← Chapters

အခန်း (၂၃၅-၂၃၆)

Vol. 17 Ch. 235-236

အခန်း (၂၃၅-၂၃၆)

Vol. 17 Ch. 235-236

အပိုင်း(၂၃၅)

"ဆရာ... အရှေ့မှာ အိမ်ကြီးတစ်လုံးရှိတယ်ဗျ… အချိန်လည်း မိုးချုပ်နေပြီဆိုတော့ အဲဒီမှာ နားကြရအောင်..."

ကျန်းလျို အတွေးလွန်နေစဉ် ကျူးပါကျဲ၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။ ကျန်းလျို လှမ်းကြည့်လိုက်ရာ ကျူးပါကျဲက မလှမ်းမကမ်းရှိ ကြီးမားလှသော အိမ်ကြီးတစ်လုံးကို စိတ်လှုပ်ရှားစွာ လက်ညှိုးထိုးပြနေသည်ကို တွေ့လိုက်ရလေသည်။

"ဒီလို တောခေါင်ခေါင်မှာ ဘယ်သူကများ အိမ်လာဆောက်ထားပါလိမ့်... ဈေးဝယ်ထွက်တာတို့… အိမ်အသုံးအဆောင်ပစ္စည်း ဝယ်တာတို့ဆို အဆင်မပြေနိုင်ဘူး မဟုတ်လား..."

ရှေ့ရှိ သပ်ရပ်လှပစွာ ဆောက်လုပ်ထားသော အိမ်ကြီးကို ကြည့်ရင်း စွန်းဝူခုန်းက အံ့သြတကြီး ပြောလိုက်သည်။

ထို့နောက် သူ၏ မျက်လုံးများမှ ရွှေရောင်အလင်းတန်းများ တောက်ပလာ၏။ ၎င်းနေရာအား စူးစမ်းရန်အတွက် မီးလျှံမျက်လုံးနှင့် ရွှေရောင်အကြည့်ကို အသုံးပြုလိုက်သည်မှာ ထင်ရှားလှပေသည်။ သို့သော် ခဏအကြာတွင် စွန်းဝူခုန်းသည် သူ၏ နတ်စွမ်းရည်ကို ရပ်တန့်လိုက်ပြီး ကျန်းလျိုအား ခေါင်းခါပြလိုက်သည်။

"ဆရာ... မိစ္ဆာချီစွမ်းအင် လက္ခဏာတွေတော့ မတွေ့ရဘူး… မိစ္ဆာတစ်ကောင်က အသွင်ပြောင်းထားတာတော့ မဟုတ်ဘူးဗျ..."

နေ့လယ်ပိုင်း အချိန် ကုန်ဆုံးခါနီးဖြစ်နေပြီဖြစ်ရာ ကျန်းလျိုက ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

"ဒါဆိုလည်း သွားကြည့်ကြတာပေါ့... ညအိပ်တည်းခိုဖို့ တောင်းဆိုကြည့်ကြမယ်..."

အကယ်၍ ပြဿနာများ မရှိခဲ့လျှင် တစ်ညတာ အနားယူရသည်မှာ သာယာဖွယ် ကောင်းမည်ဖြစ်သည်။ သို့သော် ပြဿနာများ ရှိနေခဲ့လျှင်မူကား ပို၍ပင် ကောင်းသေးတော့သည်။

ထို့ကြောင့် သိပ်ပြီး စဉ်းစားမနေတော့ဘဲ ကျန်းလျိုသည် ထိုနေရာတွင် ညအိပ်နားခိုရန်နှင့် မည်သည့်အရာများ ဖြစ်ပေါ်လာမည်ကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်လေတော့သည်။

ကျန်းလျိုနှင့် သူ၏အဖော်များ စံအိမ်ရှေ့သို့ ရောက်ရှိသွားသောအခါ ထိုစံအိမ်ကြီးမှာ ပို၍ပင် ခမ်းနားထည်ဝါနေကြောင်း တွေ့လိုက်ရလေသည်။ သူတို့သည် ကြီးမားသော အနီရောင် တံခါးကြီးတစ်ခုနှင့် ၎င်း၏အထက်တွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်တစ်ခုကို မြင်တွေ့လိုက်ရ၏။ ထိုဆိုင်းဘုတ်ပေါ်တွင် "ကျား စံအိမ်" ဟူသော စာလုံးနှစ်လုံးကို ရေးထိုးထားလေသည်။

ကျန်းလျိုတို့ အဖွဲ့တွင် ဝူခုန်း၊ ပါကျဲနှင့် ဝူကျင်းတို့မှာ ထူးဆန်းသော ရုပ်သွင်ရှိကြသော်လည်း သူကိုယ်တိုင်မှာမူ သန့်ရှင်းဖြူစင်ကာ ကြည့်ကောင်းပြီး ခန့်ညားလှပသော အသွင်ရှိလေသည်။ ထို့ကြောင့် ကျန်းလျိုသည် မြင်းပေါ်မှဆင်းကာ ရှေ့ဆုံးမှ ဦးဆောင်၍ တံခါးကို ညင်သာစွာ ခေါက်လိုက်လေသည်။

မကြာမီမှာပင် ဇိမ်ခံဝတ်စုံကို ဝတ်ဆင်ထားသော အသက်လေးဆယ်အရွယ် အမျိုးသမီးတစ်ဦးက တံခါးကို ဖြည်းညှင်းစွာ လာဖွင့်ပေးလေသည်။

"ရှင်တို့တွေက ဘယ်သူတွေလဲ..."

အမျိုးသမီး၏ အကြည့်သည် ကျန်းလျို၏ နောက်ကွယ်ရှိ စွန်းဝူခုန်းနှင့် အခြားသူများအပေါ်သို့ ကျရောက်သွားပြီးနောက် လန့်ဖြန့်သွားသော မျက်နှာထားဖြင့် နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ ထိတ်လန့်တကြား မေးလိုက်လေသည်။

"အောမိတော်ဖော... ဒကာမကြီး မကြောက်ပါနဲ့... ဒီဘုန်းကြီးက အရှေ့တိုင်း မဟာထန်ပြည်ကနေ အနောက်ဘုံကို ဘုရားဖူးရင်း ကျမ်းစာပင့်ဆောင်ဖို့ သွားမယ့်သူပါ... နောက်ကလူတွေကတော့ ဆရာတော်ရဲ့ တပည့်တွေပါပဲ... အခုက အချိန်လည်း မိုးချုပ်နေပြီဆိုတော့ ဒီလို တောခေါင်ခေါင်မှာ တစ်ညလောက် တည်းခိုခွင့်ရဖို့ မျှော်လင့်မိပါတယ်... အဆင်ပြေနိုင်မလား ဒကာမကြီး..."

ကျန်းလျိုက လက်အုပ်ချီကာ နှိမ့်ချယဉ်ကျေးသော ဟန်ပန်ဖြင့် မေးလိုက်လေသည်။

"အို... ရှင်တို့က ကောင်းကင်အင်ပါယာကြီးကနေ လာကြတာကိုး... ဒါဆိုရင်လည်း အထဲကို ဝင်ကြပါရှင်..."

ကျန်းလျို၏ စကားကို ကြားသောအခါ အမျိုးသမီးက ပြန်ပြောလိုက်လေသည်။

စကားပြောဆိုနေစဉ်မှာပင် သူမသည် ပင်မတံခါးကြီးကို ကျယ်ကျယ်လွင့်လွင့် ဖွင့်လိုက်ပြီး ကျန်းလျိုနှင့် သူ၏အဖွဲ့ကို အထဲသို့ ဖိတ်ခေါ်လိုက်လေသည်။

"အစ်မကျား... ဒီအိမ်မှာ တခြားလူတွေကော ရှိသေးလားလို့ သိချင်မိပါတယ်..."

အမျိုးသမီး၏ ဖိတ်ခေါ်မှုဖြင့် စံအိမ်အတွင်းသို့ ဝင်ရောက်လာပြီးနောက် ကျန်းလျိုသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ အလှဆင်ထားမှုများမှာ အမှန်တကယ်ပင် ကောင်းမွန်နေကြောင်း တွေ့လိုက်ရလေသည်။ သို့သော် အရာအားလုံးက အလွန်တိတ်ဆိတ်နေပုံရသောကြောင့် ကျန်းလျိုက မေးလိုက်ခြင်း ဖြစ်သည်။

"ကျွန်မက မုဆိုးမတစ်ယောက်ပါ... ခင်ပွန်းသည်က လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရောဂါနဲ့ ဆုံးပါးသွားခဲ့တာမို့… သမီးသုံးယောက်နဲ့အတူ ဒီမှာ ကျန်ရစ်ခဲ့တာပါရှင်..."

ကျန်းလျို၏ မေးခွန်းကို ကြားသောအခါ အမျိုးသမီးက ပြန်လည်ဖြေကြားလေသည်။ သို့ရာတွင်... စကားပြောနေစဉ်အတွင်း သူမ၏ မျက်လုံးများထဲ၌ အပြုံးတစ်ခု ရှိနေခဲ့၏။ ကျန်းလျိုမှ 'အစ်မ' ဟု ခေါ်ဝေါ်လိုက်ခြင်းကြောင့် အထင်အရှားပင် ဝမ်းသာကြည်နူးနေခဲ့လေသည်။

"ဒါက..."

အခြားတစ်ဖက်၌... အမျိုးသမီး၏ အဖြေကြောင့် ကျန်းလျိုကတော့ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခေတ္တမျှ မှင်တက်သွားလေသည်။

‘မုဆိုးမတစ်ယောက်နဲ့ သမီးသုံးယောက် ဟုတ်လား။ ဒီအခြေအနေက အရမ်းကို ရင်းနှီးနေသလိုပဲ။ ဒါက မူရင်းဇာတ်လမ်းထဲမှာ သူတော်စင်လေးပါးက ဇင်စိတ်ထားကို စမ်းသပ်တဲ့ ဇာတ်ကွက် မဟုတ်ဘူးလား။ ကွမ်ယင် ဗောဓိသတ် က ဒီလောက်မြန်မြန်ကြီး နောက်ထပ် ဘေးဒုက္ခအသစ်တစ်ခုကို စီစဉ်လိုက်တာလား...’

"ဘာဖြစ်လို့လဲ ရဟန်းပျိုလေး..."

ကျန်းလျိုတစ်ယောက် သူမဘေးတွင် ရပ်တန့်သွားသည်ကို သတိထားမိလိုက်သော အစ်မကျားက ခေါင်းလှည့်ကာ မေးလိုက်လေသည်။

"အာ... ဘာမှမဟုတ်ပါဘူး... ခင်ဗျားတို့ သားအမိတွေချည်း ဒီလို တောခေါင်ခေါင်မှာ နေရတာ… အိမ်မှာလည်း ယောကျာ်းသား မရှိဘူးဆိုတော့ နည်းနည်းတော့ အန္တရာယ်များလှတယ်လို့ တွေးမိသွားလို့ပါ..."

ကျန်းလျိုက ခေါင်းခါပြရင်း ပြန်ဖြေလိုက်လေသည်။

"ရှင်ပြောတဲ့စကားက ကျွန်မရင်ထဲကို တိုက်ရိုက်ထိရှသွားတာပဲ... တိုက်တိုက်ဆိုင်ဆိုင်ပဲ... ကျွန်မရဲ့ သမီးသုံးယောက်စလုံးကလည်း အရွယ်ရောက်နေကြပြီဆိုတော့ သူတို့အတွက် ခင်ပွန်းသည်တွေ ရှာပေးဖို့ စဉ်းစားနေတာ... ရဟန်းပျိုလေးရဲ့ အတွေးနဲ့ ကျွန်မရဲ့ အတွေးက ထပ်တူကျနေမှတော့… ဒီမှာပဲ နေလိုက်ကြပါလား..."

ကျန်းလျို၏ စကားများကြောင့် အစ်မကျား၏ မျက်လုံးများ တောက်ပသွားပြီး ရယ်မောကာ ပြောလိုက်လေသည်။

"ဝါး..."

အရှေ့မှ လျှောက်သွားသော ကျန်းလျိုနှင့် အစ်မကျားတို့၏ စကားပြောဆိုသံများကို နောက်မှလိုက်ပါလာကြသော စွန်းဝူခုန်းနှင့် တပည့်သုံးဦးစလုံး ကြားလိုက်ရလေသည်။ ကျူးပါကျဲမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူ၏မျက်လုံးများထဲတွင် မနာလိုအားကျမှုများဖြင့် ပြည့်နှက်သွားလေသည်။

"ဒါက ငါတို့ဆရာရဲ့ စွမ်းရည်လား... အရမ်း မိုက်တာပဲ..."

ကျူးပါကျဲသည် ကျန်းလျိုအား အားကျလေးစားစွာ စိုက်ကြည့်ရင်း အံ့အားသင့်စွာဖြင့် တီးတိုးရေရွတ်လိုက်လေသည်။

မယုံနိုင်စရာပင်...။ သူတို့သည် ဆရာဖြစ်သူ၏ စွမ်းရည်များမှာ အံ့မခန်းဖြစ်ကြောင်း အစကတည်းက သိရှိထားခဲ့သော်လည်း ဤမျှအထိ ရှိလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ကြပေ။

သူတို့က ခုလေးတင်မှ တွေ့ကြတာ မဟုတ်ဘူးလော။

စကားလေး နည်းနည်းပြောလိုက်တာနဲ့ သူမက အရမ်းကို သဘောကျသွားပြီး သူမ၏ သမီးတွေကို သူ့ဆီ ချက်ချင်း လက်ထပ်ပေးချင်နေတဲ့ ပုံပေါက်နေသည်။

“ဂစ်... ဂစ်... ဂဟ်... ဒီနေ့တော့ ငါ ဝက်ကြီး ဆရာဘယ်လိုလုပ်လဲဆိုတာ သေချာစောင့်ကြည့်ရမယ်... အနည်းဆုံးတော့ ပညာတစ်ကွက် နှစ်ကွက်လောက် သင်ယူထားမှ ဖြစ်မယ်..."

စကားအနည်းငယ် ပြောရုံမျှဖြင့် သူစိမ်း အမျိုးသမီးတစ်ဦးက သူမ၏ သမီးကို ဆရာဖြစ်သူနှင့် လက်ထပ်ပေးရန် ဆန္ဒရှိနေသည်ကို မြင်တွေ့လိုက်ရသောအခါ ကျူးပါကျဲ တစ်ယောက် သူ၏ဆရာအပေါ် လုံးဝကို အံ့ဩမှင်တက်သွားလေတော့သည်။

အစ်မကျားက သူမသည် သမီးသုံးယောက်နှင့်အတူ နေထိုင်သော မုဆိုးမတစ်ဦးဖြစ်သည်ဟု ပြောခဲ့သော်လည်း သူတို့၏ ကြီးမားလှသော စံအိမ်ကြီးတွင် အလုပ်အကိုင်မျိုးစုံ ရှိနေသောကြောင့် အိမ်စေမိန်းကလေးအချို့လည်း ရှိနေလေသည်။

ကျန်းလျိုနှင့် သူ၏ အဖော်များကို ထိုင်ရန် ဖိတ်ခေါ်ပြီးနောက် အိမ်စေမိန်းကလေး အတော်များများက သူတို့အတွက် လက်ဖက်ရည်ကို လျင်မြန်စွာ ပြင်ဆင်ပေးကြလေသည်။

"ရဟန်းပျိုလေး... ရှင်က အသားဖြူဖြူ ချောချောမောမောလေးဆိုတော့… ဒီမှာပဲနေပြီး ကျွန်မရဲ့ သမက်လုပ်လိုက်ပါလား... ကျွန်မရဲ့ သမီးသုံးယောက်ကို ထွက်လာခိုင်းမယ်… ရှင် သဘောကျတဲ့သူကို ရွေးချယ်နိုင်တယ်လေ..."

ကျန်းလျိုနှင့် ခဏတာ စကားပြောဆိုပြီးနောက် အစ်မကျားမှာ သူ့အပေါ် ပို၍ပင် သဘောကျလာပုံရလေသည်။

ထိုသို့ပြောဆိုရင်း သူမက အိမ်အတွင်းပိုင်းသို့ လှမ်းခေါ်လိုက်လေသည်။

"သမီးတို့... ဧည့်သည်တွေကို လာနှုတ်ဆက်ကြဦး..."

"လာပြီ အမေ..."

အစ်မကျား၏ စကားဆုံးသည်နှင့် ကြည်လင်ပြတ်သားသော အသံများက တုံ့ပြန်လာလေသည်။

ချက်ချင်းပင် အနီ၊ အဝါနှင့် အစိမ်းရောင် ဝတ်စုံများကို ဝတ်ဆင်ထားသော အမျိုးသမီးငယ် သုံးဦးသည် အတွင်းခန်းထဲမှ ထွက်လာကြသည်။ တစ်ဦးစီတိုင်းသည် ကျက်သရေရှိပြီး နူးညံ့သိမ်မွေ့သော အသွင်အပြင်ရှိကာ အလွန်တရာ လှပကျော့ရှင်းနေကြလေသည်။

“ဒီအပြောအဆိုတွေက ဘာလို့ ပြည့်တန်ဆာအိမ်ကို ရောက်သွားတဲ့ ရင်းနှီးနေတဲ့ ခံစားချက်မျိုး ပေးနေရတာလဲ…”

အစ်မကျားနှင့် သမီးများကြား အပြန်အလှန် ခေါ်ဆိုသံများကို ကြားရသောအခါ ကျန်းလျို၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားပြီး စိတ်ထဲမှ လှောင်ပြောင်လိုက်လေသည်။

"ဂုဏ်သရေရှိ ဧည့်သည်တော်များ နေထိုင်ကောင်းပါရဲ့လားရှင်..."

လှပသော အမျိုးသမီးသုံးဦးသည် အနည်းငယ်မျှ ရှက်ရွံ့ခြင်းမရှိဘဲ ကျန်းလျိုနှင့် အခြားသူများကို ဦးညွှတ်ကာ ပြောလိုက်ကြလေသည်။

"ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်... အားလုံး ကောင်းတယ်ဗျာ..."

ရှေ့ရှိ ဆွဲဆောင်မှုရှိလှသော အလှမယ်သုံးဦးကို ကြည့်ရင်း ကျူးပါကျဲ၏ မျက်လုံးများ အရောင်လက်သွားကာ သွားရည်ကျမတတ် ခေါင်းကို တဆတ်ဆတ်ညိတ်ရင်း ပြောလိုက်လေသည်။

"ရဟန်းပျိုလေး... ကျွန်မ မိတ်ဆက်ပေးပါရစေ... ကျွန်မရဲ့ သမီးအကြီးဆုံးက ကျန်းကျန်းတဲ့… အသက်က ၂၀ ပါ... ဒုတိယသမီးက လျန်လျန်တဲ့… အသက် ၁၈ နှစ်... အငယ်ဆုံးသမီးကတော့ အိုက်အိုက်တဲ့… အသက် ၁၆ နှစ်ပေါ့... ရှင်လည်း သူတို့ရဲ့ ရုပ်ရည်ကို မြင်ပြီးပြီဆိုတော့... ဟင်း ဟင်း... အားလုံးက ထူးကဲတဲ့ အလှလေးတွေချည်းပဲလေ... ရှင်မျက်စိကျတဲ့သူများ ရှိမလားလို့ပါ..."

သမီးသုံးဦးကို ကျန်းလျိုအား မိတ်ဆက်ပေးပြီးနောက် အစ်မကျားက မေးလိုက်လေသည်။

"အောမိတော်ဖော... ဒီရဟန်းက သာသနာ့ဘောင်ဝင်ထားသူမို့ ဒီလိုအတွေးမျိုးတွေ လုံးဝ မတွေးသင့်ပါဘူး..."

အစ်မကျား၏ စကားကို ကြားသောအခါ ကျန်းလျိုသည် ပြတ်သားသော မျက်နှာထားဖြင့် ခေါင်းခါပြလိုက်လေသည်။

ပထမ၌ မိန်းမလှလေးများကို ကြည့်ကာ ကျန်းလျိုထံတွင် နောက်ပြောင်ချင်စိတ်လေး ဖြစ်ပေါ်လာခဲ့သေးသည်။ သို့ရာတွင် ဤဆွဲဆောင်မှုရှိလှသော အလှမယ်များသည် အမျိုးသမီးများအဖြစ် အသွင်ယူထားသည့် အမျိုးသားခန္ဓာကိုယ်ပိုင်ရှင် ဗောဓိသတ်များဖြစ်သော မဉ္ဇူဿရီနှင့် သမန္တဘဒြတို့မှလွဲ၍ အခြားသူများမဟုတ်ကြောင်း သိထားသောကြောင့် သူ နောက်ပြောင်ချင်စိတ် ရှိလျှင်တောင်မှ မသတီတော့...။

‘ဂေးကောင်တွေ...’

သူ၏ အတိတ်ဘဝတွင် ‘ဂေး’ ဟုခေါ်သော နာမည်ကြီး ဝေါဟာရတစ်ခု ရှိခဲ့ပြီး ကျန်းလျို၏ အမြင်တွင် ဤဗောဓိသတ်များသည် ထိုစကားလုံး၏ အစစ်မှန်ဆုံး ပြယုဂ်များပင် ဖြစ်လေသည်။

ကွမ်ယင်သည်လည်း အမြဲတစေ အမျိုးသမီးတစ်ဦးအသွင်ဖြင့် ပေါ်လာတတ်သော်လည်း သူမတွင် အမျိုးမျိုးသော တရားဓမ္မရုပ်သွင်များ ရှိကြောင်းကို ကျန်းလျို မေ့မထားခဲ့ပေ။ နတ်ဘုရားများခန့်အပ်ခြင်း ဒဏ္ဍာရီလာ အဓိပ္ပါယ်ဖွင့်ဆိုချက်များအရ ကွမ်ယင်၏ အစစ်မှန်ဆုံး ပုံသဏ္ဌာန်မှာ တကယ်တော့ အမျိုးသားတစ်ဦးဖြစ်သည့် တာအိုဆရာ စစ်ဟန် ပင် ဖြစ်လေသည်။

မဉ္ဇူဿရီနှင့် သမန္တဘဒြဆိုသည့် အမျိုးသားခန္ဓာကိုယ်နှင့် ဗောဓိသတ်နှစ်ပါး၊ အမျိုးသားစိတ်နှလုံးရှိပြီး အငြင်းပွားဖွယ် အမျိုးသမီးရုပ်သွင်နှင့် ကွမ်ယင်တစ်ပါး... နောက်ဆုံးတစ်ယောက်ကတော့ အဘွားအို လီရှန်းမယ်တော်...

သူ၏ စိတ်ဓာတ်ခိုင်မာမှုကို စမ်းသပ်နေကြသော ဤမြင့်မြတ်သည့် သူတော်စင်လေးပါး၏ အစစ်မှန်ဆုံး ရည်ရွယ်ချက်ကို သိထားသည့် ကျန်းလျိုသည် သူတို့ကို အနည်းငယ်မျှ နှိပ်စက်ချင်စိတ် ရှိနေသော်လည်း ထိုသို့လုပ်ရန် သူ တကယ်ကို မစွမ်းသာခဲ့ပေ။

"ရဟန်းပျိုလေး... ရှင်က ဘယ်လိုလုပ် ဒီလောက်တောင် နားမလည်နိုင်ရတာလဲ... အနောက်ဘုံကို သွားတဲ့ခရီးက တောင်တန်းတွေ၊ မြစ်တွေ ထောင်ပေါင်းများစွာကို ဖြတ်ကျော်ရပြီး လေဒဏ်၊ မိုးဒဏ်၊ အစားအသောက် ဆင်းရဲမှုနဲ့ အပြင်မှာ အိပ်ရတဲ့ ဒုက္ခတွေကို ခံစားရမှာလေ... ဒီမှာ နေရတာနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရမှာလဲ... ရှင်သာ နေဖို့ သဘောတူမယ်ဆိုရင် ဒီကျယ်ဝန်းတဲ့ စံအိမ်ကြီး သောင်းနဲ့ချီတဲ့ ပိုင်ဆိုင်မှု ဓနဥစ္စာတွေ၊ ဧကထောင်ချီတဲ့ မြေဆီသြဇာကောင်းတဲ့ လယ်ယာမြေတွေ အားလုံးက ရှင့်အတွက် ဖြစ်လာမှာ... ကျွန်မရဲ့ သမီးသုံးယောက်ဆိုရင်လည်း… တစ်ယောက်ထက်တစ်ယောက် ပိုချစ်စရာကောင်းပြီး ပိုလှနေကြတယ် မဟုတ်လား..."

ကျန်းလျို၏ ငြင်းဆန်မှုကို ကြားသောအခါ အစ်မကျား၏ မျက်နှာထား တင်းမာသွားပြီး မကျေနပ်သော လေသံဖြင့် ကျန်းလျိုအား ပြောလိုက်လေသည်။

"အောမိတော်ဖော..."

အစ်မကျား၏ စကားများကို တုံ့ပြန်သည့်အနေဖြင့် ကျန်းလျိုသည် ဗုဒ္ဓ၏အမည်နာမကို တိတ်ဆိတ်စွာ ရွတ်ဆိုလိုက်ပြီး အဖြေမပေးဘဲ လက်ရှိအခြေအနေကို မည်သို့ ဖြေရှင်းရမည်နည်းဟု သူ၏စိတ်ထဲတွင် စဉ်းစားခန်း ဝင်နေလေသည်။

"ဟွန့်... ဘယ်လို ဘုန်းကြီးလဲ... အကောင်းပြောနေတာကို လက်မခံဘဲ အကြမ်းကိုင်မှ ရမယ့်ပုံပဲ..."

လိုက်လျောရန် လုံးဝဆန္ဒမရှိသည့် ကျန်းလျို၏ ရပ်တည်ချက်ကို မြင်သောအခါ အစ်မကျားသည် စားပွဲကို ရိုက်ချလိုက်ပြီး မကျေမနပ်သော မျက်နှာထားဖြင့် မတ်တပ်ရပ်ကာ အခန်းထဲမှ ထွက်သွားလေသည်။

သူမ၏ သမီးသုံးဦးသည်လည်း သူမနောက်မှ တိတ်ဆိတ်စွာ ထွက်ခွာသွားကြပြီး အခန်းထဲတွင် ကျန်းလျိုနှင့် သူ၏ တပည့်သုံးဦးသာ ကျန်ရစ်ခဲ့လေတော့သည်။

***

အပိုင်း(၂၃၆)

"ဆရာက တကယ့်ကို ဆရာပါပဲ... ဆရာ့ရဲ့ အဆင့်အတန်းက ကျွန်တော်တို့ ယှဉ်နိုင်တဲ့ အရာ မဟုတ်တော့ပါဘူးဗျာ..."

ဘေးနားတွင် လှပသော အမျိုးသမီးများ ရှိနေပြီး ဧကထောင်ချီသော မြေဆီသြဇာကောင်းသည့် လယ်ယာမြေများကိုပါ အပိုဆုအဖြစ် ရရှိမည်ဖြစ်သော်လည်း၊ ဆရာဖြစ်သူက တစ်စက္ကန့်မျှပင် မစဉ်းစားဘဲ ငြင်းဆန်လိုက်ခြင်းကြောင့် ကျူးပါကျဲမှာ သူ့အား အားကျလေးစားနေသည့်တိုင် နှမြောတသဖြစ်စွာဖြင့် ကျန်ရစ်ခဲ့လေသည်။

သူ တမ်းတနေသော်လည်း မရနိုင်သောအရာများကို အခြားသူများက တန်ဖိုးမရှိသကဲ့သို့ စွန့်ပစ်လိုက်ကြသည်။ အကယ်၍ သူတို့သာ သူ့ကို လက်ခံမည်ဆိုလျှင် ထိုအရာက ရိုးရှင်းစွာပင်...

"ဆရာ... ခုနက အစ်မကြီး ပေးတဲ့ အခြေအနေတွေက အရမ်းကောင်းတယ်လို့ ကျွန်တော် ထင်တယ်..."

တွေးတောပြီးနောက် ကျူးပါကျဲက ရှေ့သို့ထွက်ကာ ကျန်းလျိုကို အကြံပေးလိုက်လေသည်။

"အစ်ကိုကြီး ပါကျဲ... ကျွန်တော်တို့က ကျမ်းစာပင့်ဆောင်ဖို့ အနောက်ဘုံကို သွားနေကြတာလေ... ဒါက ကြီးမားတဲ့ ကုသိုလ်ရေးပဲ... ဘယ်လိုလုပ် ဒီမှာနေပြီး အိမ်ထောင်ပြုလို့ ရမှာလဲ..."

ကျူးပါကျဲ စကားပြောဆိုပြီးသည်နှင့် ကျန်းလျိုကပင် ပါးစပ် မဟရသေးခင် ရှားဝူကျင်းက အရင် ဝင်ရောက် ပြောဆိုလိုက်သည်။

ရှားဝူကျင်း၏ စိတ်အားထက်သန်သော စကားများကြောင့် ကျန်းလျိုက သူ့အား လျှို့ဝှက်သောအဓိပ္ပာယ်ဖြင့် တစ်ချက် ကြည့်လိုက်လေသည်။ ရှားဝူကျင်းသည် ကျမ်းစာပင့်ဆောင်မည့် ခရီးစဉ်အတွက် ကိုယ်ပိုင် ရည်ရွယ်ချက်နှင့် ပါဝင်လာခဲ့ခြင်းဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ မိမိနှင့် မတူညီပေ။

သို့ရာတွင် ကျန်းလျိုသည် ရှားဝူကျင်း၏ စကားများကို ဂရုစိုက်ခြင်း မရှိချေ။ သူ၏ မျက်လုံးများက ကျူးပါကျဲ အပေါ်သို့ ကျရောက်သွားကာ အနည်းငယ် အရောင်လက်သွားလေသည်။

ထိုမိန်းမယောင်ဆောင်ထားသော အမျိုးသားများကို သူ သိရှိထားသော်လည်း ကျူးပါကျဲကမူ မသိရှိပေ။ ကျန်းလျိုအတွက် ရွံရှာဖွယ်ကောင်းနေသော်လည်း ကျူးပါကျဲကမူ လိုလိုလားလားပင် ရှိနေလေသည်။

အကယ်၍ သူ ထိုဗောဓိသတ်များကို အထူးသဖြင့် ကွမ်ယင်ကို အသေအချာ စက်ဆုပ်ရွံရှာသွားစေနိုင်မည်ဆိုလျှင် ကောင်းသောအရာတစ်ခု ဖြစ်လာမည် မဟုတ်ပါလော။

‘ခဏနေဦး... မူရင်းကျမ်းစာမှာ ကွမ်ယင်က ဘယ်သူ့အဖြစ် အသွင်ပြောင်းထားတာလဲ...’

သူ သေချာ မမှတ်မိတော့ပေ။

‘ကျန်းကျန်းလား... လျန်လျန်လား... ဒါမှမဟုတ် အိုက်အိုက်လား...’

"ဆရာ... ဆရာက အစ်ကိုကြီး ပါကျဲရဲ့ နေခဲ့ဖို့ အကြံပြုချက်ကို တကယ်ကြီး စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်..."

ကျန်းလျိုက အကြံထုတ်ရင်း အတွေးနယ်လွန်နေသည်ကို မြင်လိုက်ရသော ရှားဝူကျင်းမှာ ရုတ်တရက် ထိတ်လန့်သွားပြီး အလျင်အမြန် မေးလိုက်လေသည်။

သို့သော်... ကျန်းလျိုက ရှားဝူကျင်း၏ စကားများကို တုံ့ပြန်ခြင်းမပြုဘဲ ကျူးပါကျဲကို ကြည့်ကာ ချောင်းနှစ်ချက်ဟန့်လိုက်ပြီး မေးလိုက်လေသည်။

"ပါကျဲ... မင်း စိတ်ပါနေတာလား... မင်း တကယ်ကြီး စိတ်ပါနေတယ်ဆိုရင် ဘာလို့ မနေခဲ့တာလဲ... မင်းရဲ့ ဆရာတစ်ယောက်အနေနဲ့ ငါက မင်းကို ပညာတစ်ကွက် နှစ်ကွက်လောက် သင်ပေးနိုင်မယ် ထင်တယ်..."

"အိုး... တကယ်လား..."

ရှက်ရွံ့မှုကြောင့် မူလက မှေးမှိန်နေသော ကျူးပါကျဲ၏ မျက်လုံးများသည် ကျန်းလျို၏ စကားကြောင့် အရောင်လင်းလက်သွားလေသည်။

ပါကျဲက အနောက်အရပ်ခရီးစဉ်မှာ ဘာကြောင့် ပါဝင်လာခဲ့သနည်း။ သူ၏ ရည်ရွယ်ချက်မှာ အမျိုးသမီးများကို မြူဆွယ်ရာတွင် ကျန်းလျိုထံမှ ပညာတစ်ကွက် နှစ်ကွက်လောက် သင်ယူရန် မဟုတ်ပါလော။

ခရီးစဉ်မှရရှိမည့် ကုသိုလ်များနှင့် နတ်ဘုရားများခန့်အပ်ခြင်းမှ ရရှိမည့် ဘွဲ့ထူးဂုဏ်ထူးများလား... သူက အနည်းငယ်မျှပင် ဂရုမစိုက်ပေ။

ဒင်... "ခေါင်းဆောင်ကြီးများကို နောက်ပြောင်ခြင်း" မစ်ရှင် ပွင့်သွားပါပြီ။

မစ်ရှင် လိုအပ်ချက်... မိန်းမယောင်ဆောင်ထားသော ဗောဓိသတ်များကို အောင်မြင်စွာ နောက်ပြောင်ပြီး သူတို့ကို စက်ဆုပ်ရွံရှာသွားစေရန်။

ဆုလာဘ်... အတွေ့အကြုံမှတ် ၃၅၀,၀၀၀။

ဆုလာဘ်... ရာဇဝင် အရည်အသွေး ရတနာသေတ္တာ တစ်လုံး။

အဆင့် ၁၀ သို့ရောက်သောအခါ သိုလှောင် နေရာလွတ် လုပ်ဆောင်ချက် ပွင့်လာပြီး၊ အဆင့် ၂၀ သို့ ရောက်သောအခါ မစ်ရှင်စနစ် ပွင့်လာခဲ့သည်။ ဤမျှကြာမြင့်ပြီးနောက်တွင်မူ ကျန်းလျိုသည် မစ်ရှင်စနစ်ကို အပြည့်အဝနီးပါး နားလည်သဘောပေါက်နေပြီ ဖြစ်သည်။

သူ တစ်စုံတစ်ခု လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သောအခါ မစ်ရှင်တစ်ခုကို အသက်ဝင်စေရန် အလွန်ဖြစ်နိုင်ခြေများပြီး ၎င်းမှာ ကျရှုံးမှုအတွက် ပြစ်ဒဏ်မရှိပေ။

သို့သော်လည်း တစ်စုံတစ်ယောက်က သူ့ကို အကူအညီတောင်းပါက ၎င်းသည် အလိုအလျောက်မစ်ရှင်တစ်ခုကို အသက်ဝင်စေမည်ဖြစ်သည်။ ၎င်းတွင် ကျရှုံးမှုပြစ်ဒဏ်ရှိသော်လည်း ယေဘုယျအားဖြင့် ဆုလာဘ်များသည် ရိုးရိုးမစ်ရှင်များထက် ပိုမိုမြင့်မားတတ်လေသည်။

အလိုအလျောက်မစ်ရှင်များကို လက်ခံမည် သို့မဟုတ် ငြင်းပယ်မည် ဆိုသည်ကို သူ ရွေးချယ်နိုင်ပေသည်။

သို့ရာတွင် ရိုးရိုးမစ်ရှင်ဖြစ်စေ အလိုအလျောက်မစ်ရှင်ဖြစ်စေ ဘုံစည်းမျဉ်းတစ်ခု ရှိသည်။ မစ်ရှင်ခက်ခဲလေ ဆုလာဘ်က ပို၍ ရက်ရောလေပင် ဖြစ်သည်။

ဤမစ်ရှင်သည် အတွေ့အကြုံမှတ် ၃၅၀,၀၀၀ နှင့် ရာဇဝင် အရည်အသွေး ရတနာသေတ္တာ တစ်လုံးကို အမှန်တကယ် ဆုလာဘ်အဖြစ် ပေးဆောင်ထားလေသည်။ ယင်းက မစ်ရှင်၏ ခက်ခဲမှုကို ပြသနေပေသည်။

ကျန်းလျိုသည် ရာဇဝင်လာ အရည်အသွေး ရတနာသေတ္တာ တစ်လုံးကို တိုက်ရိုက်ပေးဆောင်သည့် မစ်ရှင်မျိုးနှင့် ကြုံတွေ့ရခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

သို့ရာတွင် သေချာစွာ စဉ်းစားကြည့်သောအခါ ဗောဓိသတ်သုံးပါးနှင့် လီရှန်းမယ်တော်တို့သည် နှစ်ပေါင်းမည်မျှကြာအောင် နေထိုင်ခဲ့ကြမှန်း မသိသော အတွေ့အကြုံရင့်ကျက်နေသူများဖြစ်သည်။ ထို့ပြင် တည်ငြိမ်ပြီး အလွယ်တကူ ဒေါသမထွက်တတ်သော ဉာဏ်ပညာရှိပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။ သူတို့ကို အနှောင့်အယှက်ပေးရန်မှာ လွယ်ကူသော ကိစ္စတစ်ရပ်တော့ မဟုတ်ပေ။

ဤမစ်ရှင်၏ ခက်ခဲမှုသည် ယုတ္တိတန်သည် မဟုတ်ပါလော။

မည်သို့ပင်ဖြစ်စေ သက်ကြီးရွယ်အိုတစ်ဦးက အမျိုးသမီးတစ်ဦးအသွင်သို့ ပြောင်းလဲကာ ယောကျာ်းများကို ဆွဲဆောင်ညှို့ငင်နိုင်စွမ်းရှိခြင်းမှာ သာမန်ယောကျာ်းများ မစွမ်းဆောင်နိုင်သည့် အရာတစ်ခု ဖြစ်သည် မဟုတ်ပါလော။

"ဆရာ... ဆရာ... ဆရာက ကျွန်တော် ဝက်ကြီး ပညာတစ်ကွက် နှစ်ကွက်လောက် သင်ပေးမယ်ဆို... လာပါ... ပြောပြပါ..."

ကျူးပါကျဲမှာ ကျန်းလျို စဉ်းစားနေသည်ကို ကြည့်ရင်း စိတ်မရှည်နိုင်တော့ချေ။ သူက စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များ အပြည့်ပါသော မျက်နှာဖြင့် ပြောလိုက်လေသည်။

ကျူးပါကျဲ၏ ပျင်းရိသော သဘာဝအရ အစားအသောက်နှင့် မိန်းမကိစ္စများ ကြုံလာမှသာ ဤမျှ စိတ်မရှည်ဖြစ်တတ်လေသည်။

"အေးပါ... ဘာလုပ်ရမလဲဆိုတာ သေချာစဉ်းစားနေလို့ပါ..."

ကျူးပါကျဲ၏ စကားကို ကြားပြီးနောက် ကျန်းလျိုက ရှင်းပြလိုက်သည်။

စကားပြောဆိုနေစဉ်အတွင်း သူက ကျူးပါကျဲကို အနားသို့ ခေါ်လိုက်ပြီး သူ၏ နားထဲသို့ စကားလုံးများစွာကို တီးတိုးပြောပြလေသည်။

ဤဆွေးနွေးမှုကြောင့် ကျူးပါကျဲသည် သူ၏ခေါင်းကို အားပါးတရ ညိတ်လိုက်ပြီး မျက်လုံးများ အရောင်လင်းလက်သွားကာ အလွန်အမင်း ဝမ်းသာကျေနပ်နေပုံ ပေါ်လေသည်။ ဆွေးနွေးမှုမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့သည်။

"ကဲ... အားလုံး မှတ်မိပြီလား..."

ကျန်းလျိုသည် ပါးစပ်များ ခြောက်သွေ့ကာ ရေဆာနေသဖြင့် လက်ဖက်ရည်ကို အနည်းငယ် သောက်လိုက်ပြီးနောက် မေးလိုက်သည်။

"စိတ်မပူပါနဲ့ ဆရာ... အားလုံး မှတ်မိပါပြီ..."

ကျူးပါကျဲက ခေါင်းကို အားပါးတရ ညိတ်ရင်း ပြန်ဖြေလိုက်သည်။

"ဆရာ... ကျွန်တော် ဝက်ကြီး သွားတော့မယ်... ဟားဟားဟား..."

သူ့ဆရာ၏ စစ်မှန်သော သင်ကြားမှုများ၏ တစ်စိတ်တစ်ပိုင်းကို ဆုပ်ကိုင်နိုင်ပြီဟု ခံစားလိုက်ရသဖြင့် ကျူးပါကျဲသည် စမ်းသပ်ကြည့်ရန် ထပ်၍ပင် မစောင့်နိုင်တော့ပေ။ သူသည် တဟားဟားနှင့် ရယ်မောကာ ခန်းမထဲမှ ပြေးထွက်သွားလေသည်။

ကျူးပါကျဲ ရယ်မောကာ ပြေးထွက်သွားသည်ကို ကြည့်ရင်း စွန်းဝူခုန်းနှင့် ရှားဝူကျင်းတို့သည် ခန်းမထဲတွင် နားမလည်နိုင်အောင် ဖြစ်နေကြလေသည်။

"ဆရာ... သူနဲ့ ဘာတွေ ပြောနေခဲ့တာလဲ..."

စွန်းဝူခုန်းက ခေါင်းကို ကုတ်ရင်း မေးလိုက်၏။ သူ၏ မျက်နှာပေါ်ရှိ နားမလည်နိုင်သော အမူအရာက အနည်းငယ် ရယ်စရာ ကောင်းလှသည်။

"ငါက သူ့ကို စကားလုံး အနည်းဆုံး တစ်ရာလောက် ပြောလိုက်တာ..."

ကျန်းလျိုမျာလည်း အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေကာ ကျူးပါကျဲ၏ ထွက်ခွာသွားသော ကျောပြင်ကို ငေးကြည့်နေလေတော့သည်။

"သာမန်အချိန်တွေဆိုရင် ဒီသစ်တုံးခေါင်းကို တစ်ခုခုပြောလိုက်ရင် စကားနှစ်ခွန်းထက်ကျော်တာနဲ့ မေ့သွားတတ်တာပဲ... ဒီနေ့ကျမှ စကားလုံးတစ်ရာလောက် ပြောတာကို အကုန်မှတ်မိတယ်လို့ သူက ဆိုနေတယ်ပေါ့... ဒါက ဖြစ်နိုင်ပါ့မလား..."

စွန်းဝူခုန်း၏ မျက်နှာပေါ်တွင် သံသယဖြစ်နေသော အမူအရာတစ်ခု ရှိနေ၏။ သူက အရာအားလုံးကို မှတ်မိသည်ဆိုသော ကျူးပါကျဲ၏ စကားအပေါ် အထင်အရှားပင် သံသယဝင်နေလေသည်။

“ငါလည်း အဲ့တာကိုပဲ တွေးနေတာ...”

ကျန်းလျိုကလည်း ပြောလိုက်၏။

ရှားဝူကျင်းသည် ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး တစ်ခွန်းမျှ မဟသော်လည်း စိတ်ထဲတွင်မူ အနည်းငယ် လက်မြှောက်အရှုံးပေးချင်သလို ခံစားနေရလေသည်။ ဤသည်မှာ မည်သို့သော လုပ်ရပ်များနည်း။ သူ၏ ဒုတိ အစ်ကိုသည် အနောက်အရပ်ခရီးစဉ်အတွက် အမှန်တကယ် သင့်တော်ပါမည်လော။

***

All Chapters