အခန်း ၃၉
Vol. 4 Ch. 39
အခန်း (၃၉) မုဆိုးမလေး ဆန်လာချေးခြင်း
နူးညံ့အိစက်လှသော အထိအတွေ့နှင့်အတူ ပိုင်ကျဲ့၏ ကိုယ်ပေါ်မှ ရံဖန်ရံခါ လွင့်ပျံလာတတ်သော နှင်းဆီရေမွှေးနံ့မှာ မှည့်ဝင်းနေသော မက်မွန်သီးတစ်လုံးကဲ့သို့ ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ ထူးခြားသော ကိုယ်သင်းနံ့သာ ဖြစ်သည်။
မုဆိုးမလေးပိုင်ကျဲ့ကို ရင်ခွင်ထဲ၌ ဖက်ထားရင်း လီလန်သည် သူ၏နှာခေါင်းဝသို့ တိုးဝင်လာသော သင်းပျံ့ပြီး လန်းဆန်းစေသည့် ကိုယ်သင်းနံ့လေးကို ရှူရှိုက်လိုက်မိ၏။
လီလန်၏ ရင်ခွင်ထဲတွင် ငြိမ်သက်နေသော ပိုင်ကျဲ့သည်လည်း သူ၏ ပြင်းထန်သော အသက်ရှူသံများကို ခံစားနေရသည်။ သူမ၏ လည်ပင်းသားကို လာရောက်ရိုက်ခတ်နေသော လေပူများကြောင့် အနည်းငယ် ယားယံသလို တုန်လှုပ်သွားရ၏။
ဤသို့ဖက်ထားရသည့် အနေအထားမှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။
လီလန်အဖို့မူ ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး၊ ထိုမျှမက မုဆိုးမလေးတစ်ယောက်က မိမိရင်ခွင်ထဲသို့ ပစ်ဝင်လာခြင်းမှာ အနည်းငယ် ရင်မောစရာ ဖြစ်သွားရသည်။ တစ်ခဏမျှ လေထုတစ်ခုလုံးမှာ အနေခက်သွားပြီး နှစ်ဦးသား တိတ်ဆိတ်သွားကြတော့၏။
အချိန်အတော်ကြာပြီးမှ လီလန်က ထိုတိတ်ဆိတ်မှုကို စတင်၍ အဆုံးသတ်လိုက်သည်။
"အစ်မပိုင်ကျဲ့... ဦးလေးပိုင်ကော နေကောင်းရဲ့လား..."
လီလန်က ဂရုတစိုက် မေးလိုက်၏။
"သူကတော့ ကောင်းပါတယ် ဒါပေမဲ့ နေ့တိုင်း တောရိုင်းဟင်းရွက်တွေပဲ စားနေရတော့ ခန္ဓာကိုယ်က နည်းနည်း အားနည်းပြီး အားအင်မရှိသလို ဖြစ်နေတာ..."
ပိုင်ကျဲ့က သက်ပြင်းချလိုက်သည်။
သူမ၏ အဖေမှာ အသက်အရွယ် ကြီးရင့်နေပြီဖြစ်ပြီး ငယ်စဉ်ကတည်းက ရောဂါအခံရှိခဲ့သူဖြစ်သည်။ ဆောင်းတွင်းရောက်တိုင်း ခြေထောက်နှင့် ဒူးဆစ်များမှာ ကိုက်ခဲလှသည်။ ယခုအခါ ရွာတွင် ငတ်မွတ်ခေါင်းပါးမှု ဘေးဆိုးနှင့် ကြုံတွေ့နေရသဖြင့် ဝမ်းရေးအတွက် မနည်းရုန်းကန်နေရပြီး တောရိုင်းဟင်းရွက်များကိုသာ စားသုံးနိုင်ကြ၏။ သို့သော် တောရိုင်းဟင်းရွက်များက ဗိုက်ပြည့်နိုင်ပါမည်လော။ ဤသို့ ဆင်းရဲဒုက္ခများကြောင့် သူ၏ကျန်းမာရေးမှာ ပိုမိုဆိုးရွားလာခဲ့ရသည်။ ပိုင်ကျဲ့သည် သူ့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရသော်လည်း ဘာမျှမတတ်နိုင်ခဲ့ပေ။
လီလန်သည် မျက်မှောင်ကြုတ်လိုက်မိ၏။ အဖေအိုကြီးနှင့် အတူမှီခင်းနေထိုင်ရသော မုဆိုးမလေးတစ်ယောက်အဖို့ ထမင်းတစ်နပ်ပင် အနိုင်နိုင် ရှာဖွေနေရလျှင် ရှေ့ဆက်မည့် နေ့ရက်များကို မည်သို့ ဖြတ်သန်းပါမည်နည်း။
"အစ်မပိုင်ကျဲ့... မြို့ကို ပြန်ဖို့ရော အစီအစဉ် ရှိလား..."
လီလန်က မေးလိုက်သည်။
"မပြန်တော့ပါဘူး..."
ပိုင်ကျဲ့က ခေါင်းခါလိုက်၏။
"ငါ သူတို့နဲ့ အဆက်အသွယ် အကုန် ဖြတ်လိုက်ပြီ... နောက်ဘယ်တော့မှလည်း ပတ်သက်မှာ မဟုတ်တော့ဘူး..."
သူမက ဆက်လက် ပြောပြလာသည်။
သူမ၏ခင်ပွန်းဖြစ်သူ မတော်တဆမှုဖြင့် ဆုံးပါးသွားခဲ့စဉ်က သူမ၏ သမီးလေးမှာ အသည်းအသန် ဖျားနာနေခဲ့သည်။ ထိုအချိန်တွင် ခင်ပွန်းဖြစ်သူ၏ စက်ရုံမှ နစ်နာကြေးငွေ အများအပြား ရရှိခဲ့သဖြင့် ထိုငွေမှာ သမီးလေး၏အသက်ကို ကယ်တင်ရန် အလွန်ပင် အရေးကြီးနေခဲ့၏။ သို့သော် သူမ၏ယောက္ခမမှာ မိန်းကလေးထက် ယောက်ျားလေးကို ပို၍ဦးစားပေးတတ်သော ရှေးရိုးစွဲဝါဒီကြီး ဖြစ်နေသည်။ မြေးမလေးအတွက် ငွေမဖြုန်းချင်သဖြင့် ထိုနစ်နာကြေးငွေများကို လုယူကာ သူမ၏ သားငယ် မင်္ဂလာဆောင်ရန်အတွက် သုံးစွဲပစ်ခဲ့၏။
ဆေးကုသရန် ငွေမရှိခဲ့သဖြင့် သမီးလေးမှာ သုံးလသားအရွယ်၌ပင် ဆုံးပါးသွားခဲ့ရရှာသည်။
ဒေါသအမျက်ချောင်းချောင်း ထွက်သွားခဲ့သော ပိုင်ကျဲ့သည် ယောက္ခမဖြစ်သူနှင့် အကြီးအကျယ် ရန်ဖြစ်ပြီး အဆက်အသွယ် ဖြတ်ကာ ရွှမ်းရွှေရွာသို့ ပြန်လာခဲ့တော့သည်။ အမှန်ဆိုလျှင် ထိုနစ်နာကြေးငွေမှာ အနည်းငယ်မျှ မဟုတ်သဖြင့် သူမအနေဖြင့် ဤမျှ ဆင်းရဲမွဲတေသော ဘဝကို ဖြတ်သန်းရမည် မဟုတ်သော်လည်း။
ဟူး...
ထိုအကြောင်းကို တွေးမိတိုင်း စိတ်နှလုံး ကြေကွဲဝမ်းနည်းမှုများနှင့်အတူ မိမိဘဝက ဘာကြောင့် ဤမျှအထိ ခါးသီးရသနည်းဟုသာ ညည်းတွားမိတော့၏။
"အစ်မပိုင်ကျဲ့... အတိတ်ကအရာတွေ အကုန် ပြီးပါပြီ..."
လီလန်က သူမကို ဖြည်းညင်းစွာ နှစ်သိမ့်ပေးလိုက်သည်။
"အင်း... အကုန်ပြီးခဲ့ပါပြီ... အခုတော့ ငါ့အဖေကိုပဲ သေသေချာချာ ပြုစုစောင့်ရှောက်ပြီး သူ့ဘဝရဲ့ နောက်ဆုံးနေ့ရက်တွေကို အေးအေးချမ်းချမ်း ကုန်ဆုံးစေချင်တော့တယ်..."
ပိုင်ကျဲ့က ခေါင်းမော့၍ မျက်ရည်များကို သုတ်လိုက်၏။
သူမ၏ မျက်နှာလေးမှာ ဖြူဖျော့ပြီး မောပန်းနွမ်းနယ်နေသော်လည်း လီလန်ကို အတင်း ပြုံးပြလိုက်သည်။ ဤသို့သော အခြေအနေတွင် သူမ၏ အသွင်အပြင်မှာ ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိနေပြန်၏။
လီလန်က ခေါင်းညိတ်လိုက်သည်။
"အခြေအနေတွေ ကောင်းလာမှာပါ... အံကြိတ်ပြီး ကျော်ဖြတ်ရုံရုံပေါ့..."
"ကဲ... အိမ်ထဲဝင်ကြစို့... ကျွန်တော့်အဖေကလည်း ဒီရက်ပိုင်း အစ်မအကြောင်း ခဏခဏ ပြောနေတာ... အစ်မရောက်နေတာသိရင် သူပျော်သွားမှာ..."
လီလန်သည် မိမိ၏ သားကောင်များကို မလိုက်ရင်း ပိုင်ကျဲ့ကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်၏။
"ကောင်းပြီလေ... အစ်မ အိမ်ထဲဝင်ပြီး နင့်အတွက် ထမင်းချက်ပေးမယ်..."
ပိုင်ကျဲ့က မဆိုင်းမတွဘဲ ခေါင်းညိတ် သဘောတူလိုက်သည်။
သူမသည် လီလန်ထံမှ အသား ကျင်းနှစ်ဆယ် ချေးယူထားသော်လည်း ဤအသားများမှာ အလကားရခြင်း မဟုတ်ပေ။ ထမင်းချက်ပေးခြင်း၊ အဝတ်လျှော်ပေးခြင်း စသည့် အိမ်မှုကိစ္စများကို လုပ်ကိုင်ပေးခြင်းဖြင့် အကြွေးဆပ်ရမည် ဖြစ်သည်။ အမျိုးသမီးတစ်ဦးအနေဖြင့် ပိုင်ကျဲ့သည် အမဲလည်းမလိုက်နိုင်၊ ယခုကဲ့သို့ ဆောင်းတွင်း တောနက်ထဲတွင်လည်း တောလိုက်၍ မရသဖြင့် လုပ်အားဖြင့်သာ ပြန်လည်ပေးဆပ်နိုင်တော့၏။
လီလန်က ခေါင်းညိတ်လိုက်ပြီး သူမကို မတားတော့ပေ။ အစ်မပိုင်ကျဲ့သည် စိတ်ဓာတ်ခိုင်မာသူဖြစ်ပြီး သူတစ်ပါးအပေါ် အကြွေးတင်ရသည်ကို အလွန်မုန်းတီးကြောင်း သူသိသည်။
ပိုင်ကျဲ့ကို ခေါ်၍ ခြံဝင်းထဲသို့ ဝင်လာပြီးနောက် လီလန်သည် အိမ်ဘက်သို့ လှမ်းအော်လိုက်၏။ မကြာမီမှာပင် သူ၏အဖေသည် ညီမငယ်နှစ်ယောက်နှင့်အတူ အခန်းထဲမှ ထွက်လာကြသည်။
"အမလေး... ဒါတွေက ခွေးတူဝက်တူတွေ မဟုတ်လား..."
"ရှောင်လန်... မင်း တခါတည်းနဲ့ သားကောင်တွေ အများကြီး ထပ်ရလာတာလား..."
လီတာ့ဟိုင်က အံ့ဩတကြီး မေးလိုက်သည်။
သူ့သားက အပြင်သို့ ခေတ္တမျှ လမ်းလျှောက်ထွက်သွားခြင်း မဟုတ်ပါလော။ မည်သို့ကြောင့် တစ်ခေါက်တည်းနှင့် ခွေးတူဝက်တူ လေးကောင်လုံးကို ထောင်ချောက်ဆင် ဖမ်းမိလာနိုင်ရသနည်း။
"ဝါး... အစ်ကို... အစ်ကိုက အရမ်းတော်လိုက်တာ... အသားတွေ အများကြီး ထပ်ရလာပြန်ပြီ..."
"အသားတွေ အများကြီးပဲ..."
ဒုတိယညီမနှင့် အငယ်ဆုံးညီမတို့သည်လည်း ပြေးဝင်လာကြပြီး စိတ်လှုပ်ရှားစွာဖြင့် ခွေးတူဝက်တူများကို ဝိုင်းကြည့်နေကြတော့သည်။
"အဖေ... ဘယ်သူလာလဲ ကြည့်ဦး..."
လီလန်က ဘေးသို့ ဖယ်ပေးလိုက်ရာ သူ၏နောက်ကွယ်တွင် ရပ်နေသော ပိုင်ကျဲ့ကို တွေ့လိုက်ရ၏။
"ဦးလေးတာ့ဟိုင်..."
ပိုင်ကျဲ့က ပြုံး၍ နှုတ်ဆက်လိုက်သည်။
"အိုး... ရှောင်ကျဲ့ပါလား..."
လီတာ့ဟိုင်က ဝမ်းသာအားရ ရေရွတ်လိုက်၏။
"အစ်မပိုင်ကျဲ့"
"အစ်မပိုင်ကျဲ့"
ဒုတိယညီမနှင့် အငယ်ဆုံးညီမတို့သည်လည်း ပိုင်ကျဲ့ကို မှတ်မိကြသဖြင့် ဝမ်းသာအားရ နှုတ်ဆက်ကြသည်။
"ရှောင်ထျန်း... ရှောင်ရွှယ်... မတွေ့ရတာ ကြာပြီနော်..."
ပိုင်ကျဲ့က လီလန်၏ ညီမငယ်နှစ်ယောက်ကို ကြည့်ကာ ပြုံးရွှင်စွာ ပြောလိုက်၏။
"ကဲ... အမြန်အိမ်ထဲဝင်ကြ... အိမ်ထဲဝင်ကြ... အပြင်မှာ အရမ်းအေးတယ်..."
လီတာ့ဟိုင်က အမြန်တိုက်တွန်းလိုက်သည်။
လူအုပ်စုသည် အိမ်ထဲသို့ ဝင်သွားကြပြီး လီလန်က ခွေးတူဝက်တူများကို မီးဖိုချောင်ထဲသို့ ဆွဲခေါ်သွားလိုက်၏။
မီးဖိုထဲတွင် မီးမွှိုက်ထားသဖြင့် အခန်းတွင်းမှာ အတော်လေး နွေးထွေးနေသည်။ ပိုင်ကျဲ့သည် အိမ်ထဲသို့ ရောက်သည်နှင့် ပန်းပွင့်ပုံစံ ဂွမ်းကုတ်အင်္ကျီအထူကြီးကို ချွတ်လိုက်၏။ ကုတ်အင်္ကျီကို ချွတ်လိုက်သည့်အခါ သူမ၏ ဆွယ်တာအင်္ကျီလည်ပင်းအောက်မှ ဖြူဖွေးဝိုင်းစက်၍ တင်းမတ်နေသော အလှအပများကို လီလန်က တစ်ချက် မြင်လိုက်ရသည်။
အစ်မပိုင်ကျဲ့သည် တကယ့်ကို သဘာဝအတိုင်း လှပသူဖြစ်ပြီး လီရှန်းဟွာထက်ပင် ပိုမိုပြည့်စုံ ကောင်းမွန်လှသည်။ သူမတွင် ဖြူဝင်းသော အသားအရေ၊ အချိုးအစားကျသော ကိုယ်လုံးကိုယ်ပေါက်နှင့် အရပ်ရှည်ရှည် ခြေတံရှည်ရှည်ရှိသည်။
"ဦးလေးတာ့ဟိုင်... ကျွန်မ ရှောင်လန်ဆီကနေ အသားကျင်းနှစ်ဆယ် ချေးထားလို့... နောက်ပိုင်း ဦးလေးတို့အိမ်မှာ အဝတ်လျှော်၊ ထမင်းချက်တာတွေကို လာကူလုပ်ပေးပါ့မယ်..."
အစ်မပိုင်ကျဲ့က သဘာဝကျကျပင် မီးဖိုချောင်ထဲသို့ ဝင်လာခဲ့၏။
သူမသည် ဖျင်နုရောင် ကြာစွယ်ကဲ့သို့ ဖြူစင်လှပသော လက်မောင်းသားများ ပေါ်သည်အထိ လက်နားကို ပင့်တင်လိုက်ပြီး လီလန်တို့ မိသားစုအတွက် ထမင်းဟင်း ပြင်ဆင်ရန် စတင်တော့သည်။
"ရှောင်လန်... မင်းအစ်မကတော့..."
လီတာ့ဟိုင်က သူ့အနားသို့ တိုးလာ၏။
"သူ့သဘောအတိုင်းပဲ လွှတ်ထားလိုက်ပါ အဖေ... သူက ဒီလို စိတ်သဘောထားမျိုး ရှိတာ..."
လီလန်က ခေါင်းခါပြလိုက်သည်။ အစ်မပိုင်ကျဲ့၏ ဟင်းချက်လက်ရာမှာ ရွှမ်းရွှေရွာတွင် ပြိုက်ဘက်မရှိဖြစ်ပြီး သူ၏အဖေထက် များစွာ သာလွန်လှပေသည်။
"အော်... ဒါနဲ့ အဖေ... ဒါကိုကြည့်ဦး..."
လီလန်သည် မိမိ၏ သက္ကလပ်ဦးထုပ်ကို ဖြေလိုက်ရာ အတွင်းရှိ တောရိုင်းဥများကို တွေ့လိုက်ရ၏။
"တောရိုင်းဥတွေ အများကြီးပါလား... ဘယ်ကရတာလဲ..."
"ကျွန်တော် သွားကောက်လာတာ..."
"ဒီနေ့ ဒါတွေကိုပြုတ်ပြီး အားလုံး အာဟာရဖြစ်အောင် စားကြရအောင်..."
သက္ကလပ်ဦးထုပ်ထဲမှ တောရိုင်းဥ ခြောက်လုံးကို ထုတ်ယူပြီး လီလန်က မီးဖိုချောင်ထဲသို့ လျှောက်သွားလိုက်သည်။
"တောကြက်ဥတွေလား... နင် ကောက်လာတာလား..."
လီလန်၏လက်ထဲရှိ ဥများကို မြင်သောအခါ ပိုင်ကျဲ့၏ မျက်လုံးများ လင်းလက်သွားတော့၏။
"အင်း... ကံကောင်းသွားတာ..."
လီလန်က ခေါင်းညိတ်လိုက်သည်။
"နင့်ရဲ့ ကံတရားက တကယ့်ကို ကောင်းလွန်းတယ်... ရွာထဲကလူတွေ ပြောနေကြတာတော့ ဒီနှစ်ရက်အတွင်း နင် တောယုန်တွေနဲ့ မိုးပျံနဂါးတွေ ရနေတယ်ဆိုပဲ... ဒီနေ့ကျတော့ ခွေးတူဝက်တူတွေလည်း ဖမ်းမိပြီး ဥတွေပါ တွေ့လာသေးတယ်..."
ပိုင်ကျဲ့က အားကျလေးစားသော မျက်နှာပေးဖြင့် လီလန်ကို စိုက်ကြည့်နေမိ၏။
[ဒင်... ပိုင်ကျဲ့၏ နှစ်သက်ခြင်းအမှတ် +၅၀...]
"ဒါတွေကို ပြုတ်လိုက်ပါ... ဦးလေးပိုင် အပါအဝင်ဆိုရင် ငါတို့တစ်ယောက် တစ်လုံးစီ ကွက်တိပဲ..."
လီလန်က တောရိုင်းဥများကို မီးဖိုခုံပေါ်တွင်တင်ရင်း ပြောလိုက်သည်။
သူသည် ဗီဒိုဆီသို့ လျှောက်သွားပြီး စနစ်မှ ဆုလာဘ်အဖြစ် ပေးထားသော ပြောင်းဖူးမှုန့်များနှင့် ကန်စွန်းဥများကို ထုတ်ယူလိုက်၏။
"ဒီမှာ ပြောင်းဖူးမှုန့် နှစ်ကျင်းနဲ့ ကန်စွန်းဥ နှစ်ကျင်း ရှိတယ်... အကုန်လုံးကို အတူတူ ပြုတ်လိုက်ပါ... ကျွန်တော် ခွေးတူဝက်တူ အသားတွေကို သွားပြင်ဆင်လိုက်ဦးမယ်..."
လီလန်က ဗီဒိုကို ဖွင့်လိုက်သည့်အခါ အတွင်း၌ စားလက်စ ကျန်နေသေးသော တောယုန်သားကို ပိုင်ကျဲ့ မြင်လိုက်ရသည်။ ထို့နောက် ဗီဒိုဘေးနားရှိ နံရံထောင့်ဆီသို့ ငုံ့ကြည့်လိုက်ရာ တောယုန်တစ်ကောင်နှင့် မိုးပျံနဂါးနှစ်ကောင် ငြိမ်သက်စွာ လဲလျောင်းနေသည်ကို ထပ်မံ တွေ့ရှိလိုက်ရပြန်၏။
သူမခမျာ လုံးဝ ဆွံ့အမှင်တက်သွားရတော့သည်။
ခွေးတူဝက်တူများ၊ တောရိုင်းဥများ၊ တောယုန်များ၊ မိုးပျံနဂါးများ၊ ပြောင်းဖူးမှုန့်များနှင့် ကန်စွန်းဥများ…
တစ်ရွာလုံးတွင် ငတ်မွတ်ခေါင်းပါးမှုဘေးကြောင့် လူအများမှာ တောရိုင်းဟင်းရွက်များကိုသာ စားနေရပြီး သစ်ခေါက်များကို ဝါးစားနေကြရသည်။ သို့သော် လီလန်တို့ မိသားစုမှာမူ နေ့တိုင်း အသားများကို အဝစားနေကြရပါတကား။