိုင်များ မဟုတ်ဘဲ ကျွင်းချန်မြို့ အပြင်ဘက်ရှိ ရေနံချက် စက်ရုံတစ်ခု ဖြစ်လေသည်။ ယောင်ရန်နှင့် လုံယုတို့သည် လူသူကင်းမဲ့သော နေရာတစ်ခုသို့ ရောက် သည်အထိ နာရီအနည်းငယ်ကြာ လမ်းလျှောက်ခဲ့ကြလေသည်။

ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိသည်ကို အတည်ပြုပြီးနောက် ယောင်ရန်သည် စစ်သုံး နယ်မြေကျော် ယာဉ် တစ်စီးကို ထုတ်ယူလိုက်လေသည်။ ထိုကားကို မြင်လိုက်ရသောအခါ လုံယုသည် သူ၏ ချစ်သူကို အံ့အားသင့်စွာ ကြည့်မိတော့၏။ သူမနှင့် ကြာကြာ နေလေလေ သူမသည် ပို၍ လျှို့ဝှက်ချက်များ ရှိနေ သည်ဟု သူ ခံစားရလေလေ ဖြစ်သည်။

ယောင်ရန်က သော့ကို သူ့ထံသို့ ကမ်းပေးကာ ဘေးထိုင်ခုံတွင် ဝင်ထိုင်လိုက်၏။ သူမသည် ကျောပိုး အိတ်ထဲမှ မြေပုံတစ်ခုကို ထုတ်ယူလိုက်သည်ကို မြင်သောအခါ လုံယုသည်လည်း ကားမောင်းသူနေရာ တွင် ထိုင်ကာ စက်နှိုးလိုက်လေသည်။

လုံယုသည် ကျွင်းချန်မြို့ ပြင်ပသို့ မောင်းထွက်လာစဉ် ယောင်ရန်သည် နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်လေးကို ဖွင့်ကာ မြေပုံကို ဂရုတစိုက် လေ့လာနေခဲ့လေသည်။

ခဏအကြာတွင် သူမက ပြောလိုက်လေ၏။

"အာယု...၊ ရေနံချက်စက်ရုံက စက်မှုဇုန်ထဲမှာ ရှိတာ...၊ ကျွင်းချန်မြို့ မြို့စွန်ကနေဆို ကီလိုမီတာ (၃၀) လောက် ဝေးတယ်...။”

လုံယုက မြေပုံကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်လေသည်။ လမ်းတစ်လျှောက်တွင် ယောင်ရန် သည် ညကြည့် မှန်ပြောင်းဖြင့် ပတ်ဝန်းကျင်ကို အမြဲ စောင့်ကြည့်နေ၏။ အကယ်၍ လမ်းပိတ်ဆို့မှုများ ရှိနေပါက သူမသည် လုံယုကို အသိပေးကာ အခြားလမ်းကြောင်းများကို အကြံပြုပေးလေသည်။

လုံယု၏ ကားမောင်းနှင်မှုနှင့် ယောင်ရန်၏ လမ်းညွှန်မှုတို့ဖြင့် သူတို့သည် မိုးလင်းခါနီး အချိန်တွင် စက်မှုဇုန်သို့ ရောက်ရှိခဲ့ကြလေ၏။

ယောင်ရန်သည် ကားရှေ့ခန်းရှိ နာရီကို ကြည့်လိုက်ရာ နံနက် သုံးနာရီ ရှိနေပြီကို တွေ့လိုက်ရလေသည်။ သူမသည် ပတ်ဝန်းကျင်ကို အကဲခတ်ကာ မြေပုံကို စစ်ဆေးပြီးနောက် ၊

"ညာဘက်ကို ကွေ့လိုက်...၊ အဲဒါဆိုရင် စက်မှုဇုန်ရဲ့ အဝင်ဝကို မြင်ရလိမ့်မယ်...။”

လုံယုသည် သူမ၏ လမ်းညွှန်ချက်အတိုင်း မောင်းနှင်ခဲ့ရာ မကြာမီမှာပင် စက်မှုဇုန်အတွင်းသို့ ရောက်ရှိခဲ့ လေသည်။ ယောင်ရန်သည် ယခင်က စစ်ဘက်သုံး ပစ္စည်းများ ဝယ်ယူရန် ဤနေရာသို့ လာရောက်ဖူး သဖြင့် စက်ရုံများ၏ တည်နေရာကို မှတ်မိနေသေး၏။

စည်သွပ်ဗူးများနှင့် အခြားသော ထောက်ပံ့ရေး ပစ္စည်းများကို သတိရလိုက်သဖြင့် ယောင်ရန်က ပြောလိုက်လေသည်။

"အာယု...၊ ရေနံချက်စက်ရုံက စက်မှုဇုန်ရဲ့ နောက်ဘက်ဆုံးမှာ ရှိတာ...။ လမ်းတစ်လျှောက်မှာ ရှိတဲ့ စက်ရုံတွေကိုလည်း ဝင်ရှာကြည့်ရအောင်...။”

All Chapters