← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

အခန်း (၃၈) တောရိုင်းဥခြောက်လုံး

“မြောင်…”

မထွက်ခွာမီ တောကြောင်ရိုင်းလေးသည် အရှေ့ဘက်မျက်နှာစာဆီသို့ ဝေ့ဝဲ၍ နှစ်ချက်မျှ အော်မြည်လိုက်ရာ လီလန်၏ အာရုံကို ဖမ်းစားသွားတော့သည်။

"ဟင်... အဲဒါက ဘာလဲ..."

လီလန်သည် သူ၏ညာဘက်ရှိ ချုံပုတ်များဆီသို့ လှမ်းကြည့်လိုက်၏။

ချုံပုတ်များအောက်တွင် ဘဲဥပုံသဏ္ဌာန် ကျောက်ခဲအချို့ ရှိနေသည်။

လီလန်သည် မိမိ၏ သားကောင်များကို ချထားခဲ့ပြီး ချုံပုတ်များဆီသို့ စူးစမ်းလိုစိတ်ဖြင့် ဖြည်းညင်းစွာ လျှောက်လှမ်းသွားလိုက်သည်။

သူ အနီးသို့ ချဉ်းကပ်သွားသောအခါ ချုံပုတ်အောက်ရှိ ကျောက်ခဲများကို မြင်လိုက်ရသဖြင့် မျက်လုံးများ ချက်ချင်း တောက်ပသွားတော့၏။

ဤအရာများမှာ ကျောက်ခဲများ မဟုတ်ဘဲ တောရိုင်းဥများသာ ဖြစ်ကြသည်။

တောကြက်မတစ်ကောင် ဥထားခဲ့သည့် ဥများပင်ဖြစ်၏။

"တောရိုင်းဥတွေပါလား..."

လီလန်က အလွန်အမင်း ဝမ်းသာသွားတော့သည်။

မိမိ၏ အိမ်မွေးတိရစ္ဆာန်လေးနှင့်အတူ တောရိုင်းထဲတွင် ခွေးတူဝက်တူလိုက်လံဖမ်းဆီးသည့် ဤခရီးစဉ်၌ မမျှော်လင့်ဘဲ ထူးခြားသော လက်ဆောင်တစ်ခုကို ရရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။

ထို့နောက် သူသည် မိမိ၏ သက္ကလပ်ဦးထုပ်ကို ချွတ်လိုက်ပြီး ကိုယ်ကိုညွတ်ကာ ချုံပုတ်ထဲသို့ လက်လှမ်းလိုက်သည်။

"တစ်လုံး... နှစ်လုံး... သုံးလုံး... ခြောက်လုံးတောင်ပါလား..."

လီလန်သည် တောဥများကို ဂရုတစိုက် ကောက်ယူ၍ မိမိ၏ သက္ကလပ်ဦးထုပ်ထဲသို့ စနစ်တကျ ထည့်သွင်းလိုက်၏။

စုစုပေါင်း တောရိုင်းဥ ခြောက်လုံးတိတိ ရှိလေသည်။

"ဒီတောရိုင်းဥတွေက တကယ့် အာဟာရဓာတ်တွေပဲ... နောက်ကျရင် ညီမလေးတွေကို အားရှိအောင် ကျွေးရမယ်..."

တောင်ပေါ်ရွာလေးတွင် ဥများအတွက် သတ်မှတ်ထားသော ဈေးနှုန်းမရှိချေ၊ လူတိုင်းသည် မိမိတို့အိမ်တွင် မွေးမြူထားသော ကြက်များ၏ ဥများကိုသာ အလကား စားသုံးကြသည်။ မြို့ပေါ်တွင်မူ ဥတစ်လုံးလျှင် နှစ်ဆင့်ခန့် ဈေးနှုန်းရှိ၏။

သို့သော်လည်း ငွေကြေးရှိရုံမျှဖြင့် မလုံလောက်ဘဲ ဥဝယ်လက်မှတ်များလည်း လိုအပ်ပေသည်။

အကယ်၍ ဥဝယ်လက်မှတ်မရှိပါက နိုင်ငံပိုင် ဟင်းသီးဟင်းရွက်ဈေးမှ ကုန်သည်များသည် သင့်ထံသို့ ဥများကို လုံးဝ ရောင်းချမည်မဟုတ်ချေ။

ရွှမ်းရွှေရွာသည် လွန်ခဲ့သော နှစ်ကတည်းက ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေရခြင်း ဖြစ်သည်။ မည်သူ့ထံတွင် အိမ်မွှေးကြက်များ ကျန်ရှိပါဦးမည်နည်း။ စားသုံးနိုင်သော အရာမှန်သမျှကို လွန်ခဲ့သော အချိန်ကတည်းကပင် စားသောက်ခဲ့ကြပြီးဖြစ်ရာ တောရိုင်းဟင်းရွက်များနှင့် သစ်ခေါက်များပင်လျှင် ပြောင်သလင်းခါနေပြီ ဖြစ်၏။

အကယ်၍ ဥများကို စားသုံးလိုပါက မြို့ပေါ်သို့ သွားရောက်ဝယ်ယူရမည်ဖြစ်ပြီး ဥဝယ်လက်မှတ်များလည်း လိုအပ်သည်။

လီလန်၏ မိသားစုတွင်မူ မည်သည့်ဥဝယ်လက်မှတ်မျှ မရှိသဖြင့် ထိုအကြံကို လက်လျှော့ထားခဲ့ရခြင်းဖြစ်၏။

သို့သော် ယနေ့တွင်မူ သူသည် တစ်ပြားတစ်ချပ်မျှ အကုန်အကျမခံရဘဲ တောဥခြောက်လုံးကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့လေပြီ။

"အိမ်ပြန်ကြစို့..."

လီလန်သည် စိတ်အားထက်သန်နေပြီး မျက်နှာတွင် ပျော်ရွှင်မှုအပြည့်ဖြင့် အောင်မြင်မှုရလဒ်ကို ခံစားနေရတော့သည်။

ယနေ့တွင် ကျင်းခြောက်ဆယ်ခန့် လေးလံသော သားကောင်ကို ဖမ်းဆီးနိုင်ခဲ့ရုံသာမက တောဥခြောက်လုံးကိုလည်း ရှာဖွေတွေ့ရှိခဲ့သေးသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်သူက မပျော်ရွှင်ဘဲ နေနိုင်ပါမည်နည်း။

“မြောင်.."

"မရဘူး... မင်း ဒီဥကို စားလို့မရဘူး..."

လီလန်သည် တောကြောင်ရိုင်းလေးက တောဥကို စားချင်နေသည်ကို မြင်သောအခါ ခေါင်းခါယမ်း၍ မြစ်ပယ်လိုက်သည်။

"ခဏလောက် အောင့်ထားလိုက်ဦး... အိမ်ရောက်ရင် မင်းအတွက် အသားချက်ပေးမယ်..."

တောဥများသည် ခွေးတူဝက်တူအသားထက် ပိုမိုအာဟာရပြည့်ဝသဖြင့် တောကြောင်ရိုင်းပေါက်လေးကို ကျွေးမွေးလိုက်ပါက အလဟဿဖြစ်သွားပေလိမ့်မည်၊ အကြောင်းမူကား ဤဥများသည် အလွန်အမင်း အဖိုးတန်လှသောကြောင့် ဖြစ်၏။

"မြောင်..."

"မြောင်..."

"ကြက်ခြေထောက်တစ်ချောင်း ထပ်ထည့်ပေးမယ်... ဟုတ်ပြီလား..."

လီလန်သည် တောကြောင်ရိုင်းလေး၏ မကျေနပ်မှုနှင့် ဆန္ဒပြမှုကို ကြည့်ကာ မျက်လုံးအသာဝှေ့ယမ်းရင်း ပြောလိုက်ရတော့သည်။

ထိုသားရဲကောင်ငယ်လေးသည် ဆက်လက်အော်မြည်ခြင်း မပြုတော့ဘဲ လီလန်၏ နောက်ကွယ်မှနေ၍ အိမ်သို့ပြန်ရန် အသာတကြည် လိုက်ပါလာခဲ့၏။

လွန်ခဲ့သောညက ရွာတစ်ခုလုံးတွင် ထူထပ်သော နှင်းပွင့်များ ဖုံးလွှမ်းနေခဲ့သည်။ လီလန်သည် ကျင်းခြောက်ဆယ်ခန့် လေးလံသော သားကောင်များနှင့် တောဥများ ပြည့်နှက်နေသော သက္ကလပ်ထုပ်ဦးထုပ်ကို သယ်ဆောင်ထားရင်း နှင်းတောထဲတွင် တကျွတ်ကျွတ်အသံမြည်အောင် နင်းဖြတ်ကာ ရွာ၏ အရှေ့ဘက်အစွန်းမှ အနောက်ဘက်အစွန်းဆီသို့ လျှောက်လှမ်းလာခဲ့သည်။

"အဖေ..."

လီလန်သည် မိမိအိမ်တံခါးဝသို့ ရောက်ရှိသောအခါ အဖေဖြစ်သူ အပြင်သို့ထွက်၍ ကူညီနိုင်စေရန် အိမ်ထဲသို့ လှမ်းအော်ရန် ပြင်လိုက်၏။

သူ မော့ကြည့်လိုက်သောအခါ ပန်းပွင့်ပုံစံ ဝါဂွမ်းအင်္ကျီကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် အမျိုးသမီးတစ်ဦးသည် မိမိအိမ်တံခါးဝတွင် ရပ်တန့်ကာ ဝင်းခြံထဲသို့ လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။

ထိုအမျိုးသမီးသည် လီလန်ကို ကျောခိုင်းထားခြင်းဖြစ်၏။ လီလန် မော့ကြည့်လိုက်သည့်အခါ မတ်မတ်မတ်စောက်စောက် ထွက်ပေါ်နေသော လှပသည့် တောင်ကုန်းအလှတရားနှစ်ခုကို မြင်တွေ့လိုက်ရသည်။

"အစ်မပိုင်ကျဲ့လား..."

လီလန်သည် အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်၏။

ထိုအသံကို ကြားလိုက်ရသောအခါ ပိုင်ကျဲ့သည် ရုတ်တရက် လှည့်ကြည့်လာပြီး လီလန်ကို တွေ့ရှိသွားတော့သည်။

"လီလန်..."

ပိုင်ကျဲ့သည်လည်း အံ့ဩဝမ်းသာစွာဖြင့် ရေရွတ်လိုက်၏။

သူမ၏ မျက်လုံးများသည် ပထမဦးစွာ တောက်ပသွားပြီးနောက် ပြန်လည်မှိန်ဖျော့သွားခဲ့သည်။

သူမ၏ လှပသော မျက်ဝန်းအစုံသည် လီလန်၏ ကိုယ်ခန္ဓာကို အထက်အောက် စေ့စေ့စပ်စပ် ကြည့်ရှုလိုက်၏။

"နှစ်တွေအများကြီး ကြာသွားပြီပဲ... နင် တော်တော် အရပ်ရှည်လာတာပဲ..."

ပိုင်ကျဲ့သည် သူမ၏ မျက်ခုံးအစုံကို ပင့်တင်ကာ ညှို့ဓာတ်ပြင်းပြင်းဖြင့် ပြုံးလိုက်သည်။

သူမသည် မူလကတည်းကပင် ပြက္ခဒိန်ပေါ်မှ အမျိုးသမီးစတားတစ်ဦးကဲ့သို့ လှပသူဖြစ်ပြီး အိမ်ထောင်ကျပြီးနောက်တွင်မူ ပိုမို၍ ဆွဲဆောင်မှုရှိလာခဲ့၏။

ရင့်ကျက်သောအမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုအလှတရားသည် မှည့်ဝင်းနေသော မက်မွန်သီးတစ်လုံးကဲ့သို့ပင်ဖြစ်သည်။

ဤသည်မှာ လီလန်အနေဖြင့် ပိုင်ကျဲ့ကို ဤမျှလောက်အထိ လှပနေသည်ကို ပထမဦးဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။ သူမသည် အနည်းငယ် ပင်ပန်းနွမ်းနယ်နေသည့် အသွင်ရှိသော်လည်း သူမ၏ အပြုံးနှင့် အမူအရာ တိုင်းသည် ဆွဲဆောင်မှုရှိပြီး စိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။

"အဲလောက်လည်း မကြာသေးပါဘူး... မနှစ်ကတင် ကျွန်တော်တို့ တွေ့ကြသေးတာပဲမဟုတ်လား..."

"အိုး.. ငါ့ဦးနှောက်ကို ကြည့်ပါဦး... ငါ အသက်ကြီးလာလို့ ထင်တယ်... မှတ်ဉာဏ်တွေက အရင်လို မကောင်းတော့ဘူး..."

"အမျိုးသမီးတစ်ယောက်က ပန်းတစ်ပွင့်လိုပါပဲ... အစ်မက အသက် ၃၂နှစ်ပဲ ရှိသေးတာ... ငယ်ပါသေးတယ်..."

"နင်ကတော့ ငယ်ငယ်ကတည်းက စကားချိုတတ်တာပဲ..."

ပိုင်ကျဲ့က လီလန်၏ စကားကြောင့် ခစ်ခစ်ရယ်မောလိုက်တော့သည်။

"အစ်မ... အပြင်မှာ အေးတယ်... အိမ်ထဲဝင်ပြီး မီးလှုံပါဦး..."

လီလန်က ဝင်းခြံတံခါးကို ဖွင့်ရင်း ပြောလိုက်၏။

ပိုင်ကျဲ့သည် ဝင်းခြံဝတွင် ရပ်တန့်နေပြီး အတန်ကြာသည်အထိ အထဲသို့ မဝင်ဘဲ တုံ့ဆိုင်းနေခဲ့သည်။

"ငါ ဒီအတိုင်း ဖြတ်သွားတာပါ... အထဲမဝင်တော့ပါဘူး..."

ပိုင်ကျဲ့သည် ခေါင်းခါယမ်းလိုက်၏။

လီလန်သည် သူမ၏ တုံ့ဆိုင်းပြီး မသေချာသော အမူအရာကို မြင်လိုက်ရသောအခါ အဖေဖြစ်သူ ပြောပြခဲ့သည့် ပိုင်ကျဲ့၏ ခင်ပွန်း သေဆုံးသွားသဖြင့် မုဆိုးမဖြစ်နေရသည့် အကြောင်းကို သတိရမိပြီး အကြောင်းရင်းကို ချက်ချင်းပင် သဘောပေါက်သွားတော့သည်။

မုဆိုးမအိမ်ရှေ့တွင် အတင်းအဖျင်း စကားများ အမြဲရှိတတ်စမြဲပင်။

ဤခေတ်ကာလတွင် ဂုဏ်သိက္ခာသည် အလွန်အမင်း အရေးကြီးလှပေသည်။ လီလန်သည် အိမ်ထောင်မကျသေးသူဖြစ်ရာ ပိုင်ကျဲ့သည် မိမိ၏ မုဆိုးမဘဝ အဆင့်အတန်းကြောင့် လီလန်၏ နောင်ရေးကို မထိခိုက်စေလိုခြင်း ဖြစ်၏။

"လီလန်... ဒါ... ဒါတွေအကုန်လုံးက နင် အမဲလိုက်လို့ ရလာတဲ့ သားကောင်တွေလား..."

လီလန်၏ ပုခုံးပေါ်တွင် ထမ်းပိုးထားသော ခွေးတူဝက်တူလေးကောင်ကို မြင်လိုက်ရသည့်အခါ ပိုင်ကျဲ့သည် အံ့ဩလွန်းသဖြင့် မိမိ၏ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိတော့သည်။

"အင်း... ကံကောင်းသွားတာပါ..."

လီလန်သည် သားကောင်များကို အောက်သို့ချလိုက်ပြီး ခေါင်းကို အသာအယာ ညိတ်ပြလိုက်၏။

သူသည် မိမိ၏ ခါးနောက်ဘက်သို့ လက်လှမ်းကာ တောကြောင်ရိုင်းလေးကို အချက်ပြလိုက်သည်။ ထိုတိရစ္ဆာန်ငယ်လေးသည် သူ၏ အချက်ပြမှုကို နားလည်ပြီး ပိုင်ကျဲ့ မမြင်ကွယ်ရာမှနေ၍ ဝင်းခြံထဲသို့

တိတ်တဆိတ် ဝင်ရောက်သွားခဲ့၏။

"လီလန်... နင်က တကယ့်ကို တော်တာပဲ..."

"ငါတို့ နောက်ဆုံးတွေ့ခဲ့တာ မကြာသေးဘူးကို... နင် သားကောင်တွေ အများကြီးကို ဖမ်းမိခဲ့တာပဲ..."

[ဒင်... ပိုင်ကျဲ့၏ နှစ်သက်ခြင်းအမှတ် +၅]

[ဒင်... ပိုင်ကျဲ့၏ နှစ်သက်ခြင်းအမှတ် +၅]

“ဟင်…”

ပိုင်ကျဲ့၏ နှစ်သက်ခြင်းအမှတ်ကိုလည်း မြှင့်တင်နိုင်သည်လား။

"လီလန်... အစ်မ နင့်ဆီကနေ ရိက္ခာအချို့လောက် ချေးလို့ရမလား..."

"စိတ်မပူပါနဲ့... ငါ ဒါကို အလကားယူမှာ မဟုတ်ပါဘူး... နင့်အတွက် အဝတ်အစားတွေ လျှော်ပေးနိုင်သလို ထမင်းလည်း ချက်ပေးနိုင်ပါတယ်..."

ပိုင်ကျဲ့သည် လီလန်၏ သားကောင်များကို စိုက်ကြည့်ရင်း အတန်ကြာ တုံ့ဆိုင်းနေပြီးနောက် တောင်းပန်တိုးလျှိုးသော လေသံဖြင့် ပြောကြားလာခဲ့၏။

မုဆိုးမတစ်ဦးသည် ရိက္ခာလာရောက်ချေးငှားခြင်း ဖြစ်ပေသည်။

ပိုင်ကျဲ့၏ ခင်ပွန်းသည် စက်ရုံတွင် မတော်တဆမှုဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်၏။ သူမသည် နစ်နာကြေးငွေကို ရရှိသင့်သော်လည်း သူမ၏ ယောက္ခမက ထိုငွေများကို အလွဲသုံးစားပြုလုပ်ကာ သူမကို အိမ်ပေါ်မှ နှင်ချခဲ့သည်။

ရွာတစ်ခုလုံးသည် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေရသည်။ ပိုင်ကျဲ့၏ ဖခင်သည် အသက်ကြီးရင့်နေပြီဖြစ်ပြီး အရင်ကဲ့သို့ ကျန်းမာရေး မကောင်းတော့ချေ၊ သူသည် ယခုကဲ့သို့ ဆောင်းတွင်းအေးစက်စက် အချိန်တွင် တောင်ပေါ်၌ မည်သည့်အရာကိုမျှ အမဲမလိုက်နိုင်တော့ပေ။ သူတို့၏ အိမ်တွင် ရိက္ခာများ ပြတ်လပ်နေခဲ့ပြီး လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက နေ့စဉ် တောရိုင်းဟင်းရွက်များကိုသာ စားသုံးနေရသဖြင့် ဆက်လက်၍ မခံစားနိုင်တော့ချေ။

ပိုင်ကျဲ့သည် လွန်ခဲ့သော နှစ်ရက်က လီလန်သည် သားကောင်အများကြီး အမဲလိုက်နိုင်ခဲ့သည်ဟူသော သတင်းကို ကြားသိခဲ့ရသဖြင့် မျက်နှာအထူခံကာ ရိက္ခာလာရောက်ချေးငှားရန် သူမ၏ တံခါးဝသို့ ရောက်ရှိလာခြင်း ဖြစ်ပေသည်။

ထိုစကားကို ကြားလိုက်ရသောအခါ လီလန်က "ရိက္ခာချေးမလို့လား..." ဟု မေးလိုက်၏။

ဤသည်မှာ အစ်မ ပိုင်ကျဲ့ထံမှ နှစ်သက်ခြင်းအမှတ်ကို မြှင့်တင်ရန် အကောင်းဆုံး အခွင့်အရေးပင်ဖြစ်သည်။

လျှို့ဝှက်သေတ္တာ ဆုလာဘ်များနှင့် နှိုင်းယှဉ်ပါက ထုတ်ချေးလိုက်သော ရိက္ခာသည် ဖရဲသီးတစ်လုံးနှင့် နှိုင်းယှဉ်လျှင် နှမ်းစေ့တစ်စေ့မျှသာ ရှိပေသည်။ မနက်ဖြန်၏ လျှို့ဝှက်သေတ္တာများအတွက် လီလန်အနေဖြင့် ငြင်းပယ်ရန် မည်သည့်အကြောင်းပြချက်မျှ မရှိချေ။

ထို့နောက် သူသည် သက္ကလပ်ဦးထုပ်ကို မြေပြင်ပေါ်သို့ ဂရုတစိုက် ချထားလိုက်ပြီး သားကောင်များကို ချည်နှောင်ထားသော နွယ်ပင်များကို ဖြုတ်ကာ အကြီးဆုံး ခွေးတူဝက်တူတစ်ကောင်ကို ထုတ်ယူ၍ ပိုင်ကျဲ့ထံသို့ ကမ်းပေးလိုက်သည်။

"အစ်မ ပိုင်ကျဲ့... ဒါက အစ်မအတွက်..."

သူသည် အစ်မ ပိုင်ကျဲ့အား ခွေးတူဝက်တူလေးကောင်အနက်မှ အကြီးဆုံးတစ်ကောင်ကို ပေးအပ်လိုက်ခြင်း ဖြစ်၏။

အသားကျင်းနှစ်ဆယ်တိတိ ရှိပေသည်။

"ဒါ... ဒါက ငါ့အတွက်လား..."

ပိုင်ကျဲ့က အလွန်အမင်း အံ့အားသင့်သွားပြီး မယုံကြည်နိုင်သော အမူအရာမျိုး ဖြစ်ပေါ်လာခဲ့သည်။

"အစ်မပိုင်ကျဲ့... ဒါကို ပြန်ယူသွားပြီး ဦးလေးပိုင်နဲ့အတူ ချက်စားလိုက်ပါ..."

ခွေးတူဝက်တူအသားသည် အနည်းငယ် ညှီနံ့နံသော်လည်း ရွှမ်းရွှေရွာမှ မုဆိုးများသည် ထိုညှီနံ့ကို ပျောက်ကင်းအောင် ပြုလုပ်နိုင်သော နည်းလမ်းများကိုယ်စီ ရှိကြသည်။ ဦးလေးပိုင်သည်လည်း တောင်ပေါ်တွင် အမဲလိုက်လေ့ရှိသည့် မုဆိုးဟောင်းတစ်ဦး ဖြစ်သလို အစ်မ ပိုင်ကျဲ့သည်လည်း ဟင်းချက်ကျွမ်းကျင်သူတစ်ဦးဖြစ်ရာ ခွေးတူဝက်တူအသားကို ချက်ပြုတ်ရန် သူမအတွက် ခက်ခဲသော အလုပ်တစ်ခု မဟုတ်ပေ။

"လီလန်... အစ်မ နင့်ကို ကျေးဇူးတင်ပါတယ်..."

"ဒီအသားကို နင့်ဆီကနေ ချေးတယ်လို့ပဲ သတ်မှတ်လိုက်ပါ... နောက်ကျရင် ငါ ပြန်ပေးဆပ်ပါ့မယ်..."

ပိုင်ကျဲ့၏ မျက်ဝန်းအစုံသည် နီရဲကာ မျက်ရည်များ ဝဲနေခဲ့ပြီး အလွန်အမင်း စိတ်လှုပ်ရှားနေပုံ ရပေသည်။

သူမသည် ရုတ်တရက် ပြေးဝင်လာပြီး လီလန်ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်တော့၏။

လီလန်သည် မိမိ၏ ရင်ခွင်ထဲသို့ နူးညံ့သောအိစက်မှုနှစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။

[ဒင်... ပိုင်ကျဲ့၏ နှစ်သက်ခြင်းအမှတ် +၁၀၀]

[ဒင်... ပိုင်ကျဲ့၏ နှစ်သက်ခြင်းအမှတ် +၁၀၀]

All Chapters