အခန်း ၂၄၉
Vol. 25 Ch. 249
အခန်း (၂၄၉)
ပေါက်ကွဲမှု
ယောင်ရန် ရေနံပေပါများကို အကုန် မသိမ်းဆည်းရသေးခင်မှာပင် လုံယုက ရုတ်တရက် ပြန်ရောက်လာ ပြီး ပြောလိုက်လေသည်။
"မီးတောက်တွေက နီးလာနေပြီ...၊ ငါတို့ အခုပဲ သွားရတော့မယ်...။”
လုံယုက သူမကို ဆွဲခေါ်သွားစဉ်မှာပင် ယောင်ရန်သည် ကျန်ရှိနေသော ရေနံပေပါများကို တစ်ပြိုင်နက် တည်း လျင်မြန်စွာ သိမ်းဆည်းလိုက်လေသည်။ ထိုသို့ စိတ်စွမ်းအင်ကို အလွန်အမင်း အသုံးပြုလိုက် သောကြောင့် သူမသည် မူးဝေလာကာ ဟန်ချက်ပျက်သွားခဲ့လေသည်။
လုံယုက သူမကို ဖမ်းထိန်းလိုက်ပြီး မေးလိုက်၏။
"ရန်ရန်... မင်း အဆင်ပြေရဲ့လား...။”
ယောင်ရန်သည် သူမ၏ နားထင်ကို ပွတ်သပ်လိုက်ပြီး ပြန်ဖြေလိုက်လေသည်။
"တစ်ခါတည်းနဲ့ အများကြီး သိမ်းလိုက်ရလို့ စိတ်စွမ်းအင်တွေ အလွန်အကျွံ သုံးလိုက်သလို ဖြစ်သွား တာပါ...၊ နည်းနည်းတော့ မူးနေတယ်...။”
ထိုစကားကို ကြားသောအခါ လုံယုသည် သူမ၏ ရှေ့၌ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ပြောလိုက်၏။
"လာ... ငါ့ကျောပေါ် တက်လိုက်...။”
"ဝုန်း... "
ထိုစဉ်မှာပင် နောက်ထပ် ပေါက်ကွဲသံကြီးတစ်ခုက ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။ မီးတောက် များ နီးကပ်လာသည်ကို မြင်သောအခါ ယောင်ရန်သည် လုံယု၏ ကျောပေါ်သို့ အလျင်အမြန် တက် လိုက်လေသည်။ သူမက သူ့ကို တင်းကြပ်စွာ ဖက်ထားပြီးနောက် လုံယုသည် သူ၏ လေစွမ်းအင်ကို အသုံးပြုကာ အစွမ်းကုန် အမြန်နှုန်းဖြင့် ပြေးထွက်ခဲ့လေတော့သည်။
သူတို့ ဂိုဒေါင်ထဲမှ ထွက်လာချိန်တွင် နောက်ဘက်၌ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေပြီး ပြင်း ထန်သော အပူရှိန်ကြောင့် သူတို့၏ အရေပြားများမှာ စပ်ဖျဉ်းဖျဉ်း ဖြစ်နေခဲ့လေသည်။
"ဝုန်း... ဝုန်း... ဝုန်း... "
သူတို့ အခုလေးတင် ထွက်ခွာလာခဲ့သော ဂိုဒေါင်မှာ မီးတောက်များအတွင်း နစ်မြုပ်သွားသည်ကို လုံယု က လှည့်ကြည့်လိုက်၏။
သူသည် အမြန်နှုန်းကို ပိုမြှင့်လိုက်ပြီး မြင့်မားသော ခြံစည်းရိုးကို ခုန်ကျော်လိုက်လေသည်။
သူ၏ ခြေဖဝါးများ မြေပြင်သို့ ထိသည်နှင့်တစ်ပြိုင်နက် ယောင်ရန်သည် သူ၏ ကျောပေါ်မှ ဆင်းကာ စစ်သုံးယာဉ်ကို ထုတ်ယူလိုက်၏။ ထို့နောက် သူတို့သည် အချိန်ဆွဲနေခြင်း မရှိဘဲ ကားအတွင်းသို့ အမြန် ဝင်လိုက်ကြလေသည်။
ယောင်ရန် တံခါးပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် လုံယုသည် လီဗာကို နင်းလိုက်ပြီး ကျွင်းချန်မြို့ဆီသို့ အရှိန်ပြင်းပြင်း မောင်းနှင်ခဲ့လေတော့သည်။
ဘေးထိုင်ခုံတွင် ထိုင်နေသော ယောင်ရန်သည် ပြတင်းပေါက်ကို ဖွင့်ကာ နောက်သို့ လှည့်ကြည့်လိုက်၏။ တောက်လောင်နေသော မီးလျှံများသည် မှောင်မည်းနေသော ကောင်းကင်ယံကို နီရဲစွာ လင်းထိန်စေပြီး ပူပြင်းလှသော အပူရှိန်ကြောင့် သူမ၏ မျက်နှာမှာ နီမြန်းနေခဲ့လေသည်။
ခဏမျှ ကြည့်ပြီးနောက် သူမသည် ထိုင်ခုံတွင် မှီလိုက်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ ပူပြင်းသော ညလေညင်းထဲတွင် ဖုန်မှုန့်များ ပါဝင်နေသဖြင့် သူမသည် ပြတင်းပေါက်ကို ပြန်ပိတ်လိုက် ကာ အိတ်ဆောင် ပန်ကာလေးတစ်လုံးနှင့် ရေခဲပန်းကန်လုံး တစ်လုံးကို ထုတ်ယူလိုက်လေသည်။ ၎င်း တို့ကို ကားရှေ့ခန်းတွင် စနစ်တကျ ထားရှိပြီးနောက် ယောင်ရန်သည် ပန်ကာကို ဖွင့်လိုက်လေ၏။
အေးမြသော လေများ ကားအတွင်းသို့ ပြည့်နှက်လာပြီး အပူချိန် လျော့ကျသွားသောအခါ ယောင်ရန်က သက်ပြင်းချရင်း ပြောလိုက်လေသည်။
"တကယ်ကို ကံသီပေလို့ပဲ...။”
လုံယုက သူမကို စိုးရိမ်တကြီး ကြည့်ကာ မေးလိုက်လေ၏။
"ရန်ရန်... မင်း မူးနေတုန်းပဲလား...။”
"အခုတော့ သက်သာသွားပါပြီ...။”
သူမက ပြန်ဖြေရင်း နေရာလွတ်ထဲမှ ရေတစ်ခွက်ကို ထုတ်ယူလိုက်လေသည်။
သူမသည် ထိုခွက်ကို လုံယုထံသို့ ကမ်းပေးလိုက်ပြီး သူ အကုန်သောက်ပြီးသည်အထိ စောင့်ဆိုင်းကာ နောက်ထပ်တစ်ခွက်ကို သူမကိုယ်တိုင် သောက်လိုက်လေ၏။
ယောင်ရန်သည် ထိုင်ခုံတွင် မှီလျက် မျက်လုံးများကို မှိတ်ထားပြီး ထိုညက သူတို့ စုဆောင်းခဲ့သော ထောက်ပံ့ရေး ပစ္စည်းများကို စတင် နေရာချလိုက်လေသည်။ အချို့သော ပစ္စည်းများမှာ ရေထဲတွင် နစ်မြုပ်ခဲ့သောကြောင့် ညစ်ပတ်နေသဖြင့် အခြားသော ပစ္စည်းများနှင့် သီးသန့် ခွဲခြားထားလိုက်၏။
အရာအားလုံးကို စီစဉ်ပြီးနောက် သူမသည် မျက်လုံးများကို ဖွင့်ကာ ပြောလိုက်လေသည်။
"ဒီည ငါတို့ အဖိုးတန် ပစ္စည်းတွေ အများကြီး ရခဲ့တာပဲ...။”
လုံယုက ပြုံးကာ ၊
"ဒါက တကယ် ကောင်းတာပဲ...။ အခု ငါတို့ ကားတစ်စီး အရင်ရှာဖို့ လိုတယ်...၊ မင်းရဲ့ ဒီကားက အရမ်း ကောင်းပေမဲ့ အသစ်စက်စက် ဖြစ်နေတုန်းပဲ...။ ငါတို့က ဖုန်တွေပေနေတဲ့ ကားတစ်စီးကိုပဲ ရှာသင့် တာ...။”
ယောင်ရန်ကလည်း သဘောတူစွာ ခေါင်းညိတ်ပြကာ ၊
"ရှင့် ပြောတာ မှန်ပါတယ်...။”
သူတို့နှစ်ဦး ခဏမျှ ဆွေးနွေးပြီးနောက် အသုံးပြုနိုင်မည့် စွန့်ပစ်ယာဉ် တစ်စီးစီးကို ရှာဖွေရန် ဆုံးဖြတ် လိုက်ကြလေသည်။ ထို့ကြောင့် ကျွင်းချန်မြို့ မြို့စွန်သို့ ရောက်သောအခါ သူတို့သည် ခြေကျင် ဆက် လက် ခရီးနှင်ခဲ့ကြလေသည်။
ယောင်ရန်သည် စစ်သုံးယာဉ်ကို နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်ပြီးနောက် လမ်းတစ်လျှောက်ရှိ စွန့်ပစ်ယာဉ်များကို စတင် စစ်ဆေးခဲ့ကြလေ၏။ မိုးလင်းခါနီးအချိန်အထိ သူတို့သည် ကားများကို လိုက် လံ ကြည့်ရှုခဲ့ကြလေသည်။
လက်လျှော့တော့မည့် အချိန်တွင်မူ လုံယုသည် အခြေအနေ ကောင်းမွန်သော ဘတ်စ်ကားတစ်စီးကို နောက်ဆုံးတွင် ရှာတွေ့ခဲ့တော့သည်။ စက်ယန္တရားမှာ ပုံမှန်အတိုင်း လည်ပတ်နိုင်သော်လည်း ဆီတိုင်ကီ အတွင်း ဓာတ်ဆီ အနည်းငယ်သာ ကျန်ရှိတော့သဖြင့် ယောင်ရန်သည် ဓာတ်ဆီကို တဝက်ခန့် ဖြည့်လိုက် လေသည်။
လုံယုသည် ထိုဘတ်စ်ကားကို လင်းယွမ်တိုက်ခန်းအဆောက်အအုံဆီသို့ မောင်းနှင်နေစဉ် ယောင်ရန် သည် နေရာလွတ်ထဲမှ ထောက်ပံ့ရေး ပစ္စည်းအချို့ကို ထုတ်ယူကာ ကားပေါ်သို့ တင်လိုက်လေ၏။
ဘတ်စ်ကားမှာ ရေနံပေပါများကို တင်ဆောင်ရန် မကျယ်ဝန်းသဖြင့် ယောင်ရန်သည် သိုလှောင်ကန် အသေးစားများကိုသာ အသုံးပြု၍ ဓာတ်ဆီများ ဖြည့်လိုက်လေသည်။
ဘတ်စ်ကား၏ တဝက်ခန့်မှာ ဓာတ်ဆီအိုးများဖြင့် ပြည့်နှက်သွားသောအခါ ယောင်ရန်သည် နေရာလွတ် ထဲမှ အစားအစာ၊ ရေ၊ လူသုံးကုန် ပစ္စည်းများနှင့် အဝတ်အစားများကို ထုတ်ယူကာ ကျန်ရှိနေသော အပိုင်းတွင် ဖြည့်လိုက်တော့သည်။
သူတို့ လင်းယွမ်တိုက်ခန်းအဆောက်အအုံသို့ ရောက်ရှိချိန်တွင် နေထွက်နေပြီ ဖြစ်သည်။
လုံယုသည် ဘတ်စ်ကားကို အဆောက်အအုံ (၃) ၏ အဝင်ဝသို့ တိုက်ရိုက် မောင်းဝင်လိုက်ရာ ရှီရွှမ်းနှင့် အခြားသူများမှာ ထိုနေရာတွင် အသင့် စောင့်ဆိုင်းနေကြပြီ ဖြစ်၏။
သူတို့နှစ်ဦးစလုံး ဖုန်မှုန့်များနှင့် ချွေးများ ပေကျံနေသည်ကို မြင်သောအခါ ရှီရွှမ်းက မေးလိုက်လေ သည်။
"ခေါင်းဆောင်...၊ ဓာတ်ဆီတွေ ရခဲ့လား...။”
"ရေနံချက်စက်ရုံမှာ ဆီတွေ သွားယူတုန်းက ပေါက်ကွဲမှုနဲ့ ကြုံခဲ့လို့ ကံသီပေလို့ပဲ...။ ကံကောင်းတာက မနေ့ညက လေမတိုက်လို့ ငါတို့ ဘာမှမဖြစ်ဘဲ လွတ်လာခဲ့တာ...၊ ရန်ရန်နဲ့ ငါ စက်မှုဇုန်ထဲက ထောက်ပံ့ ရေး ပစ္စည်းတွေလည်း အများကြီး ရခဲ့တယ်...။” ဟု လုံယုက ဘတ်စ်ကား တံခါးကို ဖွင့်ရင်း ပြောလိုက် လေသည်။
ဟွမ်ချန်သည် ဘတ်စ်ကားပေါ်ရှိ ပစ္စည်းများကို မြင်သောအခါ မအောင့်နိုင်ဘဲ အာမေဍိတ်သံ ပြုလိုက် လေသည်။
"ဟာ...၊ ခေါင်းဆောင်...၊ ရှင်တို့ကတော့ တကယ်ကို ကံကောင်းတာပဲ...။”
လုံယုက ပြုံးကာ ၊
"ဒါတွေကို အပေါ်ကို အရင်သယ်ရအောင်...၊ ငါ မင်းတို့ကို ပြောစရာ ရှိတယ်...။”
"ဟုတ်ကဲ့ပါ ခေါင်းဆောင်...။”
သူတို့ ပစ္စည်းများကို အပေါ်ထပ်သို့ သယ်ဆောင်နေစဉ် အိမ်များတွင်း၌ ပုန်းအောင်းနေသော အခြား အသက်ရှင်ကျန်ရစ်သူများက အဝေးမှ ငေးကြည့်နေကြလေသည်။ ယောင်ရန်သည် သူတို့ကို သတိ ပြုမိသော်လည်း သူတို့မှာ အကဲခတ်နေရုံသာ ဖြစ်သဖြင့် လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်၏။
ပစ္စည်းအားလုံးကို အထပ် (၂၀) သို့ သယ်ယူပြီးနောက် ယောင်ရန်သည် ဘတ်စ်ကားအတွင်း ကျန်ရှိနေ သော ဓာတ်ဆီများကို စုပ်ထုတ်လိုက်ပြီးမှ အခြားသူများနောက်သို့ လိုက်လာခဲ့လေသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူတို့၏ ဘတ်စ်ကားကို ခိုးယူလိုပါက သူတို့ကိုယ်ပိုင် ဓာတ်ဆီကို အသုံးပြုရမည် ဖြစ်၏။
ယခုအချိန်တွင် ဓာတ်ဆီမှာ အစားအစာနှင့် လဲလှယ်နိုင်သဖြင့် မည်သူမျှ ဓာတ်ဆီကို အလဟဿ အသုံး မပြုလိုကြပေ။ ထို့ကြောင့်လည်း သူတို့၏ ကားကို ခိုးယူမည့်သူ ရှိမည် မဟုတ်ပေ။
အိမ်သို့ ပြန်ရောက်သောအခါ ယောင်ရန်နှင့် လုံယုတို့သည် အမြန် ရေချိုးလိုက်ကြပြီး ထမင်းပင် မစား သေးဘဲ အခန်းအမှတ် (၂၀၀၁) သို့ ဦးတည်လိုက်ကြလေသည်။ ဧည့်ခန်းရှိ စားပွဲပုလေးတွင် ဝိုင်းထိုင် လိုက်ပြီးနောက် လုံယုက သူ၏ သူငယ်ချင်းများကို ကြည့်ကာ ပြောလိုက်၏။
"ငါတို့ ကျွင်းချန်မြို့ကနေ အမြန်ဆုံး ထွက်ခွာသင့်ပြီ...။”
ထိုစကားကို ကြားသောအခါ ကျားရှန်းက မေးလိုက်လေသည်။
"ဘာလို့လဲ...၊ ခေါင်းဆောင်က အခုပဲ ကျွင်းချန် စစ်အခြေစိုက်စခန်းကို သွားတော့မလို့လား...။”
လုံယုက ခေါင်းခါပြကာ ၊
"မနေ့ညက ရေနံချက်စက်ရုံမှာ ရန်ရန်နဲ့ ငါ မျိုးဗီဇပြောင်းလဲနေတဲ့ ကြွက်ခြေရာတွေကို တွေ့ခဲ့တယ်...။ အဲဒီခြေရာတွေကို ကြည့်ရသလောက်ဆိုရင် အနည်းဆုံး အကောင်တစ်ရာလောက် ရှိနိုင်တယ်...။”
ထိုသတင်းကြောင့် လူတိုင်း၏ အမူအရာမှာ တည်ကြည်လေးနက်သွားတော့သည်။