← Chapters

အခန်း ၂၄၈

Vol. 25 Ch. 248

အခန်း ၂၄၈

Vol. 25 Ch. 248

အခန်း (၂၄၈)

ဓာတ်ဆီ စုဆောင်းခြင်း (၂)

လုံယုသည် ဖုန်ထူနေသော မြေပြင်ကို အကဲခတ်လိုက်ရာ ဤနယ်မြေမှာ လုယက်ခြင်းကို မခံရသေး ကြောင်း သတိပြုမိလိုက်လေ၏။ သူသည် သတိပေးဆိုင်းဘုတ်တစ်ခု၏ ရှေ့တွင် ရပ်တန့်ကာ ၎င်းပေါ်ရှိ မြေပုံကို စစ်ဆေးလိုက်လေသည်။ ရေထဲတွင် နစ်မြုပ်ပြီးနောက် အေးခဲသွားခဲ့သောကြောင့် မြေပုံမှာ ဝေဝါးနေပြီ ဖြစ်၏။

သူသည် ဖတ်၍မရတော့သော မြေပုံထံမှ အကြည့်လွှဲလိုက်ပြီး ပြောလိုက်လေသည်။

"A နယ်မြေက စက်ရုံတွေကို အရင်ရှာရအောင်...။”

ယောင်ရန်က ခေါင်းညိတ်ကာ ၊

"ကောင်းပါပြီ...။”

အစီအစဉ် ဆွဲပြီးနောက် လုံယုသည် A နယ်မြေရှိ အနီးဆုံး စက်ရုံသို့ မောင်းနှင်ခဲ့လေသည်။ ထိုနေရာသို့ ရောက်သောအခါ ယောင်ရန်သည် စစ်သုံးယာဉ်ကို သူမ၏ နေရာလွတ်ထဲသို့ ပြန်ထည့်လိုက်၏။

အတွင်းသို့ မဝင်မီ လုံယုက လက်နက်ကို ထုတ်ယူလိုက်ပြီး ပြောလိုက်လေသည်။

"ရန်ရန်... ငါ့နောက်မှာပဲ နေနော်...။”

သူတို့နှစ်ဦးစလုံးတွင် စွမ်းအားများ ရှိကြသော်လည်း ယောင်ရန်၏ စွမ်းအားမှာ အဓိကအားဖြင့် အထောက်အကူပြု အမျိုးအစားသာ ဖြစ်၏။ လုံယုက ရှေ့မှ ဦးဆောင်ခြင်းဖြင့် သူမသည် နောက်ကွယ် မှ အကာအကွယ် ရယူနိုင်သလို သူ့ကိုလည်း အကူအညီ ပေးနိုင်မည် ဖြစ်သည်။

လုံယုသည် ယခင်က မျိုးဗီဇပြောင်းလဲနေသော ကြွက်များနှင့် ရင်ဆိုင်ဖူးသဖြင့် စက်ရုံအတွင်းသို့ အလွန် သတိထား၍ ဝင်ရောက်ခဲ့လေသည်။ သူတို့ ပထမဆုံး ဝင်ရောက်ခဲ့သော စက်ရုံမှာ အသင့်စား အစား အစာများနှင့် အလိုအလျောက် အပူပေးစနစ်ပါသော အစားအစာများ ထုတ်လုပ်သည့် စက်ရုံဖြစ်၏။

စက်ရုံအတွင်းသို့ ဝင်လိုက်သည်နှင့် ယောင်ရန်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ စက်များဘေး ရှိ သေတ္တာများပေါ်တွင် အချောထည် ပစ္စည်းအချို့ တင်ထားသည်ကို တွေ့လိုက်ရလေသည်။ သူမသည် ၎င်းတို့ကို စစ်ဆေးကြည့်ရာ အချို့သော ထုပ်ပိုးမှုများမှာ ပျက်စီးခြင်း မရှိသေးသဖြင့် သူမ၏ နေရာ လွတ်ထဲသို့ သိမ်းဆည်းလိုက်လေသည်။

စက်ရုံတိုင်းတွင် အချောထည် ပစ္စည်းများ သိမ်းဆည်းရန် ဂိုဒေါင်တစ်ခုစီ ရှိတတ်ကြပေသည်။ ယောင်ရန်နှင့် လုံယုတို့သည် ထုတ်လုပ်ရေး နယ်မြေကို စစ်ဆေးပြီးနောက် ဂိုဒေါင်ရှိရာ နောက်ဘက်သို့ သွားလိုက်ကြ၏။

တံခါးသော့မှာ ပျက်စီးခြင်း မရှိသေးသည်ကို မြင်သောအခါ လုံယုသည် သူ၏ လေဓားကို အသုံးပြု၍ သံသော့ကို ဖြတ်တောက်ကာ တံခါးကို တွန်းဖွင့်လိုက်လေသည်။

သူတို့ ဂိုဒေါင်ထဲသို့ ဝင်လိုက်သောအခါ စင်ပေါ်၌ ပစ္စည်းများမှာ တဝက်ခန့် ပြည့်နေသည်ကို သတိပြုမိ လိုက်ကြလေ၏။ ဤစက်မှုဇုန်သို့ လာရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ မှန်ကန်ကြောင်း သက်သေပြနေပေ သည်။ အချိန်မဆွဲတော့ဘဲ ယောင်ရန်သည် စင်များအပါအဝင် ရှိသမျှ ပစ္စည်းအားလုံးကို သူမ၏ နေရာ လွတ်ထဲသို့ စတင် သိမ်းဆည်းတော့၏။ လုံယုကမူ အနားမှ အကာအကွယ် ပေးနေလေသည်။

သူတို့သည် ပထမစက်ရုံတွင် မိနစ်သုံးဆယ်ခန့်သာ အချိန်ယူခဲ့ပြီးနောက် အေးခဲထားသော အစားအစာ စက်ရုံသို့ ဆက်လက် ထွက်ခွာခဲ့ကြ၏။ အဝေးမှပင် စက်ရုံအတွင်းမှ ထွက်ပေါ်လာသော ပုပ်စော်နံလှ သော အနံ့ဆိုးကို ရရှိနေကြပြီ ဖြစ်သည်။

အတွင်းရှိ အစားအစာများ အားလုံး ပုပ်သိုးကုန်ပြီဟု ခန့်မှန်းလိုက်သဖြင့် သူတို့ ဝင်မကြည့်ရန် ဆုံးဖြတ်လိုက်ကြလေသည်။

အေးခဲထားသော အစားအစာ စက်ရုံမှ ထွက်လာပြီးနောက် စည်သွပ်ဗူး စက်ရုံသို့ ဦးတည်လိုက်ကြ၏။ အခြားသော အစားအစာများနှင့် မတူဘဲ စည်သွပ်ဗူးများသည် နှစ်ရှည်ခံနိုင်ရုံသာမက ထုပ်ပိုးမှုမှာလည်း ခိုင်ခံ့လှပေသည်။

စည်သွပ်ဗူးများနှင့် လေဟာနယ်စနစ်ဖြင့် ထုပ်ပိုးထားသော အစားအစာများ ပြည့်နှက်နေသည့် သေတ္တာ များကို တွေ့သောအခါ ယောင်ရန်သည် အရာအားလုံးကို သူမ၏ နေရာလွတ်ထဲသို့ လျင်မြန်စွာ သိမ်း ဆည်းလိုက်လေသည်။ စည်သွပ်ဗူး စက်ရုံကို ရှင်းလင်းပြီးနောက် သူတို့သည် အခြားသော စက်ရုံများသို့ တစ်ခုပြီးတစ်ခု ဆက်လက် သွားရောက်ခဲ့ကြလေသည်။

သူတို့သည် ကလေးငယ်များအတွက် အစားအစာများ၊ တိရစ္ဆာန်စာများ၊ စစ်သုံး ရိက္ခာခြောက်များနှင့် အခြားသော အစားအစာ အမြောက်အမြားကို စုဆောင်းခဲ့ကြလေသည်။ သူတို့ ထိုနေရာမှ ထွက်ခွာ လာချိန်တွင် ပုပ်သိုးနေသော အစားအစာများသာ ကျန်ရစ်တော့၏။

အကယ်၍ စစ်တပ်က ဤပစ္စည်းများကို အလိုရှိပါက ယောင်ရန်နှင့် လုံယုတို့ မရောက်လာမီကတည်းက လာရောက် ယူဆောင်သွားသင့်ပေသည်။ စစ်တပ်က ရောက်မလာခဲ့ခြင်းမှာ သူတို့၌ အခြားနေရာများ တွင် ပိုမိုပေါများသော ထောက်ပံ့မှုများ ရှိနေနိုင်သောကြောင့် ဖြစ်နိုင်၏။ ထို့ကြောင့်လည်း ယောင်ရန် သည် အားနာခြင်း မရှိဘဲ အသုံးဝင်သမျှ အရာအားလုံးကို ယူဆောင်သွားခဲ့ခြင်းပင် ဖြစ်သည်။

A နယ်မြေကို ရှင်းလင်းပြီးနောက် B နယ်မြေသို့ ဆက်လက် ရွှေ့လိုက်ကြ၏။ A နယ်မြေတွင် အစားအစာ စက်ရုံများ ရှိသော်လည်း B နယ်မြေမှာမူ အထည်အလိပ်နှင့် လူသုံးကုန် ပစ္စည်းများအတွက် သီးသန့် ဖြစ်လေသည်။

အစားအစာများနှင့် မတူသည်မှာ ယောင်ရန်သည် ဤပစ္စည်းများကို ကိုယ်တိုင် မထုတ်လုပ်နိုင်သဖြင့် သူမ တွေ့သမျှ အရာအားလုံးကို သိမ်းယူခဲ့လေ၏။ အဝတ်အစားများ၊ ဖိနပ်များနှင့် အထည်များမှာ ညစ်ပတ်နေသော်လည်း နောက်ပိုင်းတွင် လိုအပ်ပါက ပြန်လည် လျှော်ဖွပ်နိုင်ပေသည်။

ယောင်ရန်နှင့် လုံယုတို့သည် ရောက်ရာအရပ်၌ ဘာတစ်ခုမှ ချန်မထားခဲ့သော ကျိုင်းကောင်အုပ်ကြီး ကဲ့သို့ပင် ဖြစ်ချေသည်။ တစ်နေ့လုံး အလုပ်လုပ်ပြီးနောက် သူတို့မှာ အလွန်ပင် ဆာလောင်နေကြပြီ ဖြစ်၏။ လူသူကင်းမဲ့သော နေရာတစ်ခုကို ရှာတွေ့သောအခါ ယောင်ရန်သည် ညစာစားရန်အတွက် လုံယုကို သူမ၏ နေရာလွတ်ထဲသို့ ခေါ်ဆောင်သွားခဲ့လေသည်။

ထမင်းစားပြီးနောက် ယောင်ရန်က ဂိုဒေါင်ကို စနစ်တကျ စီစဉ်နေစဉ် လုံယုက တိရစ္ဆာန်များနှင့် ငါး များကို အစာကျွေးရန် ကူညီပေးခဲ့လေသည်။ သူတို့ နေရာလွတ်ထဲမှ ပြန်ထွက်လာချိန်တွင် နေဝင်သွားပြီ ဖြစ်သည်။

ယောင်ရန်သည် ညကြည့်မှန်ပြောင်း တစ်စုံကို တပ်ဆင်လိုက်ပြီး လုံယုကိုလည်း တစ်စုံ ကမ်းပေးလိုက် လေသည်။ ထို့နောက် သူတို့နှစ်ဦးသည် နောက်ဘက် နယ်မြေဆီသို့ လမ်းလျှောက်သွားခဲ့ကြ၏။ အခြား သော စက်ရုံများကို ရှင်းလင်းပြီးပြီ ဖြစ်သဖြင့် အခုဆိုလျှင် ရေနံချက်စက်ရုံ တစ်ခုသာ ကျန်ရှိပေတော့ သည်။

ရေနံချက်စက်ရုံမှာ အခြားသော နယ်မြေများနှင့် ဝေးကွာလှသဖြင့် ယောင်ရန်သည် စစ်သုံးယာဉ်ကို ထုတ်ယူလိုက်လေ၏။ ဆယ်မိနစ်ခန့် မောင်းနှင်ပြီးနောက် သူတို့သည် ရေနံချက်စက်ရုံ၏ နောက်ဘက် အဝင်ဝသို့ ရောက်ရှိခဲ့လေသည်။

လုံယု ကားပေါ်မှ ဆင်းလိုက်ရာ မြေပြင်ပေါ်ရှိ ခြေရာလက်ရာများကို သတိပြုမိလိုက်၏။ ယောင်ရန်က ကားကို နေရာလွတ်ထဲ ပြန်ထည့်နေစဉ် သူသည် ထိုခြေရာများကို စစ်ဆေးရန် ဆောင့်ကြောင့်ထိုင်ကြည့် လိုက်လေသည်။

ယောင်ရန်သည် သူ၏အနားသို့ ရောက်လာပြီး ၊

"တစ်ယောက်ယောက်တော့ ဒီကို ရောက်နေခဲ့ပုံပဲ...။” ဟု မှတ်ချက်ပြုလိုက်၏။

လုံယုသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တာယာရာများအောက်ရှိ ဝေဝါးနေသော ခြေရာများကို ညွှန်ပြကာ မေးလိုက်လေသည်။

"မင်း ဒါကို မြင်လား...။”

ယောင်ရန်က အနီးကပ် ကြည့်လိုက်ရာ တာယာရာများနှင့် ထပ်နေသော ခြေရာများကို သတိပြုမိလိုက် ၏။ သူမသည် ၎င်းတို့ကို စစ်ဆေးကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်ကာ ၊

"ဒါတွေက လူခြေရာတွေ မဟုတ်ဘူး...။” ဟု ပြောလိုက်လေသည်။

လုံယုက ခေါင်းညိတ်ကာ ၊

"အရင်က မျိုးဗီဇပြောင်းလဲနေတဲ့ ကြွက်တွေ ငါ့ကို တိုက်ခိုက်ခဲ့တယ်လို့ ပြောတာ မှတ်မိလား...။”

ယောင်ရန်၏ မျက်ဝန်းများမှာ ဝိုင်းစက်သွားပြီး သူမ၏ ချစ်သူကို ကြည့်ကာ မေးလိုက်လေသည်။၊

"ရှင် ပြောချင်တာက...၊ မျိုးဗီဇပြောင်းလဲနေတဲ့ ကြွက်တွေက မြို့ကို သိမ်းပိုက်လိုက်ပြီလို့လား...။”

လုံယုက ခေါင်းညိတ်ပြကာ ၊

"ငါတို့ ကျွင်းချန်မြို့ကနေ အမြန်ဆုံး ထွက်ခွာသင့်ပြီလို့ ထင်တယ်...။”

"ဝုန်း... "

သူ စကားမဆုံးသေးခင်မှာပင် ရေနံချက်စက်ရုံ အတွင်းပိုင်းမှ ပေါက်ကွဲသံကြီး တစ်ချက် ဟိန်းထွက် လာခဲ့လေသည်။ သူတို့သည် ပေါက်ကွဲသံ ထွက်ပေါ်လာရာဆီသို့ အလိုလို လှည့်ကြည့်မိလိုက်ကြ၏။ ရေနံချက်စက်ရုံအတွင်းမှ မီးတောက်များ ထွက်ပေါ်လာသည်ကို မြင်သောအခါ သူတို့၏ အမူအရာမှာ တည်ကြည်လေးနက်သွားတော့သည်။

လုံယုက မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်လေသည်။

"မီးက ဒီကို မကူးလာခင် ဓာတ်ဆီတွေကို အရင်သွားယူရအောင်...။”

ယောင်ရန်က ခေါင်းညိတ်ကာ သူတို့နှစ်ဦးသည် ရေနံချက်စက်ရုံအတွင်းသို့ လျင်မြန်စွာ ဝင်ရောက် ခဲ့ကြလေ၏။

မီးလောင်မှုမှာ ရေနံချက်သည့် နယ်မြေတွင် စတင်ခဲ့ခြင်း ဖြစ်ပြီး သူတို့ကတော့ နောက်ဘက်ရှိ သို လှောင်ရုံ နယ်မြေတွင် ရှိနေကြခြင်း ဖြစ်သည်။ လေတိုက်ခတ်မှု မရှိသောကြောင့် မီးတောက်များ သူတို့ရှိရာသို့ ရောက်ရှိလာရန် အချိန်အတန်ကြာ ဦးမည် ဖြစ်၏။

ဂိုဒေါင်တစ်ခုအတွင်း၌ ယောင်ရန်သည် စီတန်းထားသော ရေနံပေပါ အမြောက်အမြားကို တွေ့လိုက်ရ လေသည်။ သူမသည် တစ်ခုကို စစ်ဆေးကြည့်ရာ ပြည့်နေသည်ကို တွေ့ရသဖြင့် လျင်မြန်စွာပင် နေရာ လွတ်ထဲသို့ သိမ်းဆည်းလိုက်၏။ သူမ ရေနံပေပါများကို စုဆောင်းနေစဉ် လုံယုက အခြားသော ဂိုဒေါင် များကို သွားရောက် စစ်ဆေးနေခဲ့လေသည်။

သူ ပြန်ရောက်လာချိန်တွင် ယောင်ရန်မှာ နောက်ဆုံး ရေနံပေပါကို သိမ်းဆည်းပြီးနေပြီ ဖြစ်ကာ ပေပါ အလွတ်များသာ ကျန်ရစ်တော့၏။

"ရန်ရန်... ငါ့နောက် လိုက်ခဲ့...။”

လုံယုသည် သူမ၏ လက်ကို ဆွဲကာ အခြား ဂိုဒေါင်တစ်ခုဆီသို့ ခေါ်ဆောင်သွားလေသည်။

ခဏမျှ ပြေးသွားပြီးနောက် သူတို့သည် အခြား ဂိုဒေါင်တစ်ခုသို့ ရောက်ရှိခဲ့ရာ သူက ၊

"ဒီမှာ လေယာဉ်တွေနဲ့ တင့်ကားတွေအတွက် သုံးတဲ့ စက်သုံးဆီတွေ ရှိတယ်...။ ရှိသမျှ အကုန်ယူ လိုက်...။”

သူ၏ စကားကို ကြားသောအခါ ယောင်ရန်၏ မျက်ဝန်းများမှာ ဝင်းလက်သွားတော့သည်။ သူမသည် ခေါင်းညိတ်ကာ ရေနံပေပါများကို လျင်မြန်စွာ သိမ်းဆည်းလိုက်လေသည်။ ၎င်းမှာ မည်သည့် စက်သုံး ဆီ အမျိုးအစားဖြစ်သည်ကို သူမ အတိအကျ မသိသော်လည်း ပေပါထဲ၌ ဆီရှိနေသမျှ ကာလပတ်လုံး သူမ အကုန်သိမ်းယူခဲ့လေသည်။

All Chapters