အခန်း ၂၄၂
Vol. 25 Ch. 242
အခန်း (၂၄၂) အပူချိန်မြင့် ဖိအားသုံး လက်နက်များပင် သူ့ကို မသတ်နိုင်ပေ
"ဘာ..."
"ဆရာသခင်အဆင့် ရုပ်သေးရုပ်က စကားပြောနေတယ်..."
စံအိမ်သခင်၊ ခေါင်းဆောင်ဟော့နှင့် ရွှေလက်တို့ သုံးယောက်စလုံးမှာ ဆရာသခင်အဆင့် ရုပ်သေးရုပ်ထံမှ ရုတ်တရက် အသံထွက်လာသည်ကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားကြ၏။
ယခုလေးတင် သူတို့သုံးယောက်က ဆရာသခင်အဆင့် ရုပ်သေးရုပ်ကို သက်မဲ့အရာဝတ္ထုတစ်ခုအဖြစ် သဘောထားကာ လုံးဝ ဂရုမစိုက်ခဲ့ကြပေ။
"မင်း ဘာပြောလိုက်တာလဲ အဲ့ဒီရတနာတွေအကုန်လုံးကို မင်း ယူသွားတာလား..."
စံအိမ်သခင်က ချက်ချင်းပင် မေးခွန်းထုတ်လိုက်၏။
"ဒါပေါ့ မင်းတို့ရဲ့ အားထုတ်မှုတွေက အချည်းနှီးဖြစ်သွားပြီဖြစ်လို့ အိမ်ပြန်သင့်ပြီဆိုတာကို မင်းတို့ အားလုံးကို ပြောဖို့အတွက် ဆရာသခင်အဆင့် ရုပ်သေးရုပ်ကို ငါ ချန်ထားခဲ့တာ..."
ဆရာသခင်အဆင့် ရုပ်သေးရုပ်က အေးစက်သော လေသံဖြင့် ထပ်ပြောလိုက်၏။
ဤသည်မှာ ကျောက်လင်က ဤဆရာသခင်အဆင့် ရုပ်သေးရုပ်ကို ချန်ထားခဲ့ရသည့် အကြောင်းရင်းပင် ဖြစ်သည်။ သူ၏ အသိစိတ်က ဆရာသခင်အဆင့် ရုပ်သေးရုပ်ကို အမိန့်ပေးနိုင်သည်။
စံအိမ်သခင်ကို ထွက်သွားရန် ဖြောင်းဖျနိုင်ရန်နှင့် ဒေါသထွက်ကာ ချီလင်အကယ်ဒမီ အမျိုးမျိုးအတွက် ပြဿနာမရှာစေရန် ကြိုးပမ်းသည့်အနေဖြင့် ကျောက်လင်က ဆရာသခင်အဆင့် ရုပ်သေးရုပ်ကို ဤစကားများ ပြောခိုင်းခဲ့ခြင်း ဖြစ်သည်။
"လှည့်ကွက်တွေ သုံးနေတယ်..."
"မင်းက လမ်းမြှောင်ထဲမှာ ပုန်းအောင်းနေပြီး ငါ့ကို စူးစမ်းဖို့ မင်းရဲ့ စိတ်စွမ်းအားကို သုံးနေတယ်ဆိုတာကို ငါ သိပြီးသား..."
"မင်းသာ တကယ် အစွမ်းထက်တယ်ဆိုရင် ငါ့ကို စောစောစီးစီး သတ်လိုက်မှာပေါ့ အဲ့တာကို ဒီလိုဒုက္ခခံပြီး လုပ်နေစရာ ဘာအကြောင်းရှိလို့လဲ..."
"မင်းက ရတနာတွေကို ခိုးသွားတာဖြစ်ပုံရပေမဲ့ ယွီချီတောင်ထွတ်ကနေ အပြင်ကို သယ်မထုတ်ရသေးဘူးပဲ..."
"မင်းက ချီလင်အကယ်ဒမီကြီးဆယ်ခုရဲ့ အဖွဲ့ဝင်တွေကြားထဲမှာ ပုန်းနေရမယ်ဆိုတာကို အခု ငါ နားလည်သွားပြီ မင်း ဘယ်သူလဲဆိုတာကို ငါ မသိပေမဲ့ လူတိုင်းကို ဖမ်းမိတာနဲ့ မင်းရဲ့ အစစ်အမှန် သရုပ်ကို ဖော်ထုတ်ဖို့ ငါ အတင်းအကျပ် လုပ်နိုင်တယ်..."
"မဟာလီမင်းဆက်ရဲ့ ဒီရတနာက ငါ့အတွက်ပဲ ဖြစ်ရမယ်..."
"ငါ့ရတနာကို မင်း ခိုးဝံ့တယ်ဆိုရင် မင်း သေရမယ်..."
စံအိမ်သခင်က လက်ယမ်းကာ ပြတ်သားသော အမူအရာဖြင့် ပြောလိုက်သည်။
ယခုအခါတွင် စံအိမ်သခင်သည် ရတနာခိုးယူသွားသူမှာ သူလောက် အစွမ်းမထက်ကြောင်းကို ပို၍ပင် ယုံကြည်သွားလေရာ ထို့ကြောင့်ပင် သူ့ကို ထွက်သွားရန် ဖျောင်းဖျရန် ဆရာသခင်အဆင့် ရုပ်သေးရုပ်ကို ချန်ထားခဲ့ခြင်းဖြစ်ကြောင်း တွေးလိုက်မိ၏။
ဤသို့ဆိုလျှင် စံအိမ်သခင် ထွက်သွားရန်မှာ ပို၍ပင် မဖြစ်နိုင်တော့ပေ။ သူသည် ကျင့်ကြံသူတစ်ဦးတစ်ယောက်ကိုမျှ အလွတ်ပေးလိုက်မည်ထက် ယွီချီတောင်ထွတ်တွင် ကျန်ရစ်နေသော ကျင့်ကြံသူအားလုံးကို သတ်ပစ်လိုက်လိုသည်။
"မင်းက အဲ့ဒီလို တကယ်ထင်နေတာလား..."
ဆရာသခင်အဆင့် ရုပ်သေးရုပ်က ထပ်မေးလိုက်၏။
"ဟမ့် ငါ့ရတနာတွေကို ဘယ်သူမှ ခိုးယူသွားတာကို ငါ ခွင့်ပြုမှာ မဟုတ်ဘူး..."
စံအိမ်သခင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ထိုခဏ၌ပင် စံအိမ်သခင်က သူ၏ ညာဘက်လက်ဖြင့် ရိုက်ချလိုက်၏။
မလှမ်းမကမ်းတွင် ရပ်နေသော ရွှေလက်သည် ထွက်မပြေးနိုင်မီမှာပင် ဝိညာဉ်စွမ်းအင် လက်ဝါးရာက သူ့ကို ရိုက်ခတ်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားလေသည်။
စံအိမ်သခင်သည် ကျင့်ကြံသူအားလုံးကို ရှင်းလင်းတော့မည်ကို သိလိုက်ရသဖြင့် ခေါင်းဆောင်ဟော့မှာ လန့်ဖြန့်သွား၏။
ထို့ကြောင့် ခေါင်းဆောင်ဟော့သည် ရုတ်တရက် ခုန်တက်ကာ ဂူ၏ အနက်ရှိုင်းဆုံးနေရာသို့ ပျံသန်းသွားလေသည်။
"မင်း လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား..."
ရတနာလမ်းကြောင်းထဲသို့ ဝင်ရောက်လာကတည်းက သူကြုံတွေ့ခဲ့ရသော အတားအဆီးများနှင့် အခက်အခဲများအားလုံးကို တွေးတောမိရင်း စံအိမ်သခင်သည် ခေါင်းဆောင်ဟော့ကို အသက်ရှင်လျက် လွှတ်ပေးရန် သည်းမခံနိုင်တော့ပေ။
ထိုအခိုက်တွင် ဆရာသခင်အဆင့် ရုပ်သေးရုပ်က လှုပ်ရှားသွား၏။
ဝှစ်…
ဆရာသခင်အဆင့် ရုပ်သေးရုပ်မှာလည်း မယုံနိုင်လောက်အောင် မြန်ဆန်လှပြီး စံအိမ်သခင်၏ ရှေ့တွင် တစ်ခဏအတွင်း ပေါ်လာလေသည်။
သူ၏ လက်ထဲရှိ အသူရာဓားရှည်၏ ဓားထိပ်ဖျားမှာ စံအိမ်သခင်၏ မျက်နှာဆီသို့ ချိန်ရွယ်ထားသည်။
"ပဉ္စမအဆင့် ဆရာသခင် ရုပ်သေးရုပ်လေးက ငါ့အတွက် ဘာခြိမ်းခြောက်မှုမှ မဖြစ်စေဘူး..."
စံအိမ်သခင်က တည်ငြိမ်စွာ ပြောလိုက်၏။
ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်ကို မလှုပ်ရှားဘဲ စံအိမ်သခင်သည် ဆရာသခင်အဆင့် ရုပ်သေးရုပ်၏ ဓားထိပ်ဖျားကို သူ၏ ညာဘက်လက်ချောင်းများဖြင့် ညှစ်ကာ နှစ်ပိုင်းကျိုးသွားစေလိုက်သည်။
ဓားထိပ်ဖျားမှာ ချက်ချင်းပင် ကျိုးပဲ့သွား၏။
ပေါင်းစည်းခြင်းနယ်ပယ်ရှိ ကျင့်ကြံသူတစ်ဦးသည် သူတို့၏ အသိစိတ်အား ကောင်းကင်နှင့် မြေကြီးတို့နှင့် သဟဇာတဖြစ်အောင် ပေါင်းစပ်ထားပြီး ကောင်းကင်နှင့် မြေကြီး၏ လည်ပတ်မှုကို အုပ်ချုပ်သည့် ဥပဒေဿများကို စတင်နားလည်လာသည်။ သူတို့၏ ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်သောအခါ ၎င်းတွင် ကောင်းကင်နှင့် မြေကြီး၏ ဆန္ဒများ ပါဝင်နေသည်။
ယခုလေးတင် ဓားထိပ်ဖျားကို ချိုးဖျက်လိုက်သော စံအိမ်သခင်၏ လက်ချောင်းများရှိ စွမ်းအားတွင် ကောင်းကင်နှင့် မြေကြီး၏ ဆန္ဒများ ပါဝင်နေပြီး ကောင်းကင်နှင့် မြေကြီးက ၎င်းအပေါ်သို့ ကြီးမားသော အင်အားတစ်ခုကို ပေးအပ်ထားသကဲ့သို့ဖြစ်နေကာ ဆဋ္ဌမအဆင့် ပစ္စည်းဖြင့် ပြုလုပ်ထားသော အသူရာဓားရှည်၏ ထိပ်ဖျားမှာ ညှိုးနွမ်းနေသော သစ်ကိုင်းတစ်ကိုင်းကဲ့သို့ ကျိုးပဲ့သွားစေသည်။
စံအိမ်သခင်၏ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ပြီးနောက် ခေါင်းဆောင်ဟော့က အံကြိတ်ကာ သူ၏ အိတ်ကပ်ထဲမှ အဆောင်တစ်ခုကို ထုတ်ယူလိုက်၏။
"အိမ်ရှေ့စံမင်းသားက နိုင်ငံတော်တံဆိပ်တုံးကို ရရချင်း အဝေးကို ပြောင်းရွှေ့နိုင်ဖို့အတွက် ဒီတည်နေရာပြောင်းရွှေ့ခြင်းအဆောင်ကို ငါ့ကို ပေးခဲ့တာ..."
"အခု ရတနာသိုက်ထဲက ရတနာတွေ အားလုံး ပျောက်ကွယ်သွားပြီဆိုတော့ ငါ ဒီမှာ ဆက်နေရင် စံအိမ်သခင်ရဲ့ သတ်တာကို သေချာပေါက် ခံရမှာပဲ..."
"လွတ်မြောက်ဖို့ တစ်ခုတည်းသော နည်းလမ်းက တည်နေရာပြောင်းရွှေ့ခြင်းအဆောင်ကိုသုံးဖို့ပဲ..."
ခေါင်းဆောင်ဟော့က လက်ရှိအခြေအနေကို သိရှိထားသည်။ စံအိမ်သခင် အနိုင်ရသည်ဖြစ်စေ ဆရာသခင်အဆင့် ရုပ်သေးရုပ် အနိုင်ရသည်ဖြစ်စေ မည်သူကမျှ သူ့ကို အလွတ်ပေးမည် မဟုတ်ပေ။
နှစ်ဖက်စလုံး သူတို့ကိစ္စနှင့်သူ အလုပ်များနေသည့် အချိန်ကို အခွင့်ကောင်းယူကာ ခေါင်းဆောင်ဟော့သည် သူ၏ ဝိညာဉ်စွမ်းအားကို တည်နေရာပြောင်းရွှေ့ခြင်းအဆောင်ထဲသို့ ပို့လွှတ်လိုက်၏။ ချက်ချင်းပင် အဆောင်မှာ ပေါက်ကွဲသွားပြီး မျက်စိဖြင့်မမြင်နိုင်သော အာကာသစွမ်းအားတစ်ခုက ခေါင်းဆောင်ဟော့ကို ရစ်ပတ်သွားကာ ချက်ချင်း ပျောက်ကွယ်သွားစေသည်။
"ခွေးကောင်..."
ခေါင်းဆောင်ဟော့ လွတ်မြောက်သွားသည်ကို မြင်လိုက်ရသောအခါ စံအိမ်သခင်သည် ရူးသွပ်မတတ် ဒေါသထွက်သွားလေသည်။
ထိုခဏ၌ပင် စံအိမ်သခင်သည် သူ၏ လက်နှစ်ဖက်စလုံးဖြင့် ရူးသွပ်စွာ ရိုက်ချလိုက်ရာ ဝိညာဉ်စွမ်းအင် လက်ဝါးရာများမှာ ကောင်းကင်ကို ဖုံးကွယ်ထားသော လက်ဝါးကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး ပြင်းထန်စွာ ဖိချလိုက်၏။
ဆရာသခင်အဆင့် ရုပ်သေးရုပ်မှာ အစိတ်အပိုင်းတစ်ခုစီက ကြီးမားလှသော ဖိအားကို ခံနိုင်ရည်ရှိစွာဖြင့် အခက်အခဲကြီးစွာ ခုခံနေရသည်။
ကျောက်လင်၏ အသိစိတ်မှာ ဆရာသခင်အဆင့် ရုပ်သေးရုပ်နှင့် ဆက်သွယ်ထားသဖြင့် ဆရာသခင်အဆင့် ရုပ်သေးရုပ်မှာ အချိန်ကြာကြာ တောင့်ခံထားနိုင်မည် မဟုတ်ကြောင်းကို သူ သဘာဝကျကျပင် သိထားသည်။
"ဒါဆိုရင် အပူချိန်မြင့် ဖိအားသုံး လက်နက်ကို အသက်သွင်းလိုက်ကြစို့..."
လမ်းမြှောင်ထဲတွင် ပုန်းအောင်းနေသော ကျောက်လင်က တိုးညှင်းသော အသံဖြင့် ပြောလိုက်၏။
ချက်ချင်းပင် ကျောက်လင်က သူ၏ လက်ထဲရှိ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။
ထိုခဏ၌ပင် ကျောက်လင်၏ ခန္ဓာကိုယ်မှာ လမ်းမြှောင်တစ်လျှောက် အလျင်အမြန် ပျံသန်းသွားပြီး တစ်ခဏအတွင်း မီတာ ရာပေါင်းများစွာ အကွာအဝေးသို့ ရောက်ရှိသွား၏။
ဂူထဲတွင်တော့ စံအိမ်သခင်၏ အစွမ်းထက်လှသော ဝိညာဉ်စွမ်းအင်က ဆရာသခင်အဆင့် ရုပ်သေးရုပ်ကို ဖိခြေလိုက်ရာ ၎င်း၏ အစိတ်အပိုင်းအားလုံးမှာ မြေမှုန့်အဖြစ်သို့ ကွဲကြေသွားလေသည်။
ဝိညာဉ်သလင်းကျောက်သာလျှင် အကောင်းအတိုင်း ကျန်ရစ်ခဲ့သည်။
"ဝိညာဉ်သလင်းကျောက်တွေက အရမ်းကို ရှားပါးတာမလို့ အဲ့တာတွေကို ငါ ယူရမယ်..."
စံအိမ်သခင်က ဝိညာဉ်သလင်းကျောက်ကို ကောက်ယူလိုက်သည့် အချိန်မှာပင် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို သူ၏ စိတ်စွမ်းအားက ခံစားလိုက်ရ၏။
“ဘုန်း…”
ဂူပတ်လည်တွင် မြှုပ်နှံထားသော အပူချိန်မြင့် ဖိအားသုံး ဗုံးဆယ်လုံး တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားလေသည်။
တစ်ခဏအတွင်း ဂူတစ်ခုလုံး မီးတောက်များထဲသို့ နစ်မြုပ်သွား၏။ ကျည်ဆန်ထဲရှိ စွမ်းအင်မြင့် လောင်စာများမှာ ဓာတ်ငွေ့တိမ်တိုက်တစ်ခုအဖြစ်သို့ ပျံ့နှံ့သွားပြီး ဒုတိယအကြိမ် ပေါက်ကွဲပြီးနောက် ပြင်းထန်သော တုံ့ပြန်မှုတစ်ခုကို ဖြစ်ပေါ်စေကာ ကြီးမားလှသော အပူပမာဏကို ထုတ်လွှတ်လိုက်သည်။
ဂူအတွင်းရှိ အပူချိန်မှာ ဒီဂရီထောင်ပေါင်းများစွာအထိ မြင့်တက်သွားလေသည်။
ဤအပူဒဏ်ကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးများက ဂူတစ်ခုလုံးကို ပြိုကျသွားစေပြီး တောင်ထွတ်ငါးခုမှာ ငလျင်လှုပ်ခတ်သကဲ့သို့ ဖြစ်သွားကာ တောင်တန်းတစ်ခုလုံး လှုပ်ခါတုန်ယင်သွားပြီး မရေမတွက်နိုင်သော မြေပြိုမှုများကို ဖြစ်ပေါ်စေသည်။
"ဘာဖြစ်သွားတာလဲ..."
အပူချိန်မြင့် ဖိအားသုံး ဗုံး ပေါက်ကွဲသွားသောအခါ စံအိမ်သခင်သည် သူ၏ ခန္ဓာကိုယ်တစ်လျှောက် အေးစက်သွားသည်ကို ခံစားလိုက်ရပြီး ဤစွမ်းအား၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို နားလည်လိုက်၏။
ပေါင်းစည်းခြင်းနယ်ပယ်ရှိ လူတစ်ယောက်အတွက်ပင် ပိတ်လှောင်နေသော ဂူတစ်ခုထဲတွင် အပူချိန်မြင့် ဖိအားသုံး ပေါက်ကွဲမှုစွမ်းအား ဆယ်ခု ရုတ်တရက် ပေါ်ထွက်လာခြင်းနှင့် အရာဝတ္ထုအားလုံးကို အရည်ပျော်သွားစေနိုင်သော ကြောက်မက်ဖွယ် အပူချိန်ကို ခုခံရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။
ကျောက်လင်သည် လမ်းမြှောင်ထဲတွင် ပုန်းအောင်းနေခဲ့သော်လည်း တောင်၏ တုန်ခါမှုများကြောင့် ကျောက်သားအလွှာများကို အက်ကွဲသွားစေပြီး ပြုတ်ကျလာသော ကျောက်တုံးများက လမ်းမြှောင်ကို ပိတ်ဆို့သွားစေသည်။
သို့သော်လည်း ကျောက်လင်မှာ ထိုကြောက်မက်ဖွယ်ကောင်းသော အပူချိန်ကြောင့် ထိခိုက်မှုမရှိခဲ့ပေ။
ကျောက်လင်အတွက်တော့ လမ်းမြှောင် ပိတ်ဆို့သွားခြင်းက မည်သို့သော အကျိုးသက်ရောက်မှုကိုမျှ မဖြစ်စေခဲ့ပေ။
ကျောက်လင်သည် ချက်ချင်းပင် ကျောက်နံရံကို ထိလိုက်ပြီး လမ်းမြှောင်အသစ်တစ်ခုကို စတင်တူးဖော်လိုက်ရာ မကြာမီ တောင်စောင်းသို့ ရောက်ရှိသွား၏။
"စံအိမ်သခင်က ပေါက်ကွဲမှုထဲမှာ သေသွားပြီလား မသိဘူး..."
ကျောက်လင်က တီးတိုးရေရွတ်လိုက်သည်။
ပေါက်ကွဲမှုမှ လှိုင်းလုံးများဖြစ်စေ ကြောက်မက်ဖွယ် အပူချိန်ကြောင့်ဖြစ်စေ စံအိမ်သခင် သေဆုံးသွားပြီဖြစ်ကြောင်း ကျောက်လင် သေချာပေါက် ယုံကြည်ထား၏။
"မင်းက ငါ့ကို သတ်ချင်နေတာလား အဝေးကြီး လိုသေးတယ်..."
ရုတ်တရက် ခန္ဓာကိုယ်တစ်ခုက တောင်ပေါ်မှ အမြောက်ဆံတစ်ခုကဲ့သို့ ထွက်ပေါ်လာပြီး လေထဲတွင် ရပ်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ကျောက်လင်က ကောင်းကင်ကို မော့ကြည့်လိုက်၏။ စံအိမ်သခင်မှာ အပိုင်းပိုင်းအစစ ပေါက်ကွဲခံထားရပြီး မျက်နှာမှာလည်း ပျက်စီးနေသော်လည်း အသက်ရှင်နေဆဲ ဖြစ်သည်။
“သူ ဘယ်လိုလုပ် အသက်ရှင်နေရတာလဲ”
ကျောက်လင်မှာ အနည်းငယ် မှင်တက်သွားပြီး ထိုမျှကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးမှုစွမ်းအားမှ စံအိမ်သခင် မည်သို့ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်းကို နားမလည်နိုင်ဖြစ်နေ၏။
"မင်းပဲ..."
"မင်း ငါ့ကို ခြုံခိုတိုက်ခိုက်ခဲ့တာပဲဖြစ်ရမယ်..."
"မင်း ရတနာတွေကို ယူသွားတာပဲ ဖြစ်ရမယ်..."
လေထဲတွင် ရှိနေသော စံအိမ်သခင်သည် ကျောက်လင်၏ ပုံရိပ်ကို ချက်ချင်းပင် လော့ခ်ချလိုက်သည်။
"မင်း ဘယ်လို အသက်ရှင်နေတာလဲ..."
ကျောက်လင်က သိချင်စိတ်ဖြင့် မေးလိုက်၏။
"ငါ့ဆီမှာ ရန်သူတွေရဲ့ ခြုံခိုတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့အတွက် မူလက ရည်ရွယ်ထားတဲ့ ဝိညာဉ်စွမ်းအင်အကာအကွယ်ရှိတယ် ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အဲ့တာကို သံအိုးတစ်လုံးလို သုံးခဲ့ရတယ် ဝိညာဉ်စွမ်းအင်အကာအကွယ်အောက်မှာ ငါ့ခန္ဓာကိုယ်ကို ဖုံးကွယ်ထားလို့ ငါ အသက်ရှင်နိုင်ခဲ့တာ..."
"မင်းက ငါ့ကို လျှို့ဝှက်ကြံစည်ရဲတဲ့အတွက် ဒီနေ့ မင်း သေရမယ်..."
ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော စံအိမ်သခင်မှာ အတော်လေး ကြောက်မက်ဖွယ်ကောင်းနေ၏။ သူက ပြင်းထန်သော စကားတစ်ခွန်းကို ပြောလိုက်ပြီး ကျောက်လင်ကို သတ်ရန် ချက်ချင်းပင် ထိုးဆင်းလာလေသည်။