← Chapters

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

Vol. 4 Ch. 36

အခန်း (၃၆) ခွေးတူဝက်တူ

ကျန်းဝေမင်သည် အေးခဲမှိုခြောက် ကျင်းသုံးဆယ်ကို ရှစ်မောက်ဖြင့်သာ ဝယ်ယူသွားခဲ့လေသည်။

လီရှန်းဟွာသည် ရင်ထဲ၌ မခံမရပ်နိုင်အောင် ခံစားနေရသော်လည်း သူမ၏ နာကျည်းချက်များကို အပြင်သို့ မထုတ်ပြရဲချေ။ ကျန်းဝေမင် ထွက်ခွာသွားပြီးနောက်တွင်မူ သူမသည် ပိုမို၍ ဒေါသထွက်လာကာ ဤကိစ္စအတွက် လီလန်ကိုသာ အပြစ်ပုံချနေတော့သည်။

"ဒါတွေအားလုံးက လီလန်ဆိုတဲ့ အကောင်စုတ်ကြောင့်ပဲ... သူ ကျန်းဝေမင်ရဲ့ ကွယ်ရာမှာ တစ်ခုခု သွားပုန်းကွယ်ပြောထားတာ သေချာတယ်..."

လီလန် : ....

"အစ်မကြီး... နောက်ဆိုရင် ငါတို့ လီလန်ကို သွားမရှုပ်တာ ပိုကောင်းမယ်ထင်တယ်... အဲ့ဒီကောင်က ညွှန်ကြားရေးမှူးကျန်းနဲ့တောင် အဆက်အသွယ်ရနေပြီ..."

လီလုံက တွေဝေစွာဖြင့် စကားအစပြုလိုက်သော်လည်း ချက်ချင်းပင် ပြန်လည်ရပ်တန့်သွားခဲ့သည်။

လီလန်သည် အလွန်ပင် ထူးဆန်းသော အကောင်ဖြစ်ပြီး သူ၏ ကံဇာတာမှာလည်း မယုံကြည်နိုင်လောက်အောင် ကောင်းမွန်လွန်းလှသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က မိုးပျံနဂါးကို ဖမ်းမိခဲ့ရုံသာမက ယခုလည်း အေးခဲမှိုသုံး၊ လေးကျင်းခန့်ကို ရှာဖွေတွေ့ရှိခဲ့သေးသည်။ ထိုမှိုများမှာ ကြီးမားပြီး နူးညံ့လှပေသည်။ ထိုကောင်သည် ဘာဖြစ်လို့ ဒီလောက်တောင် ကံကောင်းနေရတာလဲ။

ညွှန်ကြားရေးမှူးကျန်း မထွက်ခွာမီက လီလုံသည် ကျန်းဝေမင်ကို မေးမြန်းခဲ့ဖူးသည်။

"ညွှန်ကြားရေးမှူးကျန်း... ဒီအေးခဲမှို သုံး၊ လေးကျင်းအတွက် ဦးလေး ဘယ်လောက်ပေးခဲ့လဲ..."

ကျန်းဝေမင်က အော်ဟစ်ရယ်မောကာ ပြောခဲ့၏။

“အများကြီးမဟုတ်ပါဘူး... ဆားတစ်ကျင်းပဲ ပေးခဲ့တာ..."

ဆားတစ်ကျင်း။

ဤသည်က ဆားတစ်ကျင်းလုံးလုံးပင်။

ဤကာလ၌ ဆားဝယ်လက်မှတ်များမှာ အလွန်ပင် အဖိုးတန်လှသည်။ လီလုံနှင့် သူ၏ညီဖြစ်သူ လီဟူတို့သည် ရွှမ်းရွှေရွာ၏ အမဲလိုက်အဖွဲ့ထဲတွင် အလုပ်မှတ်များရရန် တစ်နှစ်ပတ်လုံး ပင်ပန်းကြီးစွာ လုပ်ကိုင်ကြရပြီး နှစ်ကုန်သည့်အခါမှသာ ဆားတစ်ကျင်း (ဂရမ် ၅၀၀) ဝယ်ယူခွင့် လက်မှတ်တစ်စောင်ကို ရရှိကြခြင်း ဖြစ်သည်။

ထိုလီလန်ကမူ... အဝါရောင်မှို သုံး၊ လေးကျင်းကို ရောင်းချရုံမျှဖြင့် ညွှန်ကြားရေးမှူးကျန်းက ဆားတစ်ကျင်းနှင့် လဲလှယ်ပေးခဲ့သည်တဲ့လား။

အမှန်စင်စစ် ကျန်းဝေမင်သည် လီလုံနှင့် အထူးသဖြင့် လီရှန်းဟွာကို တမင်သက်သက် ရွတ်နောက်လိုသဖြင့် ဆားပမာဏကို တစ်ဝက်ခန့် ပိုမို၍ ပြောဆိုခဲ့ခြင်းဖြစ်၏။

လီလုံသည် ပိုမို၍ ထူးဆန်းသည်ဟု ခံစားရသဖြင့် သူ၏အစ်မကြီး လီရှန်းဟွာကို မသိမသာ လှမ်းကြည့်လိုက်မိသည်။

အစ်မကြီးနှင့် လီလန်တို့ စေ့စပ်မှုကို ဖြတ်တောက်ခဲ့ပြီးကတည်းက သူတို့မိသားစုက တဖြည်းဖြည်းနှင့် နိမ့်ကျလာခဲ့ရသည်။

ညီဖြစ်သူ လီဟူသည် လီလန်ကို ပြဿနာသွားရှာခဲ့သော်လည်း လီလန်၏ ပြင်းထန်သော ရိုက်နှက်မှုကြောင့် သူ၏ခေါင်းမှာ ဝက်ခေါင်းကဲ့သို့ ဖူးရောင်လာခဲ့ရုံမက လီလန်ကို နစ်နာကြေး ငါးယွမ်ပင် ပေးလျော်ခဲ့ရသေးသည်။

အစ်မကြီးက ဟူဇီနှင့် မိမိကို စေခိုင်း၍ စွန်းဟော်ကျီအား ကျောက်လျူ၏ သားကောင်ကို ခိုးယူခိုင်းခဲ့သော်လည်း လီလန်က တစ်ချက်တည်းဖြင့် ရိပ်မိသွားခဲ့သည်။ ထို့ကြောင့် အစ်မကြီးသည် အမေဖြစ်သူ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး ကျောက်လျူကိုလည်း ငါးယွမ် ပေးလျော်ခဲ့ရပြန်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က သူနှင့် ဟူဇီတို့ တောင်ပေါ်သို့ အမဲလိုက်ရန် သွားခဲ့ကြသော်လည်း လက်ဗလာဖြင့်သာ ပြန်လာခဲ့ကြရသည်။ တောယုန်တစ်ကောင်၏ အမွေးကိုမျှ မမြင်ခဲ့ရရုံသာမက တောင်ပေါ်ထွက်ကုန်များကိုလည်း လုံးဝ ရှာမတွေ့ခဲ့ကြချေ။

ယနေ့တွင်မူ ကျေးလက်သို့ အမျိုးအဆွေးများထံ လာရောက်လည်ပတ်သော ညွှန်ကြားရေးမှူး ကျန်းဝေမင်နှင့် ဆုံတွေ့ခဲ့သဖြင့် ဆောင်းတွင်းတစ်တွင်းလုံး စုဆောင်းထားသော အေးခဲမှိုခြောက်များကို ရောင်းချရန် ကြံရွယ်ခဲ့သော်လည်း ညွှန်ကြားရေးမှူးကျန်း၏ အမြတ်ထုတ်ခြင်းကို ခံခဲ့ရသည်။ သူသည် အေးခဲမှိုခြောက် ကျင်းသုံးဆယ်ကို ရှစ်မောက်ဖြင့်သာ ဝယ်ယူသွားခဲ့၏။

ဤအရောင်းအဝယ်မှာ အလွန်ပင် ဆုံးရှုံးလှပေသည်။

သူ၏ညီဖြစ်သူ တာ့ဟူသည်လည်း မနေ့က ခွေးချေးကို နင်းမိခဲ့သေးသည်။ အမေဖြစ်သူမှာလည်း ပစ္စည်းများ သယ်ဆောင်ရင်း ခါးနာသွားခဲ့ရသေး၏။

လီလုံက တွေးတောရင်း ပိုမို၍ ထိတ်လန့်လာခဲ့သည်။ လီလန်က အစ်မကြီးနှင့် စေ့စပ်မှုကို ဖြတ်တောက်ခဲ့ပြီးကတည်းက သူတို့မိသားစုတစ်ခုလုံးသည် ကံဆိုးမိုးမှောင်ကျမှု လမ်းဆီသို့သာ ဆက်တိုက် ဦးတည်နေခဲ့ရလေပြီ။

"နင်က ငါ့ကို ဘာလို့ အဲ့ဒီလို ကြည့်နေရတာလဲ..”

မိမိ၏မောင်က လှမ်းကြည့်နေသည်ကို သတိပြုမိသောအခါ လီရှန်းဟွာသည် လက်ပိုက်လျက် အေးစက်စွာ ပြောလိုက်သည်။

"အစ်မကြီး... ကျွန်တော် ပြောချင်တာကတော့..."

"နောက်ဆိုရင် ငါတို့မိသားစု လီလန်နဲ့ ဝေးဝေးနေကြရအောင်... အဲ့ဒီကောင်က တော်တော်လေး ထူးဆန်းတယ်... သူနဲ့ ပတ်သက်မိရင် ဘယ်တော့မှ အကောင်းဖြစ်လာမှာ မဟုတ်ဘူးလို့ ငါ အမြဲ ခံစားနေရတယ်..."

လီလုံသည် ခဏမျှ တွေးဝေနေပြီးနောက် ပြောလိုက်၏။

"ဟွန်း... နင်က ဘာကို ကြောက်နေတာလဲ... အသုံးမကျတဲ့ကောင်..."

လီရှန်းဟွာက နှာခေါင်းရှုံ့လိုက်သည်။

"သူ ညွှန်ကြားရေးမှူးကျန်းနဲ့ အဆက်အသွယ် ရနေတော့ရော ဘာဖြစ်လဲ... နင့်အစ်မကြီးမှာကော အခြားလူမရှိဘူးလို့ ထင်နေလား..."

"နင့်အစ်မကြီးက အဲ့ဒီကောင်စုတ် လီလန်ကို ဘယ်လို ပညာပေးမလဲဆိုတာ စောင့်ရုံသာ စောင့်ကြည့်နေလိုက်..."

လီရှန်းဟွာက နှင်းများကို နင်းခြေလျက် အိမ်ဝင်းအတွင်းမှ ထွက်ခွာသွားခဲ့တော့သည်။

"အစ်မကြီး... ဘယ်သွားမလို့လဲ..."

လီလုံက နောက်မှနေ၍ လှမ်းအော်မေးလိုက်၏။

ဤအစ်မကြီးကတော့ ဘယ်သူ့စကားကိုမျှ နားထောင်မည့်သူ မဟုတ်ချေ။

လီလုံသည် ရင်ထဲ၌ မငြိမ်မသက် ဖြစ်နေရကာ မိမိတို့ထံသို့ ဒုက္ခတစ်ခု ထပ်မံရောက်ရှိလာတော့မည် သို့မဟုတ် ဆိုးရွားသောအရာတစ်ခုခု ဖြစ်ပျက်တော့မည်ဟု ခံစားနေရသည်။

"ငါ မြို့နယ်ခွဲကိုသွားပြီး ရှန်းဝူကို ရှာမလို့... ပြီးရင် အဲ့ဒီကောင်စုတ် လီလန်ကို သင်ခန်းစာတစ်ခု ပေးခိုင်းရမယ်..."

"ဟတ်ချိုး..."

"ဒီနေ့ ငါ ဘာဖြစ်လို့ ခဏခဏ နှာချေနေရတာလဲ..."

လီလန်သည် လီမိသားစု အိမ်ဝင်းအတွင်းရှိ မီးဖိုကို သန့်ရှင်းရေးလုပ်ရင်း မိမိကိုယ်ကိုယ် ရေရွတ်လိုက်သည်။

သူသည် မီးဖိုကို သန့်ရှင်းရေးလုပ်ကာ ဖုန်မှုန့်များကို သုတ်သင်လိုက်ပြီး နောက်ရက်အနည်းငယ်အတွင်း မီးသွေးခဲများ အဆင်သင့်ဖြစ်ပါက ထမင်းချက်ခြင်းနှင့် ရေနွေးအိုးတည်ခြင်းတို့ကို ပြုလုပ်နိုင်တော့မည်ဟု တွေးလိုက်၏။

"သား... နေမကောင်းဖြစ်လို့ နှာစေးနေတာလား..."

လီလန်တစ်ယောက် ဆက်တိုက် နှာချေနေသည်ကို ကြားလိုက်ရသဖြင့် လီတာ့ဟိုင်သည် စိုးရိမ်တကြီးဖြင့် လျှောက်လာကာ မေးမြန်းလိုက်သည်။

"မဟုတ်ပါဘူး အဖေ... နှာစေးတာ မဟုတ်လောက်ပါဘူး... ဘယ်ကောင်စုတ်ကများ ကွယ်ရာမှာ အတင်းပြောနေပြန်တာလဲ မသိဘူး..."

လီလန်၏ မျက်စိရှေ့တွင် စူးရှသော နှုတ်ခမ်းစွမ်းရည်ရှိပြီး ချက်ချင်းပင် တင်တောင်းစရိတ် ယွမ်တစ်ရာ တောင်းဆိုခဲ့သော မိန်းမတစ်ယောက်၏ ပုံရိပ်မှာ ချက်ချင်းပင် ဖြတ်ခနဲ ပေါ်လာခဲ့သည်။

"နေဦး... အဖေ သားအတွက် ဂျင်ဆင်းအရည် အနည်းငယ် လုပ်ပေးမယ်..."

လီတာ့ဟိုင်၏ လက်ထဲတွင် တောရိုင်းဂျင်ဆင်းမြစ်တစ်ဝက်ရှိနေပြီး ၎င်းမှာ သူငယ်စဉ်အခါက ကျောက်ဘိုင်တောင်တန်းပေါ်၌ ကံကောင်းစွာဖြင့် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သူသည် ဤနှစ်များတစ်လျှောက်လုံး ထိုဂျင်ဆင်းကို အကုန်မစားရဲဘဲ ချွေတာခဲ့သဖြင့် ယခုတိုင် ထိုဂျင်ဆင်းမြစ်တစ်ဝက် ကျန်ရှိနေသေးခြင်း ဖြစ်၏။

"မလိုပါဘူး အဖေ... အဖေ့အတွက်ပဲ သိမ်းထားလိုက်ပါ..."

"ကျွန်တော် သကြားရေပဲ သောက်လိုက်ပါမယ်..."

ဂျင်ဆင်းဟူသည် အလွန်ပင် တန်ဖိုးရှိသော ကုန်ပစ္စည်းဖြစ်ပြီး အဖိုးတန်လှသော်လည်း ရှာဖွေရန် ခက်ခဲလှပေသည်။

လီလန်သည် အိမ်ဝင်းအတွင်းသို့ လှမ်းကြည့်လိုက်ရာ သူ၏ ညီမငယ်နှစ်ယောက်နှင့် တောကြောင်ရိုင်းလေးတို့သည် တစ်ကောင်နှင့်တစ်ကောင် ရင်းနှီးနေကြပြီဖြစ်ကာ အတူတကွ လိုက်တမ်းပြေးတမ်း ဆော့ကစားနေကြသည်ကို တွေ့လိုက်ရ၏။

"ဒီတောကြောင်ရိုင်းလေးက တောင်ပေါ်ထွက်ကုန်တွေကို ရှာဖွေရာမှာ ကူညီပေးနိုင်ရင် အကောင်းသား..."

သို့သော်လည်း လီလန်သည် ပြန်လည်တွေးတောကြည့်ပြီးနောက် ဤသည်မှာ မဖြစ်နိုင်သော အရာတစ်ခုဟု ခံစားလိုက်ရသည်။

တောကြောင်ရိုင်းတစ်ကောင်တွင် ထက်မြက်သော အနံ့ခံအာရုံ ရှိနေပါစေဦးတော့ ၄င်းမှာ အသားစားသတ္တဝါသာ ဖြစ်သဖြင့် အသီးအရွက်များကို စားမည်မဟုတ်ချေ။ သို့ဖြစ်ရာ ၎င်းက ဘာဖြစ်လို့ တောင်ပေါ် အရသာများကို ရှာဖွေပေးရမည်နည်း။

၎င်း၏ အကြီးမားဆုံးသော စွမ်းရည်မှာ အမဲလိုက်ခြင်းသာဖြစ်သည်။

လီလန်သည် မိမိ၏ ဆန်းကြယ်သော အတွေးကြောင့် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်မိ၏။

"ဒါပေမဲ့ ငါတို့ အခြားသားရဲတိရစ္ဆာန်တစ်ကောင်ကို ထပ်မံမွေးမြူရင်ကော..."

"တစ်ကောင်က အမဲလိုက်ဖို့ တာဝန်ယူပြီး နောက်တစ်ကောင်က တောင်ပေါ်ထွက်ကုန်တွေကို ရှာဖွေဖို့ တာဝန်ယူမယ်..."

"ဟဲဟဲ…ဒီအတွေးကမဆိုးဘူးပဲ.."

ညစာစားပြီးနောက် မိသားစုတစ်ခုလုံးသည် နွေးထွေးမှုရှိစေရန် ကန်းပေါ်တွင် အတူတကွ အိပ်စက်ခဲ့ကြသည်။

လီလန်တို့ မိသားစု၏ နေထိုင်မှုအခြေအနေမှာ အနည်းငယ် ဆင်းရဲလှပေသည်။ သူတို့၏ သစ်သားအိမ်တွင် ကန်းတစ်လုံးသာရှိသဖြင့် မိသားစုတစ်ခုလုံးမှာ အိပ်ရာတစ်ခုတည်းတွင်သာ စုပေါင်းအိပ်စက်ကြရခြင်း ဖြစ်၏။

တောကြောင်ရိုင်းလေးမှာမူ ရိုင်းစိုင်းသော တိရစ္ဆာန်တစ်ကောင် ဖြစ်နေဆဲဖြစ်သောကြောင့် လီလန်သည် ၎င်းကို ကန်းပေါ်သို့ ပေးမတက်ဘဲ မီးဖိုဘေးရှိ မြေပြင်ပေါ်တွင်သာ အိပ်စက်စေခဲ့သည်။

၎င်းတွင် ထူထဲရှည်လျားသော အမွေးအမှင်များ ရှိနေသဖြင့် အအေးဒဏ်ကို အလွန်အမင်း ကြောက်ရွံ့ခြင်းမရှိချေ။

ထိုညတွင် မည်သည့်အရာမျှ ထူးခြားစွာ ဖြစ်ပျက်ခြင်းမရှိခဲ့ပါ။

နောက်နေ့ မွန်းတည့်ချိန်တွင်…

[ဒင်… ယနေ့၏ လျှို့ဝှက်သေတ္တာ အသစ်ပြင်ဆင်မှု ပြီးမြောက်ပါပြီ]

[လက်ရှိ "နှစ်သက်ခြင်းအမှတ်" : ၁၅၉ မှတ်]

ကျန်ရှိနေသော ၁၃၃ မှတ်မှာ မနေ့က ၂၆ မှတ်ကို နှုတ်ပြီးနောက် အားလုံးမှာ ကျန်းဝေမင်ထံမှ ရရှိခြင်းဖြစ်သည်။

ကျန်းဝေမင်သည် လီလန်ထံမှ လတ်ဆတ်သော အဝါရောင်မှို သုံးကျင်းကို ဝယ်ယူခဲ့ပြီးနောက် အခြားအရောင်းအဝယ်တစ်ခုကိုလည်း ပြုလုပ်နိုင်ခဲ့သဖြင့် လီလန်အပေါ်ထားရှိသော သူ၏နှစ်သက်မှုမှာ သဘာဝအတိုင်း တိုးမြင့်လာခဲ့ခြင်းဖြစ်၏။

သုညအမှတ်မှ စတင်ခဲ့ရာ ထမင်းတစ်နပ်စားသည့် အချိန်အတွင်းမှာပင် ၁၅၉ မှတ်အထိ တိုးတက်လာခဲ့လေပြီ။

လီလန်သည် အစောပိုင်းက ယနေ့တွင် လျှို့ဝှက်သေတ္တာကို မဖွင့်လိုသေးချေ။ သူသည် အဆင့် ၂ လျှို့ဝှက်သေတ္တာကို ဖွင့်လှစ်နိုင်ရန် အမှတ် ၅၀၀ အထိ စုဆောင်းရန် ကြံရွယ်ထားခြင်း ဖြစ်သည်။

သို့သော်လည်း သူသည် ခြေထောက်ဒဏ်ရာ ပျောက်ကွယ်သွားပြီဖြစ်၍ လျင်မြန်စွာ ဆော့ကစားနေသော တောကြောင်ရိုင်းလေးကို လှမ်းကြည့်လိုက်ပြီးနောက် ခဏမျှ စဉ်းစားကာ အဆင့် ၁ လျှို့ဝှက်သေတ္တာကို ဖွင့်လှစ်ရန် ဆုံးဖြတ်လိုက်၏။

"ဒီကောင်လေးက အစားအသောက် တော်တော်ကြီးပြီး အသားတွေကို အများကြီးစားတာ... အိမ်မှာလည်း အသားတွေ ပြတ်နေပြီဆိုတော့ အသားအချို့ သွားရှာရမယ်..."

လီလန်က ရေရွတ်လိုက်သည်။ သူသည် မည်သည့်အရာကို ကောက်ယူလာခဲ့မိသည်ကို မသိသော်လည်း ဤကောင်လေးမှာ အလွန်ပင် အစားကြီးလှပေသည်။

၎င်းတို့သည် ထမင်းတစ်နပ်လျှင် အသားတစ်ကျင်းကျော်ကို စားသုံးနိုင်ကြသည်။

ဝအောင်စားပြီးနောက် အိပ်စက်ကာ ဟောက်တတ်သော အမူအရာကို ဘယ်သူက ခံနိုင်ရည်ရှိမည်နည်း။

*ထစမ်း…. ငါ နင့်ကို ကျွေးမွေးထားတာက ငါ့အတွက် အလုပ်လုပ်ပေးဖို့နဲ့ အမဲလိုက်ပေးဖို့ပဲ... အလကားစားပြီး အိပ်စက်ဖို့နဲ့ ဘဝကို ပျော်မွေ့ဖို့ မဟုတ်ဘူး*

"အဆင့် ၁ လျှို့ဝှက်သေတ္တာနဲ့ လဲလှယ်မယ်..."

[ဒင်… နှစ်သက်ခြင်းအမှတ်၁၀၀ကို သုံးစွဲလိုက်ပါပြီ။ လဲလှယ်မှု အောင်မြင်သည်]

[ပိုင်ရှင်၏ ကျန်ရှိသောအမှတ် : ၅၉ မှတ်]

[ဒင်…အဆင့် ၁ လျှို့ဝှက်သေတ္တာကို ဖွင့်လှစ်နေပါသည်…]

[ဂုဏ်ယူပါသည် ပိုင်ရှင် သင် ရရှိထားသော အရာများမှာ ]

[ပစ္စည်းများ : ပြောင်းဖူးမှုန့် နှစ်ကျင်း၊ ကန်စွန်းဥ နှစ်ကျင်း]

[အချက်အလက် : ရွှမ်းရွှေရွာ၏ အရှေ့ဘက်အစွန်း၊ မြောက်ဘက်မှ အရှေ့ဘက်သို့ မီတာ ၅၀၀ အကွာရှိ ချုံပုတ်များအောက်တွင် ခွေးတူဝက်တူတွင်းတစ်ခု ရှိနေသည်။ ခွေးတူဝက်တူလေးကောင်မှာ အတွင်း၌ ဆောင်းခိုနေကြသည်]

All Chapters