အခန်း ၃၈
Vol. 4 Ch. 38
အခန်း (၃၈)
အိမ်သစ်တက်ပွဲ၊ လှပသော အမျိုးသမီးများ၏ ဝန်ဆောင်မှုနှင့် ဧကရာဇ်တစ်ပါးကဲ့သို့ စံစားခြင်း။
တစ်လခန့် ကြာမြင့်ပြီးနောက်တွင် အိမ်သစ်ကြီးမှာ ပြီးစီးသွားခဲ့လေသည်။
လျိုရှီးရွာ၏ သမိုင်းတစ်လျှောက်တွင် အခမ်းနားဆုံးဖြစ်သည့် ဤအိမ်ကြီးမှာ နောက်ဆုံး၌ အချောသတ်နိုင် ခဲ့ချေပြီဖြစ်လေ၏။
အပြာရောင်အုတ်များဖြင့် တည်ဆောက်ထားသော မြင့်မားသည့် နံရံများက နေရာအကျယ်အဝန်းတစ်ခုကို ဝန်းရံ ထားပြီး အရှေ့ဘက်တွင်မူ လေးလံသော အနက်ရောင် သစ်သားတံခါးကြီး နှစ်ခုကို တပ်ဆင်ထားလေသည်။
တံခါးဝတွင်မူ ဖန်းဟန်၏ အထူးမှာယူချက်အတိုင်း ကျောက်ထွင်းပညာရှင်တစ်ဦး ထုဆစ်ထားသည့် ကျောက် ခြင်္သေ့ရုပ် နှစ်ခုကို ထားရှိထားရာ အလွန်ပင် ခန့်ညားထည်ဝါလှပေသည်။
အိမ်ဝင်းအတွင်းတွင်မူ အိမ်မကြီးနှင့် အခြားအဆောက်အအုံငယ်များမှာ စနစ်တကျ အစီအရီ တည်ရှိနေပြီး နေရောင်အောက်တွင် တောက်ပနေသော အုတ်ကြွပ်ပြာသစ်များ၊ ကော့တက်နေသည့် တံစက်မြိတ်များမှာ မယုံနိုင်စရာကောင်းလောက်အောင်ပင် ခမ်းနားထည်ဝါလှပေသည်။
ဤနေ့တွင် အိမ်သစ်တက်ပွဲအတွက် ဖန်းဟန်သည် အိမ်တံခါးများကို ဖွင့်လှစ်ကာ တစ်ရွာလုံးကို ဧည့်ခံကျွေးမွေး ခဲ့လေသည်။
အိမ်ဝင်းအတွင်းတွင်မူ တံခါးဝမှသည် အိမ်မကြီး၏ လှေကားထစ်များအထိ စားပွဲဝိုင်း (၁၀) ဝိုင်း ခန့်ကို စီတန်း ၍ခင်းကျင်းထားလေသည်။
အိမ်ဆောက်ရာတွင် ကူညီပေးခဲ့သော လက်သမားများ၊ လုပ်အားပေးခဲ့ကြသည့် ရွာသားများအားလုံး၊ ရွာသူကြီး ကျောက်ထျဲ့ရှန်းပါမကျန် ဖိတ်ကြားထားခြင်း ဖြစ်သည်။
ခရိုင်မြို့မှ ဝယ်ယူလာသော သံအိုးကြီးအချို့ကို ဝင်းအလယ်တွင် တင်ထားပြီး အောက်မှ ထင်းမီးများကို အားရပါးရ မွှေးထားလေသည်။
အိုးအတွင်းတွင်မူ နို့နှစ်ရောင်ဟင်းရည်များ ပွက်ပွက်ဆူနေပြီး ကျားအရိုးတုံးကြီးများမှာ အပေါ်သို့ ပေါလောပေါ် နေခဲ့လေသည်။ ဟင်းခတ်အမွှေးအကြိုင်မျိုးစုံနှင့် ရောစပ်ထားသည့် ထူးခြားသော အသားဟင်းနံ့များမှာ လျိုရှီး ရွာ တစ်ရွာလုံးကို လွှမ်းခြုံထားတော့သည်။
အခြားအိုးတစ်လုံးထဲတွင်မူ အကောင်းဆုံး ဝက်သားသုံးထပ်သားဖြင့် ချက်ပြုတ်ထားသော ဝက်သားနှပ်များ ရှိနေ၏။ ၎င်းတို့ကို အတုံးကြီးကြီးများ တုံးထားပြီး ပဲငံပြာရည်၊ သကြားတို့ဖြင့် အရောင်တင်ချက်ပြုတ်ထားရာ အရောင်မှာ နီရဲတောက်ပြောင်နေပြီး စားချင်စဖွယ် ဖြစ်နေတော့သည်။
အားလုံးထက် ပိုမိုဆွဲဆောင်နေသည်မှာ စားပွဲပေါ်တွင် ပုံထားသော ရေနွေးငွေ့တလူလူ ထနေသည့် ဖြူဖွေး နေသောထမင်းပန်းကန်များပင် ဖြစ်သည်။
ဆန်လုံးများမှာ ကြည်လင်တောက်ပပြီး အဆီပြန်နေကာ ထမင်းနံ့သင်းသင်းလေးကပင် လူတို့၏ တံတွေးကို စီးကျလာစေသည်။
“စားကြစို့...။”
ဖန်းဟန်၏ စကားသံအဆုံးတွင် အိမ်ဝင်းတစ်ခုလုံး ပျော်ရွှင်မှုများဖြင့် ဆူညံသွားတော့သည်။
“ဘုရားရေ...၊ ငါ့တစ်သက်မှာ ဒီလောက်အသားအများကြီး တစ်ခါမှ မမြင်ဖူးဘူး...။”
“ဒီဟင်းရည်က အရမ်းကောင်းတာပဲ၊ လျှာတောင် မြိုမိတော့မလို့ပဲ...၊ ဒါ ကျားအရိုးဟင်းရည်ပါလား...။”
အမျိုးသားများသည် အားနာခြင်းမရှိတော့ဘဲ ဇလုံကြီးများဖြင့် ဟင်းရည်ပူပူကို ခပ်ယူကာ အားရပါးရ သောက်သုံးနေကြလေသည်။
ထို့နောက် ဝက်သားနှပ်တုံးများကို ထမင်းပေါ်တင်ပြီး ထမင်းကြီးများကို အားရပါးရ သုံးဆောင်နေကြ၏။ လေထဲ တွင် ပျံ့လွင့်နေသည့် အသားဟင်းနံ့များမှာ လျိုရှီးရွာ၏ ထောင့်စေ့တိုင်းသို့ ရောက်ရှိသွားသည်။
မဖိတ်ကြားရသေးသည့် ရွာသားအချို့မှာမူ သူတို့၏ ဇလုံထဲတွင်ပါသည့် ဆန်နည်းနည်း ဟင်းရွက်ပြုတ်ရည်ကို သာ ကိုင်ထားရင်း အိမ်တံခါးဝမှတစ်ဆင့် ဖန်းဟန်၏ အိမ်ဝင်းအတွင်းကို ချောင်းကြည့်နေကြလေသည်။
ဟင်းနံ့မွှေးမွှေးကို ရှူရှိုက်ရင်း သူတို့ဇလုံထဲမှ အစာကို ပြန်ကြည့်လိုက်သောအခါ မနာလိုမှုများဖြင့် မျက်လုံးများ နီရဲလာကြလေသည်။
ရွာ၏ အရှေ့ဘက်တွင်မူ ရန်ဟုန်မေက သူမ၏ ပျက်စီးနေသော တံခါးနောက်တွင် ပုန်းကွယ်နေခဲ့လေသည်။
ဖန်းဟန်တို့အိမ်တွင် စားသောက်နေကြသည့် ပျော်ရွှင်နေသော ပုံရိပ်များကို သူမ စူးစိုက်ကြည့်နေမိ၏။ အသား စားပြီး အရက်သောက်ထားသဖြင့် နီရဲနေသည့် ထိုမျက်နှာများမှာ သူမအတွက်တော့ အလွန်ပင် စိတ်အနှောင့် အယှက် ဖြစ်စေခဲ့ပေသည်။
သူမသည် သူမ၏ အိုးထဲတွင်ရှိသော ဟင်းရွက်ပြုတ်ရည်ကို ကြည့်လိုက်ရာ မနာလိုမှုများကြောင့် သွားများပင် ကျိန်းစပ်လာသည်။
*ဘာကြောင့်လဲ...၊ အဖေမဲ့ အမေမဲ့ ဖန်းဟန်ကပဲ ဘာကြောင့် ဒီလောက် အဆင်ပြေနေရတာလဲ…။*
*သူက ဘယ်လိုလုပ်ပြီး ဒီလောက်ကြီးတဲ့ အိမ်မျိုးကို ဆောက်နိုင်ရတာလဲ။ ဘာကြောင့်များ အသားတွေကို စားနိုင်ရတာလဲ…။*
သူမ ပိုတွေးလေ ပိုဒေါသထွက်လေ ဖြစ်သော်လည်း ဖန်းဟန်ကိုမူ ဘာမှလုပ်နိုင်စွမ်း မရှိချေ။
*စိတ်ပျက်စရာကောင်းလိုက်တာ…။*
စားသောက်ပွဲတွင် နျူအာနှင့် ဖခင် နျူမန်ထျန်းတို့မှာ ဖန်းဟန်၏ အနီးဆုံး စားပွဲတွင် ထိုင်နေကြသည်။ သားအဖ နှစ်ယောက်မှာ အသားနှင့် ထမင်းများဖြင့် ပြည့်နေသည့် ဇလုံကို ကိုင်ထားရင်း လက်များပင် တုန်ရီနေကြ၏။
နျူမန်ထျန်းသည် ပန်းကန်လုံးအပြည့်ပုံထားသည့် ဝက်သားနှပ်ကို ကြည့်ရင်း သူ၏ မျက်ဝန်းအိုများ ရီဝေလာခဲ့ သည်။ သူ့တစ်သက်လုံး နှစ်သစ်ကူးနေ့မှာပင် ဤမျှလောက်ကောင်းကောင်း မစားခဲ့ဖူးချေ။
နျူအာမှာ ပျော်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီရဲနေပြီး ဖန်းဟန်ထံသို့ အရက်ဇလုံကို ကိုင်ကာ လျှောက်သွားပြီး ဒူးထောက်လိုက်လေသည်။
“သခင်လေးဖန်း...။”
သူ၏ အသံမှာ ဝမ်းနည်းစိတ်လှုပ်ရှားမှုတို့ဖြင့် တုန်ရီနေ၏။
“ကျွန်တော်တို့ သားအဖ ဒီလောက်ကောင်းတဲ့ဘဝကို တစ်ခါမှ မနေဖူးပါဘူး...။ သခင်လေးက ကျွန်တော်တို့ အတွက်တော့ မိဘသဖွယ်ပါပဲ...။”
ထိုသို့ပြောပြီးနောက် သူသည် ခေါင်းကို မြေပြင်ပေါ်သို့ အားရပါးရ ဆောင့်ချလိုက်လေသည်။
“ထပါ...။”
ဖန်းဟန်၏ အသံမှာ တည်ငြိမ်သော်လည်း လေးနက်သည့် အရှိန်အဝါ ပါဝင်နေ၏။ သူသည် နျူအာကို ပြန်ထူ ပေးလိုက်ပြီး ၊
“ဒီနေ့က အိမ်သစ်တက်ပွဲလေ၊ အားလုံး ဝအောင်စား၊ ဝအောင်သောက်ကြပါ...။ ဦးလေးနျူ၊ အသားတွေ အများကြီးစားပြီး ကျန်းမာရေး ဂရုစိုက်ပါ...။”
သူ၏ စကားများကြောင့် နျူမန်ထျန်းသားအဖမှာ မျက်ရည်ကျပြီး ကျေးဇူးတင်စကားပင် မပြောနိုင်တော့ချေ။
စားသောက်ပွဲမှာ နေဝင်ချိန်အထိပင် ဆက်လက် တည်ရှိနေ၏။ အားလုံး စားသောက်ပြီးစီးသွားသည့်အခါ ဖန်းဟန်က သစ်သားသေတ္တာတစ်လုံးကို ယူလာစေသည်။
“ရွာသားအပေါင်းတို့၊ ညီအစ်ကိုများတို့...။”
ဖန်းဟန်သည် မတ်တပ်ရပ်လိုက်ပြီး အသံကို ကြည်လင်စွာ ထွက်ပေါ်စေလိုက်သည်။
“ဒီတစ်လလုံး အပင်ပန်းခံပြီး ကူညီပေးကြလို့ ကျေးဇူးတင်ပါတယ်။ အိမ်ကို အလွန်ပင် စိတ်တိုင်းကျအောင် ဆောက်လုပ်ပေးနိုင်ခဲ့ကြပါတယ်...။”
သူသည် ခဏရပ်လိုက်ပြီး စားသောက်ထားသဖြင့် ပျော်ရွှင်နေကြသော ရွာသားများ၏ မျက်နှာကို ဝေ့ဝဲကြည့် လိုက်လေသည်။
“သဘောတူထားတဲ့ လုပ်အားခတွေကို အပြည့်ပေးပါမယ်။ နောက်ပြီး ကျွန်တော်က ပျော်ရွှင်တဲ့သူတစ်ယောက် မို့လို့ လုပ်အားခတွေကို နှစ်ဆ ပေးလိုက်ပါမယ်...။”
“ဗုန်း...။”
သူ၏ စကားသံမှာ တိတ်ဆိတ်နေသော ရေကန်ထဲသို့ ကျောက်တုံးကြီးတစ်ခု ပစ်ချလိုက်သကဲ့သို့ အိမ်ဝင်းတစ်ခု လုံး ဆူညံသွားတော့သည်။
“ဟင်...၊ နှစ်ဆ...၊ နှစ်ဆ ဟုတ်လား...။”
“ငါ နားကြားမှားတာလား...။ သခင်လေးဖန်းက လုပ်အားခကို နှစ်ဆ ပေးမယ်တဲ့...။”
လုပ်သားများအားလုံး မယုံကြည်နိုင်စွာဖြင့် မတ်တပ်ရပ်လိုက်ကြသည်။
သူတို့ အံ့သြမှုမပြေပျောက်မီမှာပင် ဖန်းဟန်က လက်ခုပ်တီးလိုက်ရာ ပိုင်ကျီရိုနှင့် လျူရူမေတို့က ဗန်းကြီးနှစ်ခုကို ကိုင်ဆောင်ပြီး ထွက်လာကြသည်။
ဗန်းပေါ်တွင်မူ ကြိုတင်ပြင်ဆင်ထားသည့် စည်းနှောင်ထားသည့် ကြေးပြားများမှာ လေးလံစွာ ရှိနေကြသည်။
“ဒါတင်မကသေးဘူး...။”
ဖန်းဟန်သည် ထောင့်တွင် ပုံထားသော ကျားသားတောင်ကြီးကို လက်ညှိုးထိုးလိုက်ပြီး ပြောလိုက်လေသည်။
“တစ်ယောက်ကို ကျားသားဆယ်ကျင်းစီ ယူသွားကြပါ...။”
အားလုံးမှာ ရူးမတတ် ပျော်ရွှင်သွားကြတော့သည်။
သူတို့သည် လေးလံသော ကြေးပြားများနှင့် တန်ဖိုးကြီးလှသည့် ကျားသားများကို ကြည့်ရင်း စိတ်လှုပ်ရှားမှု ကြောင့် တစ်ကိုယ်လုံး တုန်ရီနေကြပြီး မျက်ရည်များပင် ကျလာကြသည်။
“သခင်လေးဖန်း၊ သခင်လေးက ကျွန်တော့်အတွက်တော့ ကျေးဇူးရှင်ကြီးပါ...။”
“သခင်လေးကို အသက်နဲ့ရင်းပြီး ဝတ်ပြုပါ့မယ်...။”
ယောက်ျားသားများအားလုံးသည် ဖန်းဟန်၏ ရှေ့မှောက်တွင် ဒူးထောက်လိုက်ကြပြီး နတ်ဘုရားတစ်ပါးကို ဝတ်ပြုသကဲ့သို့ ဂါရဝပြုလိုက်ကြသည်။
...
ညဉ့်နက်၍ ဆူညံသံများ ငြိမ်သက်သွားလေပြီ။
အုတ်နှင့် အမိုးပြားများဖြင့် တည်ဆောက်ထားသည့် အိမ်သစ်ကြီးအတွင်းတွင် ဖယောင်းတိုင်မီးများက နေ့ခင်းကဲ့ သို့ပင် လင်းထိန်နေလျက်ရှိပေသည်။
ပိုင်ကျီရို၊ ပိုင်ရွှီကျန်းနှင့် လျူရူမေတို့သည် သန့်ရှင်းသော အဝတ်အစားများဖြင့် ဤအိမ်သစ်တွင် ရပ်နေရင်း အိပ်မက်တစ်ခုအတွင်း ရောက်နေသကဲ့သို့ ခံစားနေကြရသည်။
ချောမွေ့သော ကျောက်ပြားခင်းများ၊ တည်ငြိမ်ခိုင်မာသော သစ်သားစားပွဲ၊ ထိုင်ခုံများ၊ အိပ်ရာကြီးများမှာ သူတို့ကို မယုံနိုင်စရာကောင်းလောက်အောင် ခံစားစေသည်။
“အစ်မ၊ ကျွန်မတို့...၊ ကျွန်မတို့ ဒီမှာပဲ နေရမှာလား...။”
ပိုင်ရွှီကျန်းသည် စားပွဲ၏ ချောမွေ့သော အစွန်းကို ကိုင်တွယ်ရင်း မေးမြန်းလိုက်သည်။
“ဟုတ်တယ်...။”
ပိုင်ကျီရိုသည် မျက်ရည်စများဖြင့် ခေါင်းညိတ်လိုက်သည်။
“ဒါက ကျွန်မတို့ရဲ့ ခင်ပွန်းပေးတဲ့ အိမ်ပါ...။”
လျူရူမေသည် ဘာမျှမပြောဘဲ ပတ်ဝန်းကျင်ကိုသာ ကြည့်ရင်း သူမ၏ မျက်ဝန်းများတွင် နူးညံ့မှုနှင့် ကျေနပ်မှု များ ပြည့်နှက်နေခဲ့လေသည်။
ဖန်းဟန်သည် ဝယ်ထားသော ကုလားထိုင်တွင် ထိုင်နေရင်း အမျိုးသမီးသုံးဦးကို ကြည့်ကာ ကျေနပ်နေမိသည်။
အမျိုးသမီးသုံးဦးမှာ အသိပြန်ဝင်လာပြီး တစ်ယောက်ကိုတစ်ယောက် ပြုံးပြကာ ရေနွေးကို ယူဆောင်လာကြ လေသည်။
ပိုင်ကျီရိုသည် သူ၏နောက်သို့ လျှောက်သွားပြီး နူးညံ့သော လက်ကလေးများဖြင့် ပခုံးကို နှိပ်နယ်ပေးလေသည်။ သူမ၏ လှုပ်ရှားမှုမှာ တန်ဖိုးကြီးပစ္စည်းတစ်ခုကို ကိုင်တွယ်နေသကဲ့သို့ပင် နူးညံ့လှသည်။
ပိုင်ရွှီကျန်းမှာလည်း ပျော်ရွှင်နေသော ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ ဖန်းဟန်၏ ဘေးတွင် ဒူးထောက် လိုက်လေသည်။
သူမ၏ လက်သီးဆုပ်ကလေးများက ဖန်းဟန်၏ သန်မာသော ခြေသလုံးကို ဖွဖွလေး ထုနှက်ပေးနေပြီး သူကမူ သီချင်းတစ်ပုဒ်ကို ပျော်ရွှင်စွာ ညည်းဆိုနေခဲ့လေ၏။
လျူရူမေသည် သူ၏ ခြေထောက်နားတွင် တိတ်ဆိတ်စွာ ဒူးထောက်လိုက်သည်။ သူမသည် ဖန်းဟန်၏ ခြေထောက်ကို ရေနွေးထဲသို့ အသာအယာ ထည့်ပေးလိုက်ပြီး သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်ခန္ဓာဖြင့် ဖန်းဟန်၏ ဒူးကို မှီလိုက်လေသည်။
သူမသည် ခေါင်းကို ငုံ့လိုက်ပြီး သူမ၏ နူးညံ့သော လက်ကလေးများဖြင့် တစ်နေ့တာ၏ ပင်ပန်းမှုများကို ဆေးကြောပေးလိုက်သည်။
ဖယောင်းတိုင်မီးရောင်အောက်တွင် အလှပဆုံးသော အမျိုးသမီးများ၏ ပုံရိပ်မှာ ကျောက်စိမ်းကဲ့သို့ တောက်ပ နေလေတော့၏။
ဖန်းဟန်သည် မျက်လုံးများကို မှိတ်လိုက်ပြီး ဧကရာဇ်တစ်ပါးကဲ့သို့ ခံစားနေရကာ စိတ်ထဲတွင် စကားလုံး တစ်လုံးသာ ထွက်ပေါ်လာခဲ့လေသည်။
“အရမ်းကောင်းတယ်…။”