← Chapters

အခန်း ၂၅၀

Vol. 25 Ch. 250

အခန်း ၂၅၀

Vol. 25 Ch. 250

အခန်း (၂၅၀)

ပစ္စည်းများ သိမ်းဆည်းခြင်း (၁)

လုံယုသည် သူ၏ မိတ်ဆွေများကို ကြည့်ကာ ပြောလိုက်လေသည်။

"ကျွင်းချန်မြို့နဲ့ ဝေးကွာတဲ့ ရေနံချက်စက်ရုံမှာတောင် မျိုးဗီဇပြောင်းလဲနေတဲ့ ကြွက်တွေ အဲဒီလောက် အများကြီး ရှိနေပြီဆိုရင်...၊ ဒီမြို့ထဲမှာလည်း မျိုးဗီဇပြောင်းလဲနေတဲ့ ကြွက်တွေ ကျူးကျော်ဝင်ရောက် နေပြီဆိုတာ သိပ်ကို ဖြစ်နိုင်ခြေ ရှိတယ်...။”

"မကြာသေးခင်က ရာသီဥတုက တဖြည်းဖြည်း အေးလာတယ်...၊ ဒီနေ့ဆိုရင် အပူချိန်က (၆၂) ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ကျဆင်းသွားပြီ...။ အပူချိန် ထပ်မကျခင်နဲ့ မျိုးဗီဇပြောင်းလဲနေတဲ့ ကြွက်တွေ ပိုပြီး သောင်းကျန်းမလာခင်မှာ ငါတို့ ကျွင်းချန်မြို့ကနေ ထွက်ခွာဖို့ လိုတယ်...။”

ဟွမ်ချန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ပြောလိုက်လေ၏။

"ခေါင်းဆောင်...၊ စီးပွားရေးဇုန်ထဲက စူပါမားကတ်တစ်ခုမှာ ထောက်ပံ့ရေး ပစ္စည်းတွေ အများကြီး ကျန် နေသေးတာကို ကျွန်တော် တွေ့ခဲ့တယ်...။ မနေ့ညက ကျွန်တော် ကားတစ်စီးစာပဲ သယ်နိုင်ခဲ့တာ...။ အဲဒီ မှာ နောက်ထပ် ကားသုံးလေးစီးစာလောက် ကျန်ဦးမယ်လို့ ကျွန်တော် ခန့်မှန်းရတယ်...။”

သူသည် လုံယုကို ကြည့်ကာ ဆက်ပြောလေသည်။

"အာရွှမ်းနဲ့ ကျွန်တော် ဒီနေ့ အဲဒီကို ထပ်သွားပြီး ကျန်တဲ့ ပစ္စည်းတွေကို သယ်ဖို့ စီစဉ်ထားတာလေ...။ ခေါင်းဆောင် ဘယ်လိုထင်လဲ...၊ ကျွန်တော်တို့ သွားသင့်လား မသွားသင့်ဘူးလား...။”

ယောင်ရန်နှင့် လုံယုတို့သည် စက်မှုဇုန်မှ ထောက်ပံ့ရေး ပစ္စည်းများစွာ ရရှိခဲ့သော်လည်း အနာဂတ်မှာ မသေချာလှပေ။ ပစ္စည်းများ ပိုမိုရှိနေခြင်းက သူတို့၏ ရှင်သန်မှုအတွက် အာမခံချက် ပိုရှိစေသော်လည်း မြို့ထဲတွင် မျိုးဗီဇပြောင်းလဲနေသည့် ကြွက်များ ရှိနေမည်ဆိုပါက မြို့လယ်ခေါင်သို့ သွားရောက်ခြင်းမှာ အန္တရာယ် များလှပေသည်။

လုံယု စဉ်းစားနေသည်ကို မြင်သောအခါ ယောင်ရန်က ဝင်ပြောလိုက်လေ၏။

"ငါတို့ သွားယူသင့်တယ်...။ တကယ်လို့ မျိုးဗီဇပြောင်းလဲနေတဲ့ ကြွက်တွေက ကျွင်းချန်မြို့ကို သိမ်း ပိုက်လိုက်ရင် အဲဒီ ပစ္စည်းတွေ အားလုံး ဆုံးရှုံးကုန်လိမ့်မယ်...။ ကြွက်တွေ ဖျက်ဆီးတာကို ထိုင်ကြည့် နေမယ့်အစား အခု အန္တရာယ်ကို ရင်ဆိုင်ပြီး သွားယူတာက ပိုကောင်းမယ်...။”

ကျားရှန်းကလည်း ထောက်ခံလိုက်လေသည်။

"ကျွန်မလည်း ယောင်ရန်ရဲ့ စကားကို သဘောတူတယ်...။ ကျွန်မတို့ ထွက်မသွားခင်မှာ ရှိသမျှ ပစ္စည်း တွေကို တတ်နိုင်သလောက် စုဆောင်းထားသင့်တယ်...။ အခု ငါတို့မှာ ထရပ်ကား သုံးစီးနဲ့ ဘတ်စ်ကား တစ်စီး ရှိနေတာဆိုတော့ ပစ္စည်းတွေ အများကြီး သယ်လို့ရတာပေါ့...။”

"ငါတို့က ကျွင်းချန် စစ်အခြေစိုက်စခန်းကို မသွားဖို့ ဆုံးဖြတ်ထားတာဆိုတော့ အခြေချဖို့ နေရာသစ်တစ် ခု ရှာရဦးမှာလေ...။ အဲဒီနေရာမှာ ပစ္စည်းတွေ ရနိုင်မလားဆိုတာ မသေချာတော့ အပိုဆောင်ထားတာက ပိုပြီး စိတ်ချရတာပေါ့...။”

ဟွမ်ကျိဟွေးက သူမ၏လက်ကို မြှောက်ကာ ပြောလိုက်၏။

"ချီချီနဲ့ ကျွန်မလည်း ကားမောင်းတတ်တယ်လေ...။ ထောက်ပံ့ရေး ပစ္စည်းတွေ ပိုသယ်နိုင်အောင် နောက်ထပ် ထရပ်ကား နှစ်စီး ထပ်ရှာလို့ ရတာပဲ...။”

ရှီရွှမ်းသည် ခဏမျှ တွေးတောပြီးနောက် လုံယုကို ကြည့်ကာ ပြောလိုက်လေသည်။

"ခေါင်းဆောင်...၊ ပစ္စည်းတွေကို သွားယူကြရအောင်...။”

သူတို့ ဆုံးဖြတ်ပြီးသွားသဖြင့် လုံယုက ခေါင်းညိတ်လိုက်လေ၏။

"ကောင်းပြီ...၊ အာရွှမ်း၊ အာချန်နဲ့ ကျားရှန်း...။ မင်းတို့ သုံးယောက် ငါနဲ့အတူ ပစ္စည်းတွေ သွားယူကြ မယ်...။”

"ဟုတ်ကဲ့ပါ ခေါင်းဆောင်...။”

လုံယုသည် ဟွမ်ကျိဟွေးဘက်သို့ လှည့်ကာ မှာလိုက်လေသည်။

"ကျိဟွေး...၊ စီမာမိသားစုနဲ့ ချွမ်မိသားစုကို သွားအကြောင်းကြားလိုက်ပါ...။ သူတို့ ငါတို့နဲ့ လိုက်ချင် တယ်ဆိုရင် ပစ္စည်းတွေ ပြင်ဆင်ထားဖို့ ပြောလိုက်...။ တကယ်လို့ သူတို့ မလိုက်ချင်ဘူးဆိုရင်လည်း အတင်းအကျပ် တိုက်တွန်းနေဖို့ မလိုဘူး...။”

လူတိုင်းသည် မိမိတို့၏ အသက်ရှင်သန်မှုအတွက် မိမိတို့ဘာသာ တာဝန်ယူရမည်ဖြစ်ကြောင်း ဟွမ်ကျိဟွေး နားလည်လိုက်လေသည်။ အဖွားချွမ်ကို နှုတ်ဆက်ရန် တွန့်ဆုတ်နေသော်လည်း သူမက ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်၏။

"ဟုတ်ကဲ့ပါ အစ်ကိုလုံယု...။”

တာဝန်များ ခွဲဝေပြီးနောက် လုံယုက ပြောလိုက်လေသည်။

"နေဝင်ပြီးရင် ပစ္စည်းတွေ သွားယူကြမယ်...။”

အခြားသူများကလည်း ခေါင်းညိတ် သဘောတူခဲ့ကြလေ၏။

အခန်းအမှတ် (၂၀၀၁) မှ ထွက်လာပြီးနောက် ယောင်ရန်နှင့် လုံယုတို့သည် အိမ်သို့ ပြန်လာခဲ့ကြလေ သည်။ သူတို့သည် မနက်စာ အမြန်စားပြီးနောက် အားအင်ပြန်လည် ပြည့်ဝစေရန် အိပ်စက် အနားယူ လိုက်ကြ၏။

သူတို့ အိပ်ပျော်နေစဉ်အတွင်း ဟွမ်ကျိဟွေးသည် ချွမ်မိသားစုနှင့် စီမာမိသားစုကို အသိပေးရန် အောက်ထပ်သို့ ဆင်းလာခဲ့ပြီး အခြားသူများမှာမူ မိမိတို့၏ ပစ္စည်းများကို သိမ်းဆည်းရန် အလုပ်ရှုပ် နေကြလေသည်။

ဟွမ်ကျိဟွေးသည် အခန်းအမှတ် (၁၉၀၂) ၏ တံခါးကို ခေါက်လိုက်ရာ ခေတ္တအကြာတွင် အဖွားချွမ်က တံခါးဖွင့်ပေး၏။

ဟွမ်ကျိဟွေးဖြစ်နေသည်ကို မြင်သောအခါ အဖွားချွမ်က ပြုံးကာ ၊

"ဟွေးဟွေး...၊ ဘာကိစ္စရှိလို့လဲ...၊ တစ်ခုခု လိုအပ်လို့လား...။”

ဟွမ်ကျိဟွေးက ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်လေ၏။

"အဖွားချွမ်...၊ ကျွန်မတို့ နောက်တစ်ရက် နှစ်ရက်အတွင်း ကျွင်းချန်မြို့ကနေ ထွက်ခွာတော့မလို့ လာပြောတာပါ...။”

ထိုသတင်းကြောင့် အဖွားချွမ်မှာ အံ့အားသင့်သွားရလေသည်။ သူမသည် စိတ်ကို တည်ငြိမ်အောင် ထားပြီးမှ မေးလိုက်လေ၏။

"အပြင်မှာ ဒီလောက် ပူနေတာကို...၊ မင်းတို့ ဘယ်ကို သွားကြမလို့လဲ...။”

ဟွမ်ကျိဟွေးသည် အဖွားချွမ်၏ လက်ကို ကိုင်ကာ ရှင်းပြလိုက်လေသည်။

"အဖွားချွမ်...၊ အစ်ကိုလုံယုနဲ့ မမယောင်ရန်က မြို့ထဲမှာ မျိုးဗီဇပြောင်းလဲနေတဲ့ ကြွက်တွေ အမြောက် အမြား ပုန်းအောင်းနေတယ်လို့ ယူဆကြတယ်...။ ရာသီဥတု အေးလာတဲ့အခါ အဲဒီကြွက်တွေက အပြင် ထွက်လာကြလိမ့်မယ်...။ အဲဒီအချိန်ကျရင် ဘယ်သူမှ ဒီမှာ အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး...။”

သူမသည် ခဏမျှ ရပ်နားပြီးနောက် ဆက်ပြောလေသည်။

"အဖွားတို့ မိသားစုနဲ့ အစ်ကိုယွမ်တို့ မိသားစုကို ဒီအကြောင်း တိုင်ပင်ကြည့်ပါဦး...။ အကယ်၍ အဖွားတို့ လိုက်ချင်တယ်ဆိုရင် အခုကတည်းက ပစ္စည်းတွေ စပြီး ပြင်ဆင်ထားသင့်တယ်...။”

"ကျွန်မ အစ်ကိုနဲ့ တခြားလူတွေက ဒီည ပစ္စည်းတွေနဲ့ ကားတွေ ထပ်ရှာဖို့ အပြင်ထွက်ကြလိမ့်မယ်...။ သူတို့ ပြန်ရောက်တာနဲ့ ကျွန်မတို့ ချက်ချင်း ထွက်ကြမှာ...။ တကယ်လို့ အဖွားတို့ မလိုက်ချင်ဘူးဆိုရင် လည်း အချိန်မနှောင်းခင် ကျွင်းချန် စစ်အခြေစိုက်စခန်းဆီကို အမြန်ဆုံး သွားကြပါ...။”

အဖွားချွမ် စဉ်းစားခန်း ဝင်နေသည်ကို မြင်သောအခါ ဟွမ်ကျိဟွေးသည် သူမ၏ ပိန်လှီသော လက်ကလေးများကို အသာအယာ ပုတ်ကာ နှုတ်ဆက်လိုက်လေ၏၊

"အဖွားချွမ်...၊ ကျွန်မလည်း ပစ္စည်းတွေ သိမ်းဖို့ ရှိသေးတာမို့ ပြန်လိုက်ဦးမယ်နော်...။”

အဖွားချွမ်က တွေဝေစွာ ခေါင်းညိတ်ပြလိုက်လေသည်။

"အေး... အေး... ကောင်းပါပြီ...။”

ဟွမ်ကျိဟွေး ထွက်သွားပြီးနောက် အဖွားချွမ်သည် ကြားလိုက်ရသော သတင်းကို စဉ်းစားရင်း တံခါးဝ တွင်ပင် ရပ်နေမိ၏။ သူမ၏ မြေးဖြစ်သူ ချွမ်ယွမ်ဝေ့သည် မည်သူလာသည်ကို ကြည့်ရန် ထွက်လာသော အခါ သူ၏ အဖွားမှာ ငေးငိုင်နေသည်ကို တွေ့လိုက်ရသဖြင့် စိုးရိမ်တကြီး ချဉ်းကပ်သွားလေသည်။

"အဖွား...၊ ခုနက ဘယ်သူ လာသွားတာလဲ...။ ဘာလို့ ဒီမှာ ငေးပြီးရပ်နေတာလဲ...။” ဟု သူက မေးလိုက်၏။

သူ၏ အသံကို ကြားမှ အဖွားချွမ်သည် သတိပြန်ဝင်လာတော့သည်။ သူမသည် သူ၏လက်ကို တင်းကြပ် စွာ ဆုပ်ကိုင်ရင်း စိုးရိမ်တကြီး ပြောလိုက်လေသည်။

"ယွမ်ဝေ့...၊ ခုနက ဟွေးဟွေး လာသွားတာလေ...။ သူတို့ ကျွင်းချန်မြို့ကနေ ထွက်ခွာတော့မယ်တဲ့...။”

ချွမ်ယွမ်ဝေ့သည် ထိုစကားကြောင့် အံ့အားသင့်သွားပြီး အလျင်အမြန် မေးလိုက်၏။

"သူတို့ ဘယ်တော့ ထွက်မှာလဲဆိုတာ ပြောသွားလား...။”

အဖွားချွမ်က စိုးရိမ်သော လေသံဖြင့် ခေါင်းညိတ်ကာ ၊

"ဟွေးဟွေး ပြောတာတော့...၊ သူ့အစ်ကိုနဲ့ တခြားလူတွေ ကားတွေ၊ ပစ္စည်းတွေ ထပ်ရလာတာနဲ့ ချက်ချင်း ထွက်ကြမှာတဲ့...။”

"ငါတို့ လိုက်ချင်တယ်ဆိုရင် အခုကတည်းက ပစ္စည်းတွေ သိမ်းထားဖို့လည်း မှာသွားတယ်...။ တကယ် လို့ မလိုက်ချင်ဘူးဆိုရင်လည်း အချိန်မနှောင်းခင် ကျွင်းချန် စစ်အခြေစိုက်စခန်းကို သွားဖို့ ပြောသွားတာ ပဲ...။”

ချွမ်ယွမ်ဝေ့သည် အဖွား၏ စကားကို နားထောင်ပြီးနောက် အတွေးများ မြန်ဆန်နေလေသည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက မေးလိုက်၏။

"သူတို့ ဘာလို့ ထွက်သွားကြတာလဲဆိုတာကိုရော ဟွေးဟွေးက ရှင်းပြခဲ့လား...။”

"အင်း...၊ ရှင်းပြခဲ့တယ်...။”

အဖွားချွမ်က ပြန်ဖြေလိုက်လေသည်။

All Chapters