← Chapters

အခန်း (၂၂၅-၂၂၆)

Vol. 17 Ch. 225-226

အခန်း (၂၂၅-၂၂၆)

Vol. 17 Ch. 225-226

အပိုင်း(၂၂၅)

ဘုန်း... ဘုန်း...

ကျန်းလျို၏ လက်ရှိ ကျင့်စဉ်အဆင့်ဖြင့်ဆိုလျှင် မိစ္ဆာစစ်ဗိုလ် တစ်ကောင်ကိုပင် ဖြေရှင်းရန် အချိန်များစွာ ယူရမည် မဟုတ်ပေ။ ဤမျှ သွေးတန်း နည်းပါးနေသော အလောင်းကောင် မိစ္ဆာ များကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။ ၎င်းတို့ကို ဖမ်းဆီးသုတ်သင်ရန်မှာ အလွန် လွယ်ကူနေခဲ့လေသည်။

သံစပ်တုတ်ရိုးကို လက်တွင် ကိုင်ဆောင်ထားလျက် ထိတာနဲ့ သေပြီး ရှပ်မိတာနဲ့ ဒဏ်ရာရ ဆိုသကဲ့သို့ပင် ဖြစ်နေသည်။ မရေမတွက်နိုင်သော အလောင်းကောင် မိစ္ဆာ များသည် ဆက်တိုက်ဆိုသလို လဲကျသွားခဲ့ကြလေသည်။

ဤသတ်ဖြတ်မှု အစီအစဉ်တစ်လျှောက်တွင် ကျန်းလျိုသည် သူ၏ စွမ်းအားများ တိုးတက်လာနေသည်ကို ရှင်းလင်းစွာ ခံစားသိရှိနေခဲ့လေသည်။

ကျင်းဆန်း ကျောင်းတော်တွင် နေထိုင်စဉ် အခါက နှင်းယုန် မိစ္ဆာ ဟင်းသီးဟင်းရွက် စိုက်ခင်းအား ဖျက်ဆီးနေခဲ့သည်ကို သူ ကြည့်နေရုံသာ ကြည့်နေနိုင်ခဲ့သည်။ ဒဏ်ရာရထားသော ဝံပုလွေ မိစ္ဆာစစ်သည်မှာလည်း တစ်ချိန်က ကျန်းလျိုနှင့် ကောင်းယန် တို့ နှစ်ယောက်ပေါင်းရင်ဆိုင်ခဲ့ရသည်ကိုပင် အလွန်တရာ အင်အားကြီးမားလွန်းခဲ့သော်လည်း ယခုအခါတွင်မူ ထိုကောင်များသည် သူ့အတွက် အလွယ်တကူ သတ်ဖြတ်နိုင်သော ငါးပိန်လေးများ ကဲ့သို့ သာမန်မျှသာ ဖြစ်နေခဲ့လေပြီ။

ခြောက်လတာ ကြိုးစားအားထုတ်ခဲ့ပြီးနောက် သူ၏ ကြီးထွားလာမှု တိုးတက်မှုတို့ အပေါ် သူသည် အတော်လေး ကျေနပ်အားရနေခဲ့လေသည်။

ဒင် - အတွေ့အကြုံမှတ် ၈၈ မှတ် ရရှိပါသည်။

ဒင် - အတွေ့အကြုံမှတ် ၅၅၀ မှတ် ရရှိပါသည်။

ဒင် - အတွေ့အကြုံမှတ် ၉၆၀ မှတ် ရရှိပါသည်။

...

ကျန်းလျို၏ တိုက်ခိုက်မှုများအောက်တွင် အလောင်းကောင် မိစ္ဆာ များ တစ်ကောင်ပြီးတစ်ကောင် အလောင်းများအဖြစ်သို့ ပြောင်းလဲသွားသည်နှင့်အမျှ သူ၏ စိတ်ထဲရှိ ဂိမ်းစနစ်မှ သတိပေးချက်များသည်လည်း အဆက်မပြတ် ထွက်ပေါ်လာခဲ့လေတော့သည်။

အခြားမည်သူကမျှ ဝင်ရောက်တိုက်ခိုက်သတ်ဖြတ်ခြင်း မရှိသောကြောင့် သေဆုံးသွားသော ဤအလောင်းကောင် မိစ္ဆာ များထံမှ ကျကျန်ရစ်ခဲ့သော ပစ္စည်းများအားလုံးသည် သူ၏ သိုလှောင်ခန်း အတွင်းသို့ ဝင်ရောက်သွားခဲ့လေသည်။

ဤအလောင်းကောင် မိစ္ဆာ များသည် သူ့အား တိုက်ခိုက်ရန် ကိုယ်တိုင်ကိုယ်ကျ တက်ကြွစွာ ချဉ်းကပ်လာခဲ့ခြင်း ဖြစ်သောကြောင့် သွေးတန်း များ ကုန်ဆုံးသွားသည်နှင့် တစ်ပြိုင်နက် အားလုံး သေဆုံးသွားခဲ့ကြသည်။

"အော်... ဆရာက အဲဒီလောက် တောက်ပတဲ့ အလင်းရောင်ကို ဘာလို့ ထုတ်လွှတ်လိုက်တာလဲ ဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်... ငါတို့က ပြဿနာတွေ ရှာမိသလို ဖြစ်သွားမှာ စိုးရိမ်နေခဲ့ကြတာ… ဆရာက တမင်တကာကို ပြဿနာရှာချင်နေခဲ့တာကိုး..."

ကျန်းလျို တစ်ယောက် သိုးအုပ်ထဲသို့ ဝင်ရောက်လာသော ကျားတစ်ကောင်အလား အလောင်းကောင် မိစ္ဆာများအား တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်နေသည်ကို ကြည့်ရင်း ကျူးပါကျဲ ရုတ်တရက် သဘောပေါက်သွားခဲ့လေသည်။

"တော်တော်လေး မဆိုးဘူးပဲ... ဆရာရဲ့ နည်းစနစ်တွေက တကယ်ကို ပိုပြီး ကျွမ်းကျင်လာတာပဲ..."

ကျန်းလျို၏ လက်ရှိ ကျင့်စဉ်အဆင့်သည် စွန်းဝူခုန်း ၏ မျက်လုံးထဲတွင် အထင်ကြီးလောက်စရာ မရှိသေးသော်လည်း ဤကာလအတွင်း ကြီးထွားတိုးတက်လာမှုမှာ ရှင်းလင်းစွာ မြင်တွေ့နေရသဖြင့် သူသည် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်လေသည်။ ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် အနောက်အရပ် သို့ ရောက်ရှိချိန်တွင် ကျန်းလျို မည်မျှအထိ အစွမ်းထက်လာမည်ကို သူ အမှန်တကယ် မျှော်လင့်စောင့်စားနေမိသည်။

ထိုမြင်ကွင်းကို ကြည့်နေသော ရှာဝူကျင်း သည်လည်း တိတ်ဆိတ်စွာ ခေါင်းငုံ့နေခဲ့လေသည်။ အနောက်အရပ်သို့ ခရီးနှင်သည့် ကျမ်းစာပင့်ဆောင်ရေးအဖွဲ့ တွင် လိုက်ပါလာခဲ့သည်မှာ လဝက်ခန့် ရှိပြီဖြစ်ရာ ကျန်းလျိုသည် မိစ္ဆာများကို နှိမ်နင်းရန်နှင့် မကောင်းဆိုးဝါးများကို ဖယ်ရှားရန်အတွက် သူ၏ မှော်စွမ်းရည်များကို အသုံးပြုကာ မိစ္ဆာငယ် များစွာအား သုတ်သင်ခဲ့သည်ကို မြင်တွေ့ခဲ့ရသော်လည်း ဝူကျင်းသည် ၎င်းအပေါ် သိပ်ပြီး အထင်ကြီးမနေခဲ့ပေ။

သို့သော်လည်း.. ယနေ့တွင်မူ သိုးအုပ်ထဲ ဝင်ရောက်လာသော ကျားတစ်ကောင်အလား အလောင်းကောင် မိစ္ဆာများစွာကို သတ်ဖြတ်နေသည်ကို ကြည့်ရင်း ကျန်းလျိုထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်က ဝူကျင်းအား အမှန်တကယ်ပင် တုန်လှုပ်သွားစေခဲ့သည်။ ကျမ်းစာပင့်ဆောင်သူ ၏ သတ်ဖြတ်လိုစိတ်သည် ထိုမျှလောက်ပင် ပြင်းထန်နေသလော။

လမ်းခရီးတစ်လျှောက်တွင် ရွှေတုတ် မှ ထွက်ပေါ်နေသော တောက်ပသည့် အလင်းရောင်သည် ပိုမိုများပြားသော အလောင်းကောင် မိစ္ဆာ များကို ဆွဲဆောင်နိုင်ခဲ့သည်။ ကျမ်းစာပင့်ဆောင်ရေးအဖွဲ့ ရှေ့သို့ ဆက်လက်ချီတက်သွားသည်နှင့်အမျှ သူတို့၏ အနောက်တွင် အလောင်းကောင် မိစ္ဆာ အလောင်းများ ပြန့်ကျဲပြီး သွေးပင်လယ်ဖြစ်နေသော လမ်းကြောင်းတစ်ခုကို အမှန်တကယ်ပင် ဖန်တီးလိုက်လေသည်။

ထိုတိုက်ပွဲကြီး အတွင်း၌ ကျန်းလျိုသည် နာရီဝက်အတွင်း မိစ္ဆာငယ် ရာပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး အတွေ့အကြုံမှတ် သောင်းနှင့်ချီ၍ ရရှိခဲ့လေသည်။

အနည်းငယ် မောဟိုက်သွားသဖြင့် ကျန်းလျိုသည် သူ၏ အိတ်ထဲမှ ဆေးရည် တစ်ပုလင်းကို ထုတ်ယူကာ ကုန်ဆုံးသွားသော စွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန်အတွက် တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။

ခရက်...

ရုတ်တရက် ကျန်းလျို၏ အထက်တွင် အနက်ရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့လေသည်။ ထိုအလင်းတန်း၏ အထက်တွင်တော့ ကြာပန်းနက် တစ်ခုသည် ပြောင်းပြန် တွဲလောင်းကျနေကာ ကျန်းလျိုအား ဝါးမျိုရန် ရည်ရွယ်၍ အနက်ရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။

ချက်ချင်းပင် ကျန်းလျို၏ ခန္ဓာကိုယ်သည် မည်သည့် ခုခံမှုမျှ မရှိဘဲ စုပ်ယူခံလိုက်ရလေတော့၏။

"ရပ်စမ်း..."

၎င်းကို မြင်သောအခါ စွန်းဝူခုန်းသည် အံကြိတ်ကာ အော်ဟစ်လိုက်လေသည်။ သူသည် အပေါ်သို့ ခုန်တက်သွားပြီး ကြာပန်းနက် ဆီသို့ ရွှေတုတ် ဖြင့် ရိုက်ချလိုက်လေသည်။

ဘုန်း...

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသော်လည်း ကြာပန်းနက် မှာ မည်သည့် ထိခိုက်မှုမျှ မရှိဘဲ အရိပ်တစ်ခုအဖြစ် အသွင်ပြောင်းသွားကာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့လေသည်။

ယင်းအစား စွန်းဝူခုန်း သာလျှင် ရိုက်ခတ်မှုကြောင့် လေထဲမှ လွင့်စင်သွားကာ အောက်သို့ ပြုတ်ကျသွားခဲ့လေသည်။

"ဒုက္ခပါပဲ... အစ်ကိုကြီး ဆရာတော် မိစ္ဆာကို ဖမ်းသွားပြီ... အာ... မဟုတ်ဘူး... မိစ္ဆာက ဆရာ့ကို ဖမ်းသွားပြီ...”

ဆရာတော်မှာ အမြဲတမ်းလိုလို မိစ္ဆာများကိုသာ ဖမ်းဆီး သုတ်သင်လေ့ ရှိသဖြင့် ယခု ပြောင်းပြန် အခြေအနေမျိုးနှင့် ကြုံတွေ့ရသော အခါ ရှားဝူကျင်းမှာ စကားပြော မှားသွားခြင်း ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ... ယနေ့၌ ဆရာတော် ပြသခဲ့သည့် သတ်ဖြတ်လိုသော အငွေ့အသက်သည် သူ့ အပေါ် ထားရှိသော ဝူကျင်း၏ ယခင် အထင်အမြင်ကို လုံးဝ ပြောင်းလဲသွားစေခဲ့လေပြီ ဖြစ်သည်။

...

ကျန်းလျိုသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ နိုးထလာသည့်အလား အေးအေးလူလူနှင့် တည်ငြိမ်စွာပင် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းလျိုသည် မည်သည့်အရာဖြင့် ပြုလုပ်ထားမှန်းမသိသော သံကြိုးများဖြင့် ကျောက်တိုင်တစ်ခုတွင် တင်းကျပ်စွာ ချည်နှောင်ခံထားရပြီး လှုပ်ရှား၍မရနိုင်ဖြစ်နေကြောင်းကို တွေ့ရှိလိုက်ရသည်။

ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ရာ သူသည် မိစ္ဆာဂူ တစ်ခုအတွင်းသို့ ရောက်ရှိနေပြီး သူ၏ပတ်လည်တွင် အလောင်းကောင် မိစ္ဆာ များစွာ ဝန်းရံနေကြောင်းကို နားလည်လိုက်လေသည်။

ပြာနှမ်းနေသော မျက်နှာအဆင်းရှိသည့် မိစ္ဆာမ တစ်ကောင်က ဘေးတွင် တိတ်ဆိတ်စွာ ဒူးထောက်နေ၏။ အရိုးများဖြင့် ပြုလုပ်ထားသော ပလ္လင်ပေါ်တွင် ထိုင်နေသည့် ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦးကမူ ကျန်းလျို နိုးလာသည်ကို သိရှိသွားပြီး သူ့ကို စောင့်ကြည့်နေခဲ့သည်။

"ရွှမ်ကျန်းဆရာတော် နိုးလာပြီလား..."

ကျန်းလျို နိုးလာသည်ကို မြင်သောအခါ အရိုးပလ္လင်ပေါ်၌ ထိုင်နေသော ရုပ်ရည်ချောမောသည့် အမျိုးသားက စကားစတင်ပြောဆိုလိုက်သည်။ စကားပြောနေစဉ်တွင်ပင် သူ၏ မျက်လုံးများထဲ၌ လိုချင်တပ်မက်မှုများ ပေါ်လွင်နေပြီး မသိမသာပင် နှုတ်ခမ်းကို သပ်လိုက်မိလေသည်။

"ဘုရင်ကြီး... ဒီထန်ဆရာတော်က ဘဝဆက်တိုက် ဆယ်ဘဝတိုင်တိုင် ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့တယ်လို့ ဆိုကြတယ်... သူ့ရဲ့ အသားတစ်ဖဲ့ကို စားရုံနဲ့ ထာဝရအသက်ကို ရနိုင်တယ်တဲ့..."

သေခြင်းတရား၏ အငွေ့အသက်များ ထွက်ပေါ်နေပြီး ဖြူရော်နေသည့် မိစ္ဆာမက ကျန်းလျိုကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

"မှန်တယ်… မင်းရဲ့ သတင်းက တိကျတယ်..."

ထိုအမျိုးသားက သဘောတူကြောင်း ခေါင်းညိတ်လိုက်၏။

"ဒီ ဘုန်းကြီးရဲ့ အသားတစ်ဖဲ့ကို စားရုံနဲ့ တကယ်ပဲ ထာဝရအသက်ကို ရနိုင်တယ်..."

စကားပြောနေစဉ်မှာပင် သူ၏ မျက်လုံးများသည် ကျန်းလျိုအား လောဘကြီးသော အရိပ်အယောင်များဖြင့် ကြည့်ရှုနေခဲ့၏။ သူသည် ကျန်းလျိုကို ကမ္ဘာပေါ်တွင် ရှားပါးလှသော အရသာရှိသည့် အစားအစာတစ်ခုအဖြစ် မြင်နေကြောင်း ထင်ရှားလှပေသည်။

"ဒါဆို ဘာစောင့်နေတာလဲ ဘုရင်ကြီး... အခုချက်ချင်းပဲ ဒီဘုန်းကြီးရဲ့ အရေခွံကို ဆုတ်ပြီး အပိုင်းပိုင်း ခုတ်ထစ်လိုက်ကြရအောင်..."

ဖြူရော်နေသော မိစ္ဆာမက ဘေးမှနေ၍ ရူးသွပ်စွာ ဝမ်းသာနေသော အမူအရာဖြင့် လှုပ်ရှားရန် မစောင့်ဆိုင်းနိုင်တော့သည့်အလား စိတ်အားထက်သန်စွာ ပြောလိုက်သည်။

"နေဦး..."

သို့သော်လည်း ရုပ်ရည်ချောမောသော ထိုအမျိုးသားက ရုတ်တရက် တားဆီးလိုက်သည်။

"မင်း နားမလည်ပါဘူး... ဒီဘုန်းကြီးက သိပ်စွမ်းဆောင်နိုင်တာမျိုး မရှိပေမယ့်… သူ့ရဲ့ တပည့်တွေကတော့ သာမန်မဟုတ်ကြဘူး... သူတို့သာ ဒီကိုရောက်လာပြီး ပြဿနာလာရှာရင် တို့တွေ ဘယ်လိုလုပ်မလဲ... သူ့ရဲ့ တပည့်တွေ ဆူညံနေတာတွေ ရပ်တန့်သွားတဲ့အထိ ရက်နည်းနည်းလောက် ထပ်စောင့်ရမယ်... အဲဒီကျမှ တို့တွေ ဒီ ထာဝရအသက်ပေးနိုင်တဲ့ အသားကို အေးအေးဆေးဆေး စားသုံးနိုင်မှာ..."

"အဟွတ် အဟွတ်... ငါထင်တာတော့ မင်းက ငါ့ကို မစားချင်တာ မဟုတ်လား..."

ရုပ်ရည်ချောမောသော အမျိုးသား စကားပြောအပြီးတွင် ကျန်းလျိုက ရုတ်တရက် ဝင်ပြောလိုက်လေသည်။

"ဟားဟားဟား... ဘုန်းကြီး မင်း ရူးနေပြီလား... မင်းရဲ့ အသားတစ်ဖဲ့ကို စားရုံနဲ့ ထာဝရအသက်ကို ရနိုင်တယ်ဆိုရင် ဘယ်သူကများ မစားချင်ဘဲ နေမှာလဲ..."

ကျန်းလျို၏ စကားကို ကြားသောအခါ ရယ်စရာတစ်ခုခုကို ကြားလိုက်ရသည့်အလား ထိုအမျိုးသားက ဟားတိုက် ရယ်မောလိုက်သည်။

"ငါ့ကို မစားချင်ဘူးဆိုပြီး အခုလေးတင် မင်းပြောခဲ့တဲ့ အကြောင်းပြချက်က လုံးဝ အဓိပ္ပာယ်မရှိဘူး..."

ကျန်းလျိုသည် ထိုအမျိုးသား၏ လှောင်ပြောင်မှုကို ဂရုမစိုက်ချေ။ ထို့အပြင် သူသည် ချည်နှောင်ခံထားရသော်လည်း မည်သည့် အကြောက်တရားမျှ မရှိဘဲ တည်ငြိမ်နေခဲ့သည်။ ထို့နောက် သူက...

"မင်းက စွန်းဝူခုန်း တို့ ရောက်လာပြီး ပြဿနာရှာမှာကို စိုးရိမ်လို့ သူတို့ စိတ်မရှည်တော့ဘဲ ထွက်သွားတဲ့အထိ စောင့်ပြီးမှ ငါ့ကို စားမယ်လို့ ပြောတယ်ပေါ့... ဒါပေမဲ့ စွန်းဝူခုန်း တို့က နောက်ဆုံးမှာ စိတ်မရှည်ဘဲ ထွက်သွားကြလိမ့်မယ်လို့ မင်း သေချာနေမှတော့ အခု ငါ့ကို စားလိုက်လည်း ဘာမှ မထိခိုက်နိုင်ဘူး မဟုတ်လား..."

"အဲဒါက..."

ကျန်းလျို၏ ခွဲခြမ်းစိတ်ဖြာမှုကို ရင်ဆိုင်လိုက်ရသောအခါ ထိုအမျိုးသားမှာ ခဏတာမျှ စကားဆွံ့အသွားပြီး မည်သို့ ပြန်လည်တုံ့ပြန်ရမည်ကို မသိဖြစ်သွားခဲ့သည်။

ခဏမျှ ရပ်တန့်သွားပြီးနောက် ကျန်းလျိုက ဆက်လက်၍...

"တကယ်လို့ မင်းက စွန်းဝူခုန်း နဲ့ သူ့ရဲ့ စွမ်းရည်တွေကို ကြောက်ပြီး သူတို့ကို မနိုင်ဘူးလို့ ယုံကြည်နေတယ်ဆိုရင်… ဘာလို့ ဒုက္ခခံပြီး သူတို့လာမယ့်အချိန်ကို စောင့်နေမှာလဲ... ယုတ္တိတန်တန် တွေးကြည့်ရင် မင်းက ငါ့ကို အခုချက်ချင်း စားလိုက်ပြီး… ထာဝရအသက်ကိုယူ... ပြီးတော့ စွန်းဝူခုန်း တို့ မရောက်လာခင် ထွက်ပြေးရမှာလေ... အဲဒါက သဘာဝမကျဘူးလား..."

"ဒါပေမဲ့ အခုတော့ မင်းက ငါ့ကို ဖမ်းထားပြီး မစားဘဲ စွန်းဝူခုန်း တို့ ရောက်လာဖို့ကို စောင့်နေတယ်... ဒါကို ကြည့်ရရင် မင်းက ငါ့ကို လုံးဝ စားချင်ပုံ မပေါ်ဘူး…”

"မင်းက ငါ့ကို မစားချင်တာလား… ဒါမှမဟုတ် ငါ့ကို စားရမှာ ကြောက်နေတာလား..."

ကျန်းလျိုသည် ရယ်မောကာ ခေါင်းယမ်းလိုက်ပြီး ရုပ်ရည်ချောမောသော အမျိုးသားကို ကြည့်ကာ ပြောလိုက်သည်။

"အခု မေးစရာရှိတာက… မင်းက ငါ့ကို မစားချင်တာပဲဖြစ်ဖြစ်… စားရမှာ ကြောက်နေတာပဲဖြစ်ဖြစ်… နောက်ဆုံးတော့ မင်းက ငါ့ကို စားမှာမဟုတ်ဘူးလေ... ဒါဆိုရင် မင်းက ဘာလို့ ဒုက္ခခံပြီး ငါ့ကို ဖမ်းလာခဲ့ရတာလဲ... မင်းရဲ့ ရည်ရွယ်ချက်က အတိအကျ ဘာလဲ... မင်း..."

"အစောင့်... ဒီဘုန်းကြီးရဲ့ ပါးစပ်ကို ပိတ်လိုက်စမ်း..."

ကျန်းလျို ဆက်မပြောနိုင်မီမှာပင် ရုပ်ရည်ချောမောသော အမျိုးသားသည် ဒေါသထွက်ကာ ရှက်ရွံ့သွားဟန်ဖြင့် အကျယ်ကြီး အမိန့်ပေးလိုက်၏။

သူ၏ စကားအဆုံးတွင် မိစ္ဆာငယ် အချို့ ရောက်လာပြီး ကျန်းလျို၏ ပါးစပ်ထဲသို့ အဝတ်စတစ်ခုကို ထိုးသိပ်ကာ ဆက်မပြောနိုင်ရန် ပိတ်ဆို့လိုက်ကြလေသည်။

***

အပိုင်း(၂၂၆)

ကျန်းလျို စကားပြောလေလေ ရုပ်ရည်ချောမောသော အမျိုးသားမှာ ပို၍ ထိတ်လန့်လာလေလေ ဖြစ်သည်။ ကျန်းလျို၏ အသက်ကို ချမ်းသာပေးရန် သူပေးခဲ့သော အကြောင်းပြချက်ကို စကားအနည်းငယ်ဖြင့်ပင် သိမြင်သွားခဲ့သည် မဟုတ်ပါလော။ ဤကျမ်းစာပင့်ဆောင်သူ ၏ ဉာဏ်ပညာသည် အမှန်တကယ်ပင် ဤမျှလောက် ကြောက်မက်ဖွယ် ကောင်းနေသလော။

သူ့ကို ပါးစပ်ပိတ်ထားလိုက်ခြင်းက ပိုကောင်းပေသည်။ သို့မဟုတ်ပါက အရာအားလုံးသည် အကြံအစည်တစ်ခုသာ ဖြစ်ကြောင်းကို ပေါ်လွင်သွားပေတော့မည်။

ကျန်းလျို၏ ပါးစပ်ကို အောင်မြင်စွာ ပိတ်ဆို့ပြီးနောက် ရုပ်ရည်ချောမောသော အမျိုးသားသည် သက်ပြင်းချလိုက်၏။ ထိုအချိန်မှာပင် သူ၏ လက်အောက်ငယ်သား အများအပြားက သူ့ကို ထူးဆန်းစွာ စိုက်ကြည့်နေကြသည်ကို သတိပြုမိလိုက်ရာ သူ အနည်းငယ် ကြောင်စီစီ ဖြစ်သွားခဲ့သည်။

"မင်းတို့အားလုံး ငါ့ကို ဘာလို့ အဲဒီလို လာကြည့်နေကြတာလဲ..."

"ဘုရင်ကြီး... ခုနက ဘုန်းကြီး ပြောသွားတဲ့စကားက ယုတ္တိရှိသလိုပဲနော်... အရှင်က သူ့ရဲ့ ထာဝရအသက်ပေးနိုင်တဲ့ အသား ကို တကယ် မစားချင်ဘူးလား..."

ဖြူရော်နေသော မိစ္ဆာမက ရုပ်ရည်ချောမောသော အမျိုးသားအား မေးလိုက်သည်။ သူတို့သည် ကျန်းလျို၏ ပါးစပ်ကို ပိတ်ဆို့ထားခဲ့သော်လည်း သူယခုလေးတင် ပြောခဲ့သော စကားများမှာ အဓိပ္ပာယ်ရှိနေပြီး မိစ္ဆာ သတ္တဝါများက ၎င်းကို နှလုံးသွင်းသွားကြလေပြီ။

လက်အောက်ငယ်သားများ၏ ထူးဆန်းသော အကြည့်များကို ခံစားလိုက်ရသဖြင့် ရုပ်ရည်ချောမောသော အမျိုးသားသည် ချက်ချင်း ဉာဏ်ပြေးသွားကာ ဖြတ်ခနဲ အကြံပေါ်လာ၏။

"မင်းတို့ စဉ်းစားမကြည့်မိဘူးလား... ဦးနှောက်မရှိတဲ့ တိရစ္ဆာန်ကောင်တွေ... တကယ်လို့ သူ့ရဲ့ တပည့်တွေက အရမ်းအစွမ်းထက်လို့ တို့တွေ သူတို့ကို အနိုင်ယူနိုင်မယ်ဆိုရင် ထာဝရအသက်ပေးနိုင်တဲ့ အသား ကို စားဖို့က ပြဿနာမရှိဘူးလေ... ဒါပေမဲ့ တို့တွေ မနိုင်ဘူးဆိုရင်တော့ ဒီဘုန်းကြီးကို အဆောင်လက်ဖွဲ့လို သိမ်းထားတာက တို့တွေကို ကာကွယ်ပေးနိုင်တယ်..."

ဤရှင်းပြချက်မှာ အဓိပ္ပာယ်ရှိကြောင်းကို ငြင်းဆိုစရာ အကြောင်းမရှိပေ။

ထို့ကြောင့် မိစ္ဆာ သတ္တဝါများသည် သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြပြီး အခြားစကားများ ဆက်မပြောကြတော့ချေ။

ပါးစပ်ပိတ်ခံထားရပြီး တိုင်တွင် ချည်နှောင်ခံထားရသော်လည်း ကျန်းလျိုသည် မည်သည့် အကြောက်တရားမျှ မပြသဘဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။

သူကိုယ်တိုင် စတင်ခဲ့သော မစ်ရှင်နှင့် ဤ မိစ္ဆာသတ္တဝါက သူ့ကို မစားရဲခြင်းဟူသော အချက်တို့မှတစ်ဆင့် ဤမိစ္ဆာ သတ္တဝါသည် နတ်ဘုရားများ နှင့် ဗောဓိသတ်များထံမှ လာခြင်းဖြစ်ရမည်ဟု ကျန်းလျို အသေအချာနီးပါး ကောက်ချက်ချနိုင်ခဲ့လေသည်။

ထို့အပြင်... ဤအရာအားလုံးသည် ကွမ်ယင် ချထားသော ထောင်ချောက်တစ်ခု ဖြစ်ရမည်ဖြစ်ပြီး အခက်အခဲ ရှစ်ဆယ့်တစ်ပါး တွင် ထပ်ပေါင်းထည့်လိုက်ခြင်း ဖြစ်ပေသည်။

ဤထောင်ချောက်သည် မူရင်းဝတ္ထုတွင် မပါဝင်ခဲ့ဘဲ ယခုမှ အဘယ်ကြောင့် ထပ်ထည့်လိုက်ရသနည်း။

ဤခရီးစဉ်တစ်လျှောက်တွင် ဖြစ်ပေါ်လာသင့်သော အခက်အခဲများအားလုံးကို သူသည် အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားနိုင်ခဲ့ပြီး မည်သည့်အရာကမျှ စစ်မှန်သော အခက်အခဲအဖြစ် မမှတ်ယူနိုင်ခဲ့ပုံရပေသည်။ ထို့ကြောင့် အခက်အခဲ ရှစ်ဆယ့်တစ်ပါး အရေအတွက်မှာ မပြည့်မစုံဖြစ်နေပြီး ဗောဓိသတ် အား စိုးရိမ်ပူပန်မှု ကြီးထွားလာစေကာ သူမအနေဖြင့် အခက်အခဲများ ပိုမိုစီစဉ်ရန် လိုအပ်လာသောကြောင့် မူရင်းဝတ္ထုတွင် မရှိသော အခက်အခဲများ ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။ ဤသည်မှာ ယုတ္တိတန်တန် တွေးကြည့်လျှင် အဓိပ္ပာယ်ရှိနေသည် မဟုတ်ပါလော။

ကျန်းလျို၏ အတွေးများ မည်သို့ပင်ရှိစေကာမူ... အချိန်များသည် စက္ကန့်နှင့်အမျှ ကုန်လွန်သွားခဲ့လေသည်။ ကျန်းလျို၏ ထာဝရအသက်ပေးနိုင်သည့် အသားသည် အလွန် သွေးဆောင်မှုတစ်ခု ဖြစ်သော်လည်း ဘုရင်ကြီးက ၎င်းကို မစားရန် တားမြစ်ထားသောကြောင့် မိစ္ဆာ သတ္တဝါများသည် ကျန်းလျိုအား မည်သို့မျှ မလုပ်ရဲကြချေ။

မကြာမီမှာပင် ညဉ့်သည် နက်သထက် ပိုနက်လာခဲ့သည်။

"ဆရာ... ဆရာ... ဘယ်လိုနေသေးလဲ..."

မူးဝေေဝေ အခြေအနေတွင် ကျန်းလျိုသည် စွန်းဝူခုန်း ၏ ခေါ်သံကို သဲ့သဲ့လေး ကြားလိုက်ရသလို ခံစားရပြီး မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။

သူ၏ရှေ့တွင် ပျံသန်းနေသော ယင်ကောင်ငယ်လေး တစ်ကောင်ကို သူ မြင်လိုက်ရသည်။ ဤယင်ကောင်လေးတွင် မျောက်ခေါင်းလေးပင် ပါရှိနေသေးရာ စွန်းဝူခုန်း မှလွဲ၍ အခြား မည်သူ ဖြစ်နိုင်မည်နည်း။ ဆောင်းရာသီ ညသန်းခေါင်ယံ အချိန်တွင် ယင်ကောင်အဖြစ် အသွင်ပြောင်းကာ လာနိုင်ခြင်းမှာ တော်တော်လေး စွမ်းဆောင်နိုင်ခြင်းပင် ဖြစ်ပေသည်။

ရှင်းလင်းစွာပင် စွန်းဝူခုန်းသည် မိစ္ဆာ များကို မလန့်သွားစေရန် ရည်ရွယ်ပြီး ကျန်းလျိုနှင့် စကားပြောရန် ယင်ကောင်တစ်ကောင်အဖြစ် အသွင်ပြောင်းလာခဲ့ခြင်း ဖြစ်သည်။

"ဆရာ... ဘာလို့ စကားမပြောတာလဲ... အဆင်ပြေရဲ့လား..."

ကျန်းလျို၏ ရှေ့တွင် ပျံဝဲနေရင်း သူ တိတ်ဆိတ်နေသည်ကို မြင်သောအခါ စွန်းဝူခုန်းမှာ စိုးရိမ်လာပြီး ဆက်လက်မေးမြန်းလိုက်သည်။

"အွန်း... အွန်း..."

စွန်းဝူခုန်း၏ မေးခွန်းကြောင့် ကျန်းလျိုသည် သူ့အား စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် မျက်စောင်းထိုးလိုက်လေသည်။ သူသည် ပါးစပ်ကို ဟလိုက်သော်လည်း အဝတ်ဖြင့် ပိတ်ဆို့ခံထားရသောကြောင့် စကားမပြောနိုင်ဘဲ သဲသဲကွဲကွဲ မရှိသော ညည်းညူသံများကိုသာ ထုတ်ဖော်နိုင်ခဲ့လေသည်။

"အို... တောင်းပန်ပါတယ်ဆရာ... ကျုပ် သတိမထားမိလိုက်ဘူး..."

ကျန်းလျို စကားမပြောနိုင်သည်ကို သဘောပေါက်သွားပြီးနောက် စွန်းဝူခုန်းသည် ကျန်းလျို၏ ပါးစပ်ထဲမှ အဝတ်စကို နောက်ဆုံးတွင် သတိပြုမိသွားခဲ့သည်။

ယင်ကောင်တစ်ကောင်သာ ဖြစ်နေသော်လည်း စွန်းဝူခုန်း၏ ခြေထောက်များသည် အဝတ်စကို တွယ်ကပ်ကာ တိုက်ရိုက် ဆွဲချွတ်နိုင်ခဲ့လေသည်။

"ဆရာ... ဘယ်လိုနေသေးလဲ... အဆင်ပြေရဲ့လား..."

ကျန်းလျို၏ ပါးစပ်ထဲမှ အဝတ်စကို ဆွဲထုတ်ပြီးနောက် စွန်းဝူခုန်းက ဆက်လက်မေးမြန်းလိုက်သည်။

အချိန်အတော်ကြာ ပါးစပ်ထဲတွင် အဝတ်စ ထိုးသိပ်ခံထားရသဖြင့် ကျန်းလျိုသည် သူ၏ မေးရိုးများ တောင့်တင်းနေသကဲ့သို့ ခံစားလိုက်ရသည်။ သူ မေးရိုးကို လှုပ်ရှားလိုက်ပြီးနောက်မှ သူက စကားပြောလိုက်လေသည်။

"ငါ အဆင်ပြေပါတယ်... အဆင်ပြေပါတယ်... ဒီ မိစ္ဆာက ငါ့ကို မစားရဲပါဘူး..."

"ဟင်... ဆရာတော့်ကို မစားရဲဘူးလား... ဆရာ ဆိုလိုချင်တာက..."

ကျန်းလျို၏ တုံ့ပြန်မှုကို ကြားသောအခါ စွန်းဝူခုန်းက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

"ဒီ မိစ္ဆာ က ကောင်းကင်ဘုံ က လာတာ သေချာတယ်..."

ကျန်းလျိုက အတည်ပြုပြောဆိုလိုက်သည်။

"ဒါကြောင့်ကိုး..."

စွန်းဝူခုန်း၏ မျက်နှာပေါ်တွင် နားလည်သဘောပေါက်သွားသော အမူအရာ ပေါ်လာ၏။

"ခုနက ဆရာ့ကို အဲဒီ ကြာပန်းနက် က ဖမ်းခေါ်သွားတုန်းက… ကျုပ်ရဲ့ ရွှေတုတ်နဲ့ ရိုက်ခွဲလို့ မရခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူး... ဒီ မိစ္ဆာ က နတ်ဘုရားတွေ၊ ဗုဒ္ဓတွေ ဆီက လာတာဖြစ်ပြီး ဒီလို ရှားပါးတဲ့ ရတနာတွေကို ပိုင်ဆိုင်ထားတာကိုး..."

စွန်းဝူခုန်းသည်လည်း မတရားခံရသလို ခံစားနေရသည်။ နတ်ဘုရားများနှင့် ဗုဒ္ဓများ ကြားတွင် ထင်ရှားကျော်ကြားသော ဂုဏ်သတင်းရှိသည့် ထိုက်ရိ အစစ်အမှန် တစ်ပါးအနေဖြင့် သာမန် ကောင်းကင်နတ် တစ်ပါးက သူ၏ မျက်စိအောက်တွင်ပင် ဆရာကို ဖမ်းဆီးခေါ်ဆောင်သွားနိုင်ခဲ့ခြင်းမှာ သေချာပေါက် သူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့လေသည်။

သို့သော်လည်း တစ်ခါတစ်ရံတွင် နတ်ဘုရားများနှင့် ဗုဒ္ဓများ ထံမှ ရတနာများသည် အလွန်တရာ အစွမ်းထက်လှပြီး မိမိထက် ပိုမိုအားကောင်းသော ရန်သူများကို ကျော်လွှားနိုင်စွမ်း ရှိကြသည်။

"ဒါဆို ဆရာ... ကျုပ်တို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ..."

စွန်းဝူခုန်းက ခဏမျှ တန့်သွားပြီးနောက် မေးလိုက်၏။

"နောက်ထပ် ဘာဆက်လုပ်မလဲ ဟုတ်လား..."

စွန်းဝူခုန်း၏ မေးခွန်းကို ကြားသောအခါ ကျန်းလျို၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားပြီး သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"ဝူခုန်း... တို့တွေရဲ့ ရည်မှန်းချက်ကို မင်း မှတ်မိသေးလား... ဒီနေ့ တို့တွေ အဲ့ဒီအတွက်အမြတ်လေးနည်းနည်းထုတ်လိုက်ကြရင် ဘယ်လိုလဲ..."

သူက တိုးတိုးလေး ပြောလိုက်၏။

"ဟင်... ဆရာ ဆိုလိုတာက... နတ်ဘုရားတွေ၊ ဗုဒ္ဓတွေ ဆီက လာတဲ့ ဒီ မိစ္ဆာ ကို သတ်ပစ်မယ် လို့ ပြောတာလား..."

စွန်းဝူခုန်း၏ မျက်လုံးများ တောက်ပလာကာ မေးလိုက်သည်။

"ဒါပေါ့..."

ကျန်းလျိုက ခေါင်းညိတ်ပြလိုက်၏။

"ဟီးဟီးဟီး... ကျုပ် ဝူခုန်း ကတော့ သဘောကျတယ်ဗျာ..."

ကျန်းလျို၏ အတည်ပြုချက်ကို ရရှိပြီးနောက် စွန်းဝူခုန်းသည် ဝမ်းသာအားရဖြင့် ယင်ကောင်အသွင်ဖြင့်ပင် လေထဲတွင် ကျွမ်းအနည်းငယ် ထိုးလိုက်တော့သည်။

သို့သော် ထိုသို့ လုပ်ပြီးသည်နှင့်တစ်ပြိုင်နက် စွန်းဝူခုန်းသည် ပြန်လည်၍ စိတ်ရှုပ်ထွေးသွားကာ ကျန်းလျိုအား ကြည့်လိုက်သည်။

"ဒါပေမဲ့… အဲဒီ မိစ္ဆာက ကြာပန်းနက် ကို ကိုင်ဆောင်ထားတယ်လေ... အဲဒါက ရတနာတစ်ခု ဖြစ်ပုံရပြီး ကိုင်တွယ်ဖြေရှင်းဖို့ မလွယ်ကူလောက်ဘူး..."

"အဲဒါက သူ အသုံးပြုဖို့ အခွင့်အရေး ရသွားမှသာ ပြဿနာဖြစ်မှာလေ..."

ကျန်းလျိုက ပြုံးလျက် ပြန်လည်ဖြေကြားလိုက်သည်။

သူ၏ ဝစီပိတ်တရား နှင့် သိုးအသွင်ပြောင်း နည်းစနစ် တို့သည် ဤကဲ့သို့သော အခိုက်အတန့်များအတွက် ပြင်ဆင်ထားခြင်း မဟုတ်ပါလော။

"ဆရာ... ကျုပ် နားလည်ပြီ..."

***

All Chapters