အခြေတည်အဆင့်စေတီ
Vol. 12 Ch. 185
ကျူးယင်ကျွန်းက ကြီးကြီးမားမား မဟုတ်ပေ။ မြို့သုံးမြို့နှင့် စခန်းများသဖွယ် ရွာများသာ ရှိသည်။ ရွှီချင်း၏ ပစ်မှတ်က မြို့တော်ဖြစ်သော ငါးအရိုးမြို့ဖြစ်သည်။
ကျွန်းပေါ်သို့ သူ ဆိုက်ကပ်ခဲ့စဉ်အခါက ထိုမြို့နှင့် အနီးစပ်ဆုံးဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့ခြင်းဖြစ်သည်။
“ ကျူးယင်မြို့ …”
ရွှီချင်း၏မျက်လုံးများ တဖိတ်ဖိတ်လက်နေပြီး မြို့တော်သို့ ဦးတည်သွားလိုက်သည်။
ကျူးယင်ကျွန်းတစ်ခုလုံး ရှုပ်ပွနေသည်။ ချီရွှဲ့ထုံဂိုဏ်း အခြေတည်အဆင့်ကျင့်ကြံသူများနှင့် အမြုတေအဆင့်ကျင့်ကြံသူများ၏ အားထုတ်မှုများ၊ သတ္တမမြောက်သခင်ကြီး၏ တိုက်ခိုက်ခြင်းတို့ကြောင့် အပျက်အစီးများကို ဟိုတစ်စသည်တစ် တွေ့နေရသည်။
အဝေးတွင် အနက်ရောင်မီးခိုးငွေ့များ တလူလူလွင့်ပျံနေပြီး တိုက်ခိုက်သံများလည်း နေရာအနှံ့မှ ထွက်ပေါ်နေသည်။ ကျွန်းတစ်ကျွန်းလုံး ပရမ်းပတာ ဖြစ်နေ၏။
ရွှီချင်းက တည်ငြိမ်စွာဖြင့် ငါးအရိုးမြို့သို့ ဦးတည်သွားလိုက်သည်။ ထိုမြို့သည် အဝေးမှကြည့်လျှင် နီးကပ်နေသယောင် ထင်ရပါသော်ငြား အမှန်စင်စစ် ရွှီချင်း၏ အမြန်နှုန်းဖြင့်ပင် တစ်နာရီကြာအောင် သွားလိုက်ရသည်။
မြို့အနီးသို့ သူ ရောက်လာသည်နှင့် ကြီးမားသော ငါးအရိုးကို မျက်မြင်ကြုံတွေ့လိုက်ရသည်။
ရွှီချင်းက အရိုးကိုကြည့်လိုက်ပြီး ထိုအရိုးကြီးမှ လာနေသော ဖိအားကို ခံစားလိုက်ရသည်။ ထိုငါးကြီး အသက်ရှင်ခဲ့စဉ်က မည်မျှအစွမ်းထက်မည်ကို သူ စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်ပေ။
သို့သော်လည်း ထိုဖိအားက ရေသူမမျိုးနွယ်အတွက် အနှောင့်အယှက်မဖြစ်သည်မှာ ထင်ရှားသည်။ ယင်းက ရေသူမမျိုးနွယ်၏ စရိုက်လက္ခဏာနှင့် ဆက်စပ်ကောင်း ဆက်စပ်နေနိုင်သည်။
ထိုဖိအားအောက်တွင် ကျင့်ကြံခြင်းစွမ်းအားများကို ဖိအားပေးခြင်းမခံရဘဲ တည်ငြိမ်စွာ နေနိုင်ရန်မှာ ဖြစ်နိုင်မည် မဟုတ်ပေ။ သို့သော်ငြား ယခုတွင် လောကကြီးတစ်ခုလုံးကို ခရမ်းရောင်အလင်းပင်လယ်ကြီးက ဖုံးလွှမ်းသွားခဲ့ပြီဖြစ်၍ ယခင်က ငါးအရိုး၏ ဖိအား မည်မျှ ကြီးမားနေခဲ့စေကာမူ ယခုတွင် ဖိအားအများစုမှာ ချိုးနှိမ်ခံလိုက်ရပြီဖြစ်သည်။
လက်ကျန်ဖိအားများက အစွမ်းထက်နေဆဲဖြစ်ပါသော်လည်း ကျင့်ကြံသူများအတွက် များစွာ အနှောင့်အယှက် မဖြစ်တော့ပေ။
သူ နီးကပ်လာသည်နှင့် မြို့ထဲမှ တဝုန်းဝုန်းမြည်ဟည်းသံများကို တရစပ် ကြားလိုက်ရပြီး မန္တန်အစီအရင် အငွေ့အသက်များကိုလည်း အာရုံခံမိလိုက်သည်။ ဂိုဏ်းသားအများအပြား မြို့ထဲသို့ ရောက်နေပြီဖြစ်သည်ကို သူ သိလိုက်ပြီး မြို့ထဲသို့ တစ်ခါတည်း ခုန်ဝင်သွားလိုက်သည်။
ငါးအရိုးကြီးပေါ်တွင် တည်ဆောက်ထားသော ကျူးယင်မြို့တော်၏ ဗိသုကာလက်ရာမှာ ထူးဆန်းလှသည်။ တချို့အဆောက်အအုံများက လူနေအိမ်များပုံစံရှိပြီး တချို့က ပျားအုံများပမာ ထူးထူးဆန်းဆန်းပုံစံများ ရှိကြပြီး တချို့အိမ်များက မှိုပွင့်များ သို့မဟုတ် ပင်လယ်ရေညှိများကဲ့သို့ ပုံစံရှိသည်။
ရေထဲနစ်မြုပ်နေသော သင်္ဘောများနှင့် အခွံများကဲ့သို့ တချို့အိမ်များလည်း ရှိသည်။
၎င်းတို့အနက် လူနေအိမ်များက ချီရွှဲ့ထုံဂိုဏ်း၏ အိမ်များပုံစံ ရှိနေသည်။ ထို့ပြင် ထိုအိမ်များကို အုတ်များ၊ ကျောက်ပြားများဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ တချိန်က ချီရွှဲ့ထုံဂိုဏ်းသားများ ဤမြို့ကြီးထဲသို့ ရောက်လာပြီး ရေသူမမျိုးနွယ်အတွက် ဆောက်လုပ်ပေးခဲ့ဟန်တူသည်။
ရွှီချင်းသည် ရပ်မသွားဘဲ မြို့လယ်ခေါင်သို့ ပြေးသွားသည်။
သူ၏ပန်းတိုင်က မြို့လယ်ခေါင်ရှိ အခြေတည်အဆင့်စေတီဖြစ်သည်။
ဟွမ်ရန်ပေးခဲ့သည့် သဲလွန်စများအရ အခြေတည်အဆင့်နတ်ရတနာဖြစ်သော လင်းရှီမီးအိမ်ကို အခြေတည်အဆင့်စေတီထဲတွင် သိမ်းဆည်းထားသည်။ ထိုနေရာကို အများအားဖြင့် ရေသူမမျိုးနွယ်၏ ပညာရှင်များက စောင့်ကြပ်နေကြသည်။
“ ငါ အဲဒါ ရဖို့ နည်းလမ်းစဉ်းစားရမယ်။ ငါ မအောင်မြင်ရင် ဒီမြို့ထဲက ဆေးတွင်းကို သွားပြီး အခြေတည်အဆင့်ဆေးလုံး ရှာရမယ် ”
အချိန်က အရေးကြီးသည်ကို ရွှီချင်း သိထား၍ တန်းတန်းမတ်မတ်သွားလိုက်သည်။
သို့သော်လည်း သူက ပျံသန်းစေနိုင်သော အဆောင်ကို အသုံးမချပေ။ မြို့ထဲသို့ ပြေးလွှားသွားခြင်းနှင့် လေထဲမှ ပျံသန်းသွားခြင်းကြားတွင် ကြီးမားသော ကွာခြားချက်များ ရှိနေသေးသည် မဟုတ်ပါလား။ လေထဲမှ ပျံသန်းသွားပါက အာရုံစိုက်ခံရပေမည်။ ရေသူမမျိုးနွယ်ဝင်များ၏ ကျင့်ကြံခြင်းအဆင့်များက ဖိနှိပ်ခြင်း ခံထားရပြီး သူက အလွန် အစွမ်းထက်ပါသော်ငြား အာရုံစိုက်ခံရပါက မကောင်းပေ။
ရွှီချင်းက ရှေ့သို့ သွားနေရင်း ပန်းတိုင်နှင့် နီးသည်ထက် နီးလာသည်။ လမ်းတစ်လျှောက်တွင် ချီရွှဲ့ထုံဂိုဏ်းသားအနည်းငယ်ကိုလည်း သူ မြင်လိုက်ရသည်။ ဂိုဏ်းသားအများစုက ချောင်ကျသောနေရာများနှင့် အမှောင်ရိပ်များထဲတွင် သွားလာနေကြပြီး ပစ္စည်းများ လုယက်ရန်သာ အာရုံစိုက်နေကြသည်။ သူတို့ သတ်ခဲ့သည့်တိုင်အောင် အကျိုးအမြတ်အတွက် သတ်ခဲ့ခြင်းသာ ဖြစ်ပေသည်။
အလွန့်အလွန်နည်းပါးသော ဂိုဏ်းသားများသည်သာ လူသတ်ခြင်းကို ခုံမင်ကြသည်။
ရွှီချင်းက ချီရွှဲ့ထုံဂိုဏ်းနှင့် ရေသူမမျိုးနွယ်အကြားရှိ ဆက်ဆံရေးကို သက်သေပြနေဟန်တူသော အဆောက်အအုံအနည်းငယ်ကိုလည်း မြင်လိုက်ရသည်။ ဥပမာအနေဖြင့် သူ ကြည့်နေသော ကျောက်ပြားတစ်ချပ်ပင်။
ထိုကျောက်ပြားက ရှည်ပြီး အကောင်းပကတိအတိုင်း ရှိနေသည်။ ထိုကျောက်ပြားပေါ်တွင် နာမည်အများအပြား ရှိနေသည်။
စာသားရေးထွင်းထားသည့်ပုံစံအရ ယင်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ရေသူမမျိုးနွယ်ကို ချီရွှဲ့ထုံဂိုဏ်း လာရောက်ကူညီပေးစဉ် ချန်ထားခဲ့သော အထိမ်းအမှတ်ကျောက်တိုင် ဖြစ်သည်။
ထိုကျောက်ပြားသည် မကြာခဏ သန့်ရှင်းရေး လုပ်ထားသည့်အလား အလွန်တောက်ပြောင်နေသည်။
သို့သော်ငြား အနီးကပ်ကြည့်ပါက ကောင်းကင်ဝေဟင်ပြင်ရှိ မန္တန်အစီအရင် ဖောက်ထွင်းအားကြောင့် ကျောက်ပြားက မူလအရောင်အဆင်း မှေးမှိန်သွားကာ အထဲတွင် အရိုးများအားလုံး မရှိတော့သည်ကို မြင်နေရသည်။
ထို့ပြင် တူးထုတ်ခံထားရသည့်လက္ခဏာများ သိသိသာသာ ပေါ်လွင်နေ၏။
ရွှီချင်းက ကျောက်ပြားကို ကြည့်လိုက်ပြီးနောက် ဝေဟင်ရှိ သတ္တမမြောက်တောင်ထိပ်မှ ကျင့်ကြံသူများကို မော့ကြည့်လိုက်ပြီး မည်သည့်အတွက် ချီရွှဲ့ထုံဂိုဏ်း၏ ထိပ်ပိုင်းပုဂ္ဂိုလ်များ အကြီးအကျယ် ဒေါသထွက်နေရသည်ကို နားလည်သွားသည်။
သို့သော်လည်း ရွှီချင်းက ချီရွှဲ့ထုံဂိုဏ်းသို့ ရောက်သည်မှာ မကြာသေးပေ။ အရာအားလုံးက အကျိုးအမြတ်အပေါ် အခြေခံထားသည်ဖြစ်၍ သူ များစွာ စိတ်မကောင်းဖြစ်ခြင်း မရှိပေ။ ကျေးဇူးကန်းသော လုပ်ရပ်အတွက် သူ အလိုလိုမုန်းတီးနေခြင်းသာ ဖြစ်သည်။
သူက အကြည့်လွှဲလိုက်ပြီး ညာလက်ကို ရုတ်တရက် မြှောက်လိုက်သည်။ မရေမတွက်နိုင်သော ရေစက်များ ချက်ချင်း ပေါ်လာပြီး သူ့ဘေးပတ်လည်တွင် အကာအကွယ်အလွှာတစ်ခု ဖြစ်ပေါ်လာကာ ကျောက်ပြားဘေးမှ ဗြုန်းခနဲ လွင့်ပျံလာသော ရေပူဖောင်းလေးများကို ဟန့်တားလိုက်သည်။
ထိုရေပူဖောင်းများသည် ရေစက်များနှင့် ထိပ်တိုက်တွေ့ဆုံသွားပြီးနောက် ချက်ချင်း ပြိုကွဲသွားကာ ပြင်းထန်သော အငွေ့အသက်များအဖြစ် ပြောင်းလဲသွားသည်။ ဘေးပတ်လည်မှ ရေသူမမျိုးနွယ်ဝင်ငါးယောက် ဝုန်းခနဲ ပြေးထွက်လာကြပြီး ရွှီချင်းထံသို့ ရက်စက်ကြမ်းကြုတ်စွာဖြင့် ပြေးဝင်လာကြသည်။
ရွှီချင်းက အေးတိအေးစက်ကြည့်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် သူ့ပတ်လည်ရှိ ရေကန့်လန့်ကာမှာ ပြန့်ကားလာပြီး ရေမြားများအသွင်ပြောင်းလဲ၍ ထိုရေသူမမျိုးနွယ်ဝင်ငါးယောက်ကို ချက်ချင်း ထိုးဖောက်သွားသည်။
ရွှီချင်းက ထိုနေရာမှ ထွက်သွားသည်။ သူ ထွက်သွားပြီးနောက် ရေသူမမျိုးနွယ်ဝင်ငါးယောက်မှ ဟောင်းလောင်းပွင့်နေသော ဒဏ်ရာများဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ရေစက်များက သူတို့ကိုယ်ပေါ်မှ သားရေအိတ်ရှုံ့များကို သယ်ဆောင်ကာ ရွှီချင်းနောက်သို့ အလျင်အမြန် လိုက်ပါသွားသည်။ ရွှီချင်းက သားရေအိတ်ရှုံ့များကို ယူလိုက်ပြီး သိမ်းလိုက်သည်။ သူက ပျံသန်းနေသည့်အလား ခပ်သွက်သွက်သွားနေပြီး အခြေတည်အဆင့်စေတီနှင့် နီးသည်ထက် နီးလာသည်။
ရွှီချင်းက တခြားဂိုဏ်းသားများကဲ့သို့ပင် တခြားလူများကို သတ်ရန် စိတ်မပါဘဲ သူ့ပန်းတိုင်ကိုသာ ရောက်ချင်နေသည်။ သူ့ကို ရန်စလာခဲ့သည့် ဉာဏ်နည်းသော လူများ ရှိလာပါကလည်း အကျိုးအမြတ်အနည်းငယ်ရအောင် သူ လက်စတုံးပစ်မည်သာ ဖြစ်သည်။
နောက်ဆုံးတွင် တစ်နာရီကြာပြီးနောက် မြို့လယ်ခေါင်ရှိ အခြေတည်အဆင့်စေတီကြီးကို သူ မြင်လိုက်ရသည်။
စေတီ၏ ပုံပန်းသွင်ပြင်က သာမန်စေတီများနှင့်ကွဲပြားနေသည်။ ဟွမ်ရန်၏ ကျောက်စိမ်းပေလွှာထဲတွင် ဖော်ပြချက်အရ ထိုစေတီက ကျူးယင်နတ်ဘုရားပုံစံရှိသည်။
အဝေးမှကြည့်ပါက ထိုစေတီက ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အဘွားအိုတစ်ယောက်ပုံစံ ရှိသည်။ သို့သော်လည်း ထိုအဘွားအို၏ ခန္ဓာကိုယ်မှ လက်များ မရေမတွက်နိုင်လောက်အောင် တိုးထွက်နေသည်။ လက်တစ်ဖက်စီတွင် မျက်လုံးများ ရှိနေပြီး ဘေးပတ်လည်တွင် လွှမ်းခြုံနေပေရာ ဘေးမှကြည့်ပါက အဘွားအို၏ နောက်ကျောတွင် သရဲမျက်နှာတစ်ခု ရှိနေသည့်အလား ထင်မှတ်ရသည်။
၎င်း၏ ရှည်လျားသောလျာကြီးက ဘေးသို့ တွဲကျနေပြီး ကျူးယင်နတ်ဘုရား၏အရိပ်အဖြစ် ပြောင်းလဲသွားသည့်အလား ထင်ရပေသည်။
ကျူးယင်နတ်ဘုရား၏ ခေါင်းဖြစ်သော စေတီထိပ်ရှိ အပေါက်ထဲတွင် မီးအိမ်တစ်အိမ်ကို မြင်နိုင်သည်။
အလှမ်းဝေးသည့်အတွက်ကြောင့် ရွှီချင်း ရှင်းရှင်းလင်းလင်း မမြင်ရပါသော်လည်း မီးအိမ်အောက်တွင် အဆင့်တက်ရန် ကြိုးစားနေသည့်အလား လူအများ တရားထိုင်နေဟန်တူသည်။ စေတီအပြင်ဘက်တွင် အစောင့်အကြပ်များက စိုးရိမ်ကြောင့်ကြနေသည့်အမူအရာများဖြင့် ရှိနေသည်။
ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ ထိုလူများက ယခုတစ်ခေါက် ရက်တစ်ရာ အခြေတည်အဆင့်သို့ ရောက်နေသည့် ကံဆိုးသူများဖြစ်ကြောင်း သူ ပြောနိုင်သည်။ ဤမျှော်လင့်မထားသော အဖြစ်အပျက်ကြောင့် သူတို့ ကျရှုံးနိုင်ချေ အတော်လေး မြင့်မားသည်။
ရွှီချင်းက အခြေတည်အဆင့်စေတီကို စူးစမ်းလေ့လာနေသည့်အခိုက် သူ့ဘေးမှ လူသတ်ငွေ့တစ်ခု ပေါ်ထွက်လာသည်။ စိမ်းဖန့်ဖန့်လက်ဝါးတစ်ဖက် ပေါ်လာပြီး စူးရှချွန်ထက်သော အခွံတစ်ခုနှင့်အတူ ရွှီချင်း၏ လည်ပင်းကို ရိုက်လိုက်သည်။
ရွှီချင်း၏ မျက်ခုံးမွှေးများ အပေါ်သို့ ပင့်သွားပြီး သူ့ခန္ဓာကိုယ်မှ ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ထွက်ပေါ်လာသည်။ သူ့နောက်မှ ‘ ပါ ’ အရိပ် ထွက်ပေါ်လာပြီး အော်ဟစ်လိုက်ရာ ကြောက်မက်ဖွယ်အပူဓာတ်များ အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။
ယင်းကြောင့် သူ့လည်ပင်းထံ တိုးဝင်လာသော အခွံမှာ ချက်ချင်း ပြိုကွဲသွားသည်။ အခွံကို ကိုင်ထားသည့် လက်ဝါးသည်လည်း နောက်သို့ ဒရောသောပါး ဆုတ်ခွာသွား၏။ ဟင်းလင်းပြင် ရှုံ့တွသွားပြီး အလျင်အမြန် ဆုတ်ခွာနေသော ဖောက်ထွင်းမြင်ရသည့်အရိပ်တစ်ရိပ် ပေါ်လာ၏။
ရွှီချင်း၏ မျက်လုံးများထဲ လူသတ်ချင်အရိပ်အယောင်များဖြင့် ဝင်းလက်သွားသည်။ အတတ်နိုင်ဆုံး ဖုံးကွယ်နေပါသော်ငြား အပူလှိုင်းများထဲတွင် ဝိုးတဝါးဖြစ်နေသေးသော ပုံရိပ်ကို ကြည့်လိုက်ပြီး ဝုန်းခနဲ ပြေးဝင်သွားသည်။
သူက အနီးရောက်သည်နှင့် ညာလက်သီးဖြင့် ထိုးနှက်လိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး တဝုန်းဝုန်းမြည်ဟည်းသွားသည်။ ‘ ပါ ’ အရိပ်နှင့် ပေါင်းစပ်ထားသော ရွှီချင်း၏ လက်သီးက ရွှမ်ယောက်အသွင်သဏ္ဍာန် အသက်သွင်းမထားသည့် အခြေတည်အဆင့်ကျင့်ကြံသူများကိုပင် ဒဏ်ရာရစေနိုင်သည်။ ထိုထူးဆန်းသော အရိပ်မှာ တုန်လှုပ်ချောက်ချားသွားပါသော်ငြား ရှောင်တိမ်းရန် နောက်ကျသွားသည်။
ထိုကဲ့သို့ အကျဉ်းအကြပ်ထဲတွင် ဖောက်ထွင်းမြင်ရသော ကျင့်ကြံသူ၏ရှေ့၌ အဆောင်တစ်ခု ပေါ်လာပြီး အလင်းလွှာအသွင်ပြောင်းလဲ၍ လက်သီးချက်ကို တားဆီးလိုက်သည်။
ဘုန်း …
အဆောင်၏ အလင်းလွှာက လက်သီးချက်ကို တောင့်မခံနိုင်ဘဲ ချက်ချင်း ပြိုကွဲသွားသည်။ ရွှီချင်းသည် အနည်းငယ် တုံ့နှေးသွားပြီးနောက် ချက်ချင်း ရှေ့တက်သွားပါသော်ငြား သူ့ရှေ့တွင် ဘာမှမရှိတော့ပေ။ တစ်ဖက်လူက လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီ ဖြစ်သည်။
“ ကိုယ်ပျောက်သွားတာလား ”
ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး လက်လျော့လိုက်သည့်အလား အခြေတည်အဆင့်စေတီဘက်သို့ လှည့်ထွက်သွားသည်။ သို့သော်လည်း ခုနစ်လှမ်းမြောက်အရောက်တွင် သူက လှစ်ခနဲ လှုပ်ရှားကာ နောက်သို့ ဆတ်ခနဲ လှမ်းရိုက်လိုက်သည်။
သူက ဓားဖြင့်လည်း နောက်သို့ အညှာအတာမဲ့စွာ တရစပ် ထိုးသွင်းလိုက်သည်။
သူ့နောက်မှ ကိုယ်ယောင်ပျောက်ပုံရိပ်က အတင်းအကြပ်ရုန်းကန်ကာ သူ့ကို တိုက်ခိုက်လိုက်သည်။ သို့သော်လည်း သူ၏ တောင့်တင်းသော အပြင်အားကြောင့် ဒဏ်ရာရသည်ကိုပင် မမှုချေ။
ထို့နောက် သူက နောက်သို့ ဘယ်လက်ဖြင့် ဖမ်းဆုပ်ကာ အောက်သို့ ရိုက်ချလိုက်သည်။ မြေပြင်မှ ဘုန်းခနဲ မြည်သံ ထွက်ပေါ်လာပြီး ကြိမ်ဖန်များစွာ ဓားထိုးခံထားရပြီး အဆိပ်မိထားသော ဖောက်ထွင်းမြင်ရသည့်အရိပ် နောက်ဆုံးတွင် ပေါ်လာသည်။
ယင်းတွင် စိမ်းဖန့်ဖန့်မျက်လုံးများ၊ အကြေးခွံများ ဖုံးလွှမ်းနေသောခန္ဓာနှင့် သိသာထင်ရှားသော ပါးဟပ်များ ရှိသည်။ ယင်းသည် ရေသူမမှလွဲ၍ တခြားမဟုတ်ချေ။
သူက သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်ဟန်တူသည်။ သူ့ကျင့်ကြံခြင်းအဆင့်က ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်တွင် ရှိပါသော်ငြား ချီရွှဲ့ထုံဂိုဏ်းမှ ချီစုစည်းခြင်းအဆင့်အထွတ်အထိပ် ဂိုဏ်းသားများအနေဖြင့် ထိုသူ၏လက်မှ အသက်ရှင်လျက် လွတ်မြောက်နိုင်မည်ဟု မပြောနိုင်ချေ။
ရွှီချင်း၏ အဆိပ်ကို အချိန်ကြာမြင့်စွာ ခုခံနိုင်ပြီး ထိုကဲ့သို့ ကြောက်မက်ဖွယ် တိုက်ကွက်မျိုး ထုတ်ဖော်နိုင်သည်ဖြစ်ပေရာ ထိုသူ၏ ကျင့်ကြံခြင်းအဆင့်အစစ်အမှန်က ချီစုစည်းခြင်းအဆင့်တွင် သေချာပေါက် ရှိမနေကြောင်း ဖော်ပြနေပေသည်။
ထိုသူက အခြေတည်အဆင့် ရေသူမမျိုးနွယ်ဝင်တစ်ယောက်ပင်။
သို့သော်ငြား မန္တန်အစီအရင်မှ ဖိအားကြောင့် ချီစုစည်းခြင်းအဆင့်သို့ သူ ဖိနှိပ်ခံလိုက်ရခြင်း ဖြစ်သည်။
ထိုအချိန်၌ သူ့မျက်လုံးများထဲတွင် မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နေသည်။ သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရနေပါသော်လည်း လျှာထိပ်ဖျားကို ကိုက်၍ တန်ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။ ထိုအချိန်တွင် အနက်ရောင်ဝင်းလက်သွားပြီး သံတုတ်ကလေးက သူ့မျက်ခုံးမွေးနှစ်ခုကြားသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
သံတုတ်လေး ထိုးဖောက်သွားပြီးနောက် အခြေတည်အဆင့်အငွေ့အသက်များ ထိုရေသူမ၏ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားကာ သူ့ကိုယ်ထဲမှ ကိုယ်တွင်းအင်္ဂါများအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
တစ်ဖက်လူ လုံးဝသေသွားပြီဖြစ်ကြောင်း မြင်သောအခါ ရွှီချင်းက အနီးသို့ လျှောက်သွားပြီး သံတုတ်ကလေးကို နှုတ်ယူလိုက်သည်။ ထို့နောက် ရေသူမ၏ခန္ဓာကိုယ်အနှံ့ မွှေနှောက်ရှာဖွေလိုက်ရာ သားရေအိတ်ရှုံ့တစ်အိတ်ကို တွေ့လိုက်ရသည်။
ယင်းသည် သာမန်သားရေအိတ်ရှုံ့မဟုတ်ပေ၊ သိုလှောင်အိတ်တစ်အိတ် ဖြစ်သည်။
ရွှီချင်းမှာ စိတ်လှုပ်ရှားသွားရပါသော်လည်း ချက်ချင်း ဖွင့်မကြည့်ဘဲ သိမ်းထားလိုက်ပြီး ရှေ့တူရှုရှိ အခြေတည်အဆင့်စေတီသို့ တဟုန်ထိုး ပြေးသွားသည်။
တချိန်တည်းမှာပင် ကောင်းကင်ယံ၌ သတ္တမမြောက်သခင်ကြီးက လက်နှစ်ဖက်ကို နောက်ပစ်၍ မိုးကုတ်စက်ဝိုင်းဆီသို့ ကြည့်နေသည်။ သူ့နောက်တွင် အကြီးအကဲတစ်ဆယ့်သုံးယောက်နှင့် အခြေတည်အဆင့်ကျင့်ကြံသူတစ်ရာကျော် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေသည်။
သတ္တမမြောက်သခင်ကြီး၏ဘေးတစ်ဖက်တစ်ချပ်တွင် ဧရာမရေလုံးကြီးနှစ်လုံး လွင့်မျောနေသည်။ ထိုရေလုံးတစ်လုံးစီတွင် လူသေအလောင်းကဲ့သို့ ကျင့်ကြံသူနှင့် ရေသူမဘိုးဘေး ရှိသည်။
ထိုအချိန်၌ ရေသူမဘိုးဘေးက ရေအလွှာမှတစ်ဆင့် အောက်ဘက်ရှိ ကျွန်းသို့ကြည့်၍ ရုတ်တရက် ပြုံးလိုက်သည်။
“ ကျိန့်ခိုင်ယီ၊ နိုင်ပွဲက မင်းလက်ထဲမှာလို့ မင်းတကယ်ကြီး ထင်နေတာလား ”
သူ့စကားဆုံးသည်နှင့် ရေသူမကျွန်းလေးကျွန်းလုံး ဒယိမ်းဒယိုင်ဖြစ်လာသည်။ ဘေးပတ်လည်ရှိ ပင်လယ်မျက်နှာပြင်မှ အနက်ရောင်အလင်းလှိုင်းများ ထွက်ပေါ်လာပြီး ကျွန်းများကို လွှမ်းခြုံသွားသည်။ ၎င်းတို့က တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားပြီး အထဲရှိ အရာအားလုံးကို လွှမ်းခြုံလိုက်သည့် အနက်ရောင်အလွှာတစ်ခုပမာ မန္တန်အစီအရင်ကြီးအသွင် ပြောင်းလဲသွားသည်။
ထိုအနက်ရောင်အလွှာက ချီရွှဲ့ထုံဂိုဏ်း၏ မန္တန်အစီအရင်အစွမ်းကို တိုက်ခိုက်နေသည့်အလား တွန့်လိမ်ကွေးကောက်နေသည်။ ချီရွှဲ့ထုံဂိုဏ်း၏ မန္တန်အစီအရင်သာ ပျောက်ကွယ်သွားပါက အထဲရှိ အခြေတည်အဆင့် ရေသူမမျိုးနွယ်ဝင်များမှာ မူလကျင့်ကြံခြင်းအဆင့်ကို ပြန်လည်ရရှိသွားကြမည်ဖြစ်သည်။
ထိုအခါ ဤပြိုင်ပွဲသည် ချီရွှဲ့ထုံဂိုဏ်းသားများအား ရေသူမမျိုးနွယ်ဝင်များက သတ်ဖြတ်သည့်ပွဲအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။
“ ကျိန့်ခိုင်ယီ၊ မကြာခင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် ရောက်တော့မှာ။ မင်းတပည့်တွေ မင်းတို့ဂိုဏ်းအစီအရင်နဲ့ အတူ အရည်ပျော်သွားပြီး ငါတို့မျိုးနွယ်အတွက် စတေးခံရဖို့ သိပ်မကြာတော့ပါဘူးကွ ”
မိုးကုတ်စက်ဝိုင်းဆီမှ ရုတ်တရက် အနက်ရောင်ဝင်းလက်သွားပြီး ကောင်းကင်တွင် ဧရာမလေပွေကြီးတစ်ခု ပေါ်လာသည်။ ၎င်းထံမှ အေးစက်စက်အငွေ့အသက်များကို ဆောင်ကြဉ်းလာသည့် သေမင်းအရှိန်အဝါတစ်ခု ပျံနှံ့လာပြီး ပင်လယ်ရေမျက်နှာပြင်ကို အေးခဲသွားစေသည့်အလား ဖြစ်သွားစေသည်။
ထိုအရှိန်အဝါက လောကကြီးတစ်ခုလုံးကို ဖုံးလွှမ်းလာစဉ် ပေတစ်သောင်းရှည်သော ခန္ဓာတစ်ခြမ်းပုပ်ပွနေသည့် မိကျောင်းကြီးတစ်ကောင် တွားသွားထွက်လာသည်။
၎င်း၏ ဝါကြင့်ကြင့်မျက်လုံးများထဲတွင် ပြင်းထန်သော အေးစက်စက်အငွေ့အသက်များ ရှိနေပြီး ၎င်း၏ ခန္ဓာကိုယ်တွင်လည်း မရေမတွက်နိုင်သော အမုန်းဝိညာဉ်များဖြင့် ပြည့်နှက်နေသည်။ ၎င်းအပြင်သို့ တွားသွားထွက်လာသည်နှင့် ၎င်း၏ခေါင်းပေါ်တွင် လူရိပ်အများအပြား ရပ်နေသည်ကို မြင်နိုင်သည်။ ထိုလူရိပ်တစ်ရိပ်စီတွင် ကြောက်မက်ဖွယ်အရှိန်အဝါများ ရှိနေပြီး သူတို့နောက်တွင် ကျင့်ကြံသူတပ်ဖွဲ့ကြီး ရှိသည်။
ယင်းမှာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ပင်။
“ သူတို့တောင် ရောက်လာပြီကိုး ”
သတ္တမမြောက်သခင်ကြီးက ပုံမှန်အမူအရာဖြင့် ကြည့်ကာ ပြုံး၍ ဆိုလိုက်သည်။