← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အခန်း (၃၅) ပြောင်းဖူးမုန့်နှင့် တောရိုင်းဟင်းရွက်... လီရှန်းဟွာ၊ နင်တို့စားတာ ဒါအကုန်ပဲလား…

"လီရှန်းဟွာ... လီလန်ကတော့ အသားတွေ ထပ်စားနေပြန်ပြီ နင် ဘယ်လိုထင်လဲ..."

ကျန်းဝေမင်သည် သူ၏မေးစေ့ကို ပွတ်သပ်ရင်း မျက်လုံးများကို မှေးစပ်ကာ လီရှန်းဟွာကို မပြုံးမရယ် ကြည့်လိုက်သည်။

ကျန်းဝေမင်သည် ထမင်းစားပွဲ၌ သူ၏အစ်ကိုဖြစ်သူ လီတာ့ဟိုင် ပြောပြချက်အရ သူတို့နှစ်ဦးကြားရှိ ရန်ငြိုးရန်စများကို ကြားသိထားပြီးဖြစ်၏။

လီတာ့ဟိုင်က ဤအကြောင်းကို ပြောပြစဉ်က အလွန်ပင် စိတ်ပျက်အားငယ်ပြီး ဒေါသထွက်နေခဲ့သည်။

လူအများ ငတ်မွတ်ခေါင်းပါးနေသည့် ဘေးဒုက္ခကာလ၌ ပါးစပ်ဟလိုက်တိုင်း တင်တောင်းစရိတ် ယွမ်တစ်ရာအပြင် အဝိုင်းသုံးမျိုး အသံတစ်မျိုးကိုပါ တောင်းဆိုခဲ့ကြသည်။

ဤသည်မှာ မင်္ဂလာဆောင်ရန် တောင်းဆိုခြင်းနှင့် မတူဘဲ။

ဤသည်က အခွင့်ကောင်းယူပြီး ဗြောင်ကျကျ ဓားပြတိုက်ခြင်းဖြစ်သည်။ တစ်ပါးသူ ဒုက္ခရောက်နေသည်ကို အခွင့်ကောင်းယူ၍ နှိပ်စက်ခြင်းပင်ဖြစ်၏။

ကျန်းဝေမင်သည် ထိုအကြောင်းကို ကြားလိုက်ရသည့်အခါ ဒေါသအလိပ်လိပ် ထွက်သွားတော့သည်။ သူသည် ချက်ချင်းပင် ရင်ဘတ်ကိုပုတ်၍ အစ်ကိုဖြစ်သူ လီတာ့ဟိုင်ကို ကတိပေးလိုက်၏။

"အစ်ကိုကြီး... အငယ်ကောင် လီလန်ရဲ့ မင်္ဂလာရေးကို ကျွန်တော့်တာဝန်ထားလိုက်ပါ။ တင်တောင်းစရိတ်လည်း မတောင်းဘဲ ရုပ်ရည်လည်းချောမော၊ ပညာလည်းတတ်တဲ့ ချွေးမကောင်းတစ်ယောက်ကို ရှာပေးဖို့ ကျွန်တော် အာမခံပါတယ်..."

ထိုစကားကို ကြားရသောအခါ လီတာ့ဟိုင်သည် မျက်လုံးများက ပိတ်သွားသည်အထိ ပြုံးရွှင်သွားပြီး ကျန်းဝေမင်ကို အရက်ငှဲ့ပေးခဲ့သည်။

သူနှင့် လီလန်၏ လက်ရှိဆက်ဆံရေးအရ လီရှန်းဟွာကို အမြင်ကတ်ပုဒ်မ တပ်ထားဆဲ ဖြစ်၏။

ထို့ကြောင့် ကျန်းဝေမင်သည် လီလန်၏အိမ်တွင် အဝါရောင်မှိုနှင့် ချက်ထားသော မိုးပျံနဂါးစွပ်ပြုတ်ကို စားခဲ့ရသည်ဟု တမင်တကာ ထုတ်ဖော်ပြောဆိုကာ ရုပ်ဝတ္ထုပစ္စည်းမက်မောပြီး ဝါကြွားတတ်သော ထိုမိန်းမ လီရှန်းဟွာကို နှိုးဆွလိုက်ခြင်း ဖြစ်သည်။

မှန်ပေသည်။ လီရှန်းဟွာသည် လီလန် တစ်ဖန် အသားစားနေပြန်ပြီဟူသော စကားကို ကြားလိုက်ရသည့်အခါ သူမ၏မျက်နှာအမူအရာမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့၏။

သူမသည် ဦးစွာ မျက်မှောင်ကြုတ်သွားပြီးနောက် အံ့ဩသွားကာ ထို့နောက်တွင်မူ မနာလိုမှုနှင့် ဒေါသတရားများ လွှမ်းမိုးသွားလေသည်။

ကျန်းဝေမင်သည် လီရှန်းဟွာကို မျက်လုံးမှေးစပ်၍ ကြည့်လိုက်ရာ လီရှန်းဟွာသည် လက်သီးကို တင်းတင်းဆုပ်ထားပြီး ဒေါသကြောင့် အံကြိတ်နေသည်ကို သတိပြုမိလိုက်သည်။

လီလန် အသားစားနေရသည်ကို ကြားရသဖြင့် လီရှန်းဟွာတစ်ယောက် မနာလိုဖြစ်ကာ ဒေါသထွက်နေမှန်း သူ ကောင်းကောင်းသိလိုက်၏။

"အိုး... ဘယ်သူ့ရဲ့ အချဉ်အိုးကြီး မှောက်သွားတာလဲမသိဘူး... အနံ့က တော်တော်ဆိုးတာပဲ..."

ကျန်းဝေမင်က သရော်စာဆိုသကဲ့သို့ တမင်တကာ နှာခေါင်းကို ပိတ်၍ ပြောလိုက်သည်။

သူ၏ အမူအရာကို မြင်လိုက်ရသည့်အခါ လီရှန်းဟွာ၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့၏။

သို့သော်လည်း တစ်ဖက်လူမှာ နိုင်ငံပိုင်စက်ရုံ၏ အရာရှိတစ်ဦးဖြစ်ပြီး ကျေးလက်ဒေသသို့ တောင်ပေါ်ထွက်ကုန်များ ဝယ်ယူရန် ရောက်ရှိလာသော ကုန်စည်ရှာဖွေရေးအေးဂျင့် ဖြစ်နေသောကြောင့် သူမ စိတ်ဆိုးနေပါသော်လည်း ဒေါသကို အပြင်မထုတ်ရဲချေ။

"ဦးလေးက တောင်ပေါ်ထွက်ကုန်တွေ ဝယ်မလို့ဆို... ဘယ်မှာလဲ..."

သူမက မိမိ၏ သရော်မှုကို မချေပရဲသည်ကို မြင်သောအခါ ကျန်းဝေမင်သည် ပျင်းရိငြီးငွေ့သွားပြီး အိမ်ဝင်းအတွင်းသို့ ဗိုလ်ကျစိုးမိုးသော အမူအရာဖြင့် လျှောက်လှမ်းဝင်လာခဲ့သည်။

"တာလုံ... တောင်ပေါ်ထွက်ကုန်တွေ သွားယူချေ..."

လီရှန်းဟွာက အေးစက်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။

"အိုး... ဒါက နင်တို့ ဒီညစားမယ့် ညစာလား..."

မျက်စိလျင်သော ကျန်းဝေမင်က လီရှန်းဟွာတို့ မိသားစု ညစာစားနေသည်ကို ချက်ချင်းပင် မြင်သွားတော့၏။

စားပွဲပေါ်တွင် တောရိုင်းဟင်းရွက် ဟင်းချိုပန်းကန်ကြီးတစ်လုံးနှင့် ပြောင်းဖူးမုန့် ခုနစ်လုံး၊ ရှစ်လုံးခန့် ရှိသော ပန်းကန်တစ်ခု ရှိနေသည်။

"တောရိုင်းဟင်းရွက်နဲ့ ပြောင်းဖူးမုန့်... လီရှန်းဟွာ... နင်တို့မိသားစု ညစာစားတာ ဒါအကုန်ပဲလား..."

"မဟုတ်မှလွဲရော... တော်တော်လေး ကပ်စေးနည်းတာပဲ အသားတစ်ဖတ်တောင် မပါဘူး..."

ကျန်းဝေမင်က ဘေးမှနေ၍ အော်ဟစ်ရယ်မောကာ သရော်လိုက်လေသည်။

လီရှန်းဟွာသည် ဘေးနားတွင် တိတ်ဆိတ်စွာ နားထောင်နေပြီး စကားတစ်ခွန်းမျှ ပြန်မပြောသော်လည်း သူမ၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေကာ ဒေါသအဟုန်များ တလိပ်လိပ် တက်လာနေ၏။

ကျန်းဝေမင်သည် လီလန်ဘက်မှရပ်တည်၍ မိမိကို တမင်တကာ လာရောက်အရှက်ခွဲနေမှန်း သူမ ကောင်းကောင်းသိသည်။

"လီရှန်းဟွာ... နင် နောင်တရနေပြီမလား..."

"ဟင်း နှမြေစရာ... နင်သာ လီလန်ရဲ့ ဇနီးအဖြစ် သဘောတူခဲ့ရင် ဒီနေ့ ငါ့လိုမျိုး အဝါရောင်မှိုနဲ့ ချက်ထားတဲ့ မိုးပျံနဂါးစွပ်ပြုတ်ကို စားနေရလောက်ပြီ..."

"နောင်တမရဘူး... နောင်တရစရာ ဘာအကြောင်းမှမရှိဘူး... ကျုပ်က လီလန်နဲ့ မင်္ဂလာမဆောင်ခဲ့ရင်တောင် အသားစားနိုင်သေးတယ်..."

လီရှန်းဟွာက ဇွတ်မှိတ်၍ ငြင်းဆိုလိုက်သည်။

"အော်... ဟုတ်လို့လား..."

ကျန်းဝေမင်က နှာခေါင်းရှုံ့လိုက်၏။

"ဟုတ်တာပေါ့... လီလန်က မိုးပျံနဂါးကို ဖမ်းနိုင်ရင် ကျုပ်မောင်တွေဖြစ်တဲ့ လီလုံနဲ့ လီဟူတို့လည်း ဖမ်းနိုင်တာပဲ..."

"ကျုပ်မောင်နှစ်ယောက်လုံးက ရွာရဲ့ အမဲလိုက်အဖွဲ့ထဲက မုဆိုးတွေပဲ... လီလန်က ဘာမို့လို့လဲ... သူက မုဆိုးတောင် မဟုတ်ဘူး၊ သေနတ်ကိုတောင် မကိုင်ဖူးဘဲ ထောင်ချောက်ဆင်တာပဲ တတ်တာ..."

လီရှန်းဟွာက ဆက်လက်၍ ခေါင်းမာနေဆဲ ဖြစ်သည်။

သူမသည် မိမိ၏ အမူအရာကို ကောင်းမွန်စွာ ဖုံးကွယ်ထားသော်လည်း ကျန်းဝေမင်ကမူ သူမ အနည်းငယ် ပျာယာခတ်နေသည်ကို ရိပ်မိလိုက်၏။

မိန်းမဟူသည် နှုတ်ကတစ်မျိုး၊ ရင်ထဲကတစ်မျိုး ဖြစ်တတ်ကြစမြဲပင်။

လီရှန်းဟွာက လီလန် အသားစားနိုင်သည်ကို အနည်းငယ်မျှ မနာလိုမဖြစ်ပါဟု ပြောသော်လည်း ထိုစကားကို ပြောင်းပြန်သာ မှတ်ယူရမည်ဖြစ်သည်။

မနာလိုမဖြစ်ပါဟူသည်မှာ အလွန် မနာလိုဖြစ်နေပါသည်ဟု ဆိုလိုခြင်းပင်။

သို့သော် သူမက သိက္ခာထိန်းနေခြင်း ဖြစ်၏။ အဆုံးသတ်တွင်မူ လီလန်က စေ့စပ်မှုကို ဖြတ်တောက်ခဲ့ခြင်းဖြစ်ပြီး တစ်ရွာလုံးကလည်း ထိုအကြောင်းကို သိရှိထားကြသဖြင့် အနီးနားရှိ ရွာအချို့တွင် သူမ၏ ဂုဏ်သိက္ခာမှာ ကျဆင်းခဲ့ရလေပြီ။

ထိုအရာများအားလုံးက လီလန်ကြောင့် ဖြစ်ရပေသည်။

လီရှန်းဟွာသည် ကျန်းဝေမင် ယနေ့ ရောက်လာခြင်းမှာ မိမိကို အရှက်ခွဲရန် သက်သက်ဖြစ်ပြီး ဤသည်မှာ လီလန်က နောက်ကွယ်မှ စေခိုင်းလိုက်ခြင်း ဖြစ်မည်ဟုပင် ယုံကြည်နေတော့သည်။

"ဒါကို လီလန်က နောက်ကွယ်ကနေ ကြိုးကိုင်နေတာ သေချာတယ်..."

"အကောင်စုတ်..."

လီရှန်းဟွာသည် သွားကို တင်းတင်းကြိတ်ကာ ရင်ထဲတွင် လီလန်နှင့် သူ၏ ဘိုးဘွားဘီဘင် ဆယ့်ရှစ်ဆက်တိုင်အောင် ကျိန်ဆဲနေတော့၏။

ထိုအချိန်တွင် အိမ်၌ ညီမငယ်ဖြစ်သူ တောကြောင်ရိုင်းနှင့် ဆော့ကစားနေသည်ကို ကြည့်နေသော လီလန်က အကြောင်းရင်းမရှိဘဲ ရုတ်တရက် နှာချေလိုက်မိသည်။

"ဘယ်သူက ငါ့ကွယ်ရာမှာ အတင်းပြောနေပြန်တာလဲ..."

ကျန်းဝေမင်သည် ခေါင်းကို ခါယမ်းလိုက်၏။ ဤလီရှန်းဟွာသည် အိမ်သာထဲက ကျောက်ခဲကဲ့သို့ပင်။ နံလည်းနံ၊ မာလည်းမာ၊ ခေါင်းလည်း မာလှသည်။

"နင်က စိတ်ကြီးဝင်ပြီး ဝါကြွားနေတာပဲ... ရွှမ်းရွှေရွာကို နင့်အပိုင်လို့ တကယ်ပဲ ထင်နေတာလား..."

ကျန်းဝေမင်သည် နှာခေါင်းရှုံ့လိုက်ရာ သူ၏မျက်နှာမှာ ချက်ချင်းပင် တည်တံ့သွားတော့သည်။

*ဘာလဲ... နင့်မောင်က အမဲလိုက်အဖွဲ့ထဲမှာ အလုပ်မှတ်တွေ ရနေတာက အရမ်းထူးခြားနေလို့လား…*

*နင့်မောင်နှစ်ယောက်က အဲ့လောက်တောင် တော်နေရင် ဘာလို့ အသားတောင် မစားနိုင်ဘဲ ပြောင်းဖူးမုန့်နဲ့ ချဉ်ဖတ်တွေကိုပဲ စားနေရတာလဲ…*

"အမြင်ကျဉ်းမြောင်းတဲ့ တောသူမပဲ..."

ကျန်းဝေမင်သည် စိတ်ထဲမှ နှာခေါင်းရှုံ့ကာ အထင်သေးမြဲ အထင်သေးနေခဲ့သည်။

လီရှန်းဟွာသည် ရွှမ်းရွှေရွာတွင် အလှဆုံး မိန်းမပျို ဖြစ်နေပါစေဦးတော့... ညွှန်ကြားရေးမှူးကျန်းအနေဖြင့် သူမကို အလကားပေးလျှင်ပင် လှည့်ကြည့်မည်မဟုတ်ချေ။

ဘာယီသံမဏိစက်ရုံက အမျိုးသမီး အလုပ်သမားတွေ သို့မဟုတ် ကုန်စည်ထောက်ပံ့ရေးသမဝါယမက အရောင်းစာရေးမတွေထဲမှာ သူမထက် မလှတဲ့သူ ရှိလို့လား။ ဘယ်သူက သူမထက် ပညာမတတ်လို့လဲ။

"ဆံပင်သာရှည်ပြီး အမျှော်အမြင်မရှိတဲ့ မိန်းမတွေ... နွားခြေရာခွက်လေးထဲမှာနေပြီး မိဖုရားကြီးလို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတာလား..."

ကျန်းဝေမင်က သရော်လိုက်သည်။

"လီရှန်းဟွာ... ငါ နင့်ကို ပြောလိုက်မယ်..."

ကျန်းဝေမင်က ဆက်လက်၍ စကားပြောရန် ပြင်လိုက်စဉ်။

လီလုံက လျှော်နီအိတ်တစ်အိတ်ကို ထမ်းပိုး၍ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။

"ဘုန်း..."

ထိုအိတ်ကို အိမ်ဝင်းအတွင်းရှိ မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။

အလေးချိန်အရဆိုလျှင် အနည်းဆုံး ကျင်းအနည်းငယ်စီ ရှိလိမ့်မည်။

"ညွှန်ကြားရေးမှူးကျန်း... ဒီတောင်ပေါ်ထွက်ကုန်တွေကို ဘယ်လိုထင်လဲ..."

လီလုံသည် လျှော်နီအိတ်ကို ချည်နှောင်ထားသော ကြိုးအနီကို ဖြည်လိုက်ပြီး အတွင်းရှိ တောင်ပေါ်ထွက်ကုန်များကို ကျန်းဝေမင် ကြည့်ရှုနိုင်ရန် ဖြန့်ခင်းပြလိုက်သည်။

ကျန်းဝေမင်သည် ခပ်ပေါ့ပေါ့သာ တစ်ချက်ကြည့်လိုက်ရာ ၎င်းမှာ အခြောက်လှန်းထားသော ကုန်ပစ္စည်းများဖြစ်ပြီး အများစုမှာ အေးခဲမှိုများ ဖြစ်ကြသည်။

သူသည် တစ်ချက်ကြည့်ရုံဖြင့် စိတ်ဝင်စားမှု ပျောက်ကွယ်သွားတော့၏။

ရွာတွင် ငတ်မွတ်ခေါင်းပါးမှုနှင့် ရိက္ခာပြတ်လပ်မှုဒဏ်ကို ခံစားနေရသည်။ လီလုံ ယူဆောင်လာသော ဤမှိုခြောက်အိတ်မှာ ဆောင်းတွင်းမတိုင်မီကပင် ခူးဆွတ်၍ အခြောက်လှန်းထားသည်မှာ ထင်ရှားလှပေသည်။

ဤတောင်ပေါ် အရသာများကို ရေစိမ်၍ စွပ်ပြုတ်ချက်နိုင်သော်လည်း အရသာမှာ လတ်ဆတ်သော အေးခဲမှိုများ၏ အရသာကို မမီနိုင်ချေ။

အဓိကပြဿနာမှာ လတ်ဆတ်မှု မရှိခြင်းပင် ဖြစ်သည်။ စက်ရုံခေါင်းဆောင်များသည် မှိုခြောက်များကို စားရသည်မှာ ငြီးငွေ့နေကြပြီး လတ်ဆတ်သော အရာများကိုသာ ပိုမိုနှစ်သက်ကြ၏။

"ညွှန်ကြားရေးမှူးကျန်း... ဒီအေးခဲမှိုခြောက် ကျင်းသုံးဆယ်ကို ဘယ်လိုထင်လဲ..."

လီလုံက အပြုံးဖြင့် မေးလိုက်သည်။

"အဆင်ပြေပါတယ်... ငါ့ရဲ့ ဝယ်ယူရေးစာရင်းထဲမှာ ရှိတယ်..."

ကျန်းဝေမင်က ခပ်အေးအေးပင် ပြောလိုက်၏။

ထိုစကားကို ကြားရသောအခါ လီလုံက အလွန်ဝမ်းမြောက်သွားတော့သည်။

"ညွှန်ကြားရေးမှူးကျန်း... ဒီမှိုခြောက်တွေ ဘယ်လောက်ကောင်းလဲ ကြည့်ပါဦး... အကုန်လုံးက အကြီးကြီးတွေချည်းပဲ... ဆောင်းတွင်းမတိုင်ခင်က ကျောက်ဘိုင်တောင်တန်းပေါ်ကနေ အမေနဲ့ အစ်မကြီးတို့ သွားခူးပြီး အခြောက်လှန်းထားတာ..."

"ကျွန်တော်တို့ တစ်လုပ်မှတောင် မစားဘဲ ဦးလေး ကျေးလက်ကို ပစ္စည်းလာဝယ်မယ့်အချိန်အတွက် တမင်သိမ်းထားတာ..."

လီလုံက ပျာပျာသလဲ ပြောရှာသည်။

"အော်... မင်းတို့က ငါ့အတွက် တမင်တကာ သိမ်းထားတာပေါ့..."

ကျန်းဝေမင်က ခပ်ပေါ့ပေါ့ မေးလိုက်၏။

"ကောင်းပြီ... ဒါဆိုရင်လည်း ငါ ခက်ခက်ခဲခဲနဲ့ပဲ လက်ခံပေးလိုက်မယ်..."

"အေးခဲမှိုခြောက် ကျင်းသုံးဆယ်... ပေါက်ဈေးအတိုင်း ရှစ်မောက် ပေးမယ်..."

[ တစ်ယွမ်- ဆယ်မောက်(ဆင့်)

တစ်မောက်- ဆယ်ဖန်(ပြား)]

ကျန်းဝေမင်သည် သူ၏ သားမွေးကုတ်အင်္ကျီထဲမှ ပိုက်ဆံကို နှိုက်ယူရင်း ပြောလိုက်သည်။

"ဘာရယ်... ရှစ်မောက် ဟုတ်လား..."

"ညွှန်ကြားရေးမှူးကျန်း... ဦးလေး... ဦးလေး နောက်နေတာ ဖြစ်ရမယ်..."

"ကျွန်တော့်ဆီမှာရှိတဲ့ အေးခဲမှို ကျင်းသုံးဆယ်က ပြင်ပပေါက်ဈေးအရ အနည်းဆုံး နှစ်ယွမ်တန်တာပါ... ဒါပေမဲ့ ဦးလေးက ရှစ်မောက်ပဲ ပေးတယ်ဆိုတော့..."

လီလုံက ပျာယာခတ်လျက် အလောတကြီး ပြောလိုက်၏။

"ဟုတ်လား... ဟမ့်.. ငါ ရှစ်မောက်ပေးတာကိုပဲ မင်း ကံကောင်းတယ်လို့ မှတ်ရမယ်... မြို့နယ်ခွဲမှာ ငါ့ကို စောင့်နေတဲ့ တောင်ပေါ်ထွက်ကုန်တွေ အများကြီး ရှိသေးတယ်... ငါက မင်းပစ္စည်းကို စိတ်ဝင်စားလို့ ကံကောင်းသွားတာ... မဟုတ်ရင် မင်းတို့အလှည့် ရပါ့မလား..."

"ယူရင်ယူ... မယူရင်နေ..."

ကျန်းဝေမင်က စိတ်မရှည်သော လေသံဖြင့် ပြောကာ ပိုက်ဆံနှိုက်နေသော လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။

"အစ်မကြီး... ဒါက..."

လီလုံသည် ဘေးနားတွင် ရပ်နေသော သူ၏အစ်မကြီး လီရှန်းဟွာထံမှ အကူအညီ တောင်းခံလိုက်၏။

"တာလုံ... ရောင်းလိုက်ပါ... ရှစ်မောက်ဆိုလည်း ရှစ်မောက်ပဲပေါ့..."

လီရှန်းဟွာက အေးစက်စွာ ပြောလိုက်သည်။

ပြင်ပတွင် နှင်းကြီးကျသဖြင့် တောင်လမ်းများ ပိတ်ဆို့နေပြီး ရာသီဥတုကလည်း အလွန်အမင်း အေးစက်နေသည်။ ရွှမ်းရွှေရွာသည် မြို့နယ်နှင့် ကီလိုမီတာ ၃၀ ကျော် ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော တောရိုင်းမြေဖြစ်သောကြောင့် မည်သည့် ကုန်စည်ရှာဖွေရေးအေးဂျင့်မျှ ကျေးလက်သို့ မလာချင်ကြချေ။

ကျန်းဝေမင်သည် ရွှမ်းရွှေရွာတွင် ဆွေးမျိုးများ ရှိနေသောကြောင့်သာ အမျိုးအဆွေးများထံ လာရောက်လည်ပတ်ရင်း ပစ္စည်းအချို့ ဝယ်ယူခြင်းဖြစ်သည်။

ဤအခွင့်အရေး လက်လွတ်သွားပါက နောက်တစ်ကြိမ် ရှိတော့မည်မဟုတ်ချေ။ သူတို့သည် ဤအေးခဲမှိုခြောက် ကျင်းသုံးဆယ်ကျော်ကို ဈေးပေါပေါဖြင့် ရောင်းချလိုက်ရခြင်းက သူတို့လက်ထဲတွင် ပုပ်သိုးသွားစေခြင်းထက် ပိုမိုကောင်းမွန်ပေသည်။

"သူတောင်းစားလီလန်... ဒါက နင် လုပ်လိုက်တာ သေချာတယ်..."

မှန်ပေသည်။ ထိုမိန်းမ လီရှန်းဟွာသည် မိမိ ဒုက္ခရောက်ရခြင်းအတွက် လီလန်ကိုသာ ထပ်မံ၍ အပြစ်တင် ကျိန်ဆဲနေတော့သည်။

All Chapters