← Chapters

အခန်း (၂၃၇-၂၃၈)

Vol. 17 Ch. 237-238

အခန်း (၂၃၇-၂၃၈)

Vol. 17 Ch. 237-238

အပိုင်း(၂၃၇)

လမ်းလျှောက်ရင်း ရွှင်မြူးစွာ ရယ်မောလာခဲ့သော ကျူးပါကျဲသည် မကြာမီမှာပင် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ဓားရေးကျင့်နေသည်ကို မြင်တွေ့လိုက်ရလေသည်။ သူမ၏ လှုပ်ရှားမှုများသည် ကျက်သရေရှိပြီး ညှို့ငင်နိုင်စွမ်းရှိလှရာ ကျူးပါကျဲ၏ မျက်လုံးများမှာ ပြူးကျယ်သွားလေတော့သည်။

ဤသူမှာ အသက်နှစ်ဆယ်အရွယ်ရှိ ညီအစ်မသုံးဦးအနက် အကြီးဆုံးဖြစ်သော ကျန်းကျန်း ပင် ဖြစ်လေသည်။

"အဟမ်း... အဟမ်း... ဆရာက ပထမဆုံး အမြင်က အရမ်းအရေးကြီးတယ်လို့ ပြောခဲ့တယ်... ဒါ့အပြင် လေထုအခြေအနေနဲ့ နောက်ခံနဲ့ တခြားအချက်တွေကလည်း အမှတ်ပိုရစေတယ်တဲ့..."

ကျန်းကျန်း ဓားရေးကျင့်နေသည်ကို မြင်သောအခါ ကျူးပါကျဲသည် လည်ချောင်းဟန့်လိုက်ပြီး သူ၏ဆရာ ခုလေးတင် ပြောပြခဲ့သော စကားများကို ပြန်လည်အမှတ်ရလိုက်လေသည်။

သူသည် ထျန်းဖုန်စစ်သူကြီး၏ အသွင်ပြောင်းခြင်း သုံးဆယ့်ခြောက်မျိုးကို အသုံးပြု၍ သူသည် ချောမောခန့်ညားပြီး ပြတ်သားသော ထျန်းဖုန်စစ်သူကြီး၏ မူလရုပ်သွင်သို့ ပြန်လည်ပြောင်းလဲလိုက်လေသည်။ ထို့နောက် ကျူးပါကျဲသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်စွမ်းအင်များသည် နှင်းပွင့်များပမာ လှပသည့် ပန်းရောင်ပွင့်ဖတ်လေးများအဖြစ်သို့ ပြောင်းလဲသွားလေသည်။

"သခင်မလေး ကျန်းကျန်း... မင်္ဂလာပါ..."

ချောမောခန့်ညားနေသော ကျူးပါကျဲသည် ပန်းရောင်ပွင့်ဖတ်လေးများ ကြွေကျနေသည့်ကြားမှ ထွက်ပေါ်လာခဲ့ပြီး သူ၏ အကြည့်တို့သည် ကျန်းကျန်းကို ကြည့်ရှုရာတွင် ချစ်ခင်မြတ်နိုးမှုများ အပြည့်ပါဝင်နေလေသည်။

"အို... ရှင်က ဘယ်သူလဲ..."

ကျန်းကျန်းက ဓားကို အိမ်ထဲသို့ ပြန်သွင်းကာ ရပ်လိုက်ပြီး သူမထံသို့ လျှောက်လာနေသော ကျူးပါကျဲကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်လေသည်။

"ကိုယ် ရွှမ်ကျန်းဆရာတော်ရဲ့ ဒုတိယတပည့်ပါ... သခင်မလေးရဲ့ အမေက သမက်ရှာနေတယ်လို့ ခုလေးတင် ကြားလိုက်တယ်... ဒါပေမဲ့ တကယ်တော့ သူက မင်းလေးနဲ့ မသင့်တော်ဘူးလို့ ကိုယ် ထင်တယ်..."

ကျူးပါကျဲက ကျန်းကျန်းအနီးသို့ လျှောက်သွားရင်း ပြောလိုက်လေသည်။

"မသင့်တော်ဘူး ဟုတ်လား... ဘာဖြစ်လို့လဲ..."

ပါးပြင်ပေါ်တွင် ရှက်သွေးဖြာနေလျက် ကျန်းကျန်းက ကျူးပါကျဲကို သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"ဘာလို့လဲဆိုတော့ ဆရာက အနောက်ဘုံကို သွားဖို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချထားလို့ပဲ... ကိုယ်ကတော့ မတူဘူး..."

ကျူးပါကျဲသည် သူ၏ အမူအရာကို တည်ကြည်သွားစေရင်း ပြောလိုက်လေသည်။

"ဘယ်လို မတူတာလဲ... ရှင်က သူ့ရဲ့ တပည့်မဟုတ်ဘူးလား... ကျမ်းစာပင့်ဆောင်ဖို့ သူ့နောက်ကို လိုက်သွားမှာ မဟုတ်ဘူးလား..."

"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... မင်းလေး ထင်နေတာ မှားနေပြီ... ဆရာက ကျမ်းစာပင့်ဆောင်ဖို့ ဆုံးဖြတ်ထားတာ… ကိုယ်ကတော့ မင်းလေးကို လက်ထပ်ဖို့ ဆုံးဖြတ်ထားတာ..."

"အာ... ရှင်... ဒီစကားတွေက..."

ဤချွဲနွဲ့သော စကားများကြောင့် သူမသည် ရှက်သွေးဖြာကာ မျက်နှာရဲသွားလေသည်။

"ကိုယ်က ဆရာနဲ့ မတူရုံတင်မကဘူး… ဟိုသောက်ပေါ ဝူခုန်းနဲ့လည်း မတူဘူး... ဘယ်လိုကွာခြားလဲဆိုတာ မင်းလေး သိချင်လား..."

ကျန်းကျန်း၏ တုံ့ပြန်မှုကို မြင်သောအခါ ကျူးပါကျဲက စိတ်အားထက်သန်စွာ မေးလိုက်လေသည်။

"ဘာများ ကွာခြားလို့လဲ..."

ကျန်းကျန်းသည် ကျူးပါကျဲ၏ စကားများတွင် မျောပါသွားပုံရပြီး သိချင်စိတ်ဖြင့် ဆက်လက်မေးမြန်းလေသည်။

"ဝူခုန်းက မျောက်တစ်ကောင်လေ… မျောက်တွေက ဂူထဲမှာ နေချင်ကြတယ်... ဒါပေမဲ့ ကိုယ်ကတော့ မင်းလေးရဲ့ နှလုံးသားထဲမှာ နေချင်တာ..."

"ဒါနဲ့ သခင်မလေး ကျန်းကျန်း... မင်းလေးက ဓားကိုင်ထားတာ အရမ်းကြည့်ကောင်းတာပဲ... စောင်းကော တီးတတ်လား... မတီးတတ်ဘူးလား... ဒါဆို ဘာလို့ ကိုယ့်ရဲ့ နှလုံးသားကြိုးလေးတွေကို လာခတ်နေရတာလဲ... ဒီမှာ တဒုတ်ဒုတ် မြည်နေပြီ"

"သခင်မလေး ကျန်းကျန်း... မင်းက တကယ်ကို ချစ်စရာကောင်းတဲ့ မိန်းကလေးပဲ... သြော်... စကားမစပ်... ကိုယ့်ရဲ့ နာမည်ပြောင်ကလည်း 'ချစ်စရာလေး' လို့ ခေါ်တယ်... မင်းလေး ခေါ်ကြည့်ပါလား..."

လေထဲတွင် လွင့်မျောနေသော ပန်းရောင်ပွင့်ဖတ်လေးများ၏ ရိုမန်တစ်ဆန်သော မြင်ကွင်းနှင့် ချွဲနွဲ့သော အချစ်စကားများသည် တစ်ခုနှင့်တစ်ခု အပြည့်အဝ လိုက်ဖက်ညီနေလေသည်။ ဤခေတ်ဤအခါတွင် တစ်ခါမျှ မကြားဖူးသော ဤစကားများကြောင့် ကျန်းကျန်းမှာ ပန်းကလေးတစ်ပွင့်ပမာ တုန်လှုပ်သွားခဲ့ရသော်လည်း အလွန်အမင်း ရှက်သွေးဖြာနေခဲ့လေသည်။

ဤကိစ္စမျိုးတွင် ရဲရင့်သော်လည်း ဂရုစိုက်ရန် အရေးကြီးကြောင်း သူ၏ ဆရာ ပြောခဲ့သောစကားများကို ပြန်လည်သတိရလိုက်သည်။ အချိန်ကိုက်ဖြစ်နေပြီဟု မြင်သောအခါ ကျူးပါကျဲသည် သတ္တိမွေးကာ ကျန်းကျန်း၏ လက်ကလေးကို ညင်သာစွာ ဆုပ်ကိုင်လိုက်လေသည်။

"အာ... ရှင်... ဒီလိုမလုပ်ပါနဲ့... တခြားလူတွေ တွေ့သွားရင် မကောင်းဘူးလေ..."

ကျန်းကျန်းသည် ခေါင်းငုံ့ထားလျက် ကျူးပါကျဲ ကိုင်ထားသောလက်ကို ညင်သာစွာ ရုန်းကန်ရင်း တီးတိုးပြောလိုက်လေသည်။

"ကောလာဟလတွေကို ကြောက်လို့လား... စိတ်မပူပါနဲ့... ကိုယ် မင်းလေးကိုသဘောကျတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်လာခဲ့ရင် အဲဒါတွေက ကောလာဟလမဟုတ်ဘူးလို့ ကိုယ် ရှင်းပြပေးပါ့မယ်..."

"ရှင် ကျွန်မကို တကယ်သဘောကျတယ်ဆိုရင်… အဲဒီတော့... အမေ့ဆီ သွားပြောလိုက်ပါ..."

ချွဲနွဲ့သော စကားလုံးများ တရစပ်ပစ်လွှတ်ခံရပြီးနောက် နောက်ဆုံးတွင် ကျန်းကျန်းသည် လှည့်ကာ ပြေးထွက်သွားလေတော့သည်။ သို့သော် သူမ မထွက်ပြေးမီ ကျူးပါကျဲကို မကြည့်ရဲဘဲ ခေါင်းငုံ့ကာ ဤစကားများကို တီးတိုးပြောသွားခဲ့ခြင်း ဖြစ်လေသည်။

"ဒါ... ဒါ တကယ်ဖြစ်သွားတာလား..."

ကျူးပါကျဲသည် စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး အမြင့်မားဆုံး မဟုတ်သော်လည်း သခင်မလေး ကျန်းကျန်း စကားများ၏ နောက်ကွယ်မှ အစစ်အမှန် အဓိပ္ပာယ်ကိုမူ နားလည်ခဲ့လေသည်။ ရှက်သွေးဖြာကာ ပြေးထွက်သွားသော သူမကို ကြည့်ရင်း ကျူးပါကျဲသည် စိတ်ထဲတွင် အံ့သြမှုနှင့်အတူ အလွန်အမင်း ရင်ခုန်ကြည်နူးသွားလေသည်။

စိတ်လှုပ်ရှားမှုနှင့်အတူ ကျူးပါကျဲသည် သူ၏ဆရာ သင်ပေးလိုက်သော အချစ်စကား ကိုးဆယ့်ကိုးခွန်းကို အမြင့်မြတ်ဆုံး ရတနာများအဖြစ် တန်ဖိုးထားသွားလေတော့သည်။

တကယ့်ကို သူ့ ဆရာ သင်ပေးလိုက်သော နည်းစနစ်များသည် အံ့မခန်းပင် ဖြစ်လေသည်။ ရိုးရှင်းသော စကားလုံး အနည်းငယ်မျှဖြင့် နှလုံးသားတစ်ခုကို အနိုင်ရရှိသွားခဲ့ပြီ မဟုတ်ပါလော။

အကယ်၍သာ သူသာ သည်စကားတွေကို စောစောစီးစီး ပြောရမှန်း သိခဲ့မယ်ဆိုလျှင် ချန်အော် နတ်သမီးလေးမှာ...

ချန်အော် နတ်သမီးအကြောင်း တွေးမိသောအခါ ကျူးပါကျဲသည် ခေါင်းကိုခါယမ်းလိုက်၏။ သူ၏ ရင်ထဲမှ ကြည်နူးမှုများမှာ အနည်းငယ် လျော့ကျသွားလေသည်။

တွေးတောပြီးနောက် သူသည် လှည့်ကာ ဆရာဖြစ်သူကို သွားရှာလေသည်။ ဤအစပြုမှုက အလွန်ကောင်းမွန်မည့်ပုံ ပေါ်နေသည်။ နောက်ထပ် ဘာဆက်လုပ်သင့်သနည်း။ ဆရာ့ကို မေးတာ ပိုကောင်းပေမည်။

***

အပိုင်း(၂၃၈)

"ဆရာ... ကျွန်တော် အောင်မြင်သွားပြီ... ဟားဟားဟား... ဆရာက တကယ်ကို အံ့သြစရာပဲ… ကျွန်တော် လုပ်နိုင်ခဲ့ပြီ..."

အလွန်အမင်း ဝမ်းသာပျော်ရွှင်နေသော ကျူးပါကျဲသည် ဝမ်းသာအားရ အော်ဟစ်ရင်း ကျန်းလျိုဆီသို့ ပြေးသွားလေသည်။

"မင်း အောင်မြင်သွားပြီ ဟုတ်လား... အတိအကျ ဘာတွေဖြစ်ခဲ့တာလဲ... ငါ့ကို ပြောပြစမ်းပါဦး..."

ကျူးပါကျဲ၏ ဝမ်းသာအားရ ဖြစ်နေမှုကို ကြည့်ကာ ကျန်းလျိုသည် မျက်မှောင်အနည်းငယ် ကြုတ်လျက် မေးလိုက်လေသည်။

သူ၏ ရည်ရွယ်ချက်မှာ ကျူးပါကျဲကို အောင်မြင်စေရန်သက်သက် မဟုတ်ဘဲ အခြားသူများကို အနှောင့်အယှက်ဖြစ်စေရန်ပင် ဖြစ်လေသည်။

"ဆရာ သင်ပေးလိုက်တဲ့ စကားတွေက တကယ့်ကို အံ့ဖွယ် အစွမ်းတွေ ရှိတာပဲ..."

ကျူးပါကျဲသည် ခုလေးတင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို စိတ်လှုပ်ရှားစွာဖြင့် ကျန်းလျိုအား အသေးစိတ် ပြန်လည်ပြောပြလေသည်။

"ကျွန်တော် နောက်ထပ် ဘာဆက်လုပ်ရမလဲ... အခုချက်ချင်း အစ်မကျားဆီ သွားပြီး လက်ထပ်ခွင့် တောင်းလိုက်ရမလား..."

ကျူးပါကျဲသည် သူ၏ စိတ်အားထက်သန်မှုကြောင့် လက်ထပ်ခွင့်တောင်းရန် သွားဖို့ပင် မစောင့်နိုင်တော့သည့်ပုံ ပေါ်နေလေသည်။

သို့ရာတွင် ကျူးပါကျဲ၏ စကားကို ကြားသောအခါ ကျန်းလျိုသည် ခေါင်းခါပြလိုက်ပြီး တွေးတွေးဆဆဖြင့် ပြောလိုက်လေသည်။

"လောစရာ မလိုသေးပါဘူး... မင်းက ထျန်းဖုန်စစ်သူကြီး ဝင်စားတာပဲ... ပြောစမ်းပါဦး... ကောင်းကင်အောက်မှာ စွမ်းဆောင်ရည်ရှိတဲ့ ဘယ်ယောကျာ်းက ဇနီးမယားတွေနဲ့ မောင်းမမိဿံ အများကြီး မရှိဘဲ နေလို့လဲ... ကျန်တဲ့ နှစ်ယောက်ကော သဘောတူမလား သွားစမ်းကြည့်လိုက်ဦး..."

"အာ... လျန်လျန် နဲ့ အိုက်အိုက် ကိုပါလား... အဲဒါက အဆင်ပြေပါ့မလား..."

ဆရာဖြစ်သူ၏ စကားကြောင့် သွေးဆောင်ဖြားယောင်းခံလိုက်ရသော်လည်း မသင့်တော်ဟု ခံစားရသဖြင့် ကျူးပါကျဲမှာ တုံ့ဆိုင်းနေလေသည်။

"ပါကျဲ... မင်း နားလည်ဖို့လိုတယ်… ကောင်းကင်ဘုံ ဥပဒေသဆိုတာ ပိုလျှံနေတဲ့သူဆီကယူပြီး လိုအပ်နေတဲ့သူကို ပေးတာပဲ… လူသားတွေရဲ့ ဥပဒေသကတော့ ပေါများနေတဲ့သူကို ပေးပြီး မရှိတဲ့သူဆီကနေ ယူတာပဲ... ပိုရှိတဲ့သူတွေက ပိုရသင့်ပြီး… နည်းနည်းပဲရှိတဲ့သူတွေက ရှိတာလေးပါ ဆုံးရှုံးရမှာပဲ... သတ္တိရှိတဲ့သူတွေက ကြွယ်ဝချမ်းသာပြီး ကြောက်တတ်တဲ့သူတွေက ငတ်မွတ်ရမှာပဲ... သွားတော့လေ..."

အသုံးမဝင်နိုင်သည့် ဒဿနိကဗေဒ ရှုပ်ရှုပ်ထွေးထွေးများကို ထပ်မံပစ်လွှတ်လိုက်သော်လည်း ကျန်းလျိုတွင် ရည်ရွယ်ချက်တစ်ခုတည်းသာ ရှိသည်။ ထိုရည်ရွယ်ချက်မှာ ကျူးပါကျဲအား ထိုဗောဓိသတ်အချို့ကို အနှောင့်အယှက်ပေးစေရန်ပင် ဖြစ်လေသည်။

"ကောင်းပါပြီ... ဆရာပြောတာ ယုတ္တိရှိတယ်... ကျွန်တော် အခုချက်ချင်း သွားလိုက်မယ်..."

ယခုအခါ ကျန်းလျိုကို မျက်ကန်းယုံကြည်နေပြီဖြစ်သော ကျူးပါကျဲသည် ဇနီးသုံးယောက် ရရှိမည့် အကြံအစည်ကြောင့် အလွန်အမင်း စိတ်လှုပ်ရှားစွာ တုန်ယင်သွားပြီး အပြင်သို့ ထပ်မံပြေးထွက်သွားလေတော့သည်။

…

"သခင်မလေး လျန်လျန်... ကိုယ်က ဆရာနဲ့ မတူဘူး... သူက ကျမ်းစာပင့်ဆောင်ချင်တာ… ကိုယ်ကတော့ မင်းလေးကို လက်ထပ်ချင်တာ..."

"သခင်မလေး အိုက်အိုက်... ကိုယ်က ဝူခုန်းနဲ့ ဘယ်လိုကွာခြားလဲ မင်းလေး သိလား... သူက မျောက်တစ်ကောင်လေ... ဂူထဲမှာနေရတာကို သဘောကျတာ... ဒါပေမဲ့ ကိုယ်ကတော့ မင်းလေးရဲ့ နှလုံးသားထဲမှာ နေချင်တာ..."

"ရှင် ကျွန်မကို တကယ်သဘောကျတယ်ဆိုရင် အမေ့ဆီသွားပြီး လက်ထပ်ခွင့်တောင်းလိုက်လေ... ဟိဟိ..."

နောက်ဆုံးတွင် လျန်လျန်နှင့် အိုက်အိုက်တို့ နှစ်ဦးစလုံးသည်လည်း ယခင်က ကျန်းကျန်းကဲ့သို့ပင် လှည့်ကာ ကျူးပါကျဲကို တီးတိုးပြောဆိုပြီးနောက် ပြေးထွက်သွားကြလေသည်။

"ဒါ... ဒါ တကယ်ဖြစ်သွားတာလား..."

ကျူးပါကျဲသည် ပျော်ရွှင်စွာ ထွက်ခွာသွားသော အိုက်အိုက်ကို ကြည့်ရင်း မှင်တက်သွားကာ ပို၍ပင် အံ့အားသင့်သွားလေသည်။

ခဏတာမျှ ကျူးပါကျဲသည် ... သူ၏ ဝက်ဘဝမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဟု ခံစားလိုက်ရလေသည်။

"ဆရာ... ကျွန်တော့်အပေါ်ထားတဲ့ ဆရာ့ရဲ့ ကျေးဇူးတရားနဲ့ မေတ္တာတွေကို တစ်သက်လုံး မမေ့ပါဘူး..."

ကျူးပါကျဲသည် ကျန်းလျို၏ရှေ့တွင် လေးနက်စွာ ဒူးထောက်လိုက်ပြီး သူ့အား စူးစိုက်ကြည့်ကာ ပြောလိုက်လေသည်။

သူ့ထံမှ ချွဲနွဲ့သော အချစ်စကားများကို သင်ယူပြီးကတည်းက ကျန်းကျန်း၊ လျန်လျန်နှင့် အိုက်အိုက်တို့ကို သူ့အား လက်ထပ်ရန် သဘောတူအောင် အောင်မြင်စွာ ဖျောင်းဖျနိုင်ခဲ့သောကြောင့် ကျူးပါကျဲမှာ ကျန်းလျိုအပေါ် အလွန်အမင်း ကျေးဇူးတင်နေခဲ့လေသည်။

အမှန်တကယ်ပင် ဆရာ့နောက်သို့ လိုက်ကာ အနောက်အရပ်ခရီးစဉ်တွင် ပါဝင်ရန် သူ၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ခဲ့ပေသည်။ အမှတ်တမဲ့ ကြားလိုက်ရသော စကားများပင်လျှင် အဆုံးအစမဲ့ အသုံးဝင်နေခဲ့လေသည်။

"ဒီ... ဒီ သစ်တုံးခေါင်းကတော့ တကယ့်ကို စိတ်ဝင်စားစရာ မကောင်းဘူး... အချစ်ကိစ္စတွေက တကယ်ပဲ အဲဒီလောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းနေလို့လား..."

စွန်းဝူခုန်းသည် တစ်ဖက်တွင် ထိုင်လျက် မျက်ရည်လည်ရွှဲဖြင့် ကျေးဇူးတင်နေသော ကျူးပါကျဲ၏ အမူအရာကို ကြည့်ကာ နားမလည်နိုင်အောင် ဖြစ်နေလေသည်။

"ဝူခုန်း... မင်းရဲ့ဘဝက မပြည့်စုံဘူးကွ..."

စွန်းဝူခုန်း၏ စကားကို ကြားသောအခါ ကျန်းလျိုက သူ့ထံ ခေါင်းလှည့်ကြည့်ကာ ခေါင်းခါယမ်းရင်း ပြောလိုက်လေသည်။

"မပြည့်စုံဘူးဆိုလည်း မပြည့်စုံပါစေတော့..."

စွန်းဝူခုန်းက ဂရုမစိုက်ဟန်ပြကာ ပြောလိုက်လေသည်။

"ကျွန်တော် ထင်တာတော့ ဆရာတို့အားလုံးက အချစ်ဆိုတဲ့အရာနဲ့ ထိတွေ့မိလို့ နည်းနည်း ရူးကြောင်ကြောင် ဖြစ်သွားကြတာပဲ... ဆရာတို့ ဘယ်နေရာမှာ တိုးတက်သွားလဲဆိုတာ ကျွန်တော် မတွေ့ပါဘူး... အဲဒီလို ဖြစ်ရမယ်ဆိုရင်တော့ ကျုပ် စွန်းဝူခုန်း က တစ်သက်လုံး အချစ်မပါဘဲ နေသွားလိုက်မယ်..."

"မင်းလို မျောက်စုတ်က နားမလည်ရင် ဝင်မပြောနဲ့..."

ကျူးပါကျဲက စွန်းဝူခုန်း၏ စကားများကို လှောင်ပြောင်လိုက်လေသည်။ ထို့နောက်... သူက ကျန်းလျိုထံသို့ ပြောင်းကြည့်ပြီး ပြောလိုက်လေသည်။

"ဆရာ... အခု သူတို့သုံးယောက်စလုံး ကျွန်တော့်ကို လက်ထပ်ဖို့ သဘောတူလိုက်ပြီဆိုတော့ အစ်မကျားဆီ သွားပြီး လက်ထပ်ခွင့် တောင်းလို့ရပြီလား..."

ကျူးပါကျဲ၏ စကားများကို စဉ်းစားရင်း ကျန်းလျိုက အဖြေမပေးဘဲ စိတ်ထဲမှ တီးတိုးရေရွတ်လိုက်လေသည်။

‘ထင်တဲ့အတိုင်းပဲ... ဒီမစ်ရှင်က ပြီးမြောက်ဖို့ သိပ်မလွယ်ကူဘူးပဲ…’

"မလိုဘူး... လောစရာ မလိုသေးဘူး..."

လျင်မြန်သော အတွေးတစ်ခုဖြင့် ကျန်းလျိုသည် ခေါင်းခါပြလိုက်လေသည်။

"အာ... လက်ထပ်ခွင့် မတောင်းရသေးဘူးလား... ဘယ်အချိန်အထိ စောင့်ရဦးမှာလဲ..."

ကျန်းလျို၏ စကားကို ကြားသောအခါ ကျူးပါကျဲမှာ မှင်တက်သွားပြီး စိတ်မရှည်တော့သည့်ပုံ ပေါ်နေလေသည်။

အမျိုးသမီးများက သူ့ကို သဘောတူထားပြီးပြီ ဖြစ်ရာ ယခု လက်ထပ်ခွင့်မတောင်းလျှင် ဘယ်အချိန်အထိ စောင့်ရမည်နည်း။

"ပါကျဲ... မင်းကို ငါပြောပြမယ်… နှလုံးသားရေးရာ ကိစ္စတွေမှာ အရမ်းကြီး အလျင်မလိုသင့်ဘူး… အဲဒီလိုမဟုတ်ရင် ပြောင်းပြန်အကျိုးသက်ရောက်သွားတတ်တယ်... အရင်တုန်းက မင်းနဲ့ ချန်အော် နတ်သမီးတို့လိုပေါ့..."

နက်နဲဆန်းကြယ်သော အမူအရာဖြင့် ကျန်းလျိုက ပြောလိုက်လေသည်။

"မင်းကို ငါမေးမယ်… အချစ်ရေးကိစ္စတွေမှာ မိဘ အမိန့်နဲ့ အောင်သွယ်ရဲ့ စကားဆိုတာ ရှိတယ်လေ… သူတို့သုံးယောက်က သဘောတူတယ်ဆိုပေမယ့်လည်း မိန်းကလေး သုံးယောက်က ယောကျာ်းတစ်ယောက်တည်းကို လက်ထပ်တာကို အစ်မကျားက သဘောမတူဘူးဆိုရင် မင်း ဘယ်လိုလုပ်မလဲ..."

"ဒါ... ဒါက..."

ကျန်းလျို၏ စကားများက အမှန်တကယ်ပင် ယုတ္တိရှိနေသောကြောင့် ကျူးပါကျဲသည် အနည်းငယ် တည်ငြိမ်သွားလေသည်။

အမှန်တကယ်ပင် အစ်မကျားသည် ကြီးမားသော အဟန့်အတားကြီး တစ်ခုဖြစ်ပြီး အကယ်၍ သူမသာ သဘောမတူခဲ့လျှင် အရာအားလုံး ပျက်စီးသွားနိုင်ပေသည်။

"ဒါဆို ဆရာ့မှာ တခြားနည်းလမ်းတွေ ရှိသေးလား... ကျွန်တော် ဝက်ကြီးကို မြန်မြန်လေး သင်ပေးပါဦး... ဆရာ့တပည့် ကျွန်တော်က ဒီကျားစံအိမ် မှာ ကျန်ရစ်ခဲ့မယ်ဆိုရင် ဆရာ အနောက်ဘုံကို အမြန်ဆုံးရောက်ပြီး စစ်မှန်တဲ့ ကျမ်းစာတွေကို ရရှိပါစေလို့ နေ့တိုင်း ဆုတောင်းပေးမှာပါ..."

ကျူးပါကျဲသည် မျက်လုံးများကို ကလည်ကလည်လုပ်ကာ ကျန်းလျိုအပေါ် မျှော်လင့်ချက်များ ထားရှိနေဆဲဖြစ်လေသည်။

"ရိုးရှင်းပါတယ်... ငါ့မှာ မင်းကို သင်ပေးစရာ နည်းလမ်းတစ်ခု ရှိတယ်..."

ကျန်းလျိုက ကျူးပါကျဲအား ကောက်ကျစ်စွာ ရယ်မောရင်း ပြောလိုက်လေသည်။

"အိုး... တကယ်ကြီး နည်းလမ်းရှိတာလား... ဆရာ... မြန်မြန်ပြောပြပါဦး..."

ကျန်းလျိုတွင် အမှန်တကယ် နည်းလမ်းရှိနေသည်ကို မြင်သောအခါ ကျူးပါကျဲ၏ မျက်လုံးများ အရောင်လင်းလက်သွားလေသည်။

"အခု မင်းက သခင်မလေး သုံးယောက်စလုံးနဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ အခြေခံတစ်ခုကို တည်ဆောက်ထားပြီးပြီဆိုတော့… မင်းဆက်လုပ်ရမှာက သူတို့နဲ့ ဆက်ဆံရေးကို သေချာပျိုးထောင်ဖို့ပဲ... သံယောဇဉ်တွေ နက်ရှိုင်းလာတဲ့အခါ သူတို့သုံးယောက်နဲ့သာ ဆန်စိမ်းကနေ ထမင်းဖြစ်သွားပြီဆိုရင်…မိသားစုအရှက်ကို အပြင်မထွက်စေရဘူးဆိုတဲ့အတိုင်း… အစ်မကျား က သဘောမတူချင်ရင်တောင် သဘောတူရတော့မှာပဲ..."

ကျန်းလျိုက ကျူးပါကျဲအား စဉ်းလဲစွာ ရယ်မောရင်း ပြောလိုက်လေသည်။

"အာ... ဆန်စိမ်းကနေ ထမင်းဖြစ်သွားအောင် လုပ်ရမယ် ဟုတ်လား..."

ဆရာဖြစ်သူက ဤကဲ့သို့သော နည်းလမ်းကို အကြံပြုလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့သောကြောင့် ကျူးပါကျဲမှာ ဆွံ့အသွားလေသည်။

"မှန်တာပေါ့... ချီးရှီးပွဲတော်နေ့ အကြောင်းကို မင်း သိတယ်မလား... နွားကျောင်းသားနဲ့ ရက်ကန်းသည်မလေးတို့ရဲ့ အချစ်က ဘယ်လိုဖြစ်တည်လာတာလဲ... ရက်ကန်းသည်မလေး ရေချိုးနေတုန်း နွားကျောင်းသားက သူမရဲ့ အဝတ်အစားတွေကို ခိုးဝှက်ထားလိုက်လို့ သူတို့ ပေါင်းဖက်သွားရတာ မဟုတ်ဘူးလား..."

"မိန်းကလေးတစ်ယောက်ကို လိုက်တဲ့အခါ အမြဲတမ်း ရိုးဖြောင့်တဲ့ လမ်းကြောင်းအတိုင်း သွားနေလို့ မရဘူး... ယောကျာ်းတွေက နည်းနည်းလေး မဆိုးသွမ်းရင် မိန်းမတွေက မချစ်ဘူးဆိုတာ သိထားဖို့ လိုတယ်... ရိုးရိုးသားသား လိုက်ရသလို… လိမ္မာပါးနပ်တဲ့ လှည့်ကွက်လေးတွေကိုလည်း သုံးတတ်ရမယ်... ထုံးစံအတိုင်းရော… ထုံးစံနဲ့မညီတာကိုပါ ပေါင်းစပ်နိုင်မှ အောင်မြင်မှာပေါ့..."

ကျန်းလျိုသည် သူ၏ သွန်သင်မှုများကို ခိုင်မာပြတ်သားစွာ ဖြန့်ဝေပေးလိုက်လေသည်။

"သြော်... နားလည်ပါပြီ... ဆရာ့ရဲ့ သင်ကြားမှုတွေအတွက် တပည့်က ကျေးဇူးတင်ပါတယ်... ဒီနေ့ ဆရာ့စကားတွေက ကျွန်တော့် မျက်စိကို ပွင့်သွားစေတာပဲ..."

ကျန်းလျို ပြောလိုက်သော စကားလုံးတိုင်းတွင် အဆုံးအစမဲ့သော ဉာဏ်ပညာများ ပါဝင်နေသည်ဟု ခံစားလိုက်ရသဖြင့် ကျူးပါကျဲ၏ မျက်လုံးများ တောက်ပသွားလေသည်။

အမှန်ပင် သူ၏ ဆုံးဖြတ်ချက်မှာ မမှားယွင်းခဲ့ပေ။ မိန်းကလေးများကို လိုက်လံပိုးပန်းသည့် ကိစ္စနှင့် ပတ်သက်လာလျှင် ဆရာဖြစ်သူသည် သံသယဖြစ်ဖွယ်မရှိလောက်အောင် သုံးဆယ့်တစ်ဘုံတွင် အထူးချွန်ဆုံးပင် ဖြစ်လေသည်။

ကျန်းလျို သင်ပေးလိုက်သော နည်းလမ်းကို ရရှိပြီးနောက် ကျူးပါကျဲသည် မတ်တပ်ရပ်လိုက်ပြီး ကျန်းကျန်း၊ လျန်လျန်နှင့် အိုက်အိုက်တို့ကို ရှာဖွေကာ ဆက်ဆံရေးကို ပျိုးထောင်ရန်နှင့် ဆန်စိမ်းမှ ထမင်းဖြစ်စေရန် အခွင့်အရေးများ ဖန်တီးရန် စိတ်မရှည်နိုင်အောင် ဖြစ်နေလေသည်။

သို့ရာတွင် ပင်မတံခါးပေါက်သို့ ရောက်သည်နှင့် ကျူးပါကျဲသည် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် လှည့်ကာ ပြောလိုက်လေသည်။

"ဆရာ... ခုနက ကျွန်တော်နဲ့ ချန်အော် နတ်သမီး ကြားက ကိစ္စကလည်း အတူတူပဲလို့ ပြောလိုက်တာလား... အဲဒီတုန်းက ကျွန်တော်သာ အလျင်မလိုခဲ့ဘူးဆိုရင် အောင်မြင်နိုင်ခြေ ရှိသလား..."

"ဒါက..."

သူ၏ စကားများကို ပိုမိုယုံကြည်လာစေရန်အတွက် ချန်အော်ကို ဥပမာတစ်ခုအနေဖြင့် အသုံးပြုခဲ့ခြင်းသာ ဖြစ်သော်လည်း ကျူးပါကျဲက ထိုအချက်ကို ဆုပ်ကိုင်ထားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ကျူးပါကျဲသည် အမျိုးသမီးတစ်ဦးကို မြင်တိုင်း အငမ်းမရ ဖြစ်နေတတ်သော်လည်း ချန်အော်သည် သူ၏ နှလုံးသားထဲတွင် ထူးခြားသော နေရာတစ်ခု ယူထားပုံပေါ်နေသည် မဟုတ်ပါလော။

"ဆရာ... ဆရာပြောတဲ့စကားတွေက တကယ်လား..."

ကျူးပါကျဲက ကျန်းလျိုကို စိုက်ကြည့်ရင်း လေးနက်စွာ မေးလိုက်လေသည်။

"အင်း... ဘယ်လိုပြောရမလဲ..."

ကျူးပါကျဲ၏ အမေးကြောင့် ကျန်းလျိုမှာ သတိပြန်ဝင်လာလေသည်။ အတန်ကြာ စဉ်းစားပြီးနောက် ကျန်းလျိုက ပြောလိုက်သည်။

"ချန်အော် နေထိုင်တဲ့ ကွမ်ဟန်နန်းတော်ကို ဘယ်သူက အုပ်ချုပ်တာလဲ..."

ဤစကားကို ကြားသောအခါ ကျူးပါကျဲက ပြန်ဖြေလိုက်လေသည်။

"ထိုက်ယင် ကြယ်မင်း ပါ..."

"ဟုတ်တယ်... ကောင်းကင်ဘုံမှာ ထိုက်ယင် ကြယ်မင်း နဲ့ မင်း… ဘယ်သူက အဆင့်အတန်း ပိုမြင့်လဲ..."

ကျန်းလျိုက အနည်းငယ် ခေါင်းညိတ်ပြပြီးနောက် မေးလိုက်လေသည်။

"ထိုက်ယင် ကြယ်မင်းက မြင့်မြတ်ပြီး စွမ်းအားကြီးတဲ့ ကြယ်မင်းတစ်ပါးပါ… သူ့ရဲ့ အဆင့်အတန်းက နှစ်ဆယ့်ရှစ်ပါးသော နတ်မင်း တွေထက်တောင် ပိုမြင့်ပါသေးတယ်... ဒါပေမဲ့ ကျွန်တော် ဝက်ကြီးရဲ့ ထျန်းဖုန်စစ်သူကြီး ဆိုတဲ့ အရင်ရာထူးနဲ့ ယှဉ်လိုက်ရင်တော့ နည်းနည်း နိမ့်ကျနေပါသေးတယ်..."

ကျူးပါကျဲက စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

"ဒါဆို ရှင်းသွားပြီပေါ့... ကောင်းကင်ဘုံ မှာတုန်းက မင်းက ချောမောခန့်ညားပြီး… တပ်မကြီးတွေကို ကွပ်ကဲရတဲ့ အရေးကြီးတဲ့ ရာထူးကို ကိုင်စွဲထားခဲ့တာလေ... ယုတ္တိကျကျ စဉ်းစားကြည့်ရင် ဘယ်သူမှ မင်းကို မငြင်းဆန်နိုင်သင့်ဘူး မဟုတ်လား... ဒါဆို ဘာလို့ အရက်သောက်ပြီး အတင်းအကျပ် လုပ်ဖို့ ကြိုးစားခဲ့ရတာလဲ…”

"အတင်းအကျပ် လုပ်တာက တစ်ကဏ္ဍ… ဒါပေမဲ့ ကင်းလှည့်နေတဲ့ ကောင်းကင်စစ်သည်တွေနဲ့ စစ်ဗိုလ်တွေရဲ့ အာရုံစိုက်မှုကိုပါ ဆွဲဆောင်မိပြီး ဖုံးကွယ်လို့မရတော့လောက်အောင် လူသိရှင်ကြား ဖြစ်သွားအောင် လုပ်မိတာကတော့... အခုလို ဒုက္ခရောက်နေတာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူ့ကို သွားအပြစ်တင်လို့ရမှာလဲ..."

ကျူးပါကျဲသည် ခေါင်းကိုငုံ့ကာ သေချာစွာ စဉ်းစားကြည့်လိုက်ရာ ကျန်းလျို၏ စကားများမှာ အမှန်တကယ်ပင် ယုတ္တိရှိနေကြောင်း တွေ့ရှိသွားလေသည်။

"ဆရာ့စကားတွေက... ယုတ္တိရှိတာပဲ..."

သူ၏ မျက်နှာထားမှာ ညှိုးနွမ်းသွားပြီးနောက် ရင်ထဲတွင် ကြီးမားလှသော နောင်တတရားများကို ခံစားရင်း ခန်းမထဲမှ လှည့်ထွက်သွားလေတော့သည်။

လှည့်ထွက်သွားသော ကျူးပါကျဲကို ကြည့်ရင်း ကျန်းလျိုသည် ခေတ္တမျှ တွေးတောနေလေသည်။ အမှန်တကယ်တော့ သူ့ထံတွင် မပြောရသေးသော စကားတစ်ဝက် ကျန်နေသေးလေသည်။

သီအိုရီအရဆိုလျှင် အမျိုးသမီးများသည် အဆင့်အတန်းရှိပြီး ချောမောခန့်ညားသော ယောကျာ်းတစ်ယောက်ကို မငြင်းဆန်နိုင်ကြသည်မှာ မှန်သော်လည်း ဤအရည်အချင်းများကို တန်ဖိုးမထားသော သူများလည်း ရှိတတ်ကြပေသည်။

မည်သို့ပင်ဆိုစေကာမူ နှလုံးသားရေးရာ ကိစ္စရပ်များကို စည်းစိမ်ဥစ္စာ သို့မဟုတ် အဆင့်အတန်းတို့ဖြင့် တိုင်းတာ၍ မရနိုင်ချေ။ သင် မည်မျှပင် ကောင်းမွန်နေပါစေ တစ်ယောက်ယောက် သဘောမကျဘူးဆိုလျှင် မကျတာပဲ ဖြစ်လေသည်။

သို့သော်... ချန်အော်သည် ထိုကဲ့သို့သော လူမျိုး ဟုတ်မဟုတ်ကိုမူ သူ သိချင်မိလေသည်။

အမှန်တကယ်တွင် မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ကျူးပါကျဲသည် ကောင်းကင်ဘုံ၌ မြင့်မြတ်၍ စွမ်းအားကြီးမားသော ရာထူးကို ကိုင်စွဲထားခဲ့ပြီး သြဇာတိက္ကမကြီးမားသူ တစ်ဦးဟု သတ်မှတ်နိုင်ပေသည်။

ချန်အော်၏ အလှတရားသည် ဘုံသုံးပါးတွင် ပြိုင်ဘက်ကင်းဖြစ်သော်လည်း သူမတွင် ကြီးကျယ်ခမ်းနားသော အဆင့်အတန်း သို့မဟုတ် ရာထူး တစ်စုံတစ်ရာ အမှန်တကယ် မရှိခဲ့ပေ။ သို့ပါလျက် အရက်သောက်ပြီးနောက် မလျော်ကန်သော အပြုအမူ အနည်းငယ်လုပ်မိရုံဖြင့် ကျူးပါကျဲအား လူ့ပြည်သို့ နှင်ချခံရခြင်း ဝက်ခန္ဓာကိုယ်ဖြင့် ဝင်စားရသည်အထိ အခြေအနေ ဆိုးရွားသွားခြင်းတို့မှာ အနည်းငယ် သံသယဖြစ်ဖွယ် ကောင်းနေလေတော့သည်။

***

All Chapters