← Chapters

အခန်း ၃၁

Vol. 4 Ch. 31

အခန်း ၃၁

Vol. 4 Ch. 31

အခန်း (၃၁) ယုန်ခြောက်ကောင်နှင့် မိုးပျံနဂါးနှစ်ကောင်... ဒါက အများကြီးမို့လို့လား

"ရဲဘော်လီလန်... မင်း... မင်းကတော့..."

ကျန်းဝေမင်သည် အံ့အားသင့်လွန်းသဖြင့် စကားပင် ဆွံ့အသွားပြီး ပန်းရောင်လျှာလေးဖြင့် ဖဝါးကို လျက်နေသော သားရဲငယ်ကိုသာ ငေးစိုက်ကြည့်နေမိတော့သည်။

ထိုအခါမှသာ လီလန်သည် တောကြောင်ရိုင်းကို အမဲလိုက်ခွေးကဲ့သို့ မွေးမြူပြီး အမဲလိုက်ခိုင်းရန် ကြံရွယ်နေခြင်းဖြစ်သည်ကို သူ ရုတ်တရက် သဘောပေါက်သွားတော့၏။

ဤအကောင်က တောင်ပေါ်မှ တောရိုင်းတိရစ္ဆာန် ဖြစ်သည်။ အိမ်မွေးတိရစ္ဆာန် မဟုတ်ပေ။

၎င်းကို ယဉ်ပါးအောင် မွေးမြူ၍ ရနိုင်ပါ့မလား။

သို့သော်လည်း ကျန်းဝေမင်သည် ထိုတောကြောင်ရိုင်းပေါက်စလေးကို ကြည့်လိုက်သောအခါ သားရဲငယ်သည် အသားစားပြီးနောက် ငြိမ်သက်အေးဆေးစွာဖြင့် ပျင်းရိလေးတွဲနေပြီး လီလန်၏ အိမ်ဝင်းကို တောင်ပေါ်ရှိ မိမိ၏ တောကြောင်ဂူကဲ့သို့ သဘောထားနေသည်မှာ ထင်ရှားလှပေသည်။

"ရဲဘော်လီလန်... မင်းက တကယ် သတ္တိရှိတာပဲ... အံ့ဩဖို့ကောင်းတယ်..."

ကျန်းဝေမင်သည် လက်မထောင်ပြ၍ မချီးကျူးဘဲ မနေနိုင်တော့ပေ။

ကျန်းဝေမင်က လမ်းတကာ အရပ်တကာကို လျှောက်သွားဖူးသူ ဖြစ်သည်။ သူ၏ လူငယ်ဘဝက တောင်ပိုင်းဒေသသို့ ရောက်ဖူးသဖြင့် ထိုအရပ်ရှိ တံငါသည်များသည် ငါးဖမ်းရာတွင် ကူညီရန် "ဗျိုင်းညို" ဟု ခေါ်သော ရေငှက်တစ်မျိုးကို မွေးမြူကြကြောင်း ကြားဖူးခဲ့၏။

ထိုဗျိုင်းညိုသို့မဟုတ် ငါးဖမ်းလင်းယုန်သည် ရေငုပ်ရာတွင် အလွန်ကျွမ်းကျင်ကြသည်။ ယဉ်ပါးအောင် လေ့ကျင့်ပြီးနောက် တံငါသည်များက ၎င်းတို့၏ လည်ပင်းတွင် ကြိုးတစ်ချောင်း ချည်နှောင်ထားပြီး ဖမ်းမိသမျှ ငါးများကို ပြန်အန်ထုတ်ခိုင်းကြသည်။

ဗျိုင်းညိုများသည် မွေးရာပါ ငါးဖမ်းသမားများ ဖြစ်ကြ၏။ တံငါသည်တစ်ယောက်သည် ဗျိုင်းညို ခုနစ်ကောင်၊ ရှစ်ကောင်ခန့် မွေးမြူပြီး သေချာလေ့ကျင့်ပေးထားပါက တစ်ရက်လျှင် ငါး ကျင်းရာချီ ဖမ်းမိနိုင်ပေသည်။

ယခု လီလန်၏ တောကြောင်ရိုင်း မွေးမြူသည့် နည်းလမ်းမှာ တံငါသည်များ ဗျိုင်းညို မွေးမြူသည်နှင့် ဆင်တူပြီး ရည်ရွယ်ချက်ချင်းလည်း တူညီနေသည်။

ကျန်းဝေမင်သည် လောကအမြင် ကျယ်ပြောသူ ဖြစ်သောကြောင့် လီလန်က တောကြောင်ရိုင်းကို မွေးမြူလိုသည်ဟု ကြားလိုက်ရသည့်အခါ အလွန်အမင်း အံ့အားသင့်သွားရခြင်းဖြစ်၏။

ယုန်များနှင့် မိုးပျံနဂါးများကို ဖမ်းဆီးနိုင်သော တောကြောင်ရိုင်းတစ်ကောင် ရှိနေခြင်းသည် ငွေရှာရန် အသေအချာပင် ဖြစ်တော့သည်။

"ဦးလေးက လီလန့်ကို ဘာလို့ ဒီလောက် အထင်ကြီးပြီး ငါ့ကိုလည်း သူနဲ့ ပိုရင်းနှီးအောင် လုပ်ခိုင်းလဲဆိုတာ မဆန်းတော့ပါဘူး..."

ကျန်းဝေမင်သည် စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။

မိမိ၏ အရိုးသားဆုံး ဦးလေးအရင်းကသာ အကောင်းဆုံး ဖြစ်စမြဲပင်။ ကောင်းသောအရာများ ရှိလာတိုင်း တူဖြစ်သူကို အမြဲ တွေးတောပေးတတ်ပေသည်။

သို့သော်လည်း ကျန်းဝေမင်သည် သံသယဖြစ်မိသည်မှာ လီလန် မွေးထားသော သားရဲငယ်သည် အလွန်ဆုံးရှိမှ အသက် နှစ်လ၊ သုံးလခန့်သာ ရှိသေးသည်။ ၎င်းသည် အမဲလိုက်နိုင်သည်ဆိုဦးတော့ သားကောင် အများကြီးကိုမူ ဖမ်းဆီးနိုင်လိမ့်မည် မဟုတ်ချေ။

"ရဲဘော်လီလန်... ငါ့မှာ မေးစရာတစ်ခု ရှိတယ်... ဒါပေမဲ့ ပြောသင့်၊ မပြောသင့်တော့ မသိဘူး..."

ကျန်းဝေမင်က တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။

"ပြောပါ..."

လီလန်က အေးခဲမှိုများကို ဆေးကြောနေရင်း ခေါင်းပင် မဖော်ဘဲ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်၏။

"ငါသိသလောက်တော့ မင်းက ရွှမ်းရွှေရွာရဲ့ မုဆိုးအဖွဲ့ဝင် တရားဝင်မဖြစ်သေးဘူး... ဒါ့အပြင် သေနတ်ပစ်လည်း တတ်ပုံမရဘူး..."

"မင်း ငါနဲ့ လဲလှယ်မယ့် ကုန်ပစ္စည်းတွေက ဈေးကွက်ပေါက်ဈေးအရ အနည်းဆုံး ယွမ်တစ်ဆယ်လောက်တော့ တန်ဖိုးရှိတယ်..."

"တောင်ပေါ်က သားကောင်တွေနဲ့ သားရေတွေ ဆိုရင်တောင် ကျင်းအနည်းငယ်စီ အလေးချိန် ရှိမှာပဲ..."

ကျန်းဝေမင်က မိမိ၏ သံသယကို ဖြည်းညင်းစွာ ဖွင့်ဟလိုက်တော့သည်။

"အဲဒါကို စိတ်မပူပါနဲ့... နောက်တစ်ပတ်ကျရင် ပြန်လာခဲ့ပါ... ခင်ဗျားအလိုရှိတဲ့ သားကောင်တွေ အားလုံးကို အဆင်သင့် ပြင်ထားပေးမယ်လို့ ကျွန်တော် အာမခံတယ်..."

လီလန်က တည်ငြိမ်စွာ ပြောလိုက်၏။

အမဲလိုက်ခြင်းသည် သေနတ်ကိုသာ အမြဲ သုံးရမည်ဟု မည်သူပြောသနည်း။ မိမိ၏ အိမ်မွေးတိရစ္ဆာန်ကို အမဲလိုက်ခိုင်းပြီး လက်ချောင်းလေးမျှပင် မလှုပ်ဘဲ အကျိုးအမြတ်ကို အလွယ်တကူ အိတ်ထဲထည့်နိုင်သည် မဟုတ်ပါလား။

တောင်ပေါ်တွင် ကျင်းတစ်ခုတူးပြီး ထောင်ချောက်အချို့ ဆင်ထားကာ သားကောင်များ အလိုအလျောက် ပြုတ်ကျလာသည်ကို စောင့်ဆိုင်းနေရုံဖြင့် မပြီးဘူးလား။

အမြတ်အစွန်း ရှာဖွေခြင်း၏ စစ်မှန်သော အဓိပ္ပာယ်မှာ ဘာမျှမလုပ်ဘဲ အလဟဿ ရရှိခြင်းပင်ဖြစ်သည်။

မုဆိုးအဖွဲ့သို့ ဝင်ရောက်ရန်မူ သာ၍ပင် မလိုအပ်ချေ။

ယခုခေတ်သည် စုပေါင်းစားသောက်သော ခေတ်ဖြစ်၏။ အကယ်၍ ရွှမ်းရွှေရွာ၏ မုဆိုးအဖွဲ့သို့ ဝင်ရောက်ပြီး သားကောင်တစ်ကောင် ဖမ်းမိပါက ၎င်းသည် မိမိတစ်ဦးတည်း ပိုင်ဆိုင်မည် မဟုတ်ဘဲ လူတိုင်းက ခွဲဝေယူကြလိမ့်မည်။

ဤအိမ်က ဝက်ခေါင်း ယူသွားပြီး ဟိုအိမ်က ဝက်ခြေထောက် ယူသွားကြလျှင် မိမိအတွက် အမှန်တကယ် မည်မျှကျန်ရှိတော့မည်နည်း။

အလုပ်မှတ်များနှင့် လဲလှယ်နိုင်ပြီး နှစ်ကုန်လျှင် အလုပ်မှတ်များကို ငွေကြေး သို့မဟုတ် ရိက္ခာလက်မှတ်များနှင့် လဲလှယ်နိုင်သည် ဆိုသော်လည်း အခြားသူများ၏ သဘောထားကိုသာ အမြဲ ကြည့်နေရပေလိမ့်မည်။

လီလန်သည် လွတ်လပ်မှုကို အသားကျနေသူ ဖြစ်သဖြင့် မိမိအပေါ်တွင် မည်သူတစ်ဦးတစ်ယောက်ကမျှ လာရောက် ထိန်းချုပ်သည်ကို မလိုလားချေ။

အတိတ်ဘဝတွင်မူ သူသည် အသက်မွေးဝမ်းကျောင်းအတွက် အရင်းရှင်များအောက်တွင် အလုပ်လုပ်ခဲ့ရပြီး ခေါင်းပုံဖြတ် နှိပ်စက်ခြင်းကို ခံခဲ့ရကာ လုပ်ငန်းခွင်သုံး မြင်းတစ်ကောင်ပမာ ဆက်ဆံခံခဲ့ရသည်။

ယခု ပြန်လည်မွေးဖွားလာပြီးသည့်တိုင်အောင် အဘယ်ကြောင့် ထိုစည်းမျဉ်းစည်းကမ်းများကို ဆက်လက် လိုက်နာနေရဦးမည်နည်း။

မရှိနိုင်ပါချေ။ လီလန်၏ အဓိက သဘောထားမှာ မိမိအလိုရှိရာကိုသာ လုပ်ဆောင်ရန် ဖြစ်သည်။

ကျန်းဝေမင်သည် ယုံကြည်ပုံမရသေးသည်ကို တွေ့လိုက်ရသဖြင့် လီလန်သည် နောက်ဆုံးတွင် လက်ထဲမှ အဝါရောင်မှိုကို ချလိုက်ပြီး ခေါင်းမော့ကာ စိုက်ကြည့်လိုက်ရင်း…

"ရဲဘော်ကျန်းဝေမင်... အဲဒီ ကုန်ပစ္စည်းတွေအတွက် ခင်ဗျား ပေးနိုင်မယ့် ဈေးနှုန်းကိုသာ အတည်ပြောပါ..."

ထိုစကားကို ကြားလိုက်ရသည့်အခါ ကျန်းဝေမင်သည် လီလန်၏ စကားမှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရ၏။

"ဒါဆိုရင်လည်း ငါ အားနာမနေတော့ဘူး..."

"ရဲဘော်လီလန်... မင်းရဲ့ ဒီကုန်ပစ္စည်းတွေကို ဈေးကွက်ပေါက်ဈေးအရ ဆိုရင်တော့..."

ကျန်းဝေမင်သည် လောကအမြင် ကျွမ်းကျင်သူ ဖြစ်သည့်အတိုင်း စကားပြောနေရင်း လီလန်၏ မျက်နှာအမူအရာကို အကဲခတ်နေသည်။

"ယုန်ခြောက်ကောင်နဲ့ မိုးပျံနဂါးနှစ်ကောင်..."

ကျန်းဝေမင်သည် သားကောင် အရေအတွက်ကို ပြောလိုက်၏။

ထိုစကားကို ကြားသော်လည်း လီလန်သည် တည်ငြိမ်နေဆဲဖြစ်ပြီး မည်သည့်စကားမျှ မဆိုချေ။

လီလန်၏ အမူအရာကို မြင်လိုက်ရသည့်အခါ ကျန်းဝေမင်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားတော့သည်။

*ဘာလဲ... ငါက အများကြီး တောင်းဆိုလိုက်မိတာလား…*

*ရဲဘော်လီလန်က ငါ့ကို အဆမတန် တောင်းဆိုတယ်လို့ စွပ်စွဲတော့မှာလား…*

ကျန်းဝေမင်သည် တွေးမိလေလေ ပို၍ ပျာယာခတ်လာလေလေဖြစ်ပြီး အလျင်အမြန်ပင် ရှင်းပြလိုက်ရတော့သည်။

"ရဲဘော်လီလန်... အများကြီး ဖြစ်သွားတယ်ဆိုရင်လည်း ငါ လျှော့ပေးလို့ရပါတယ်..."

"ဒါဆိုရင်... ယုန်လေးကောင်နဲ့ မိုးပျံနဂါးနှစ်ကောင်ရော ဘယ်လိုလဲ..."

လီလန်သည် မတ်တပ်ရပ်လိုက်ပြီး ပြုံး၍ ပြောလိုက်၏။

"ရဲဘော်ကျန်းဝေမင်... သတ္တိရှိရှိနဲ့သာ အတည်ပြောစမ်းပါ..."

"ဘာ..."

ကျန်းဝေမင်က လုံးဝကို အံ့အားသင့်သွားရတော့သည်။

*ရဲဘော်လီလန်က ငါ တောင်းတာ နည်းလွန်းတယ်လို့ အပြစ်တင်နေတာလား…*

"ဒါ... ဒါကတော့..."

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က စက်ရုံမှူး၏ ရုံးခန်းအတွင်းတွင် စက်ရုံမှူးက သူ၏ ပုခုံးကို ပုတ်၍ လေးနက်စွာ ပြောခဲ့သည့် စကားကို ပြန်လည် အမှတ်ရမိသွားသည်။

"ရဲဘော်ဝေမင်... စက်ရုံခေါင်းဆောင်တွေ အသားမစားရတာ လဝက်လောက်ရှိပြီ... မင်းသာ အသားအချို့ ယူလာပေးနိုင်ရင် ငါ မင်းကို ဒုတိယညွှန်ကြားရေးမှူးရာထူး ပေးမယ်..."

ဒုတိယညွှန်ကြားရေးမှူး... ဘာယီသံမဏိစက်ရုံ၏ ဝယ်ယူရေးဌာန ဒုတိယညွှန်ကြားရေးမှူးဖြစ်သည်။

ကျန်းဝေမင်သည် အံကိုကြိတ်၍ ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တော့၏။

"ရဲဘော်လီလန်... ငါ တောယုန်ဆယ်ကောင်နဲ့ မိုးပျံနဂါးငါးကောင် အလိုရှိတယ်..."

"ဒါမှပေါ့..."

လီလန်က ခေါင်းညိတ်လိုက်သည်။

"ယုန်ခြောက်ကောင်နဲ့ မိုးပျံနဂါးနှစ်ကောင်... အဲ့ဒါက အများကြီးမို့လို့လား..."

"..."

"ဒါဆိုရင်တော့ ဒီအတိုင်းပဲ သတ်မှတ်လိုက်ကြရအောင်... ဒီကုန်ပစ္စည်းတွေအပြင် ကျွန်တော့်ကို မီးသွေးအချို့လည်း ကူညီရှာပေးနိုင်မလား..."

လီလန်က ဆက်လက် မေးမြန်းလိုက်သည်။

အိမ်တွင် ကန်းကို အပူပေးသည်ဖြစ်စေ၊ ထမင်းချက်သည်ဖြစ်စေ ထင်းကိုသာ သုံးရသည်။ ထင်းက အလွန် လောင်ကျွမ်းလွယ်သဖြင့် ထင်းကျင်းနှစ်ဆယ်ခန့်မှာ နှစ်ရက်အတွင်း ကုန်ဆုံးသွားတတ်၏။ ယခုအခါ ဆောင်းတွင်းအလယ် ဖြစ်သောကြောင့် ထင်းခုတ်ရန် မလွယ်ကူလှချေ။ သစ်ကိုင်း

ခြောက်အချို့ကိုသာ ကောက်ယူနိုင်ကြသည်။

မြို့ပြတွင် နေထိုင်သူများမူ မီးသွေးများကို သုံးကြသည်။ ၎င်းတို့သည် မီးတောက်လွယ်ပြီး အပူချိန်မြင့်မားကာ အပူရှိန် ပြင်းပြတ်သဖြင့် ရေနွေးအိုးတည်ခြင်းနှင့် ထမင်းချက်ခြင်းကို လျင်မြန်စေကာ အလွန်ပင် အဆင်ပြေလှပေသည်။

မီးသွေးဆိုသည်မှာ ကျောက်မီးသွေးနှင့် ရွှံ့စေးဝါတို့ကို ရောစပ်ပြုလုပ်ထားသော အပေါက်များပါသည့် ဆယ့်နှစ်ကွက်ပုံစံ ကျောက်မီးသွေးတုံးကြီးများ ဖြစ်ကြသည်။ မီးသွေးအချို့ကို စုပုံ၍ မီးရှို့လိုက်ပါက ရေနွေးအိုးတစ်လုံးကို ဆယ်မိနစ်ကျော်အတွင်း ဆူပွက်သွားစေနိုင်၏။

ကျောက်မီးသွေးကို လောင်ကျွမ်းစေခြင်းက ထင်းထက် သာလွန်ကောင်းမွန်ပြီး ပို၍လည်း အချိန်ကြာမြင့်စွာ ခံနိုင်ရည် ရှိပေသည်။

မှန်ပါသည်... ဈေးနှုန်းကမူ အနည်းငယ် ကြီးမြင့်လှ၏။

ထင်းကို တောင်ပေါ်တွင် အလွယ်တကူ ရရှိနိုင်သော်လည်း မီးသွေးကိုမူ ငွေပေး၍ ဝယ်ယူရသည်။

"မီးသွေးလား..."

ကျန်းဝေမင်က အနည်းငယ် ကြောင်အသွား၏။

ဤအရာက မြို့ပြတွင် နေထိုင်သူများသာ သုံးစွဲနိုင်သည့် လောင်စာဖြစ်သည်။ ရဲဘော် လီလန်ကလည်း အသုံးပြုချင်တာလား။ တကယ့်ကို ဖြုန်းတီးရာ ရောက်နေတော့သည်။

"ဟုတ်တယ်... အိမ်မှာသုံးလို့ရသေးတဲ့ မီးဖိုအဟောင်းတစ်လုံး ရှိနေတယ်... ဒါပေမဲ့ ကျောက်မီးသွေးမရှိလို့..."

လီလန်က နွားတင်းကုပ် နံရံအောက်ရှိ သံချေးတက်၍ ဖုန်ထူနေသော မီးဖိုတစ်ခုကို ကျန်းဝေမင်အား လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

ဤမီးဖိုကို သူ၏ အဖေဖြစ်သူက အမေဖြစ်သူ မင်္ဂလာဆောင်သည့်နေ့တွင် ထမင်းချက်ရန်နှင့် ရေနွေးတည်ရန်အတွက် အထူးဝယ်ယူပေးခဲ့ခြင်း ဖြစ်သည်။

ကျန်းဝေမင်သည် မီးဖိုကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်၏။

"ကောင်းပါပြီ... ငါ မီးသွေးအချို့ရှာပေးမယ်... ဒါပေမဲ့ ဈေးနှုန်းကတော့..."

"ကျွန်တော့်မှာ ငွေရှိပါတယ်..."

လီလန်က အိမ်ထဲသို့ ပြန်ဝင်သွားပြီး ငါးယွမ်ကို ထုတ်ယူကာ ကျန်းဝေမင်ထံသို့ ကမ်းပေးလိုက်သည်။

ဤငါးယွမ်မှာ လီဟူက ဆေးဖိုးအဖြစ် ပေးလျော်ခဲ့ခြင်း ဖြစ်သည်။ သူ၏ အဖေဖြစ်သူ၏ ကျောဒဏ်ရာမှာ ပြင်းထန်ခြင်း မရှိတော့သဖြင့် ဆရာဝန်ပြရန် မလိုအပ်တော့ချေ။ ထို့ကြောင့် ငွေကို လောင်စာဝယ်ယူရန် သုံးစွဲနိုင်ပေသည်။

ကျန်းဝေမင်က ငွေကို ယူလိုက်ပြီး သူ၏ သားရေအင်္ကျီအိတ်ကပ်ထဲသို့ ပေါ့ပေါ့ပါးပါး ထည့်လိုက်ရင်း ခေါင်းညိတ်လိုက်တော့၏။

"မီးသွေးက တစ်တုံးကို သုံးဆင့်နဲ့ ရောင်းတာ... ဆယ်ဆင့်ဆိုရင် သုံးတုံး ဝယ်လို့ရတယ်... ဒါကြောင့် ငါးယွမ်ဆိုရင် အတုံး ၁၅၀ ရမှာပေါ့..."

"ဒါပေမဲ့ ရွှမ်းရွှေရွာက မြို့နဲ့ အနည်းငယ် ဝေးတော့ မီးသွေးတွေကို သယ်ယူလာဖို့က နည်းနည်း အခက်အခဲရှိတယ်..."

"ဒီငါးယွမ်က အလွန်ဆုံးရှိမှ အတုံးတစ်ရာပဲ ဝယ်လို့ရမယ်... ကျန်တဲ့ တစ်ယွမ်ခွဲကိုတော့ သယ်ယူပေးတဲ့ လုပ်သားကို ပင်ပန်းရကျိုးနပ်အောင် အခကြေးငွေအဖြစ် ပေးလိုက်ရလိမ့်မယ်..."

"ရပါတယ်... အဲဒါက ပြဿနာမရှိပါဘူး..."

(လီလန်က ၂၁ရာစုကနေ ၁၉၆၀ကို ကူးပြောင်းခဲ့တာပါ။ အဲ့ကနေမှ ၁၉၆၀မှာပဲ ဒုတိယအကြိမ်ပြန်ဝင်စားတာပါ။ ဝင်စားခြင်းဝတ္တုတွေနဲ့ ရင်းနှီးနေနဲ့စာဖတ်သူတွေက‌တော့ စဖတ်တာနဲ့ တန်းသိပါတယ်။ မရင်းနှီးသေးတဲ့စာဖတ်သူတွေအတွက် ရှင်းပြခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၀၀ပြည့်နှစ်ဝန်းကျင် စာအုပ်တွေက ခုမှစဖတ်တဲ့သူဆို အနည်းငယ် ဆန်းသစ်နေပါမယ်။ အခေါ်အဝေါ်တွေ အသုံးအနှုန်းတွေကအစပါ။ စာရေးသူဘက်ကတော့ သေချာနားလည် သဘောပေါက်အောင် ရေးပေးထားပါတယ်။ တရုတ်ဝတ္တုဖြစ်တဲ့အတွက် အရာအားလုံးကိုတော့ မြန်မာမှုပြုပြီး ပြန်ရေးလို့မရတာတော့ သည်းခံပေးပါရှင်။)

All Chapters