အခန်း (၂၂၉-၂၃၀)
Vol. 17 Ch. 229-230
အပိုင်း(၂၂၉)
"အောမိတော်ဖော... ဝူခုန်း... ရပ်လိုက်စမ်း..."
ကြာပလ္လင်ပေါ်တွင် ထိုင်တော်မူနေသော ကွမ်ယင်ဗောဓိသတ်က စွန်းဝူခုန်းကို လှမ်း၍ မိန့်ကြားလိုက်ခြင်း ဖြစ်သည်။
ဤရှုပ်ထွေးနေသော အခြေအနေကို ဖြေရှင်းရန် ကွမ်ယင်ဗောဓိသတ် ပေါ်ထွက်လာသည်ကို မြင်လိုက်ရသောအခါ ကျန်းလျိုသည် စိတ်ထဲမှ တိတ်တခိုး ရယ်မောလိုက်မိသည်။ သူမအနေဖြင့် ဤပြဿနာကို မည်သို့ ဖြေရှင်းမည်နည်း။ ရင်ထဲတွင် ရယ်ချင်နေသော်လည်း ကျန်းလျိုသည် သူ၏ မျက်နှာကို ခံစားချက်ကင်းမဲ့စွာ ထားရှိပြီး လက်အုပ်ချီကာ ဦးညွှတ်နှုတ်ဆက်လိုက်လေသည်။
"ကွမ်ယင်ဗောဓိသတ်ကို ရိုသေလေးမြတ်စွာ ဂါရဝပြုပါတယ်ဘုရား..."
"အင်း..."
ကွမ်ယင်ဗောဓိသတ်သည် လေထဲတွင် မျောလွင့်နေရင်း အနီးအနားရှိ ပန်းကျားမြွေပါကြီး၏ အလောင်းကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ ရင်ထဲတွင် ခါးသက်သက် ခံစားချက်တစ်ခုကို ခံစားလိုက်ရလေသည်။
ယနေ့ အခြေအနေက ဤမျှအထိ ဆိုးရွားသွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ဤကိစ္စကို သူမ ဘယ်လို ဖြေရှင်းရပါမည်နည်း။
အနောက်ဘက်သို့ ခရီးသွားခြင်းက အခက်အခဲပေါင်း ရှစ်ဆယ့်တစ်ပါးကို ရင်ဆိုင်ရမှာလား။
ကွမ်ယင်ဗောဓိသတ်၏ အမြင်တွင်မူ... ဤအနောက်ဘက်သို့ သွားသောခရီးစဉ်တွင် ထန်ကိုယ်တော် မဟုတ်ပဲ သူမ ရင်ဆိုင်ရမည့် ဘေးဒုက္ခများသည်ပင် ရှစ်ဆယ့်တစ်ပါးထက်ပင် များစွာ သာလွန်နေမည်မှာ အသေအချာပင်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမသည် ခါးသက်နေသော စိတ်ကို အနည်းငယ် ငြိမ်သက်စေလိုက်ပြီး ကျန်းလျိုထံသို့ စူးစိုက်ကြည့်လိုက်လေသည်။ ခဏမျှ ရပ်တန့်သွားပြီးနောက် သူမက မေးမြန်းလိုက်၏။
"ရွှမ်ကျန်း... ဒီမှာ ဘာတွေ ဖြစ်နေတာလဲ..."
"ကွမ်ယင် မယ်တော်... တပည့်တော်လည်း ဘာတွေဖြစ်နေမှန်း မသိပါဘူးဘုရား...”
သူ၏ သရုပ်ဆောင်စွမ်းရည်ကို စမ်းသပ်ရမည့်အချိန် ရောက်လာလေပြီ။
ကွမ်ယင်ဗောဓိသတ်၏ အမေးကို ကြားလိုက်ရသောအခါ ကျန်းလျိုသည် အလွန်အမင်း နစ်နာသွားသည့်ဟန် ဟန်ဆောင်လိုက်၏။
"ဝူခုန်းနဲ့ ကျွန်တော်က နေ့ရောညပါ ခရီးနှင်နေခဲ့တာပါ… ညသန်းခေါင်ယံကြီးတောင် မနားတမ်း သွားနေခဲ့တာကို ဒီစိုစွတ်အရိုးတောအုပ်အုပ်ထဲမှာ မိစ္ဆာတစ်ကောင်ရဲ့ ဖမ်းဆီးတာကို ခံရပြီး ကျွန်တော့်ကိုတောင် စားပစ်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရတယ်လေ..."
"ကံကောင်းလို့ ဝူခုန်းမှာ စွမ်းဆောင်ရည်တချို့ ရှိနေလို့ပေါ့… ဒီမကောင်းဆိုးဝါးမိစ္ဆာကို သတ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး… ဒါပေမဲ့ မထင်မှတ်ဘဲ ဒီကောင်းကင်မင်းကြီးက ရုတ်တရက်ကြီး ကျွန်တော့်ကို သတ်ချင်နေတာပဲ… တကယ်ကို ဘာတွေဖြစ်သွားမှန်း နားကို မလည်တော့ဘူး..."
“...”
ကျန်းလျို၏ စကားများကြောင့် ကွမ်ယင်ဗောဓိသတ်မှာ ဆွံ့အသွားရလေသည်။
အမှန်တကယ်တွင်လည်း ကျန်းလျို၏ ရှုထောင့်မှကြည့်လျှင် သူလုပ်ခဲ့သည့်ကိစ္စမှာ မှားယွင်းမှု မရှိပေ။ မိစ္ဆာသတ္တဝါတစ်ကောင်၏ ဖမ်းဆီးခြင်းကို ခံရသည်ဖြစ်ရာ ပြန်လည်ခုခံခြင်းက အကြောင်းပြချက် ခိုင်လုံနေသည် မဟုတ်ပါလော။ ပြန်လည်ခုခံရင်းဖြင့် မကောင်းဆိုးဝါးမိစ္ဆာကို သတ်ဖြတ်မိခြင်းမှာလည်း သဘာဝကျလှပေသည်။
ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ကွမ်ယင်ဗောဓိသတ်က မိုလီချင်းကို ကြည့်လိုက်ရင်း...
"ကောင်းကင်မင်းကြီး... ဒီကိစ္စက သင် မသိလိုက်တဲ့အချိန်မှာ သင့်ရဲ့ ပန်းကျားမြွေပါက အခွင့်ကောင်းယူပြီး အောက်ဘုံကို ဆင်း မိစ္ဆာဘုရင် လုပ်နေတဲ့ပုံ ရတယ်… ဒါကြောင့် ဒီကနေ့ ဒီလိုဘေးဒုက္ခမျိုး ကျရောက်သွားတာပါ… ဝမ်းနည်းပူဆွေးမှုတွေကို ထိန်းချုပ်ပြီး ဒီအပြောင်းအလဲကို လက်ခံလိုက်ပါတော့..."
သူမက အခြား ဘာလုပ်နိုင်ပါဦးမည်နည်း။ ရွှမ်ကျန်းနှင့် သူ၏အဖော်များက မှားယွင်းနေသည်ဟု သူမက ပြော၍ မဖြစ်နိုင်ပေ။ သို့ဖြစ်ရာ သူမသည် သူတို့အတွက် ဖုံးဖိပေးရန်သာ တတ်နိုင်တော့သည်။
"မယ်တော်ဘုရား... ဒီပန်းကျားမြွေပါနဲ့ ကျွန်တော်က နှစ်ပေါင်းထောင်ချီပြီး အတူတကွ နေထိုင်လာခဲ့ကြတာပါ… သခင်နဲ့ ကျွန် ဆိုပေမဲ့ ညီအစ်ကိုတွေလို ဖြစ်နေပါပြီ… ဒီနေ့တော့…"
ကွမ်ယင်ဗောဓိသတ်၏ စကားကို ကြားလိုက်ရသည့်တိုင် မိုလီချင်းသည် သူ၏ ပူဆွေးသောကများကို မထိန်းချုပ်နိုင်ခဲ့ချေ။
"ကောင်းကင်မင်းကြီး..."
ဒေါသကြောင့် မျက်ကန်းဖြစ်နေသော မိုလီချင်းမှာ အတိုင်းအဆမရှိသော စကားများကို ပြောဆိုလာနိုင်သည်ကို မြင်လိုက်ရသဖြင့် ကွမ်ယင်ဗောဓိသတ်သည် သူ စကားပြော၍ မပြီးဆုံးမီမှာပင် ပြတ်သားစွာ ဖြတ်ပြောလိုက်လေသည်။
တစ်ချိန်တည်းမှာပင် သူမသည် မိုးမခကိုင်း တစ်ကိုင်းကို ထုတ်ယူလိုက်ပြီး မိုလီချင်းထံသို့ ဝှေ့ယမ်းလိုက်၏။ မိုးမခရွက်လွှာတစ်ခုသည် လေထုထဲတွင် ကြီးမားလာကာ မိုလီချင်း၏ ကိုယ်ခန္ဓာကို ရစ်ပတ်သွားပြီး သူ့ကို လှုပ်ရှား၍ မရနိုင်အောင် ပြုလုပ်လိုက်လေသည်။
"အောမိတော်ဖော... အနောက်ဘက်ဆီ ခရီးသွားတဲ့ကိစ္စက မဟာယနဂိုဏ်းအတွက် အလွန်အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုပဲ… ကောင်းကင်မင်းကြီး... သင့်ရဲ့ ပန်းကျားမြွေပါက သင်မသိလိုက်ဘဲ အောက်ဘုံကို ဆင်းပြီး မိစ္ဆာဖြစ်သွားတဲ့ကိစ္စနဲ့ ပတ်သက်လို့ သင်က ရှင်းလင်းချက်တစ်ခု ပေးဖို့ လိုအပ်နေပြီ..."
"ကဲ... ငါနဲ့အတူ လင်ရှောင်နန်းဆောင်ကို လိုက်ခဲ့ပြီး… ဒီကိစ္စကို ကျောက်စိမ်းဧကရာဇ် ရှေ့မှောက်မှာ ရှင်းလင်းကြတာပေါ့..."
မိုလီချင်းအား ချုပ်နှောင်ပြီးနောက် ကွမ်ယင်ဗောဓိသတ်သည် တရားခံကို စွပ်စွဲသူအဖြစ် ပြောင်းလဲလိုက်ပြီး မိုလီချင်းကို အရင်ခေါ်သွားကာ နောက်မှ ရှင်းပြရန် တွေးတောလိုက်လေသည်။
သို့သော်... သူမက ထွက်ခွာတော့မည်ဟု ပြောဆိုခဲ့သော်လည်း ကွမ်ယင်ဗောဓိသတ်သည် အလျင်စလို ထွက်ခွာမသွားသေးချေ။ သူမ၏ အကြည့်များသည် ကျန်းလျိုထံတွင် ရပ်တန့်နေပြီး ခေတ္တမျှ တွေဝေသွားပြီးနောက် ကျန်းလျိုအား မေးမြန်းလိုက်သည်။
"ရွှမ်ကျန်း... ပန်းကျားမြွေပါမှာ ကြာပန်းနက် တစ်ပွင့် ပါလာတယ်… အဲဒါကို မင်း မြင်လိုက်မိလား..."
"ကျွန်တော် မမြင်မိပါဘူး..."
ကွမ်ယင် ဗောဓိသတ်၏ စကားကို ကြားသောအခါ ကျန်းလျိုသည် ခေါင်းကို ပြတ်ပြတ်သားသားပင် ခါယမ်းလိုက်လေသည်။
ကွမ်ယင် ဗောဓိသတ်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်...
"ခုနလေးတင်... ငါမြင်လိုက်သလိုပဲ..."
"မယ်တော် အမြင်မှားတာ နေမှာပါ..."
စွန်းဝူခုန်း၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်းရှိသော ကြာပန်းနက်သည် သူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ သူက အဘယ်ကြောင့် ပြန်လည်ထုတ်ပေးရမည်နည်း။
ထို့အပြင် သူ၏ ကိုယ်ပိုင်အမြင်အရဆိုလျှင် ဤကြာပန်းနက်သည် စစ်ပွဲမှရသော တိုက်ရာပါပစ္စည်း မဟုတ်ပါလော။
"မယ်တော် ကွမ်ယင်... ဟဲဟဲဟဲ... အဲဒါကတော့ မယ်တော် မှားသွားပြီ..."
ဤအချိန်တွင် စွန်းဝူခုန်းသည်လည်း ရှေ့သို့ ကိုင်းညွတ်ကာ ရယ်မောလိုက်၏။
"ဒီပန်းကျားမြွေပါက ကောင်းကင်မင်းကြီးရဲ့ အိမ်မွေးတိရစ္ဆာန် ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့… အောက်ဘုံကိုဆင်းပြီး ကျွန်တော်တို့ကို ဒုက္ခပေးလာတဲ့အတွက် သတ်ပစ်လိုက်တာက တရားပါတယ်…ပြီးတော့ သူ့ဆီက ပစ္စည်းတွေကလည်း ကျွန်တော်တို့ရဲ့ တိုက်ရာပါပစ္စည်းတွေ ဖြစ်သွားတာပေါ့… နောက်ပြီး ကောင်းကင်မင်းကြီးက သူ့အိမ်မွေးတိရစ္ဆာန်ကို သေချာမထိန်းနိုင်ခဲ့တဲ့အတွက် တောင်းပန်ဖို့ နေနေသာသာ… ကျွန်တော့်ရဲ့ ဆရာကိုတောင် သတ်ဖို့ ကြိုးစားနေသေးတယ်..."
"ဒီကြာပန်းနက်က ကောင်းကင်မင်းကြီးပိုင်တာ ဖြစ်နေဦးတော့… ကျွန်တော့် ဆရာအတွက် တောင်းပန်တဲ့အနေနဲ့ ပေးသင့်တာပေါ့..."
ကျန်းလျိုနှင့် တပည့် စွန်းဝူခုန်းတို့သည် ကြာပန်းနက်ကို လွှဲပြောင်းပေးအပ်လိုခြင်း မရှိကြောင်း အထင်အရှားပင် ဖြစ်၏။ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ကွမ်ယင်ဗောဓိသတ်သည် သက်ပြင်းမောတစ်ခုကို ချလိုက်သည်။
"အောမိတော်ဖော... မင်းတို့ မသိကြပါဘူး… ဒီကြာပန်းနက်က အရင်က ငါတို့ မဟာယနဂိုဏ်းက ပိုင်ဆိုင်တာပါ… ဒါပေမဲ့ မိစ္ဆာချီစွမ်းအင်တွေ စွန်းထင်းနေတဲ့အတွက်… မကောင်းတဲ့ အရာတစ်ခုအဖြစ် သတ်မှတ်ထားတာပါ...”
"ငါက ဒါကို ခရမ်းရောင်ဝါးတောဆီ ပြန်ယူသွားပြီး… ဗုဒ္ဓတရားတော်နဲ့ သူ့ဆီက မိစ္ဆာချီစွမ်းအင်တွေကို သေချာဖယ်ရှား သန့်စင်ပေးမလို့ပါ..."
"မယ်တော်ဘုရား... စိတ်ချပါဗျာ… 'ငါကလွဲပြီး ဘယ်သူက ငရဲပြည်ကို သွားမှာလဲ' လို့ တိကျန်း ဗောဓိသတ်ကြီး မိန့်ကြားခဲ့ဖူးတယ်လေ… အဲဒီလို ကြောက်ရွံ့ခြင်းကင်းတဲ့ စိတ်ဓာတ်မျိုးနဲ့ ကျွန်တော်ကလည်း အတုယူပြီး လုပ်ဆောင်ချင်ပါတယ်… ကျွန်တော့်ရဲ့ ကိုယ်ပိုင် ဗုဒ္ဓ စွမ်းအားကိုသုံးပြီး ဒီမိစ္ဆာချီစွမ်းအင်တွေကို ဖယ်ရှားပစ်ချင်တာပါ… မယ်တော်ဘုရား ဒုက္ခခံပြီး လုပ်ပေးနေစရာ မလိုပါဘူးဗျာ..."
ကွမ်ယင်ဗောဓိသတ်၏ စကားကို ကြားလိုက်ရသောအခါ ကျန်းလျိုက တက်ကြွနိုးကြား ဖိုးသခွားလုပ်ကာ ပြောဆိုလိုက်သည်။
"ဒါပေမဲ့ ရွှမ်ကျန်း... မင်းရဲ့ စိတ်ကို အနောက်ဘက်ဆီ ခရီးသွားမယ့် ကြီးမြတ်တဲ့ တာဝန်ကြီးအပေါ်မှာပဲ အာရုံစိုက်ထားသင့်တာ မဟုတ်ဘူးလား… မိစ္ဆာချီစွမ်းအင်တွေကို သန့်စင်ဖို့ မင်းမှာ ဘယ်အချိန်ရှိမှာလဲ..."
ကွမ်ယင်ဗောဓိသတ်က ခေါင်းခါယမ်းရင်း မိန့်ကြားလိုက်၏။
“...”
ကွမ်ယင်ဗောဓိသတ်၏ စကားများကြောင့် ကျန်းလျိုမှာ ဆွံ့အသွားရလေသည်။ သူသည် အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပြီးဖြစ်သော်လည်း သူမကတော့ လက်မလျှော့သေးဘဲ ဆက်လက်တောင်းဆိုနေဆဲပင် ဖြစ်၏။
ဤကြာပန်းနက်သည် ယခင်က ရွှေခေါင်းစွပ်ကွင်းများနှင့် မှော်ကြေးမုံတို့ထက်ပင် များစွာ ပိုမိုတန်ဖိုးရှိပုံရလေသည်။
ယခုအချိန်သည် အဆက်အသွယ်ဖြတ်တောက်ရန် အချိန်မဟုတ်ပေ။ ဆက်လက်ပြောဆိုနေပါက ကွမ်ယင်ဗောဓိသတ်၏ မျက်နှာကို ထိခိုက်စေနိုင်ပြီး ယင်းမှာ မကောင်းလှချေ။
တိုက်ရိုက် ငြင်းဆန်ခြင်းမှာ မသင့်တော်သောကြောင့် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ကျန်းလျိုသည် ရှေ့တစ်လှမ်းတိုးရန်အတွက် နောက်တစ်လှမ်းဆုတ်သည့် နည်းဗျူဟာကို ရွေးချယ်လိုက်လေသည်။
သူသည် လက်ဝါးကို မြှောက်ကာ သိုလှောင်နယ်မြေထဲမှ ကြာပန်းနက်ကို ထုတ်ယူလိုက်၏။
"အောမိတော်ဖော... မယ်တော်ကြီး... ကျွန်တော်က မူလကတော့ ဒီကြာပန်းနက်ကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် သိမ်းထားချင်တာပါ… အထူးသဖြင့် မယ်တော်ကွမ်ယင် မြင်တဲ့အတိုင်း ကျွန်တော့်ရဲ့ ရွှေပိုးဟပ် ဗုဒ္ဓသင်္ကန်း ကလည်း စုတ်ပြဲနေပြီလေ… တကယ်လို့ နောက်တစ်ကြိမ် အန္တရာယ်နဲ့ ကြုံလာရရင် ကျွန်တော့်ကိုယ်ကျွန်တော် ကာကွယ်ဖို့ ဘာမှရှိမှာ မဟုတ်တော့ဘူး… ဒါပေမဲ့ မယ်တော်ဘုရားက ယူချင်နေတယ်ဆိုတော့လည်း… ဟင်း... ကဲ... ယူသွားလိုက်ပါတော့ဗျာ... ရပါတယ်"
***
အပိုင်း(၂၃၀)
ကျန်းလျို၏ စကားများက ကွမ်ယင်ဗောဓိသတ်အား လက်လှမ်း၍လည်းမရ မယူဘဲလည်း မနေနိုင်သည့် အကျပ်အတည်း အခြေအနေသို့ ရောက်ရှိသွားစေလေသည်။
ကျန်းလျို၏ ရွှေပိုးဟပ် ဗုဒ္ဓသင်္ကန်းကို ကြည့်လိုက်ရာ အမှန်တကယ်ပင် စုတ်ပြတ်သတ်နေပြီဖြစ်ကြောင်း သူမ တွေ့လိုက်ရ၏။ ယခုလေးတင် မိစ္ဆာနှိမ်နင်းရေး ရတနာဓား၏ ခုတ်ပိုင်းမှုကို ခံလိုက်ရသဖြင့် သင်္ကန်းတော်မှာ လုံးဝနီးပါး ပျက်စီးသွားပြီဖြစ်ကြောင်း ကွမ်ယင်ဗောဓိသတ်အတွက် အထင်အရှားပင် ဖြစ်လေသည်။
"ရွှမ်ကျန်း... မင်းကို ငါက ပိုးဖဲသင်္ကန်း နဲ့ ကွင်းကိုးကွင်း တောင်ဝှေး ပေးထားတယ် မဟုတ်လား…ဒီရတနာကြီး နှစ်ပါးက မင်းကို ကာကွယ်ဖို့အတွက် လုံလောက်ပါတယ်..."
ခေတ္တမျှ စဉ်းစားပြီးနောက် ကွမ်ယင်ဗောဓိသတ်က ပြောလိုက်သည်။
"ပိုးဖဲသင်္ကန်း က သေပြီးမှပဲ အလုပ်လုပ်တာလေ… ကွင်းကိုးကွင်း တောင်ဝှေးကလည်း အချိန်တိုလေးအတွင်းပဲ ထိရောက်မှုရှိတာ… တကယ်လို့ မိစ္ဆာတွေက ကျွန်တော့်ကို ထပ်ဖမ်းပြီး စားဖို့ကြိုးစားရင်… ကွင်းကိုးကွင်း တောင်ဝှေးက ကျွန်တော့်ကို အချိန်ခဏလေးပဲ ကာကွယ်ပေးနိုင်မှာပေါ့..."
ကွမ်ယင်ဗောဓိသတ်၏ စကားများကို တုံ့ပြန်ရင်း ကျန်းလျိုက ခေါင်းခါပြလိုက်သည်။
ထိုသို့ပြောပြီးနောက် သူသည် အနည်းငယ် ရပ်တန့်လိုက်ပြီး...
"မယ်တော်ဘုရားက ဒီကြာပန်းနက်ကို တကယ် လိုချင်တယ်ဆိုရင်လည်း… တပည့်တော်အနေနဲ့ မပေးဘဲ မနေရဲပါဘူး… ယူသာယူသွားပါတော့… အနောက်ဘက်ဆီသွားတဲ့ ခရီးစဉ်မှာ အဆိုးရွားဆုံး အခြေအနေတွေ ဖြစ်လာရင်လည်း ကျွန်တော် ပိုပြီး သတိထားနေလိုက်ပါ့မယ်… မကောင်းဆိုးဝါး မိစ္ဆာတွေစားလို့ ကျွန်တော် သေသွားရင်တောင်မှ… ဗုဒ္ဓမြတ်စွာအပေါ်ထားရှိတဲ့ တပည့်တစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သွားမှာပါ..."
သူက လက်ထဲရှိ ကြာပန်းနက်ကို မြှောက်ပြကာ ပြောလိုက်လေသည်။
အစပိုင်းတွင် ကွမ်ယင်ဗောဓိသတ်က ကြာပန်းနက်သည် မူလက မဟာယနဂိုဏ်း၏ ပစ္စည်းဖြစ်သဖြင့် ပြန်ယူသွားရန် ရည်ရွယ်ထားကြောင်း ပြောဆိုခဲ့သော်လည်း ယခုအခါတွင် ကျန်းလျိုက သူ၏ အကာအကွယ် သင်္ကန်းတော်မှာ ပျက်စီးသွားပြီဖြစ်၍ ကြာပန်းနက်ကို ကာကွယ်ရေးအတွက် သိမ်းထားချင်ကြောင်း ပြောလာလေသည်။ ယခုအချိန်မှ သူ့ထံမှ ၎င်းကို ယူဆောင်သွားခြင်းသည် သူ၏ အကာအကွယ်ကို ဖယ်ရှားပစ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်နေတော့သည်။
ထို့အပြင် စွန်းဝူခုန်း ပြောဆိုခဲ့သည်မှာလည်း အကြောင်းပြချက် မရှိသည်မဟုတ်ပေ။ ကျန်းလျို၏ ရှုထောင့်မှ ကြည့်မည်ဆိုလျှင် ဤသည်မှာ အမှန်တကယ်ပင် သူ၏ တရားဝင် စစ်ပွဲမှရသော တိုက်ရာပါပစ္စည်း ဖြစ်နေပေသည်။
ယခုအခါတွင် ကျန်းလျိုသည် ကြာပန်းနက်ကို လွှဲပြောင်းပေးအပ်ရန် ဆန္ဒရှိနေသော်လည်း ဤမျှအထိ ပြောဆိုထားပြီးဖြစ်ရာ ၎င်းကို ယူဆောင်သွားပါက သူ၏ ရင်ထဲတွင် နာကြည်းမှုများ ဖြစ်ပေါ်လာနိုင်ချေ ရှိလေသည်။
ကြာပန်းနက်ကို လက်လွှတ်ရန် ဝန်လေးနေသော်လည်း နောက်ဆုံးတွင် အဓိကဦးစားပေးရမည့်အရာမှာ ကျမ်းစာပင့်ဆောင်ရန်အတွက် အနောက်ဘက်သို့ ခရီးသွားခြင်းဟူသည့် ကြီးမြတ်သော တာဝန်ကြီးပင် ဖြစ်ပြီး ကျန်းလျို၏ လုံခြုံရေးသည် အမှန်တကယ်ပင် အလေးအနက်ထားရမည့် ကိစ္စရပ်တစ်ခု ဖြစ်လေသည်။
သို့ဖြစ်ရာ... အတန်ကြာ စဉ်းစားပြီးနောက် ကွမ်ယင်ဗောဓိသတ်သည် စိတ်ထဲမှ တိတ်တခိုး သက်ပြင်းချလိုက်ရုံမှလွဲ၍ အခြား မတတ်နိုင်တော့ချေ။
"အောမိတော်ဖော... ဒီလိုဆိုမှတော့ ဒီရတနာကို မင်းရဲ့ အကာအကွယ်အဖြစ် လောလောဆယ် ထားထားလိုက်ပါ… နတ်ဝိညာဉ်တောင်တော်ကို ရောက်ရှိပြီး ကျမ်းစာပင့်ဆောင်တဲ့ တာဝန် ပြီးမြောက်သွားတဲ့အခါကျရင်တော့… မိစ္ဆာချီစွမ်းအင်တွေကို ဖယ်ရှားပစ်ဖို့ ငါ့ဆီကို ပြန်ပေးရမယ်နော်..."
"ဒါဆိုရင်လည်း မယ်တော်ကွမ်ယင်ကို ကျေးဇူးတင်ပါတယ်ဗျာ..."
ကွမ်ယင်ဗောဓိသတ်က သူ့အား အပိုင်ပေးသည်ဟု မပြောဘဲ ငှားရမ်းခြင်းသာဖြစ်ကြောင်း ပြောခဲ့သော်လည်း ကျန်းလျိုသည် ရသမျှကို အမိအရ ယူလိုက်ပြီး ရွှင်လန်းစွာ ရယ်မောလိုက်လေသည်။
“အောမိတောဖော...”
ကွမ်ယင် ဗောဓိသတ်မှာ ကျန်းလျို၏ အပြုံးကိုပင် မကြည့်နိုင်တော့ဘဲ အလွန်အမင်း ရင်နာသွားကာ တိတ်တဆိတ် ဗုဒ္ဓဂါထာကို ရွတ်ဆိုလိုက်ပြီးနောက် မိုလီချင်းကို ခေါ်ဆောင်ကာ စိုစွတ်အရိုးတောအုပ်ထဲမှ ထွက်ခွာသွားတော့သည်။
အနောက်ဘက်ဆီသို့ ခရီးသွားခြင်းသည် အခက်အခဲရှစ်ဆယ့်တစ်ပါးကို ရင်ဆိုင်ရမည်ဖြစ်ပြီး ရှေ့ဆက်သွားရမည့် ခရီးလမ်းမှာလည်း ရှည်လျားနေဆဲပင်။ ပန်းကျားမြွေပါကိစ္စသည် ထိုအထဲမှ အသေးအဖွဲ အခက်အခဲတစ်ခုကို ထပ်မံဖြည့်စွက်ပေးလိုက်ခြင်းသာ ဖြစ်လေတော့သတည်း။
ဤအခက်အခဲများသည် ကျန်းလျိုအတွက် ခက်ခဲခြင်း ရှိ၊ မရှိကို ကွမ်ယင်ဗောဓိသတ် သေချာပေါက် မသိနိုင်သော်လည်း သူမကိုယ်တိုင်ကတော့ အမှန်တကယ်ပင် နက်ရှိုင်းစွာ ဒုက္ခရောက်နေပြီဟု ခံစားနေရလေသည်။
လက်ရှိအခြေအနေအရ စဉ်းစားကြည့်လျှင် ဤအရာများသည် ကျမ်းစာပင့်ဆောင်သူ၏ အခက်အခဲရှစ်ဆယ့်တစ်ပါး မဟုတ်ဘဲ သူမကိုယ်တိုင်၏ အခက်အခဲများပင် ဖြစ်နေသည် မဟုတ်ပါလော။
...
"ဟဲဟဲဟဲ... ဒီတစ်ခေါက်တော့ တကယ့်ကို အသီးအပွင့်တွေ အပြည့်အဝ ရိတ်သိမ်းရတာပဲ..."
ကွမ်ယင် ဗောဓိသတ်ထွက်ခွာသွားသည်ကို ကြည့်ရင်း ကျန်းလျိုသည် စိတ်ထဲမှ တိတ်တခိုး မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။
ပန်းကျားမြွေပါကို သတ်ဖြတ်ပြီးနောက် မည်သို့သော ပစ္စည်းကောင်းများ ထွက်ပေါ်လာမည်နည်း။
တာဝန်ကို ပြီးမြောက်ခဲ့သည့်အတွက် သူ့အား ဒဏ္ဍာရီလာ အရည်အသွေးရတနာသေတ္တာ တစ်လုံး ဆုချီးမြှင့်ခဲ့သည်။ ၎င်းထဲတွင် မည်သည့် ရတနာ ပါဝင်နိုင်မည်နည်း။
သေချာပေါက်ပင် အရေးအကြီးဆုံးအရာမှာ ကွမ်ယင်ဗောဓိသတ်ကိုယ်တိုင်ပင် လက်လွှတ်ရန် ဝန်လေးခဲ့ရသည့် ကြာပန်းနက်ပင် ဖြစ်၏။ ယင်းမှာ မည်သို့သော ရတနာမျိုး ဖြစ်မည်နည်း။
လောလောဆယ်တွင်မူ ကျန်းလျိုသည် ကြာပန်းနက်အပေါ်သို့သာ သူ၏ အာရုံကို စူးစိုက်ထားလိုက်လေသည်။
ကိုးဆင့် ကြာပန်းနက် - အထူးပစ္စည်း အဆင့်သတ်မှတ်ချက် မရှိပါ။ အသက်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် တိုက်ခိုက်ခြင်း၊ ခုခံကာကွယ်ခြင်းနှင့် ချုပ်နှောင်ခြင်း စွမ်းရည်များကို အသုံးပြုနိုင်ပါသည်။ တိကျသော အကျိုးသက်ရောက်မှုများမှာ အသုံးပြုသူ၏ ကျင့်ကြံခြင်းအဆင့်အပေါ်တွင် မူတည်ပြီး မည်သည့်အခါမျှ ပျက်စီးသွားမည် မဟုတ်ပါ။
ကျန်းလျို၏ အကြည့်များ ဤကြာပန်းနက်ပေါ်သို့ ကျရောက်သွားချိန်တွင် ၎င်းနှင့်သက်ဆိုင်သော အချက်အလက်များသည် သူ၏ မျက်စိရှေ့၌ ပေါ်ထွက်လာလေသည်။
ကိုးဆင့် ကြာပန်းနက်သည် တိကျသော ကိန်းဂဏန်း အချက်အလက်များကို မပြသထားသော်လည်း ကျန်းလျိုသည် ဖော်ပြချက်အရ ဤကြာပန်းနက်၏ ထူးခြားဆန်းကြယ်မှုကို ရှင်းလင်းစွာ ခံစားသိရှိနိုင်လေသည်။
ပထမဦးစွာ ဤပစ္စည်းသည် ပုံမှန်ဝတ်ဆင်ရသော အဓိကပစ္စည်း ဆယ်မျိုးကဲ့သို့ မဟုတ်ပေ။ ၎င်းသည် ကျွမ်းကျင်မှုစာအုပ်စင် ကဲ့သို့ပင် အဓိက ပစ္စည်းနေရာ ဆယ်နေရာတွင် နေရာယူမည်မဟုတ်သော အထူးပစ္စည်းအမျိုးအစား ဖြစ်လေသည်။
ဤကြာပန်းနက်၏ လုပ်ဆောင်ချက်များသည်လည်း အလွန်အမင်း အစွမ်းထက်ပြီး တိုက်ခိုက်ခြင်း၊ ခုခံကာကွယ်ခြင်းနှင့် ချုပ်နှောင်ခြင်း စသည့် စွမ်းရည်များကို ပိုင်ဆိုင်ထား၏။
ဤကြာပန်းနက်သည် အဆင့်သတ်မှတ်ချက် လိုအပ်ချက်မရှိသည့်အပြင် မည်သည့်အခါမျှ မပျက်စီးနိုင်သော ပစ္စည်းတစ်ခုဖြစ်သည်။ ဤသည်ကပင် ၎င်း၏ ထူးခြားဆန်းကြယ်မှုကို ဖော်ပြနေလေသည်။
သတိပြုရန် အရေးကြီးသည်မှာ မိုလီချင်းသည်လည်း ထိုက်ရိ အစစ်အမှန် နတ်ဘုရားအဆင့်တွင် ရှိနေသော်လည်း သူသည် စွန်းဝူခုန်း၏ လုံးဝဖိနှိပ်ချုပ်နှောင်ခြင်းကို ခံခဲ့ရကာ ပြန်လည်ခုခံရန် အခွင့်အရေးပင် မရခဲ့ချေ။ သို့သော်လည်း ပန်းကျားမြွေပါသည် စွန်းဝူခုန်း၏ ရှေ့မှောက်တွင် ဤကြာပန်းနက်ကို အသုံးပြု၍ သူ့ကို ဖမ်းဆီးနိုင်ခဲ့ခြင်းက ကြာပန်းနက်၏ ထူးခြားဆန်းကြယ်မှုကို လုံလောက်စွာ သက်သေပြနေလေသည်။
"ကိုးဆင့် ကြာပန်းနက် ဟုတ်လား... ဇာတ်လမ်းနောက်ခံကို ငါမှတ်မိသလောက်ဆိုရင်… ကောင်းကင်နဲ့မြေကြီး ကြားမှာ ဒီလိုကြာပန်းမျိုး လေးပွင့်ပဲ ရှိတယ်… အဲဒါတွေက ကိုးဆင့် ကုသိုလ်ရွှေကြာပန်း၊ ကိုးဆင့် ကမ္ဘာသန့်စင် ကြာပန်းစိမ်း၊ ကိုးဆင့် ကံကြမ္မာမီးတောက် ကြာပန်းနီ နဲ့ နောက်ထပ် ကိုးဆင့် ကမ္ဘာဖျက် ကြာပန်းနက် တို့ပဲ… ဒါဆို မဖြစ်နိုင်တာ... ဒီဟာက အဲဒီကြာပန်းလား..."
ကျန်းလျိုသည် အံ့ဩစွာဖြင့် မိမိဘာသာ တိုးတိတ်စွာ ရေရွတ်လိုက်၏။ ကြည့်လေလေ သူ၏ မျက်လုံးများက ပိုမိုတောက်ပလာလေလေ ဖြစ်၏။
အကယ်၍ အမှန်တကယ်သာ ထိုသို့ဖြစ်ခဲ့မည်ဆိုလျှင် ဤကြာပန်းနက်သည် အလွန်အမင်း အဖိုးတန်လှသော ရတနာတစ်ပါး ဖြစ်ပေလိမ့်မည်။ ကွမ်ယင်ဗောဓိသတ်က ၎င်းကို လက်လွှတ်ရန် ဝန်လေးနေခဲ့သည်မှာလည်း အံ့ဩစရာ မဟုတ်တော့ပေ။
သို့သော်လည်း ဤကြာပန်းနက်၏ ပေါ်ထွက်လာမှုက ကျန်းလျိုကို အံ့ဩသွားစေသလို တွေဝေဇဝေဇဝါလည်း ဖြစ်သွားစေ၏။ ကွမ်ယင်ဗောဓိသတ်က တကယ်ပဲ ဤမျှလောက် ရက်ရောပါသလော။ ကောင်းကင်မင်းကြီးလေးပါး ထံမှ ပန်းကျားမြွေပါကို သူ့အား ဒုက္ခပေးရန် ခွင့်ပြုပေးခဲ့ပြီး ကမ္ဘာဖျက် ကြာပန်းနက်ကဲ့သို့သော ရတနာမျိုးကိုပင် စွန့်လွှတ်ရန် ဆန္ဒရှိနေသည်လော။
ကွမ်ယင်ဗောဓိသတ်သည် အမှန်တကယ်ပင် ဤမျှလောက် ချမ်းသာကြွယ်ဝနေပါသလော။
"ဘယ်လောက်တောင် ကံကောင်းလိုက်တာလဲ… ဒါက တကယ့်ကို ကြီးမားတဲ့ ကံကောင်းမှုကြီးပဲ..."
ကျန်းလျိုသည် သူ၏ လက်ထဲရှိ ကိုးဆင့် ကြာပန်းနက်ကို ငုံ့ကြည့်နေစဉ် သူ၏ဘေးရှိ စွန်းဝူခုန်းမှာလည်း ရွှင်လန်းဝမ်းမြောက်နေပုံပေါ်ပြီး ကျန်းလျိုအား ပြောလိုက်လေသည်။
"ဆရာ... ဒါက တကယ့်ကို ကြီးမားတဲ့ ကံကောင်းမှုကြီးပါပဲ… ဒီကြာပန်းနက်က တကယ်ကို ထူးခြားဆန်းကြယ်လွန်းတယ်..."
"ဝူခုန်း… မင်းက ဒီကြာပန်းနက်ရဲ့ ဇာစ်မြစ်ကို သိလို့လား..."
စွန်းဝူခုန်း၏ စကားကို ကြားလိုက်ရသောအခါ ကျန်းလျိုသည် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်လေသည်။
"ကျုပ်... စွန်းဝူခုန်းလည်း မသိပါဘူး… ဒါပေမဲ့ နတ်မိစ္ဆာအဆင့်လောက်ပဲရှိတဲ့ သာမန် ပန်းကျားမြွေပါလေးကတောင် ဒီကြာပန်းနက်ကို သုံးပြီး ကျုပ်ရဲ့ ရွှေတုတ်ကို ခုခံနိုင်တယ်ဆိုတော့… ဒီကြာပန်းနက်က သာမန်ပစ္စည်းတော့ လုံးဝ မဖြစ်နိုင်ဘူး..."
ကျန်းလျို၏ စကားကို ကြားသောအခါ စွန်းဝူခုန်းက ခေါင်းခါရင်း ပြန်ဖြေလိုက်လေသည်။
"အေးပါလေ..."
စွန်းဝူခုန်း၏ အဖြေက ကျန်းလျိုကို အနည်းငယ် စိတ်ပျက်သွားစေသော်လည်း ယင်းမှာ အကြောင်းပြချက် ခိုင်လုံပုံရလေသည်။
စွန်းဝူခုန်းသည် ကောင်းကင်နှင့် ရင်ပေါင်တန်းနိုင်သော မဟာပညာရှိကြီး ဖြစ်သော်လည်း သူသည် နောက်ဆုံးတွင် မွေးရာပါ တောမျောက်တစ်ကောင်သာ ဖြစ်ပြီး ဗဟုသုတ များများစားစား မရှိခြင်းမှာလည်း သဘာဝကျလှပေသည်။ အနောက်ဘက်သို့ ကျမ်းစာပင့်ဆောင်သူ အဖွဲ့ထဲတွင် နဂါးမြင်းဖြူကပင် စွန်းဝူခုန်းထက် ဗဟုသုတ ပို၍ကြွယ်ဝကောင်း ကြွယ်ဝနေနိုင်လေသည်။
ခေါင်းခါယမ်းလိုက်ရင်း ဤကြာပန်းနက်သည် သူသိထားသော ကမ္ဘာဖျက် ကြာပန်းနက် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အနည်းဆုံးတော့ ၎င်းသည် ရတနာကောင်းတစ်ခု ဖြစ်သည်မှာ သေချာနေသောကြောင့် ကျန်းလျိုသည် အများကြီး ဆက်မတွေးတော့ချေ။
ချက်ချင်းပင် ကျန်းလျို၏ အကြည့်များသည် ပန်းကျားမြွေပါကို သတ်ပြီးနောက် မည်သို့သော ပစ္စည်းကောင်းများ ထွက်ကျလာသနည်းဆိုသည်ကို ကြည့်ရှုရန် သူ၏ သိုလှောင်နယ်မြေထဲသို့ ပြန်လည်ရောက်ရှိသွားလေသည်။
ထို့အပြင် တာဝန်ပြီးမြောက်မှုအတွက် ဆုချီးမြှင့်ထားသော ဒဏ္ဍာရီလာ အရည်အသွေးရတနာသေတ္တာထဲမှရော မည်သို့သော ပစ္စည်းကောင်းများ ထွက်လာမည်နည်းဟု သူ တွေးတောနေမိသည်။
"ဆရာ... ဆရာ..."
ထိုစဉ် အော်ဟစ်ခေါ်ဝေါ်သံတစ်ခု ထွက်ပေါ်လာ၏။
ကျန်းလျိုသည် အသံလာရာဘက်သို့ လှမ်းကြည့်လိုက်ရာ နဂါးမြင်းဖြူနှင့် ကျူးပါကျဲတို့ ရောက်လာကြခြင်း ဖြစ်သည်။ ကွမ်ယင်ဗောဓိသတ်နှင့် ပတ်သက်၍ ယခုလေးတင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များကြောင့် သူတို့ ရောက်လာကြခြင်းဖြစ်ကြောင်း အထင်အရှားပင်။
***