အခန်း (၂၃၁-၂၃၂)
Vol. 17 Ch. 231-232
အပိုင်း(၂၃၁)
"ဆရာ... အဆင်ပြေရဲ့လား... တော်သေးတာပေါ့..."
ကျန်းလျို အန္တရာယ်ကင်းသည်ကို မြင်လိုက်ရသောအခါ ကျူးပါကျဲသည် သက်ပြင်းချလိုက်လေသည်။
အကယ်၍ ဆရာ တစ်ခုခု ဖြစ်သွားပါက သူသည် အမျိုးသမီး မိစ္ဆာများနှင့် မည်သို့မည်ပုံ ချောမွေ့စွာ စကားပြောဆို ဆက်သွယ်ရမည်နည်းဆိုသည်ကို မည်သူ့ထံမှ သင်ယူရတော့မည်နည်း။
"အယ်... ဆရာရဲ့ လက်ထဲကဟာက ကိုးဆင့် ကြာပန်းနက် မဟုတ်လား..."
သို့သော်လည်း ကျန်းလျို၏ လက်ထဲရှိ ကြာပန်းနက်အပေါ်သို့ ကျူးပါကျဲ၏ အကြည့်များ ကျရောက်သွားသောအခါ သူသည် အံ့အားသင့်သွားပြီး အလောတကြီး မေးမြန်းလိုက်လေသည်။
"အိုး... ပါကျဲ... မင်းက ဒီကြာပန်းနက်ကို သိလို့လား..."
ကျူးပါကျဲက ကြာပန်းနက်ကို မှတ်မိနေပုံရသည်ကို မြင်လိုက်ရသဖြင့် ကျန်းလျိုက မေးလိုက်သည်။
"ကျုပ်... ဝက်ကြီးက မှတ်မိတာပေါ့… ကောလာဟလတွေအရ ပန်ဂု နတ်ဘုရားကြီးက ကောင်းကင်နဲ့ မြေကြီးကို မဖွင့်လှစ်ခင်မှာ သုံးဆယ့်ခြောက်ဆင့် ကမ္ဘာဦး ကြာပန်းစိမ်းထဲမှာ ပျိုးထောင်ခံခဲ့ရတယ်လေ… ကောင်းကင်ကို ဖွင့်လှစ်ပြီးနောက်မှာ… အဲဒီ သုံးဆယ့်ခြောက်ဆင့် ကြာပန်းကြီးက ရွှေရောင်၊ အစိမ်းရောင်၊ အနီရောင်နဲ့ အနက်ရောင် ကိုးဆင့် ကြာပန်းတွေအဖြစ် ပြောင်းလဲသွားခဲ့တယ်… အဲဒီအထဲကနေ မိစ္ဆာဘိုးဘေး လော်ဟိုက ကိုးဆင့် ကမ္ဘာဖျက် ကြာပန်းနက်ကို ရရှိသွားခဲ့တာပဲ..."
"လော်ဟို သေဆုံးသွားတဲ့အခါမှာ ကြာပန်းနက်လည်း ကွဲကြေသွားပြီး… ထိုက်ရှန်းလောင်ကျွင်း က အဲဒီထဲက အစိတ်အပိုင်းတစ်ခုကို ရရှိသွားပြီးတဲ့နောက် ဒီကိုးဆင့် ကြာပန်းနက်အဖြစ် ပြန်လည်သန့်စင်ခဲ့တာပါ… အရင်တုန်းက အပြည့်အစုံပုံစံနဲ့တော့ မယှဉ်နိုင်ပေမဲ့… ရှာဖွေရခက်ခဲတဲ့ ရတနာတစ်ပါး ဖြစ်နေတုန်းပါပဲ..."
ကျန်းလျို၏ အမေးကို ကျူးပါကျဲက အကျဉ်းချုံး၍ ရှင်းပြလိုက်လေသည်။
"ဪ... ဒီလိုကိုး… ဒါဆို ဒီဟာက ကိုးဆင့် ကမ္ဘာဖျက် ကြာပန်းနက်ရဲ့ အစိတ်အပိုင်း တစ်ခုတည်းကနေ တိုက်ရှန်းလောင်ကျွင်းက ပြန်လည်ပြောင်းလဲ ဖန်တီးထားတာပေါ့ ဟုတ်လား..."
ကျူးပါကျဲ၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ ကျန်းလျိုက သဘောပေါက်သွားလေသည်။
သို့သော်လည်း ကျူးပါကျဲ ပြောသကဲ့သို့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်လင့်ကစား ဤကိုးဆင့် ကြာပန်းနက်၏ အရည်အသွေးသည် ရှားပါးလှသော ရတနာတစ်ပါး ဖြစ်နေဆဲပင်။
မည်သို့ပင်ဆိုစေကာမူ ထိုက်ရှန်းလောင်ကျွင်း ၏ ရတနာများဖြစ်သော ခရမ်းရွှေ ဘူးသီးခြောက်၊ တုန်လှုပ်ဖွယ် ရွှေကြိုး၊ ဝရဇိန် လက်ကောက် တို့ကို ကြည့်မည်ဆိုလျှင် မည်သည့်အရာကမျှ ရိုးရှင်းသော ပစ္စည်းများ မဟုတ်ကြပေ။ ဤကြာပန်းနက်၏ မူလဇာစ်မြစ်ကလည်း အလွန်ကြီးကျယ်ခမ်းနားနေပြီ ဖြစ်ကြောင်းကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။
ဤကြာပန်းနက်သည် အလွန်အစွမ်းထက်လှသောကြောင့် ကျန်းလျိုက ၎င်းကို သူ၏ ကိုယ်ပေါ်တွင် ဝတ်ဆင်ထားရန် ဆုံးဖြတ်လိုက်လေသည်။ အလားတူပင် ဇာတ်ကောင် အချက်အလက် မျက်နှာပြင်တွင်လည်း ဤပစ္စည်းသည် ကျန်းလျို၏ ဒုတိယမြောက် အထူးပစ္စည်း ဖြစ်လာတော့သည်။
"ဒါနဲ့ ဆရာ... ဒီကိုးဆင့် ကြာပန်းနက်ကို ဘယ်ကနေ ရလာတာလဲ..."
ကျူးပါကျဲ၏ မျက်နှာတွင် စပ်စုလိုသော အမူအရာများ အပြည့်ဖြင့် ကျန်းလျိုအား မေးမြန်းလိုက်၏။
"ဪ... မြက်ခင်းထဲက ကောက်ရလာတာပါကွာ..."
အများကြီး ရှင်းပြမနေချင်သဖြင့် ကျန်းလျိုက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်လေသည်။
သေချာပေါက်ပင် ဤစကားသည် အမှန်တကယ် လိမ်လည်ပြောဆိုခြင်း မဟုတ်ပေ။ ပန်းကျားမြွေပါကို သတ်ပြီးနောက် မြက်ခင်းထဲမှ သူ ကောက်ရခဲ့သည့် အရာတစ်ခု ဖြစ်နေသည် မဟုတ်ပါလော။
"ကောက်... ကောက်ရတာ ဟုတ်လား..."
ကျန်းလျို၏ အဖြေကြောင့် ကျူးပါကျဲ၊ နဂါးမြင်းဖြူနှင့် ရှားဝူကျင်းတို့မှာ အံ့အားသင့်စွာဖြင့် သူ့ကို ပြူးကြည့်နေမိကြတော့သည်။
မြက်ခင်းထဲမှ ဤကဲ့သို့သော ရတနာကြီးတစ်ပါးကို ရှာတွေ့ခဲ့သည်ဟု သူက ဆိုနေခြင်းမှာ လုံးဝကို ယုံကြည်နိုင်စရာ မရှိလှချေ။
"အစ်ကိုကြီးမျောက်... ဆရာက တကယ်ကြီး ကောက်ရခဲ့တာလား..."
ခေါင်းကို လှည့်ကာ ကျူးပါကျဲက သူ၏ဘေးရှိ စွန်းဝူခုန်းအား မေးလိုက်လေသည်။
သူသည် မိမိ၏ ဆရာကို မယုံကြည်၍တော့ မဟုတ်ပေ။ သို့သော်လည်း ဆရာ ပြောလိုက်သည့် စကားမှာ အလွန်အမင်း အံ့ဩစရာကောင်းလွန်းနေသဖြင့် လုံးဝ ယုံကြည်နိုင်စရာ မရှိဖြစ်နေရခြင်း ဖြစ်၏။
"ဟုတ်တယ်… ဆရာက မြက်ခင်းထဲမှာ ဟိုယက်ဒီယက် လုပ်နေပြီးတော့ ဒီကြာပန်းနက်ကို ကောက်ယူလိုက်တာ ငါ... စွန်းဝူခုန်း မြင်လိုက်တယ်လေ..."
စွန်းဝူခုန်းက ခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။
"ကဲပါ တပည့်တို့ရယ်... အတင်းတုတ်မနေကြနဲ့တော့… ဒီအရိုးစိုတောအုပ်ကြီးက ကြောက်စရာကောင်းတဲ့ အငွေ့အသက်တွေ ရှိတယ်… ငါတို့ ဒီကနေ မြန်မြန်ထွက်သွားကြရအောင်..."
သန်းခေါင်ယံပင် ကျော်လွန်နေပြီဖြစ်ကြောင်း သတိပြုမိသဖြင့် ကျန်းလျိုသည် ခေါင်းခါယမ်းလိုက်ကာ မြင်းပေါ်သို့ တက်ခွရင်း ပြောလိုက်လေသည်။
ကျန်းလျို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် နဂါးမြင်းဖြူမှာ ရှေ့သို့စတင် လျှောက်လှမ်းသွားတော့သည်။ ကျူးပါကျဲမှာမူ သူ၏ ထွန်ခြစ်ကို ထမ်းထားလျက် ခြေလှမ်းတိုင်းတွင် ဘေးနားဝဲယာ အကြိမ်ကြိမ် လှည့်ကြည့်နေလေသည်။
ကျူးပါကျဲ၏ အပြုအမူကို ကြည့်ရင်း ကျန်းလျိုသည် အနည်းငယ် ပြုံးလိုက်မိ၏။
ယခင်ဘဝက အဖော်တစ်ယောက်ယောက် လမ်းပေါ်မှ ပိုက်ဆံကောက်ရပါက အခြားသူများလည်း တက်တက်ကြွကြွဖြင့် အနီးတစ်ဝိုက်တွင် စတင်ရှာဖွေတတ်ကြသည်ကို သူ မှတ်မိနေ၏။ ယခု ကျူးပါကျဲ၏ အပြုအမူမှာလည်း ထိုကဲ့သို့ပင် ဖြစ်နေလေသည်။
နဂါးမြင်းဖြူပေါ်တွင် ထိုင်နေရင်း ကျန်းလျိုသည် သူ့ တပည့်များ၏ စိတ်ထဲတွင် ဘာတွေတွေးနေကြသနည်းဆိုသည်ကို ဂရုမစိုက်တော့ချေ။ ထို့အစား သူ၏ သိုလှောင်နယ်မြေကို ဖွင့်ကြည့်လိုက်လေသည်။
အမှန်တကယ်ပင် ပန်းကျားမြွေပါ သေဆုံးသွားချိန်တွင် ပစ္စည်းအချို့ ထွက်ကျလာခဲ့၏။ ဆေးရည်နှစ်ပုလင်းကို ဖယ်ထားလိုက်လျှင် အိတ်တစ်လုံးလည်း ပါဝင်နေလေသည်။
သိုလှောင်အိတ် (အထူးပစ္စည်း) - သိုလှောင်နယ်မြေကို နောက်ထပ် နေရာ ၁၂ နေရာအထိ တိုးချဲ့ပေးပါသည်။
ကျန်းလျို၏ အကြည့်များ အိတ်ပေါ်သို့ ကျရောက်သွားသည်နှင့် တစ်ပြိုင်နက် ၎င်းနှင့်သက်ဆိုင်သော အချက်အလက်များ ထွက်ပေါ်လာရာ သူ၏ ရင်ထဲတွင် ဝမ်းသာလွန်း၍ ခုန်ပေါက်သွားလေသည်။
မူလ သိုလှောင်နယ်မြေမှာ အသုံးဝင်သော်လည်း ၎င်း၏ နေရာပမာဏမှာ အနည်းငယ် ကျဉ်းမြောင်းနေ၏။ သူတို့ ခရီးသွားလာနေစဉ်အတွင်း ဆေးရည်များနှင့် အချို့သော မရှိမဖြစ်လိုအပ်သည့် ပစ္စည်းများကို သိုလှောင်ထားရသဖြင့် နေရာအားလုံးနီးပါး ပြည့်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ယခု ဤသိုလှောင်အိတ်က ကျန်းလျို၏ ပြဿနာကို ဖြေရှင်းပေးလိုက်လေပြီ။
သိုလှောင်အိတ်အပြင် ပန်းကျားမြွေပါ သေဆုံးချိန်တွင် နောက်ထပ် ပစ္စည်းနှစ်ခုလည်း ထွက်ကျလာခဲ့သေးသည်။ သို့သော်လည်း နှစ်ခုစလုံးမှာ သူ ဝတ်ဆင်ထားသည့် ပစ္စည်းများထက် မကောင်းမွန်သဖြင့် ကျန်းလျိုသည် စိတ်ပျက်စွာဖြင့် ခေါင်းခါယမ်းလိုက်မိ၏။
အထူးသဖြင့် ပစ္စည်းတစ်ခုမှာ ဒဏ္ဍာရီလာ အရည်အသွေးရှိသော အဆင့် ၂၅ လက်နက်တစ်ခု ဖြစ်နေသဖြင့် စိတ်လှုပ်ရှားစရာ ကောင်းနေသင့်သော်လည်း ၎င်း၏ ကိန်းဂဏန်း အချက်အလက်များမှာ သူ ကိုင်ဆောင်ထားသည့် ရာဇဝင် အရည်အသွေးရှိသော ရှေးဟောင်း အနက်ရောင် သံစပ်တုတ်ကို မမီနိုင်သဖြင့် အသုံးမဝင်တော့ချေ။
ဒဏ္ဍာရီလာ အရည်အသွေး ရှိသော ပစ္စည်းကို အသုံးမပြုနိုင်ခြင်းမှာ စိတ်ပျက်စရာကောင်းလှသော်လည်း ဤအရာက သူ၏ လက်ရှိပစ္စည်းများမှာ အလွန်မြင့်မားသော အရည်အသွေးများဖြစ်ကြောင်း သွယ်ဝိုက်သောနည်းဖြင့် ဖော်ပြနေလေရာ ဝမ်းသာစရာ အကြောင်းရင်းတစ်ခုဟု ထင်ရလေသည်။
ဝမ်းသာရမည်လား၊ ဝမ်းနည်းရမည်လားဆိုသည်ကို ကျန်းလျိုကိုယ်တိုင်ပင် မသိတော့ချေ။
ယင်းကို လျစ်လျူရှုလိုက်ပြီး နောက်ဆုံးတွင် ကျန်းလျို၏ အကြည့်များသည် ရတနာသေတ္တာ တစ်လုံးပေါ်သို့ ကျရောက်သွားလေသည်။
ဤသည်မှာ တာဝန်ပြီးမြောက်မှုမှ သူရရှိခဲ့သော ဆုကြေးတစ်ခုဖြစ်သည့် ဒဏ္ဍာရီလာ အရည်အသွေး ရတနာသေတ္တာပင် ဖြစ်၏။
ရတနာသေတ္တာကို ထုတ်ယူလိုက်ရင်း လက်ရှိသူ၏ ပစ္စည်းများနှင့် ထပ်နေမည့် ပစ္စည်းမျိုး မထွက်လာပါစေနှင့်ဟု ကျန်းလျိုသည် တိတ်တဆိတ် ဆုတောင်းလိုက်သည်။ ဤဒဏ္ဍာရီလာ အရည်အသွေး ရှိသော သေတ္တာကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေသည်။
ရတနာသေတ္တာ ပွင့်သွားချိန်တွင် ၎င်းအထဲ၌ ပစ္စည်းတစ်ခုခု မဟုတ်ဘဲ ရွှေရောင်တောက်ပနေပြီး ထူးခြားဆန်းကြယ်လှသော မှော်စာလိပ်တစ်ခုကို တွေ့လိုက်ရသဖြင့် ကျန်းလျိုမှာ အနည်းငယ် အံ့အားသင့်သွားရလေသည်။
ပြီးခဲ့သည့်အကြိမ်က ရတနာသေတ္တာကို ဖွင့်လိုက်စဉ်က ဂိုဏ်းတည်ထောင်ခြင်း အမှတ်အသားတစ်ခုကို ရရှိခဲ့ပြီး ယခုတစ်ကြိမ်တွင်မူ မှော်စာလိပ်တစ်ခု ဟုတ်လား။
ကျန်းလျိုသည် သေတ္တာထဲမှ မှော်စာလိပ်ကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်ရာ ၎င်းနှင့် သက်ဆိုင်သော အချက်အလက်များ သူ၏ ရှေ့တွင် ပေါ်ထွက်လာတော့သည်။
ရှင်သန်ခြင်း မှော်စာလိပ် (သုံးစွဲနိုင်သော ပစ္စည်း) - အသုံးပြုပြီးနောက် သေဆုံးသွားသော ပစ်မှတ်တစ်ခုကို တစ်ကြိမ် ပြန်လည်ရှင်သန်စေနိုင်ပါသည်။ သွေးတန်းနှင့် မန်နာများကို အကောင်းဆုံး အခြေအနေ၏ ၃၀ ရာခိုင်နှုန်းအထိ ပြန်လည်ဖြည့်တင်းပေးပါမည်။
"ငါက ရှင်သန်ခြင်း မှော်စာလိပ်ကို တကယ်ကြီး ရလိုက်တာလား..."
မိမိလက်ထဲရှိ မှော်စာလိပ်ပေါ်မှ အချက်အလက်များကို ကြည့်ရင်း ကျန်းလျိုမှာ ဆွံ့အသွားရလေသည်။
ဒဏ္ဍာရီလာ ဇာတ်လမ်းများ ပြည့်နှက်နေသော ဤအနောက်ဘက်သို့ ခရီးသွားသည့် ကမ္ဘာတွင် သေသူပြန်ရှင်ခြင်းဆိုသည်မှာ သိပ်တော့ ရှားပါးလှသော ကိစ္စတစ်ခု မဟုတ်ပေ။ ဥပမာအားဖြင့် လီရှီမင်သည် ငရဲပြည်သို့ အလည်အပတ်သွားခဲ့ပြီး အသက်ပြန်ရှင်နိုင်ခဲ့သကဲ့သို့ မူလဇာတ်လမ်းတွင် ခေါင်းမည်းနိုင်ငံ၏ ဘုရင်သည်လည်း စွန်းဝူခုန်းက တိုက်ရှန်းလောင်ကျွင်းထံမှ တောင်းခံလာသည့် ဝိညာဉ်ပြန်လည်ခေါ်ယူရေး ဆေးလုံးကို စားပြီးနောက် ပြန်လည်ရှင်သန်လာခဲ့လေသည်။
သို့သော်လည်း... မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ ဤသေသူကို ပြန်လည်ရှင်သန်စေနိုင်သော စွမ်းရည်မှာ နတ်ဘုရားများနှင့် ဗုဒ္ဓများ၏ လက်ဝါးကြီးအုပ်ထားသည့် အရာတစ်ခု ဖြစ်နေပုံရလေသည်။
ယခု သူကိုင်ဆောင်ထားသော ရှင်သန်ခြင်း မှော်စာလိပ်မှာမူ ထိုနတ်ဘုရားများနှင့် ဗုဒ္ဓများ၏ နည်းလမ်းများနှင့် ကွဲပြားခြားနားနေပုံပေါ်လေသည်။
မည်သို့ပင်ဖြစ်စေ ရှင်သန်ခြင်း မှော်စာလိပ်ကို ရရှိလိုက်ခြင်းမှာ ကျန်းလျိုအတွက် ကြီးမားလှသော အကျိုးအမြတ်တစ်ခု ဖြစ်ပေသည်။
***
အပိုင်း(၂၃၂)
အထက်ကောင်းကင်ဘုံ၌ ကွမ်ယင်ဗောဓိသတ်သည် ကြာပလ္လင်ပေါ်တွင် ထိုင်တော်မူနေပြီး သူမ၏ မျက်နှာတွင်မူ သောကရောက်နေသော အမူအရာများ ပေါ်လွင်နေလေသည်။
သူမ၏ ရှေ့မှောက်တွင် ချုပ်နှောင်ထားခြင်းမှ လွတ်ကင်းသွားပြီဖြစ်သော မိုလီချင်းက သူမကို စူးရဲစွာ စိုက်ကြည့်နေလေ၏။
...
ငရဲမင်းကြီး ဆယ်ပါးက အုပ်ချုပ်သော ငရဲပြည်သည် ဘုံသုံးပါးနှင့် လမ်းစဉ်ငါးသွယ် အတွင်းရှိ သတ္တဝါအပေါင်းတို့ သေဆုံးပြီးနောက် တရားစီရင်မှုခံယူရန် ပြန်လည်ရောက်ရှိလာကြသည့် နေရာဖြစ်သည်။ ထိုနေရာရှိ ကြီးမားလှသော အလုပ်တာဝန်များကြောင့် ငရဲမင်းကြီး ဆယ်ပါး၏ အာရုံစိုက်မှုများစွာ လိုအပ်လေသည်။
သို့သော်လည်း ငရဲပြည်သည် အထက်ကောင်းကင်ဘုံ၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိပြီး ငရဲမင်းကြီး ဆယ်ပါးသည် ကျောက်စိမ်းဧကရာဇ်၏ အမိန့်တော်များကို နာခံကြရလေသည်။ သို့ဆိုလျှင် ဘုံသုံးပါးနှင့် လမ်းစဉ်ခြောက်သွယ် အတွင်း၌ သေဆုံးသွားကြသော နတ်ဘုရားများနှင့် ဗုဒ္ဓများ၏ ဝိညာဉ်များသည် မည်သည့်နေရာသို့ သွားကြရမည်နည်း။
အကယ်၍ ၎င်းတို့သည်လည်း ငရဲမင်းကြီး ဆယ်ပါး၏ စီရင်ပိုင်ခွင့်အောက်တွင်သာ ရှိနေမည်ဆိုလျှင် အားလုံးက အသိအကျွမ်းတွေချည်းသာ ဖြစ်နေမည် မဟုတ်ပါလော။ ကျောက်စိမ်းဧကရာဇ်၏ အမိန့်တစ်ခွန်းတည်းဖြင့် ၎င်းတို့၏ အသက်ကို အလွယ်တကူ ပြန်လည်ရရှိသွားကြမည် မဟုတ်ပါလော။
ကောင်းကင်၏ ဆန္ဒသည် ဓားတစ်လက်ကဲ့သို့ ထက်မြက်ပြီး ရက်စက်ကြမ်းကြုတ်လေသည်။ ကောင်းကင်တရားသည် မည်သူ့ကိုမျှ မျက်နှာလိုက်ခြင်းမရှိဘဲ လုံးဝ တရားမျှတမှုရှိလေသည်။
ကောင်းကင်က သံသရာလည်ခြင်းနယ်မြေကို လုံးဝတရားမျှတသော နေရာတစ်ခုအဖြစ် သတ်မှတ်ပြဋ္ဌာန်းထား၏။ နတ်ဘုရားများနှင့် ဗုဒ္ဓများကို မျက်နှာလိုက်ခွင့် မည်သို့လုပ် ပြုနိုင်ပါမည်နည်း။
သို့ဖြစ်ရာ ငရဲပြည်အတွင်း၌ ငရဲမင်းကြီး ဆယ်ပါး၏ အဖွဲ့အစည်းနှင့် သီးခြားခွဲထွက်၍ သေဆုံးသွားသော နတ်ဘုရားများနှင့် ဗုဒ္ဓများ၏ ဝင်စားခြင်းကိစ္စရပ်များကို သီးခြားလွတ်လပ်စွာ ကိုင်တွယ်ဖြေရှင်းပေးရသော ပုဂ္ဂိုလ်တစ်ပါး ရှိလေသည်။
ထိုပုဂ္ဂိုလ်ကို တိကျန်းဗောဓိသတ်ကြီး ဟု ခေါ်ဆိုကြလေသည်။
ပန်းကျားမြွေပါသည် မိုလီချင်း၏ အိမ်မွေးတိရစ္ဆာန်ဖြစ်သော်လည်း ကောင်းကင်ဘုံ၌ နှစ်ပေါင်းများစွာ စာရင်းသွင်းခံထားရသဖြင့် အာလန်နတ်မင်း၏ နတ်ခွေးသားရဲ ရှောင်ထျန်း ကဲ့သို့ပင် နတ်ဘုရားများ၏ အဆင့်အတန်းဝင်အဖြစ် သတ်မှတ်ခံရလေသည်။ ၎င်းသေဆုံးသွားချိန်တွင် ဝိညာဉ်သည် တိကျန်ဗောဓိသတ်ကြီး ၏ ရှေ့မှောက်သို့ ရောက်ရှိလာလေသည်။
ပန်းကျားမြွေပါ၏ တောင်းပန်မှုများကို အနည်းငယ်မျှ ဂရုမစိုက်ဘဲ တိကျန်း ဗောဓိသတ်ကြီး သည် လက်ဝါးကိုမြှောက်ကာ ၎င်းအား သံသရာလည်ခြင်း စက်ဝန်းထဲသို့ တိုက်ရိုက် ပစ်ချလိုက်လေတော့သည်။
ဤသည်မှာ တိကျန်း ဗောဓိသတ်ကြီး ၏ တာဝန်ပင်ဖြစ်၏။ သေဆုံးသွားသော နတ်ဘုရားများနှင့် ဗုဒ္ဓများအားလုံး၏ သံသရာလည်ခြင်းကို ကြီးကြပ်ကွပ်ကဲရခြင်း ဖြစ်သည်။ ငရဲပြည်သို့ ဝင်ရောက်လာသူများ အားလုံးနီးပါးမှာ နာမည်ကျော်ကြားသူများ ဖြစ်ကြသော်လည်း တာဝန်ဆိုသည်မှာ တာဝန်သာဖြစ်သည်။ ကောင်းကင်တရား က သတ်မှတ်ထားပြီးဖြစ်ရာ ကိုယ်ရေးကိုယ်တာ သံယောဇဉ်များကို မည်သို့လုပ် လိုက်လျောနိုင်မည်နည်း။
...
ကောင်းကင်ဘုံအတွင်း၌ မိုလီချင်းသည် ကွမ်ယင်ဗောဓိသတ်အား စူးရဲစွာ စိုက်ကြည့်နေပြီး သူ၏ မျက်နှာပေါ်တွင် ဒေါသနှင့် သတိထားမှုများ ရောယှက်နေလေသည်။
ပန်းကျားမြွေပါ သေဆုံးသွားမှုက သူ့ကို ဒေါသထွက်စေခဲ့သော်လည်း ကွမ်ယင်ဗောဓိသတ်နှင့် ရင်ဆိုင်ရချိန်တွင်မူ သူသည် ပေါက်ကွဲထွက်ရန် မရဲဝံ့ချေ။
ကွမ်ယင်ဗောဓိသတ်၏ ရင်ထဲတွင် ခါးသက်သက် ခံစားနေရ၏။ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် သူမက ဗုဒ္ဓဂါထာကို ရွတ်ဆိုကာ ပြန်လည်ဖြေကြားလိုက်သည်။
"အောမိတော်ဖော... ကောင်းကင်မင်းကြီး… ဒီအရာအားလုံးက မတော်တဆဖြစ်မှုတစ်ခု သက်သက်ပါပဲ..."
အမှန်တကယ်တွင် ဤကိစ္စကို ကောင်းကင်မင်းကြီးများကြား၌ ယခင်ကတည်းက ဖြေရှင်းသဘောတူထားပြီး ဖြစ်လေသည်။ သူ့အလှည့်ရောက်မှ မည်သို့လုပ် ဒေါသထွက်နေရသနည်း။
သို့သော်လည်း... ဤကိစ္စရပ်သည် အနောက်ဘက်သို့ ခရီးသွားခြင်းဟူသည့် ကြီးမြတ်သော တာဝန်ကြီးနှင့် ဆက်စပ်နေလေသည်။ အနာဂတ်တွင် အခက်အခဲများ ဖန်တီးရာ၌ အခြားသော နတ်ဘုရားများကိုလည်း ပါဝင်ရန် အကူအညီတောင်းရဦးမည် ဖြစ်သည်။ အကယ်၍ သူမက အခြားသူများ စိတ်ပျက်အားငယ်သွားစေမည့် အပြုအမူမျိုး လုပ်လိုက်မည်ဆိုလျှင် နောင်တွင် မည်သူက ကူညီရန် ဆန္ဒရှိတော့မည်နည်း။
ထို့ကြောင့် ကွမ်ယင်ဗောဓိသတ်သည် အတတ်နိုင်ဆုံး စိတ်ရှည်သည်းခံရန် မိမိကိုယ်ကို ဖိအားပေးထားရလေတော့သည်။
"မယ်တော်... မတော်တဆမှုတွေ မဖြစ်စေရဘူးလို့ ပြောခဲ့တယ် မဟုတ်လား..."
မိုလီချင်းသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။ အတန်ကြာပြီးနောက် သူ၏ စိတ်ခံစားမှုများ အနည်းငယ် တည်ငြိမ်သွားလေသည်။ ဒေါသအလျောက် ရွှမ်ကျန်းအား ဒဏ်ရာရစေရန် ပြုလုပ်ခဲ့မိသည့် သူ၏ ကိုယ်ပိုင် အဆင်အခြင်မဲ့ လုပ်ရပ်ကြောင့် အံ့အားသင့်သွားရသော်လည်း ဆက်လက်ဖြစ်ပေါ်နေသော ဝမ်းနည်းပူဆွေးမှုများကြားမှပင် ကွမ်ယင်ဗောဓိသတ်ကို မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။
"အနောက်ဘက်ဆီ ခရီးသွားတဲ့လမ်းက ဘေးဒုက္ခတွေနဲ့ ပြည့်နှက်နေဖို့ ဖန်တီးထားတာပဲလေ… ပြီးတော့ ဒီလောက်ကြီးမားတဲ့ အခက်အခဲတွေအောက်မှာ မျှော်လင့်မထားတဲ့ အရာတွေ ဘာမဆို ဖြစ်သွားနိုင်တာပဲ..."
မိုလီချင်း၏ စကားကို ကြားလိုက်ရသောအခါ ကွမ်ယင်ဗောဓိသတ်က ဖြေကြားလိုက်လေသည်။
ထိုသို့ပြောပြီးနောက် သူမသည် ခေတ္တမျှ ရပ်တန့်လိုက်ပြီး... ဆက်လက်မိန့်ကြားလိုက်သည်။
"ငါသာ ဝင်မပါခဲ့ရင် အန္တရာယ်ကြုံရမှာက ပန်းကျားမြွေပါ တစ်ကောင်တည်း မဟုတ်ဘူး… မင်းရဲ့ စိတ်တွေက ကြီးမားတဲ့ အခက်အခဲကြီးကြောင့် ဝေဝါးသွားပြီး မင်းကိုပါ သေလုနီးပါး ဖြစ်သွားစေခဲ့တာပဲ..."
ကြီးမားသော ဘေးဒုက္ခကြီးတစ်ခုအတွင်းသို့ ကျရောက်သွားသည်နှင့်တစ်ပြိုင်နက် အကြည်လင်ဆုံးသော စိတ်ထားရှိသည့် နတ်ဘုရားများနှင့် ဗုဒ္ဓများပင်လျှင် စိတ်များ ဝေဝါးသွားနိုင်ပြီး သာမန်အချိန်တွင် လုံးဝတွေးတောမိမည် မဟုတ်သော အရာများကို စိတ်လိုက်မာန်ပါ လုပ်ဆောင်မိကာ သူတို့၏ အသက်အန္တရာယ်ကိုပင် စွန့်စားမိတတ်ကြလေသည်။ ယင်းမှာ မိုလီချင်းအပေါ်သို့ ယခုလေးတင် ကျရောက်ခဲ့ခြင်း ဖြစ်၏။
သူသည် ရွှမ်ကျန်းကို အနာတရဖြစ်စေရန် ရဲရဲဝံ့ဝံ့ ကြိုးစားခဲ့ပြီး စွန်းဝူခုန်း၏ လက်ချက်ဖြင့် သေလုနီးပါး ဖြစ်ခဲ့ရသည်။ ထို့အပြင် မိုလီချင်းသာ အောင်မြင်သွားခဲ့မည်ဆိုလျှင်တောင်မှ ဗုဒ္ဓဘာသာဝင် နောက်လိုက်များက သူ့ကို အလွယ်တကူ လွှတ်ပေးထားပါမည်လော။
ကွမ်ယင်ဗောဓိသတ်၏ စကားများကြောင့် မိုလီချင်းမှာ ခေတ္တမျှ ဆွံ့အသွားရလေသည်။ ယခု သူသည် ကောင်းကင်ဘုံသို့ ပြန်လည်ရောက်ရှိလာပြီး စိတ်ကြည်လင်သွားပြီဖြစ်ရာ ထိုအချိန်က သူ၏ ကိုယ်ပိုင်လုပ်ရပ်များကြောင့် အမှန်တကယ်ပင် အံ့အားသင့်နေမိလေသည်။
သို့သော်လည်း သူ၏ ရင်ထဲရှိ ပူဆွေးသောကများမှာ ထိုမျှလောက် အလွယ်တကူ ပြေပျောက်မသွားသေးချေ။ မိုလီချင်းသည် အနည်းငယ် နစ်နာနေသေးသည်ဟု ခံစားနေရဆဲဖြစ်သည်။
"ဒါပေမဲ့ မယ်တော်ဘုရား... ကျွန်တော်က ဘေးကနေ စောင့်ကြည့်နေရုံပဲလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လေ… ပြီးတော့ ပြဿနာတစ်ခုခု မဖြစ်အောင် အရေးကြီးတဲ့အချိန်ကျမှ ဝင်ပြောရမယ် ဆိုပြီးတော့လည်း ပြောခဲ့တယ် မဟုတ်လား..."
"အောမိတော်ဖော... အရင်ကတော့ မင်းဝင်ပါလာတာရယ်… ငါပေးထားတဲ့ ကိုးဆင့် ကြာပန်းနက်ရဲ့ အကာအကွယ်ရယ်က မင်း အခြေအနေကို ရှင်းပြနိုင်တဲ့အချိန်အထိ တောင့်ခံထားဖို့ လုံလောက်ပါတယ်… ဒါပေမဲ့ ဘာလို့ နောက်ဆုံးအချိန်မှာ ပန်းကျားမြွေပါက ကိုးဆင့် ကြာပန်းနက်ကို အသုံးမပြုခဲ့တာလဲ… နောက်ပြီး ဒီကိစ္စရဲ့ ရလဒ်အနေနဲ့ ငါ့ရဲ့ ကိုးဆင့် ကြာပန်းနက်ကလည်း..."
စကားပြောနေရင်း ကွမ်ယင်ဗောဓိသတ်၏ မျက်နှာတွင် အလွန်အမင်း နာကျင်နေပုံ ပေါ်လာလေသည်။ ၎င်းမှာ သူမ ပိုင်ဆိုင်သည့် ရတနာအနည်းငယ်ထဲမှ တစ်ခုဖြစ်ပြီး အခက်အခဲတစ်ခုကို ဖန်တီးပေးရန် မဟုတ်ခဲ့လျှင် ဤကြာပန်းနက်ကို ပန်းကျားမြွေပါအား ငှားရမ်းပေးရန် သူမ ဝန်လေးနေခဲ့ခြင်း ဖြစ်၏။
"ဟွန့်... မယ်တော်ဘုရား လက်ထဲမှာပဲဖြစ်ဖြစ်… ရွှမ်ကျန်း လက်ထဲမှာပဲဖြစ်ဖြစ်… ကြာပန်းနက်က မဟာယနဂိုဏ်းရဲ့ ပိုင်ဆိုင်မှု ဖြစ်နေတုန်းပဲ မဟုတ်ဘူးလား..."
မိုလီချင်းက ပြောလိုက်သည်။
"မယ်တော် ခုနကပဲ ပြောခဲ့တယ်လေ... အနောက်ဘက်ဆီ ခရီးသွားတဲ့ကိစ္စ ပြီးဆုံးသွားတဲ့အခါ ကိုးဆင့် ကြာပန်းနက်က မယ်တော်ဘုရားဆီ ပြန်ရောက်လာမယ်ဆိုတော့… တကယ်တမ်းကျ မယ်တော်ဘုရား ဆုံးရှုံးသွားတာမှ မဟုတ်တာ… ကျွန်တော့်ရဲ့ ပန်းကျားမြွေပါလေးသာ အသတ်ခံလိုက်ရတာပါ…"
"သူ့ကို ပြန်လည်ဝင်စားခွင့်ပြုဖို့ တိကျန်ဗောဓိသတ်ကြီးကို တောင်းဆိုပေးနိုင်မလား..."
ကွမ်ယင်ဗောဓိသတ်၏ ဝမ်းနည်းပူဆွေးနေပုံကို တုံ့ပြန်သည့်အနေဖြင့် မိုလီချင်း၏ မကျေနပ်မှုများက ပိုမိုကြီးထွားလာလေသည်။
မိုလီချင်း၏ စကားကို ကြားလိုက်ရသောအခါ ကွမ်ယင်ဗောဓိသတ်သည် သူ၏ ဇွဲကောင်းကောင်းဖြင့် တောင်းဆိုနေမှု၏ အဓိကရည်ရွယ်ချက်ကို နားလည်သဘောပေါက်သွားလေသည်။
အနည်းငယ် လက်မှိုင်ချသွားသည့်ဟန်ဖြင့် သူမက ခေါင်းခါယမ်းလိုက်ကာ မိန့်ကြားလိုက်သည်။
"အောမိတော်ဖော... တိကျန်ဗောဓိသတ်ကြီးက သံသရာလည်ခြင်း စက်ဝန်းကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့တာ… ငါတို့ရဲ့ ဗုဒ္ဓ တထာဂတ တောင်မှ ဝင်စွက်ဖက်လို့ မရပါဘူး..."
ထိုသို့ပြောပြီးနောက် သူမသည် ခေတ္တမျှ ရပ်တန့်သွားကာ အတန်ကြာ စဉ်းစားပြီးနောက်...
"ငါ့ဆီမှာ ကြာကန်ထဲကနေ နှစ်ပေါင်းသုံးထောင်ကြာအောင် ပျိုးထောင်ထားရတဲ့ ရောင်စုံ ဖန်နွယ်ပင် လို့ခေါ်တဲ့ ရတနာတစ်ပါး ရှိတယ်… အဲဒါကို ကောင်းကင်မင်းကြီးအတွက် တောင်းပန်တဲ့အနေနဲ့ လက်ဆောင်ပေးပါ့မယ်..."
မိုလီချင်း ကျေနပ်သွားစေရန်အတွက် သူ၏ နစ်နာချက်များကို ဖြေရှင်းပေးရန် လိုအပ်နေလေသည်။ သို့မှသာ အနာဂတ်တွင် ဘေးဒုက္ခများ ဖန်တီးရာ၌ အကူအညီပေးရန် အောက်ဘုံသို့ ဆင်းသက်လာကြစေရေး အခြားသော နတ်ဘုရားများအား သူက စည်းရုံးပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ကွမ်ယင်ဗောဓိသတ်သည် ရတနာများဖြင့် ရက်ရက်ရောရော လျော်ကြေးပေးရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။
တိကျန်ဗောဓိသတ်ကြီးအား သနားညှာတာမှု ပြသရန် ဖျောင်းဖျနိုင်စွမ်း သူမတွင် မရှိသဖြင့် မိုလီချင်း၏ ဝမ်းနည်းပူဆွေးမှုများကို သက်သာစေရန် ရတနာများကိုသာ လျော်ကြေးအဖြစ် ပေးအပ်နိုင်တော့သည်။
ကွမ်ယင်ဗောဓိသတ်အတွက်မူ ဤအခက်အခဲက အမှန်တကယ်ပင် ကြီးမားလှသော ပေးဆပ်မှုတစ်ခု ဖြစ်ခဲ့ရလေသည်။
***