← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

အခန်း (၃၇) အိမ်မွေးသားရဲ၏ အမဲလိုက်စွမ်းရည်

ပြောင်းဖူးမှုန့် နှစ်ကျင်းနှင့် ကန်စွန်းဥ နှစ်ကျင်း။

လီလန်၏ မျက်နှာထက်တွင် ဝမ်းသာအားရဖြစ်သော အရိပ်အယောင်များ ယှက်သန်းသွားတော့သည်။

ယခုတစ်ကြိမ်တွင်မူ နေ့စဉ်လျှို့ဝှက်သေတ္တာဖွင့်စနစ်မှ ရိက္ခာအစစ်အမှန်ကို နောက်ဆုံး၌ ရရှိခဲ့လေပြီ။

လွန်ခဲ့သောရက်များက ပွင့်ခဲ့သည့် သေတ္တာများမှာ အသိဉာဏ် သို့မဟုတ် ပါရမီစွမ်းရည်များသာဖြစ်သဖြင့် အရင်းအမြစ် ရိက္ခာဟူ၍ ဘာမျှမရခဲ့ချေ။

ယနေ့တွင်မူ သူ၏ကံတရားက ကောင်းမွန်လှသဖြင့် ပြောင်းဖူးမှုန့် နှစ်ကျင်းနှင့် ကန်စွန်းဥ နှစ်ကျင်းကို အမှန်တကယ် ရရှိခဲ့ခြင်းဖြစ်သည်။

လူသားဟူသည် အသက်ရှင်သန်ရန်အတွက် အစားအစာ လိုအပ်သည်ဖြစ်ရာ အသားချည်းသက်သက်စား၍ စွပ်ပြုတ်ရည်ချည်းသောက်နေရုံမျှဖြင့် ဝမ်းဗိုက်ကို ပြည့်တင်းစေနိုင်မည်မဟုတ်ဘဲ ဆန်စပါးနှင့် ပေါက်စီကဲ့သို့သော အဓိကအစာများကို စားသုံးရမည်သာ ဖြစ်၏။

"ပြောင်းဖူးမှုန့်ကို ပြောင်းဖူးမုန့်လုပ်ပြီး ကန်စွန်းဥတွေကိုတော့ မီးဖုတ်စားရမယ်... ဒါဆိုရင် နှစ်ရက်စာ ရိက္ခာအတွက် လုံလောက်သွားပြီ..."

လီလန်သည် စိတ်ထဲမှ ရေရွတ်လိုက်ရာ သူ၏ခြေရင်း၌ ဂုန်နီအိတ် နှစ်အိတ် ရုတ်တရက် ပေါ်ထွက်လာပြီး တစ်အိတ်တွင် ပြောင်းဖူးမှုန့်များ ပြည့်နှက်နေကာ ကျန်တစ်အိတ်တွင်မူ ကန်စွန်းဥများ ပြည့်နေတော့သည်။

လီလန်သည် ကိုယ်ကိုညွတ်၍ ပြောင်းဖူးမှုန့်အိတ်ကို မ ကာ ဖွင့်လှစ်လိုက်ပြီး လက်ဖြင့် တစ်ဆုပ်စာ ခပ်ယူကြည့်လိုက်၏။

ရွှေဝါရောင်တောက်ပနေသော ပြောင်းဖူးမှုန့်များမှာ အမှိုက်သရိုက် ကင်းစင်လှသည်။

ပြောင်းဖူးမှုန့်သည် ကောက်နှံကြမ်းဖြစ်သဖြင့် မျိုချရခက်ခဲစေသော်လည်း ရိက္ခာရှားပါးလှသော ငတ်မွတ်ခေါင်းပါးသည့် ကာလ၌ ဝမ်းဗိုက်ဖြည့်တင်းနိုင်မည့် အရာရှိနေခြင်းကပင်လျှင် ကံကောင်းခြင်းတစ်ရပ်ဖြစ်နေလေပြီ။ အစာအကြမ်းဖြစ်စေ အနုဖြစ်စေ အသက်ရှင်သန်နိုင်ရေးကသာ အရေးအကြီးဆုံး မဟုတ်ပါလော။

လီလန်သည် ကန်စွန်းဥအိတ်ကို ထပ်မံဖွင့်လှစ်ကြည့်ရာ ကန်စွန်းဥများမှာ အတော်ပင် ကြီးမားကြသည်။ သူ ရေတွက်ကြည့်လိုက်သောအခါ ခုနစ်လုံး၊ ရှစ်လုံးခန့် ရှိ၏။

မိသားစုတွင် လူလေးယောက်ရှိသဖြင့် တစ်ယောက်လျှင် နှစ်လုံးစီဖြင့် နှစ်နပ်စာ အေးဆေးစွာ စားသုံးနိုင်ပေသည်။

လီလန်သည် အိတ်ဝကို ပြန်လည်ချည်နှောင်လိုက်ပြီး စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

သူသည် ဂုန်နီအိတ်နှစ်အိတ်ကို မီးဖိုချောင်ထဲသို့ သယ်ဆောင်သွားပြီး ကြွက်များ မဖျက်ဆီးနိုင်မည့် နေရာတစ်ခုတွင် ဝှက်ထားလိုက်၏။

ရွာသားများမှာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေရသကဲ့သို့ ကြွက်များတွင်လည်း စားစရာမရှိသဖြင့် ဆာလောင်လွန်းလှသဖြင့် နေ့ခင်းကြောင်တောင်တွင်ပင် မီးဖိုချောင်ထဲ၌ ရဲရဲတင်းတင်း ပြေးလွှားနေကြသည်။ လီလန်နှင့် သူ့ဖခင်ဖြစ်သူတို့မှာ ဤ မီးခိုးရောင်တစ္ဆေများ၏ နှောင့်ယှက်မှုကို မကြာခဏ ခံရလေ့ရှိ၏။

ပြောင်းဖူးမှုန့်နှင့် ကန်စွန်းဥများကို နေရာချပြီးနောက် လီလန်သည် တောကြောင်ရိုင်းပေါက်စလေးကို လှမ်းခေါ်လိုက်သည်။

"သွားကြစို့... ခွေးတူဝက်တူ သွားဖမ်းရအောင်..."

ယနေ့ သူဖွင့်လှစ်လိုက်သော လျှို့ဝှက်သေတ္တာထဲတွင် ပြောင်းဖူးမှုန့် နှစ်ကျင်း၊ ကန်စွန်းဥနှစ်ကျင်းအပြင် သတင်းအချက်အလက်တစ်ခုလည်း ပါဝင်နေသည်။

ရွှမ်းရွှေရွာ၏ အရှေ့ဘက်အစွန်းမှ မြောက်ဘက်သို့ မီတာငါးရာခန့်အကွာတွင် ခွေးတူဝက်တူတွင်းတစ်ခုရှိပြီး ထိုတွင်းထဲ၌ ခွေးတူဝက်တူလေးကောင် ရှိနေသည်ဟူသော အချက်အလက်ပင်ဖြစ်၏။

"ခွေးတူဝက်တူဆိုတာ တကယ့် အဖိုးတန်ပစ္စည်းပဲ..."

လီလန်သည် ဖခင်ဖြစ်သူကို နှုတ်ဆက်ကာ ညီမငယ်နှစ်ယောက်ကို စောင့်ရှောက်ထားရန် မှာကြားပြီးနောက် တောကြောင်ရိုင်းလေးကို ခေါ်ဆောင်၍ ရွာ၏အရှေ့ဘက်အစွန်းရှိ လမ်းကလေးအတိုင်း ထွက်ခွာလာခဲ့တော့သည်။

ရွှမ်းရွှေရွာသည် အိမ်ခြေဆယ်ဂဏန်းမျှသာရှိသော ရွာငယ်လေးတစ်ရွာ ဖြစ်သည်။ ရွာသားများမှာ တောင်ပေါ်တွင် အမဲလိုက်ခြင်း၊ မြစ်ထဲတွင် ငါးဖမ်းခြင်းနှင့် တောင်ပေါ်ထွက်ပစ္စည်းများကို ရှာဖွေခြင်းဖြင့် အသက်မွေးကြ၏။ သူတို့သည် တောင်ကိုမှီ၍ စားသောက်ကြပြီး ရေကိုအမှီပြု၍ အသက်မွေးကာ မျိုးဆက်ပေါင်းများစွာ ဤသို့ပင် ရှင်သန်လာခဲ့ကြသည်။

ကျဉ်းမြောင်းသော လမ်းကလေးတစ်လမ်းသည် ရွှမ်းရွှေရွာတစ်ခုလုံးကို ဖြတ်သန်းလျက် ရွာ၏အရှေ့ဘက်အစွန်းမှ အနောက်ဘက်အစွန်းအထိ သွယ်တန်းနေသည်။

လီလန်သည် တောကြောင်ရိုင်းလေးကို ခေါ်ဆောင်၍ ဆယ်မိနစ်ခန့် လျှောက်လှမ်းခဲ့ရာ ရွာ၏အနောက်ဘက်အစွန်းမှ အရှေ့ဘက်အစွန်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

မွန်းလွဲပိုင်းအချိန်ဖြစ်သဖြင့် အပြင်ဘက်တွင် အပူချိန် အလွန်နိမ့်ကျနေသည်။ အအေးလှိုင်းများမှာ အရိုးကွဲမတတ် တိုက်ခတ်နေသဖြင့် ရွာသားများမှာ နွေးထွေးသော ကန်းကုတင်ပေါ်တွင်သာ အောင်းနေကြပြီး အပြင်သို့ ထွက်ခွာလာသူ အလွန်ရှားပါးလှ၏။(ကန်း- အပူပေးအုတ်ကုတင်)

လီလန်သည် လမ်းတစ်လျှောက်လုံးတွင် လူတစ်ယောက်ကိုမျှ မတွေ့ရှိခဲ့ချေ။

လီလန်အတွက်မူ လူသူမရှိခြင်းကပင် ပို၍ကောင်းမွန်ပေသည်။ အကြောင်းမူကား သူ ခွေးတူဝက်တူအမဲလိုက်မည့်အရေးကို မည်သူမျှ မြင်တွေ့နိုင်မည်မဟုတ်သောကြောင့် ဖြစ်၏။

ငတ်မွတ်ခေါင်းပါးသော ကာလ၌ အိမ်တွင် ရိက္ခာရှိနေပါက တိတ်တဆိတ်သာ စားသုံးရမည်ဖြစ်သည်။ ကျားမတစ်ကောင်ကဲ့သို့ အော်ဟစ်ကြေညာခြင်း မပြုအပ်ပေ။ သို့မဟုတ်ပါက အခိုးခံရခြင်း သို့မဟုတ် အလုခံရခြင်းတို့နှင့် မလွဲမသွေ ကြုံတွေ့ရပေလိမ့်မည်။

လူတို့သည် ဆာလောင်မွတ်သိပ်လာသည့်အခါ မိုက်ရူးရဲဆန်လာတတ်ကြပြီး မည်သူ့မျက်နှာကိုမျှ ထောက်ထားတော့မည် မဟုတ်ချေ။

လီလန်သည် တောကြောင်ရိုင်းလေးကို ဦးဆောင်၍ ရွာ၏အရှေ့ဘက်အစွန်းမှ မီတာငါးရာခန့်အကွာသို့ လျှောက်လှမ်းလာခဲ့သည်။ သူသည် အကွာအဝေးကို အတိအကျ မခန့်မှန်းနိုင်သော်လည်း ခြုံပုတ်များဟူသော သော့ချက်စကားလုံးကိုမူ မှတ်မိနေ၏။

ရွာ၏အရှေ့ဘက်အစွန်းတွင် မြေရိုင်းပြင်တစ်ခုရှိသည်။ ထိုနေရာကို မြေရိုင်းပြင်ဟု ခေါ်ဆိုခြင်းထက် ထနောင်းပင်အနည်းငယ်နှင့် အမည်မသိ သစ်ပင်အချို့ ရောနှောပေါက်ရောက်နေကာ ခြုံပုတ် ခုနစ်ပင်၊ ရှစ်ပင်ခန့်ရှိသော တောင်ကုန်းငယ်တစ်ခုဟုဆိုလျှင် ပို၍မှန်ကန်ပေလိမ့်မည်။

လီလန်သည် ခြုံပုတ်များကို တစ်ခုပြီးတစ်ခု ရှာဖွေခဲ့ရာ ပဉ္စမမြောက် ခြုံပုတ်အောက်တွင် ဖုံးကွယ်နေသော ခွေးတူဝက်တူတွင်းတစ်ခုကို အမှန်တကယ်ပင် တွေ့ရှိလိုက်ရတော့သည်။

"တကယ့်ကို ကောင်းကောင်း ဖုံးကွယ်ထားတာပဲ..."

လီလန်သည် ခွေးတူဝက်တူတွင်းကို ကြည့်၍ စိတ်ထဲမှ ဝမ်းသာသွားသည်။

သတင်းအချက်အလက်များအရ ဤတွင်းထဲတွင် ခွေးတူဝက်တူလေးကောင် ဆောင်းခိုနေကြသည်ဖြစ်၏။

လီလန်သည် ဆိတ်ငြိမ်လှသော တောင်ကုန်းကို ဝေ့ဝဲကြည့်ရှုကာ လူသူမရှိသည်ကို သေချာစေပြီးနောက် တောကြောင်ရိုင်းလေးကို ညွှန်ကြားလိုက်သည်။

"တွင်းထဲကိုဝင်ပြီး မင်းရဲ့ အမဲလိုက်စွမ်းရည်ကို ငါ့ကို ပြစမ်း..."

ခွေးတူဝက်တူတွင်းဝမှာ သိပ်မကြီးမားလှဘဲ သုံးလသားအရွယ် တောကြောင်ရိုင်းပေါက်စလေး လွတ်လပ်စွာ ဝင်ထွက်နိုင်ရုံမျှသာ ရှိသည်။ တောကြောင်ရိုင်းလေးသာ ယခုထက် ပို၍ကြီးမားသွားပါက တိုးဝင်နိုင်တော့မည်မဟုတ်ချေ။

တောကြောင်ရိုင်းလေးသည် လီလန်၏ အိမ်မွေးသားရဲဖြစ်သဖြင့် သူ၏စကားကို နားလည်ပေသည်။

လီလန် အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းသည် စိတ်အားထက်သန်စွာဖြင့် တွင်းထဲသို့ တိုးဝင်သွားတော့သည်။

တောကြောင်ရိုင်းများသည် လူသားများထက် အနံ့ခံအာရုံ ပိုမိုထက်မြက်ကြသည်။ တွင်းဝသို့ ရောက်ကတည်းကပင် ထိုသတ္တဝါလေးသည် ခွေးတူဝက်တူ၏အနံ့ကို ရရှိထားပြီး ဖြစ်သဖြင့် ကြောင်မျိုးနွယ်တို့၏ ဗီဇစိတ်များ ချက်ချင်း နိုးကြားလာခဲ့ခြင်း ဖြစ်၏။

တောကြောင်ရိုင်းလေး တွင်းထဲသို့ တိုးဝင်သွားပြီးနောက် မကြာမီမှာပင် အတွင်းဘက်မှ ဟိန်းဟောက်သံများနှင့် စူးရှသော မာန်ဖီအော်ဟစ်သံအချို့ ထွက်ပေါ်လာတော့သည်။

တွင်းထဲမှ ရုန်းကန်လှုပ်ရှားသံများနှင့်အတူ ဆူညံသံများ ထွက်ပေါ်လာပြီး အတော်ပင် ရှုပ်ထွေးသွားဟန် ရှိသည်။

သို့သော် ခဏမျှအကြာတွင်မူ တွင်းအပြင်ဘက်သို့ မည်သည့်လှုပ်ရှားမှုသံမျှ ထွက်ပေါ်မလာတော့ချေ။

ထို့နောက်တွင်မူ တောကြောင်ရိုင်းလေး၏ အောင်ပွဲခံ သာယာသော အော်မြည်သံသည် တွင်းထဲမှ ထွက်ပေါ်လာခဲ့သည်။

လီလန်သည် စိတ်ထဲမှ တိတ်တဆိတ် ဝမ်းမြောက်သွားကာ "အောင်မြင်ပြီ..." ဟု ရေရွတ်လိုက်သည်။

"အားလုံးကို အပြင်ကို ဆွဲထုတ်ခဲ့စမ်း..."

လီလန်က တွင်းဝသို့ လှမ်း၍ အော်ပြောလိုက်၏။

တွင်းထဲမှ အော်မြည်သံအချို့ ထွက်ပေါ်လာပြီးနောက် အသက်ရှူစက္ကန့်အနည်းငယ်အကြာတွင် တောကြောင်ရိုင်းလေးသည် မိမိနှင့် အရွယ်အစားတူညီသော သားကောင်တစ်ကောင်ကို သွားဖြင့်ကိုက်ချီလျက် တွင်းပြင်သို့ တရွတ်တိုက် ဆွဲထုတ်လာခဲ့သည်။

၎င်းမှာ ကိုယ်လုံးတုတ်ခိုင်ပြီး အလျားခွဲမီတာခန့်ရှိသော သားရဲတစ်ကောင် ဖြစ်ကာ နှုတ်သီးရှည်ပြီး လည်ပင်းတုတ်ကာ ခြေလက်တိုတောင်းလှသည်။ ဦးခေါင်းတွင် အမည်းရောင်နှင့် အဖြူရောင် အစင်းကြောင်းများ ရှိပြီး ကျောပြင်တွင်မူ အညိုရောင်၊ အဖြူရောင်နှင့် အဝါရောင်မွဲမွဲ အမွေးအမှင်များ ရောနှောနေကာ ဦးခေါင်းမှ အမြီးအထိ ကြမ်းတမ်းမာကျောသော အမွေးများ ဖုံးလွှမ်းနေ၏။

ဤသားရဲသည် ဒေသခံခွေးတစ်ကောင် သို့မဟုတ် မြွေပါတစ်ကောင်နှင့် အသွင်သဏ္ဌာန် တူညီလှသည်။

တောင်ပိုင်းဒေသရှိ ဖရဲစိုက်ခင်းများထဲသို့ တိတ်တဆိတ်ဝင်ရောက်၍ ဖရဲသီးများကို ခိုးစားတတ်သော "ချာ" ဟု ခေါ်သည့် သတ္တဝါမှာ ဤ‌ခွေးတူဝက်တူပင် ဖြစ်၏။

လီလန်သည် ခွေးတူဝက်တူကို ကြည့်လိုက်ရာ ၎င်း၏လည်ပင်းတွင် ကြောက်မက်ဖွယ်ရာ သွေးစွန်းနေသော အပေါက်နှစ်ခု ရှိနေပြီး သွေးများ ပန်းထွက်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် တောကြောင်ရိုင်းလေး၏ ကိုက်ခဲမှုကို ခံရပြီး လည်ပင်းပြတ်ကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်မှာ ထင်ရှားလှပေသည်။

တောကြောင်ရိုင်းလေး၏ ကိုယ်ပေါ်ရှိ သွေးစွန်းနေသော လက်သည်းရာများကို မြင်လိုက်ရသည့်အခါ လီလန်က စိတ်ထဲမှ တုန်လှုပ်သွားမိသည်။

သို့သော် ပြန်လည်စဉ်းစားကြည့်လျှင်မူ ဤသည်မှာ သဘာဝကျလှပေသည်။ တွင်းထဲတွင် နေရာကျဉ်းမြောင်းသဖြင့် တောကြောင်ရိုင်းလေးအနေဖြင့် မိမိ၏ အမဲလိုက်စွမ်းရည်ကို အပြည့်အဝ မထုတ်သုံးနိုင်ချေ။ ထို့ပြင် တစ်ကောင်တည်းနှင့် လေးကောင်ကို ရင်ဆိုင်ရခြင်းဖြစ်သဖြင့် သားကောင်များနှင့် ကြုံတွေ့ရသည့်အခါ ပြင်းထန်စွာ တိုက်ခိုက်ရုန်းကန်ရသဖြင့် ဒဏ်ရာရရှိရန် လွယ်ကူလှပေသည်။

တောကြောင်ရိုင်းလေးသည် တွင်းထဲသို့ အခေါက်ခေါက်အခါခါ ဝင်ထွက်သွားလာခဲ့ရာ မိနစ်အနည်းငယ်အကြာတွင်မူ လီလန်၏ခြေရင်း၌ ခွေးတူဝက်တူလေးကောင်လုံး လဲလျောင်းနေခဲ့ပြီ ဖြစ်သည်။

နှစ်ကောင်မှာ အနည်းငယ်ကြီးမားပြီး ကျန်နှစ်ကောင်မှာမူ သေးငယ်ကြ၏။

မိသားစုလေးကောင်လုံး တစ်ပြိုင်နက်တည်း အဖမ်းခံလိုက်ရခြင်းဖြစ်သည်။

"တော်လိုက်တာ... အိမ်ပြန်ရောက်ရင် မင်းကို အသားကျွေးမယ်..."

လီလန်သည် တောကြောင်ရိုင်းလေး၏ ဦးခေါင်းကို ကြင်နာစွာ ပွတ်သပ်ပေးလိုက်သည်။

ထိုအကောင်ငယ်လေးသည် ခွေးတူဝက်တူလေးကောင်နှင့် လုံးထွေးသတ်ပုတ်ခဲ့ရသည့်အပြင် တွင်းထဲသို့ ဝင်ထွက်ကာ "သယ်ယူပို့ဆောင်ရေးအလုပ်" ကိုပါ လုပ်ဆောင်ခဲ့ရသဖြင့် အားအင်များ ကုန်ခမ်းနေကာ မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းလျက် ပြင်းထန်စွာ အသက်ရှူနေတော့သည်။

လီလန်သည် ရှေ့သို့လှမ်း၍ ခြုံပုတ်မှ ခိုင်မာသော နွယ်ပင်အချို့ကို ဆွဲဖြတ်ကာ ကြိုးတစ်ချောင်း ပြုလုပ်၍ ခွေးတူဝက်တူလေးကောင်လုံးကို တစ်စုတစ်စည်းတည်း ချည်နှောင်လိုက်၏။

ခွေးတူဝက်တူလေးကောင်အနက် အကြီးဆုံးမှာ ကျင်းနှစ်ဆယ်ခန့် လေးလံပြီး အသေးဆုံးမှာမူ ဆယ်ကျင်းခန့် လေးလံသည်။

လီလန်သည် ယခုခရီးစဉ်မှ အသားကျင်းခြောက်ဆယ်ခန့်ကို ရရှိခဲ့ပြီ ဖြစ်သည်။

ကျင်းခြောက်ဆယ်ခန့် လေးလံသော သားကောင်ကြီးပင်ဖြစ်၏။

"အခုဆိုရင် ဦးလေးဝေမင်ကို သွားပြီး အကြောင်းကြားလို့ရပြီ..."

လီလန်နှင့် ကျန်းဝေမင်တို့သည် သဘောတူညီချက်တစ်ခု ပြုလုပ်ထားခဲ့ကြသည်။ လီလန်က ဆား၊ ဂျုံမှုန့်နှင့် ဆေးလိပ်ကဲ့သို့သော ပစ္စည်းများနှင့် လဲလှယ်ရန်အတွက် ဆယ်ဂဏန်းခန့်ရှိသော တောလိုက်သားကောင်များကို ပေးအပ်ရမည် ဖြစ်၏။

ဤကျင်းခြောက်ဆယ်ကျော် လေးလံသော သားကောင်သည် အကြွေးဆပ်ရန်အတွက် လုံလောက်သည်ထက် ပိုနေရုံမျှမက အတော်ပင် ပိုလျှံနေဦးမည် ဖြစ်သည်။

ထို့ပြင် ခွေးတူဝက်တူဟူသည်မှာ တစ်ကိုယ်လုံး အဖိုးတန်လှသော ရတနာဖြစ်ရာ ၎င်း၏သားရေကို အဝတ်အထည် ပြုလုပ်နိုင်ပြီး ၎င်း၏အဆီကိုမူ ခွေးတူဝက်တူအဆီအဖြစ် ကျိုချက်နိုင်ပေသည်။

ခွေးတူဝက်တူအဆီသည် အလွန်အစွမ်းထက်လှသော ပစ္စည်းဖြစ်သည်။ ၎င်းကို သောက်သုံးပါက ရင်ကျပ်နာနှင့် အစာအိမ်ရောဂါများကို ပျောက်ကင်းစေနိုင်ပြီး အပြင်ဘက်တွင် လိမ်းကျံပါက နှင်းကိုက်နာ၊ မီးလောင်နာနှင့် ရေနွေးပူလောင်နာများကို သက်သာပျောက်ကင်းစေနိုင်၏။

ဒုတိယညီမဖြစ်သူ လီထျန်းနှင့် တတိယညီမဖြစ်သူ ရှောင်ရွှယ်တို့၏ လက်ကလေးများတွင် နှင်းကိုက်နာများ အလွန်အမင်း ဖြစ်ပွားနေကြသည်။ သူတို့၏ လက်ချောင်းလေးများမှာ နီရဲဖူးရောင်နေပြီး နံနက်ခင်း နိုးထလာသည့်အခါ တားမနိုင်ဆီးမရအောင် ယားယံလှသဖြင့် ခံရခက်နေကြရရှာသည်။

"လာ... အိမ်ပြန်ပြီး အသားစားကြမယ်..."

လီလန်သည် သူ၏လက်ကောက်ဝတ်ကို အားပြုကာ ကျင်းခြောက်ဆယ်လေးသော ခွေးတူဝက်တူများကို ပုခုံးပေါ်သို့ ထမ်းတင်လိုက်ပြီး တောကြောင်ရိုင်းလေးကို လက်လှမ်းပြလိုက်သည်။

လီလန် လှည့်ထွက်တော့မည့် အချိန်မှာပင် သူ၏အကြည့်သည် ဘေးနားရှိ ခြုံပုတ်တစ်ခုဆီသို့ ရုတ်တရက် ကျရောက်သွားခဲ့သည်။

"ဟင်... အဲ့ဒါက ဘာလဲ..."

All Chapters