အခန်း (၂၃၃-၂၃၄)
Vol. 17 Ch. 233-234
အပိုင်း(၂၃၃)
ကောင်းကင်ဘုံအတွင်း၌ ကွမ်ယင်ဗောဓိသတ်သည် အမြဲတမ်း လက်ပေါက်ကပ်လွန်းသော မိုလီချင်းအား တောင်းပန်တိုးလျှိုးနေရပြီး သူမ၏ ရင်ထဲတွင် ခါးသက်သက် ခံစားချက်များကို ခံစားနေရသည်ကို ပြောစရာပင် မလိုတော့ချေ။ တစ်ချိန်တည်းမှာပင် အောက်ဘုံ၌မူ အရိုးစိုတောအုပ်မှ ထွက်ခွာလာပြီးနောက် အနောက်ဘက်သို့ ခရီးသွားသည့် အဖွဲ့သားများသည် လဟာပြင်တွင် စခန်းချအိပ်စက်ရန် နေရာတစ်ခုကို ရှာတွေ့သွားခဲ့ကြလေပြီ။
ကျန်းလျိုသည် တင်ပလ္လင်ခွေထိုင်ကာ ကောင်းကင်နဂါး ဓမ္မတေးသံ ကျင့်စဉ်ကို လုံ့လဝီရိယရှိစွာဖြင့် လည်ပတ်ကျင့်ကြံနေလေသည်။
သူ၏ အဆင့်မှာ ၂၈ သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ ၃၁ သို့ ရောက်ရှိသွားသည်နှင့် ကောင်းကင်နဂါး ဓမ္မတေးသံ ကို စတုတ္ထအဆင့်သို့ မြှင့်တင်နိုင်မည် ဖြစ်သည်။ ထိုအချိန်သို့ ရောက်လာပါက ကျင့်ကြံစဉ်အတွင်း ရရှိမည့် အတွေ့အကြုံမှတ်များမှာ သေချာပေါက်ပင် သိသိသာသာ တိုးတက်လာမည် ဖြစ်ပေသည်။
အရိုးစိုတောအုပ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်က အကြောင်းရင်း နှစ်ရပ်ကြောင့် ကျန်းလျိုကို အလွန်အမင်း ကျေနပ်စေခဲ့သည်။ ပထမအချက်မှာ ဤခရီးစဉ်မှ ရရှိခဲ့သော တိုက်ရာပါပစ္စည်းများဖြစ်သည့် ကိုးဆင့် ကြာပန်းနက်၊ ရှင်သန်ခြင်း မှော်စာလိပ် နှင့် အခြားသော တန်ဖိုးကြီးပစ္စည်းများပင် ဖြစ်လေသည်။
ဒုတိယအချက်မှာ လက်စားချေနိုင်ခဲ့သည့်အတွက် ရင်ထဲတွင် ကြည်နူးရွှင်လန်းမှု တစ်ခုကို ခံစားလိုက်ရခြင်းပင် ဖြစ်သည်။
ရှားဝူကျင်းကို လက်ခံရန် သူ့ကို ဖိအားပေးနိုင်ဖို့အတွက် သူမက ကောင်းယန်ကို ကြိုးကိုင်အသုံးချခဲ့သည်။ ယနေ့ သူက ပန်းကျားမြွေပါကို သတ်ပစ်လိုက်ပြီဖြစ်ရာ ယခုတော့ သူမက ဤရှုပ်ထွေးနေသော ပြဿနာကြီးကို ဖြေရှင်းရတော့မည် ဖြစ်သည်။
သူသည် အနောက်ဘက်သို့ ကျမ်းစာပင့်ဆောင်သည့် အဖွဲ့၏ အဓိက အရေးပါဆုံး အဖွဲ့ဝင် မဟုတ်ပါလော… သူတို့၏ အနောက်ဘက် ခရီးစဉ်ကို ဟန့်တားနေသော မကောင်းဆိုးဝါး မိစ္ဆာ အချို့ကို သတ်ဖြတ်လိုက်ခြင်းက သူ မှားသလား… မည်သူကမျှ သူ့ကို အပြစ်ရှာနိုင်မည် မဟုတ်ပေ…။
အနောက်ဘက်သို့ ခရီးသွားခြင်းသည် ပိုမိုကြီးမားသော စီမံကိန်းကြီး တစ်ခု၏ အစိတ်အပိုင်း တစ်ခုဖြစ်သော်လည်း ဤအရာအားလုံးသည် ကြိုတင်စီစဉ်ထားခြင်း ဖြစ်ကြောင်း သူတို့က သူ့ကို တစ်ခါမှ မပြောပြခဲ့ကြပေ။
"ကွမ်ယင်ဗောဓိသတ်... ဒီလိုကိစ္စမျိုးတွေ အများကြီး ကြုံရဦးမှာနော်..."
ဤခရီးစဉ်တစ်လျှောက် ကောင်းကင်ဘုံမှ နတ်ဘုရားများနှင့် ဗောဓိသတ်များ ဖန်တီးထားသည့် များပြားလှသော အခက်အခဲများကို တွေးတောရင်း ယင်းတို့ကို အတွေ့အကြုံမှတ်ပေးမည့် ကလေးလေးများဟုပင် ရည်ညွှန်းကာ ကျန်းလျို၏ နှုတ်ခမ်းထောင့်စွန်းများမှာ အနည်းငယ် တွန့်ကွေးသွားပြီး အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။
ကျူးပါကျဲမှာမူ မြေပြင်ပေါ်တွင် လဲလျောင်းကာ အိပ်မောကျနေပြီး ဟောက်သံကြီးများပါ ကျယ်လောင်စွာ ထွက်ပေါ်နေလေပြီ။
စွန်းဝူခုန်းသည် သိပ်မဝေးလှသော နေရာရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် လဲလျောင်းနေပြီး ခြေချိတ်ကာ သစ်ကိုင်းငယ်တစ်ခုကို ကိုက်ထားရင်း သူ၏ မျက်လုံးများကို အနည်းငယ် မှိတ်ထားလေသည်။
လမ်းခရီးတစ်လျှောက်လုံး စွန်းဝူခုန်းသည် စိတ်ဓာတ်တက်ကြွနေ၏။ ပန်းကျားမြွေပါမှာ အရေးမပါသော ဇာတ်ကောင်ငယ် တစ်ကောင်သာ ဖြစ်သော်လည်း မည်သို့ပင်ဆိုစေကာမူ သူသည် ကောင်းကင်ဘုံမှ အစစ်အမှန် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။
ယနေ့ ထိုသတ္တဝါကို တိုက်ရိုက် သတ်ဖြတ်နိုင်ခဲ့ပြီး ကောင်းကင်ဘုံမှ နတ်ဘုရားများနှင့် ဗုဒ္ဓများမှာ ပြဿနာရှာရန် အကြောင်းပြချက် မရှိတော့ရုံသာမက ကွမ်ယင်ဗောဓိသတ်ကိုယ်တိုင်ကပင် လျော်ကြေးအဖြစ် ကိုးဆင့် ကြာပန်းနက် တစ်ပွင့်ကို ပေးအပ်ခဲ့ရလေသည်။
ကောင်းကင်ဘုံမှ နတ်ဘုရားများနှင့် ဗုဒ္ဓများအား ဤကဲ့သို့ ကြီးမားသော မမျှော်လင့်ထားသည့် ဆုံးရှုံးမှုကြီးကို ဖြစ်ပေါ်စေနိုင်ခဲ့ခြင်းက စွန်းဝူခုန်းကို အလွန်အမင်း ရွှင်လန်းဝမ်းမြောက်စေခဲ့၏။
အနောက်ဘက်သို့ ခရီးသွားရာတွင် သူနှင့် သူ့ဆရာတို့သည် ကောင်းကင်ဘုံမှ နတ်ဘုရားများနှင့် ဗုဒ္ဓများကို မှောက်လှန်ပစ်ရန် သဘောတူညီ ထားခဲ့သည်။ သူ၏ ဆရာ ပြောခဲ့သကဲ့သို့ ပန်းကျားမြွေပါဆိုသည်မှာ အမြတ်ထုတ်မှု အနည်းငယ်လောက်သာ သတ်မှတ်၍ ရလေသည်။
သို့သော်လည်း ဤအမြတ်လေး အနည်းငယ်ကပင် စွန်းဝူခုန်းအား ဖြစ်နိုင်ခြေ အရိပ်အယောင်လေး တစ်ခုကို ပြသလိုက်ခြင်း ဖြစ်၏။
အကယ်၍ ယနေ့ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံခြင်းရှိသော သူတစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည်ဆိုလျှင် နောက်ပိုင်းတွင်ရော မည်သို့ဖြစ်မည်နည်း။ ထိုက်ရိ အစစ်အမှန် နတ်ဘုရားအဆင့်ရှိ သူအချို့ကိုကော ရှင်းလင်းပစ်နိုင်မည် မဟုတ်ပါလော။
ပို၍ အရေးကြီးသည်မှာ ယခင်က ပုန်ကန်မှုများတွင် သူ့ထံ၌ အသုံးပြုရန် ဗျူဟာမြောက်များစွာ မရှိခဲ့သလို အစီအစဉ်ဆွဲရန်လည်း အချိန်မရခဲ့ဘဲ တိုက်ရိုက် လုပ်ဆောင်ခဲ့ခြင်းကြောင့် များစွာသော အရှုံးများကို ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ ဤသည်မှာ သူသည် ဒြပ်ငါးပါးတောင်အောက်တွင် နှစ်ပေါင်းငါးရာတိုင်တိုင် ဒုက္ခခံခဲ့ရသည့် အတိအကျ အကြောင်းရင်းပင် ဖြစ်လေသည်။
သို့သော်လည်း ဤအနောက်ဘက်သို့ ခရီးသွားရာတွင်မူ သူ့ကိုယ်သူနှင့် သူ၏ ဆရာကြားရှိ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်ကောင်းမွန်လှကြောင်း စွန်းဝူခုန်း တွေ့ရှိလာရလေသည်။
သူ၏ ကိုယ်ပိုင် စွမ်းအားနှင့် ဆရာ၏ အစီအစဉ်များ ပေါင်းစပ်လိုက်သောအခါ လုံးဝကို အံဝင်ခွင်ကျ ဖြစ်နေလေသည်။
ထို့ထက်ပို၍ အရေးကြီးသည်မှာ ဆရာ၏ ကျင့်ကြံခြင်းအဆင့်မှာ နိမ့်ကျနေသော်လည်း သူ၏ နည်းစနစ်များမှာ အလွန်အံ့ဩစရာ ကောင်းလှသည်။ လူတစ်ယောက်၏ ကိုယ်တွင်းရှိ မန်နာစွမ်းအင်များကို ချက်ချင်း ကန့်သတ်ချုပ်ချယ်နိုင်စွမ်း ရှိသလို အခြားသူများ၏ စွမ်းအားနှင့် ခုခံကာကွယ်မှုများကို မြှင့်တင်ပေးနိုင်သည်။ ထို့အပြင် ထူးဆန်းအံ့ဩဖွယ်ကောင်းသော ကုသရေးစွမ်းရည်များကိုပင် ပိုင်ဆိုင်ထားလေသည်။
ယခုအခါ စွန်းဝူခုန်းသည် အနာဂတ်တွင် ကောင်းကင်နတ်ဘုရားများနှင့် ဗုဒ္ဓများကို မှောက်လှန်ပစ်ရန် ပိုမို၍ မျှော်လင့်တကြီး စောင့်စားနေမိတော့သည်။
အနောက်ဘက်သို့ သွားသော ခရီးစဉ်သည် ယခုမှစတင်သည်ဟု ဆိုနိုင်ပြီး လာမည့် မိုင်တစ်သိန်းခရီးအတွက် စွန်းဝူခုန်းမှာလည်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေသည်။
ကျောက်တုံးပေါ်တွင် ခြေချိတ်ကာ သစ်ကိုင်းကို ကိုက်ရင်း လဲလျောင်းနေသော စွန်းဝူခုန်း၏ အမြီးသည် နောက်ဘက်တွင် စိတ်လှုပ်ရှားစွာဖြင့် လှုပ်ရမ်းနေ၏။
အကယ်၍ ညဉ့်နက်ပြီး တိတ်ဆိတ်နေသည့် အချိန်မဟုတ်ပါက သူသည် သီချင်းတစ်ပုဒ်၊ နှစ်ပုဒ်လောက်ပင် ညည်းဆိုနေလောက်ပြီ ဖြစ်သည်။
သို့သော်လည်း အနီးအနားရှိ စွန်းဝူခုန်း၏ ပျော်ရွှင်နေမှုနှင့် ခြားနားစွာပင် ရှားဝူကျင်းမှာမူ ခေါင်းငိုက်စိုက်ကျကာ နဂါးမြင်းဖြူကို ပြုစုစောင့်ရှောက်ပေးနေလေသည်။ လဝက်ခန့် အနောက်ဘက် ခရီးစဉ်သို့ လိုက်ပါလာပြီးနောက်တွင်ပင် ရှားဝူကျင်းသည် အဖွဲ့ထဲသို့ ဝင်ဆံ့အောင် မလုပ်နိုင်သကဲ့သို့ ခံစားနေရ၏။
"ရှောင်ပိုင်ရေ... ဆရာက ငါ့ကို တကယ်ပဲ မနှစ်မြို့တာလို့ မင်း ထင်လား… အဲဒီနေ့က ငါက သူ့ကို ရေထဲ ပြုတ်ကျအောင် လုပ်မိလို့ အခုချိန်ထိ အငြိုးထားနေတာများလား..."
နဂါးမြင်းဖြူအား အစားအစာ အနည်းငယ် ကျွေးပြီးနောက် ရှားဝူကျင်းက ပြောလိုက်သည်။
သူတို့နှစ်ဦးစလုံးသည် အဖွဲ့ထဲသို့ မဝင်ရောက်မီကတည်းက ကျန်းလျို၏ ကဲ့ရဲ့ရှုတ်ချခြင်းကို ခံခဲ့ရဖူးသည်။ ရှားဝူကျင်းမှာ သူနှင့် နဂါးမြင်းဖြူတို့ နှစ်ဦး နွေးထွေးမှုရရှိရန် အချင်းချင်း ဖေးမကူညီနေရသည်ဟု အနည်းငယ် ခံစားနေရလေသည်။
ထို့အပြင် သူတို့နှစ်ဦးမှာ အဖွဲ့ထဲတွင် အဆင့်အတန်း အနိမ့်ဆုံးသူများ ဖြစ်နေပုံရလေသည်။
"တတိယ အစ်ကိုကြီး... စိတ်မပူပါနဲ့… ဆရာက အပြင်ပန်းမှာ ကြမ်းတမ်းပေမဲ့ အတွင်းစိတ်ကတော့ နွေးထွေးပါတယ်..."
နဂါးမြင်းဖြူက နှစ်သိမ့်ပေးသည့်အနေဖြင့် ညင်သာစွာ ပြန်လည်ပြောဆိုလိုက်လေသည်။
"ဆရာက အဲဒီလိုပါပဲ... အစတုန်းကဆို ငါ့ကို လက်ခံဖို့ တော်တော်လေး ဝန်လေးနေခဲ့တာ… ဒါပေမဲ့ နောက်ပိုင်းတော့ ဆရာက ငါ့အပေါ် တော်တော်လေး ကောင်းလာတယ်လို့ ခံစားရတယ်..."
နဂါးမြင်းဖြူက ပြောဆိုလိုက်၏။ အစားအသောက် စားသောက်ချိန်များတွင် ဆရာက သူ့အတွက် အမြဲတမ်း ဝေစုတစ်ပုံကို ချန်ထားပေးလေ့ရှိသည်ကို အမှန်တကယ်ပင် ခံစားသိရှိနေရသဖြင့် ထိုအချက်က သူ့ကို အလွန်အမင်း ဝမ်းသာကြည်နူးစေခဲ့သည်။
"တကယ်ကြီးလား..."
သို့သော်လည်း ခရီးတစ်လျှောက်လုံး သူ ဆက်ဆံခံခဲ့ရမှုများကို ပြန်လည်စဉ်းစားကြည့်လိုက်သောအခါ ရှားဝူကျင်းမှာ သံသယ ဝင်သွားမိလေသည်။ အပြင်ပန်းတွင် ကြမ်းတမ်းပြီး အတွင်းစိတ် နွေးထွေးသည်ဆိုသည့် အချက်နှင့် လုံးဝကို တူမနေသောကြောင့်ပင် ဖြစ်၏။
သူသည် အေးစက်ခက်ထန်နေသည့် အပြင်ပန်းလက္ခဏာများကို သေချာပေါက် ခံစားခဲ့ရသော်လည်း အဘယ်ကြောင့် အတွင်းစိတ်၏ နွေးထွေးမှုများကိုတော့ အနည်းငယ်မျှပင် မခံစားရပါသနည်းဟု တွေးတောနေမိလေတော့သည်။
...
ခရမ်းရောင်ဝါးတော ကြာကန်ဘေး၌ ကွမ်ယင်သည် ခြေဗလာဖြင့် ကြာကန်ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေ၏။ သူမ၏ စိတ်ထဲ၌ အတွေးပေါင်းများစွာဖြင့် ပြည့်နှက်နေပြီး အနောက်အရပ်ခရီးစဉ် ကိစ္စရပ်များအပေါ် အာရုံရောက်နေလေသည်။
အရာအားလုံးကို ပြန်လည်သုံးသပ်ကြည့်သောအခါ တစ်စုံတစ်ခု လွဲချော်နေသည်ဟု ကွမ်ယင် ခံစားလိုက်ရသည်။
အနောက်အရပ်ခရီးစဉ်၏ လမ်းကြောင်းသည် သူမ၏ ထိန်းချုပ်မှုအောက်တွင် အပြည့်အဝ ရှိနေပုံပေါ်သည်။ ဥပမာအားဖြင့် ရွှမ်ကျန်းဆရာတော်နှင့် ကောင်းယန်တို့ကြားမှ အချစ်ဇာတ်လမ်း၊ ရွှမ်ကျန်းဆရာတော်အား ကျမ်းစာပင့်ဆောင်မည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန် ပိုးဖဲသင်္ကန်းနှင့် ကိုးကွင်းတောင်ဝှေးတို့ကို သူမ ပေးအပ်ခဲ့ခြင်းများအပြင် သူမ ဉာဏ်အလင်းပွင့်စေခဲ့သော တပည့်များဖြစ်သည့် စွန်းဝူခုန်း၊ ထျန်းဖုန်စစ်သူကြီး၊ ကျွမ်လျန်ဗိုလ်ချုပ်နှင့် နဂါးဖြူလေးတို့ အားလုံးသည် အနောက်အရပ်ခရီးစဉ်အဖွဲ့သို့ ပူးပေါင်းဝင်ရောက်လာခြင်းများ စသည်တို့ပင် ဖြစ်သည်။
ဤအရာအားလုံးသည် သူမ စီစဉ်ထားသည့်အတိုင်း အတိအကျပင် ဖြစ်သည်။
သို့ရာတွင် ဘေးဒုက္ခကိစ္စရပ်များကဲ့သို့ ကွဲလွဲနေသော အရာများစွာကိုလည်း ကွမ်ယင် မြင်တွေ့နေရသည်။
ယုတ္တိကျကျ တွေးကြည့်မည်ဆိုလျှင် နတ်ဝိညာဉ်တောင်တော်မှ ထွက်ပြေးသွားသော အမွေးဝါကြွက် မိစ္ဆာသည် စိန်ခေါ်မှုတစ်ခု ဖြစ်သင့်ပေသည်။
ထို့အပြင် ဒြပ်စင်ငါးပါးတောင်သို့ မရောက်မီ ကျား မိစ္ဆာနှင့် အခြားသူများကို တွေ့ဆုံရခြင်းသည်လည်း ဘေးဒုက္ခများပင် ဖြစ်သင့်သည် မဟုတ်ပါလော။
သို့သော် တကယ့်လက်တွေ့တွင်မူ ထိုအရာတစ်ခုကမျှ သူ့အတွက် အန္တရာယ် မဖြစ်စေခဲ့ချေ။ ကောင်းကင်ဘုံအလိုတော်အရ ကြိုတင်သတ်မှတ်ထားသော ရှစ်ဆယ့်တစ်ပါးသော ဘေးဒုက္ခများနှင့် လုံးဝ မကြုံတွေ့ခဲ့ရပေ။
ထို့အပြင် မကြာသေးမီက သူမ ပေးကမ်းခဲ့သော ပစ္စည်းများကို သေချာစွာ ပြန်လည်စဉ်းစားကြည့်သောအခါ ရွှေကွင်းတစ်ကွင်း၊ ကြာစေ့တစ်စေ့၊ လျှို့ဝှက်ကြေးမုံတစ်ခုတို့ ပါဝင်ပြီး၊ အရေးအကြီးဆုံးမှာ ကိုးဆင့် ကြာပန်းနက်ကို ပြန်လည်မသိမ်းဆည်းနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ နောက်ဆုံးတွင် ဖန်ရောင်စုံနွယ်ပင် တစ်ပင်ပါ ဆုံးရှုံးခဲ့ရပြန်သည်။
အနောက်အရပ်ခရီးစဉ်၏ အစပိုင်းမှာတင် သူမသည် များစွာသော အရာတို့ကို စတေးခဲ့ရလေပြီ။
အကယ်၍ သူတို့သာ ခရီး လီရှစ်သောင်းတစ်ထောင်ကို အမှန်တကယ် ပြီးမြောက်သွားပါက သူမအနေဖြင့် ပိုင်ဆိုင်မှုအားလုံးကို စတေးလိုက်ရသည့်တိုင် လုံလောက်ပါဦးမည်လားဟု ကွမ်ယင် အမှန်တကယ်ပင် တွေးတောမိနေသည်။
"ဟူး... ကောင်းကင်ဘုံ ဥပဒေသက ကြိုတင်သတ်မှတ်ထားတဲ့ ကိစ္စရပ်တွေကို တားဆီးလို့ မရနိုင်ဘူး… ကြီးမားတဲ့ အပြောင်းအလဲတွေကို မပြင်ဆင်နိုင်ပေမယ့်… အသေးအဖွဲလေးတွေကိုတော့ ပြင်နိုင်သေးတယ်... ယေဘုယျဦးတည်ချက်က ငါ့ရဲ့ အစီအစဉ်ထဲမှာ ရှိနေပေမယ့်… ဘာဖြစ်လို့ ဒီအသေးစိတ်အချက်အလက်တွေက အရမ်းကြီး ကွဲလွဲနေရတာလဲ..."
မကြာသေးမီရက်များအတွင်း ဆုံးရှုံးခဲ့ရသော ပစ္စည်းများကို တွေးတောရင်း ကွမ်ယင်သည် သက်ပြင်းရှည်ကြီးကို မချဘဲ မနေနိုင်အောင် ဖြစ်ရလေသည်။
"ဗောဓိသတ်... မဥ္ဇူသရီ၊ သမန္တဘဒြ နဲ့ လီရှန်းမယ်တော်တို့ အားလုံး ရောက်ရှိနေကြပါပြီ..."
ကွမ်ယင်သည် သူမ၏ မကြာသေးမီက အတွေ့အကြုံများကို တွေးတောကာ စိတ်ထဲမှ သက်ပြင်းချနေစဉ် ပုလဲကိုင် နဂါးမိန်းကလေး ရောက်ရှိလာပြီး သူမ၏ အတွေးများကို ဖြတ်တောက်လိုက်သည်။
သတင်းစကားကို ကြားသောအခါ ကွမ်ယင်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။
"ကောင်းပြီ... သူတို့ကို သွားပြီး သေချာဧည့်ခံထားလိုက်… ငါပြင်ဆင်ပြီးတာနဲ့ လိုက်ခဲ့မယ်..."
ထိုသို့ပြောပြီးနောက် သူမသည် တွေးတောခြင်းကို ရပ်တန့်လိုက်ပြီး မိမိ၏ အသွင်အပြင်ကို အလျင်အမြန် သပ်ရပ်အောင် ပြင်ဆင်ကာ ကြာကန်ထဲမှ ထွက်လာခဲ့တော့သည်။
ဘာသာပြန် မှတ်ချက် ။ မဉ္ဇူဿရီ ဗောဓိသတ် (မန်ဂျူရှရီ) ကို ကို မဟာယန ဗုဒ္ဓဘာသာမှာ ဉာဏ်ပညာကို ကိုယ်စားပြုတဲ့ ဗောဓိသတ် အဖြစ် သတ်မှတ်ထားပါတယ်။ အမှောင်ထုနဲ့ မသိနားမလည်မှုကို ခုတ်ထွင်ဖို့ လက်တစ်ဖက်က ဉာဏ်ပညာ သန်လျက်ကို ကိုင်ဆောင်ထားလေ့ ရှိပါတယ်။ တရုတ်နာမည်က ဝမ်ရှူးဖူဆာ ခေါ်ပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ ဗေဒင်ပညာ (အထူးသဖြင့်မဟာဘုတ်ပညာ) မှာ မဉ္ဇူဿရီ နတ်မင်း အဖြစ် ထည့်သွင်း ယုံကြည်ကြပါတယ်။
သမန္တဘဒြ (တရုတ်နာမည် ဖူရှန်ဖူဆာ) ကတော့ ကျင့်ကြံအားထုတ်မှုနဲ့ မေတ္တာကရုဏာ ကတိသစ္စာတို့ကို ကိုယ်စားပြုတဲ့ ဘုရားလောင်း ဗောဓိသတ် တစ်ပါး ဖြစ်ပါတယ်။ များသောအားဖြင့် ဦးခေါင်းခြောက်လုံး ရှိတဲ့ ဆင်ဖြူတော်ကို စီးနင်းထားတဲ့ ပုံသဏ္ဌာန်နဲ့ တွေ့ရှိရပါတယ်။
***
အပိုင်း(၂၃၄)
ကြာကန်မှ ထွက်ခွာလာပြီးနောက် ခရမ်းရောင်ဝါးတောအတွင်း ရှုခင်းများကို ခံစားရင်း ရွှင်လန်းစွာ စကားစမြည်ပြောဆိုနေကြသော လီရှန်းမယ်တော်နှင့် အခြားသူများကို သူမ မြင်တွေ့လိုက်ရသည်။
ကွမ်ယင်သည် သူတို့ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့ပြီး တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ကြသည်။
စကားစမြည် ပြောဆိုပြီးနောက် လီရှန်းမယ်တော်သည် ကွမ်ယင်ဆီသို့ အကြည့်လွှဲကာ ပြောလိုက်၏။
"ဗောဓိသတ်... မကြာသေးခင်က အနောက်အရပ် ခရီးစဉ်ရဲ့ ကိစ္စရပ်တွေနဲ့ သင် အရမ်းအလုပ်များနေခဲ့တယ်မလား... ဒီနေ့ ရှုခင်းကြည့်ဖို့ ငါတို့ကို ဖိတ်ခေါ်ရတဲ့ အကြောင်းရင်းက ဘာများလဲ..."
“အလုပ်ရှုပ်နေတယ် ဆိုပေမဲ့ မယ်တော်တို့နဲ့ တွေ့ဆုံဖို့တော့ အချိန်ရှိပါသေးတယ်”
လီရှန်းမယ်တော်၏ စကားကို ကွမ်ယင်က နှိမ့်ချစွာဖြင့် တုံ့ပြန်လိုက်သည်။ မဉ္ဇူဿရီနှင့် သမန္တဘဒြတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြပြီး မှတ်ချက်မပေးရန်သာ ရွေးချယ်ခဲ့ကြသည်။
လီရှန်းမယ်တော်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး နောက်ထပ် ဘာမျှမပြောတော့ဘဲ၊ ထူးဆန်းသော သားရဲများ ကျက်စားကာ ဗုဒ္ဓရောင်ခြည်တော်များ လှိုင်းဂယက်ပမာ တောက်ပနေသည့် ခရမ်းရောင်ဝါးတော၏ အလှအပကို တိတ်ဆိတ်စွာ ခံစားနေလေတော့သည်။
"တကယ်တော့ သင်တို့အားလုံးကို ဒီကို ဖိတ်ခေါ်ရတဲ့ အကြောင်းရင်းက ရှုခင်းခံစားဖို့တင် မဟုတ်ဘဲ အခြားကိစ္စလေးတွေ တိုင်ပင်ချင်လို့ပါ..."
အပြန်အလှန် နှုတ်ဆက်စကား အနည်းငယ် ပြောဆိုပြီးနောက် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ ကွမ်ယင် ဗောဓိသတ်သည် စကားစလိုက်လေသည်။
ချက်ချင်းပင် လီရှန်းမယ်တော်နှင့် အခြားသူများ၏ အကြည့်တို့သည် ကွမ်ယင်ထံသို့ ကျရောက်သွား၏။ သူမ ဆက်ပြောမည့်စကားကို စောင့်ဆိုင်းနေကြသည်မှာ ထင်ရှားလှပေသည်။
"ရွှမ်ကျန်းဆရာတော်နဲ့ သူ့အဖော်တွေက အနောက်အရပ်ခရီးစဉ်ကို စတင်နေကြပြီ... ဒါပေမဲ့ ကောင်းကင်ဘုံ ဥပဒေသက ကြိုတင်သတ်မှတ်ထားတဲ့ ရှစ်ဆယ့်တစ်ပါးသော ဘေးဒုက္ခတွေက အများကြီး လိုအပ်နေသေးတယ်... ဒါကြောင့် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပန်းကျားမြွေပါကို ငှားရမ်းပြီး အဆင့်ကိုး ကြာပန်းနက်နဲ့အတူ ကျမ်းစာပင့်ဆောင်သူအတွက် ဘေးဒုက္ခတစ်ခု ထပ်တိုးဖို့ အောက်ဘုံကို လွှတ်လိုက်တယ်..."
ကွမ်ယင်သည် ပန်းကျားမြွေပါအား အောက်ဘုံသို့ စေလွှတ်ခဲ့သည်မှ စတင်ကာ စွန်းဝူခုန်း၊ ကျန်းလျိုတို့၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရပုံ စသည့် ဖြစ်ရပ်အစီအစဉ်များကို ထိုနေရာရှိ လူအားလုံးကို အကျဉ်းချုပ် ပြောပြလေသည်။
"အို... သင် ပြောချင်တာက ရွှေပုစဉ်း ဆရာတော်ရဲ့ လူဝင်စားဖြစ်တဲ့ ကျမ်းစာပင့်ဆောင်သူမှာ သူ့ကိုယ်ပိုင် နတ်စွမ်းရည်တွေ ရှိနေတယ်ပေါ့... သူက ပန်းကျားမြွေပါကို ကြာပန်းနက်တောင် အသုံးပြုခွင့်မပေးဘဲ နှိမ်နင်းနိုင်ခဲ့တယ်ဆိုပါလား..."
ပြဿနာ၏ အဓိကအချက်ကို ဖမ်းဆုပ်မိသွားသော လီရှန်းမယ်တော်သည် ကွမ်ယင်၏ ပြောစကားကို ကြားသည်နှင့် ချက်ချင်းပင် ထောက်ပြလိုက်လေသည်။
"တကယ်ပါပဲ... သူ့ရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်ကျနေပေမယ့် ဒီလို သဘာဝလွန်စွမ်းအားတွေ ရှိနေတာက အံ့သြစရာကောင်းလှတယ်..."
မဉ္ဇူဿရီကလည်း လီရှန်းမယ်တော်၏ စကားကို သဘောတူကာ ခေါင်းညိတ်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် ကျမ်းစာပင့်ဆောင်သူက ငါတို့ မဟာယနဂိုဏ်းက လူတစ်ယောက်ပဲလေ... သူ့မှာ ဒီလိုစွမ်းရည်တွေ ရှိနေတာက ငါတို့ ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ ကောင်းချီးတစ်ရပ်ပါပဲ..."
သမန္တဘဒြကမူ ဝမ်းသာအားရဖြင့် ဝင်ပြောလိုက်သည်။
သူ့ မှတ်ချက်စကားကို ကျန်အဖော်သုံးဦးက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။
ကျမ်းစာပင့်ဆောင်သူ၌ နတ်စွမ်းရည်အချို့ ရှိနေခြင်းက အံ့သြဖွယ်ကောင်းသည်မှာ မှန်သော်လည်း အနောက်အရပ်ခရီးစဉ်သည် ကောင်းကင်ဘုံ ဥပဒေသမှ ကြိုတင်သတ်မှတ်ထားသည့် ကြီးမားသော ဘေးဒုက္ခကြီးတစ်ခုဖြစ်ပြီး ကျမ်းစာပင့်ဆောင်သူမှာလည်း ကံကြမ္မာက ရွေးချယ်ထားသူတစ်ဦး ဖြစ်နေသောကြောင့် ဤကဲ့သို့ ထူးဆန်းမှုမှာ သဘာဝမကျစရာ အကြောင်းမရှိပေ။
ယုတ္တိကျကျ စဉ်းစားကြည့်မည်ဆိုလျှင်... မဟာယနဂိုဏ်းဝင်တစ်ဦးဖြစ်သော ကျမ်းစာပင့်ဆောင်သူ ပိုမိုအားကောင်းသော နတ်စွမ်းရည်များကို ပိုင်ဆိုင်ထားခြင်းက မဟာယနဂိုဏ်းအတွက် ကံကောင်းခြင်းကို ပြသနေသည်မဟုတ်ပါလော။ သူသည် တထာဂတ၏ ဒုတိယတပည့် ဖြစ်လေရာ သူ ပိုင်ဆိုင်ထားသည့် အဆင့်အတန်းက မဟာယနဂိုဏ်းအတွင်း၌ သံသယဖြစ်ဖွယ်မရှိလောက်အောင် စစ်မှန်ပေသည်။
သို့သော်လည်း... လီရှန်းမယ်တော်၏ စကားသည် အသိအမှတ်ပြုခြင်း သက်သက်မျှသာ ဖြစ်ရာ ဗောဓိသတ်များသည် ထိုပြဿနာအပေါ် ဆက်လက်အာရုံမစိုက်တော့ဘဲ ပန်းကျားမြွေပါ ဖြစ်ရပ်၏ အဓိကအချက်ဆီသို့သာ အာရုံပြောင်းလိုက်ကြလေသည်။
"ဒါဆိုရင် ပန်းကျားမြွေပါရဲ့ စွမ်းရည်တွေက လုံလောက်မှု မရှိသေးဘူးလို့ ဆိုရမယ်... အဲဒါကြောင့် သူ အသတ်ခံလိုက်ရတာပဲ... နောင်တချိန် ဒီလိုမျိုး ထပ်ဖြစ်လာခဲ့ရင်… ငါတို့အနေနဲ့ ထူးခြားတဲ့ စွမ်းရည်ရှိသူတွေကို ရှာဖွေရမယ်… ဒါမှမဟုတ် လုံလောက်တဲ့ ကာကွယ်ရေးရတနာတွေ ပေးသနားရမယ်..."
လီရှန်းမယ်တော်က ပန်းကျားမြွေပါ၏ သေဆုံးမှုကို တွေးတောရင်း ပြောလိုက်သည်။
"တကယ်ပါပဲ... မယ်တော်ပြောတာ အရမ်းမှန်ကန်ပါတယ်..."
မဉ္ဇူဿရီနှင့် သမန္တဘဒြတို့ကလည်း လီရှန်းမယ်တော်၏ စကားကို သဘောတူညီစွာ ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။
အကယ်၍ မိမိတွင် ခိုင်မာသော စွမ်းရည်များ ရှိပါက စွန်းဝူခုန်းကိုပင် ကြောက်ရွံ့နေရန် မလိုအပ်ပေ။ ထို့အပြင် စွမ်းအားကြီးမားသော ကာကွယ်ရေးရတနာအထွတ်အထိပ်တစ်ခု ရှိနေပါက အသက်မသွင်းရသေးလျှင်တောင်မှ ၎င်း၏ပိုင်ရှင်ကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ဤနည်းဖြင့်သာ အနောက်အရပ်ခရီးစဉ်၏ စိန်ခေါ်မှုများအတွင်း အသက်ကို ကာကွယ်နိုင်မည် မဟုတ်ပါလော။
သို့ရာတွင်... ယင်းကဲ့သို့သော အစီအစဉ်သည် ကွမ်ယင်၏ အလုပ်တာဝန်ကို ပိုမိုတိုးများလာစေမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ရတနာများသည် ကန့်သတ်ချက်ရှိပြီး အကြိမ်တိုင်းတွင်လည်း ထုတ်ပေးနိုင်မည် မဟုတ်သောကြောင့်ပေ။
ထို့အပြင် နောင်အနာဂတ်တွင် အရည်အချင်းမြင့်မားသော နတ်ဘုရားများနှင့် ဗုဒ္ဓများ၏ အကူအညီကို ရှာဖွေရန် လိုအပ်လာဦးမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ရန်အတွက် မည်မျှများပြားသော မျက်နှာလိုမျက်နှာရလုပ်မှုများ လိုအပ်မည်ကို မည်သူသိနိုင်မည်နည်း။
"ဟူး..."
ကွမ်ယင်သည် ဤရှုပ်ထွေးမှုများကို တွေးတောရင်း တိုးညှင်းစွာ ညည်းတွားလိုက်သည်။
အမှန်တကယ် ခက်ခဲလှပေသည်။
ကွမ်ယင်သည် အနောက်အရပ်ခရီးစဉ်အတွက် မိမိကိုယ်ကို ပြင်ဆင်ထားပြီး လွယ်ကူမည်မဟုတ်ကြောင်း သိရှိထားသော်လည်း ခရီးစဉ်စတင်ခါစမှာပင် အခက်အခဲများသည် မျှော်လင့်ထားသည်ထက် များစွာ ပိုမိုကြီးမားနေကြောင်း သူမ တွေ့ရှိနေရသည်။
"သင်က သက်ပြင်းချပြီး ဟန်ဆောင်ပြနေစရာ မလိုပါဘူး... ပြောစရာရှိတာကိုသာ ပွင့်ပွင့်လင်းလင်း ပြောပါ... သင်က ငါတို့သုံးယောက်ကို ဒီနေရာကို ဖိတ်ခေါ်လာတာ မကျေနပ်ချက်တွေကို ဖွင့်ထုတ်ဖို့သက်သက်တော့ မဟုတ်ဘူးမလား..."
ကွမ်ယင်၏ ဟန်ဆောင်မှုအောက်တွင် မလှည့်စားခံရသော လီရှန်းမယ်တော်က အနည်းငယ် ပြုံးရင်း မေးလိုက်သည်။
"လီရှန်း မယ်တော်က တကယ်ပဲ အကဲခတ်ကောင်းတာပဲ... တကယ်တော့ ဒီတစ်ကြိမ်မှာ သင်တို့ရဲ့ အကူအညီကို ငါ တကယ်လိုအပ်နေတယ်... ငါတို့ လေးယောက် အောက်ဘုံကိုဆင်းပြီး တစ်ခေါက်လောက် သွားကြည့်ကြရင် ဘယ်လိုလဲ..."
မိမိ၏ အတွေးများကို လီရှန်းမယ်တော်က ဖော်ထုတ်လိုက်သော်လည်း ကွမ်ယင်မှာ ရှက်ရွံ့ခြင်းမရှိဘဲ သူမ၏ အကြံအစည်ကို အကျဉ်းချုပ် ပြောပြလိုက်လေသည်။
သူတော်စင်လေးပါးသည် အောက်ဘုံသို့ ဆင်းသက်ကာ မိစ္ဆာများ ကဲ့သို့ ပြုမူ၍ ရွှမ်ကျန်း၏ အသားကို စားသုံးဖို့ အော်ဟစ်နေမည်တော့ မဟုတ်ချေ။ သူတို့ ရည်ရွယ်ထားသည်မှာ ကျမ်းစာပင့်ဆောင်သူအဖွဲ့၏ လက်ရှိအခြေအနေကို အမှန်တကယ် လေ့လာသိရှိနိုင်မည့် အခြားနည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။
အကယ်၍ စမ်းသပ်မှုတစ်ခု ဖြစ်ခဲ့လျှင် မည်သည့်အရာကို စမ်းသပ်မည်နည်း။ သို့မဟုတ် မည်သူ့ကို စမ်းသပ်မည်နည်း။
ကျန်းလျိုသည် အနောက်အရပ်ခရီးစဉ်၏ အဓိကဇာတ်ကောင် ဖြစ်သောကြောင့် စမ်းသပ်ရန် မလိုအပ်သည်မှာ ထင်ရှားလှပေသည်။ အကယ်၍ စမ်းသပ်မှုသာ ကျရှုံးသွားပါက မဟာယနဂိုဏ်းတစ်ခုလုံးအတွက် အရှက်ရစရာ ဖြစ်သွားပေမည်။
စွန်းဝူခုန်းမှာလည်း စိတ်လိုက်မာန်ပါ လုပ်တတ်သည်။ ထိုမျောက် စိတ်ဆိုးသွားပါက မည်မျှ အံ့သြတုန်လှုပ်ဖွယ် ကောင်းသောအရာများကို လုပ်ဆောင်လာမည်ကို မည်သူမျှ မသိနိုင်ချေ။ ထို့ကြောင့် စွန်းဝူခုန်းကိုလည်း ထည့်သွင်းစဉ်းစားရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် စရိုက်လက္ခဏာတွင် အားနည်းချက်များ ရှိနေသော ကျူးပါကျဲသာ ကျန်ရစ်တော့သည်။
အတန်ကြာ တိုင်ပင်ဆွေးနွေးပြီးနောက် သူတော်စင်လေးပါးသည် အစီအစဉ်တစ်ခုကို သဘောတူညီလိုက်ကြပြီး ဗောဓိသတ်သုံးပါးသည် ငယ်ရွယ်သော အမျိုးသမီးများအသွင်သို့ ပြောင်းလဲလိုက်ကြလေသည်။
လီရှန်းမယ်တော်ကမူ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး၏ အသွင်ကို ယူလိုက်ပြီး ဗောဓိသတ်သုံးပါး၏ မိခင်အဖြစ် ဟန်ဆောင်လိုက်လေသည်။
...
ကွမ်ယင်၏ အကြံအစည်များကို မသိရှိသော ကျန်းလျိုသည် နဂါးမြင်းဖြူပေါ်တွင် ထိုင်လျက် အနောက်အရပ် ခရီးစဉ်၏ ဇာတ်လမ်းတိုးတက်မှုအကြောင်းကို စဉ်းစားတွေးတောရင်း အနောက် အရပ်ခရီးကို ဆက်လက်ထွက်ခွာလာခဲ့လေသည်။
အမှန်စင်စစ်... ကျန်းလျို၏ ခရီးစဉ်သည် မဟာယနဂိုဏ်းနှင့် ဉာဏ်စမ်းတိုက်ပွဲတစ်ရပ်ဟု သတ်မှတ်နိုင်ပြီး သူ၏ အကြီးမားဆုံး အားကိုးရာမှာ ဂိမ်းစနစ်၏ စွမ်းရည်များသာမက မူရင်းဇာတ်လမ်းကို ကြိုတင်သိရှိနေခြင်းပင် ဖြစ်သည်။
သို့ရာတွင် ပန်းကျားမြွေပါ၏ ဖြစ်ရပ်က ကျန်းလျို၏ ရင်ထဲတွင် အရေးတကြီး လိုအပ်နေသည့် ခံစားချက်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် အရာရာသည် အနည်းငယ် ပြောင်းလဲသွားကြောင်း ပြသနေသောကြောင့် ဖြစ်သည်။ အထူးသဖြင့် သူ၏ အနောက်အရပ်ခရီးစဉ်တွင် မူရင်းဇာတ်လမ်း၌ မပါဝင်သော ဘေးဒုက္ခများစွာကို ရင်ဆိုင်ရမည်ဖြစ်ရာ သူသည် အလွန်သတိထားရမည် ဖြစ်ပေသည်။
သေချာသည်က မူရင်းဇာတ်လမ်းတွင် မရှိသော ဤအပို ဘေးဒုက္ခများသည် ကျန်းလျိုအတွက် ပိုမိုများပြားသော အခွင့်အရေးများကို ဆိုလိုခြင်းလည်း ဖြစ်ပေသည်။ အကျိုးအမြတ်များမှာမူ သူမည်သို့ ကိုင်တွယ်ဖြေရှင်းမည် ဆိုသည့်အပေါ်တွင် မူတည်နေလေသည်။
ကံကောင်းထောက်မစွာဖြင့် အနောက်ဘုံ မဟာမိုးကြိုးကျောင်းတော်သို့ မရောက်မီ မဟာယနဂိုဏ်းက သူ့ကို သေဆုံးခွင့်ပြုမည် မဟုတ်သောကြောင့် သူ၏ အသက်အန္တရာယ်အတွက်မူ စိုးရိမ်စရာ မရှိချေ။
***