ပဲ့တင်ထပ်သံ လှိုဏ်ဂူ
Vol. 66 Ch. 926
"ဟုတ်တယ်၊ ပဲ့တင်ထပ်သံ လှိုဏ်ဂူပဲ"
လီကျင်းဇယ် ခေါင်းညိတ်လိုက်ပြီးနောက်…
"ဒါက ရှေးဟောင်းမျိုးနွယ်စုတစ်ခုက ကျင့်ကြံဖို့အတွက် ဖန်တီးခဲ့တာလို့ ယူဆရတဲ့ အလွန်ကို လျှို့ဝှက်ဆန်းကြယ်လှတဲ့ နယ်မြေတစ်ခုပဲ… အဓိကအားဖြင့် ဒီလှိုဏ်ဂူက လူတစ်ဦးရဲ့ ပဲ့တင်ထပ်သံ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်ဖို့အတွက် သီးသန့်တည်ရှိနေတာ… ဒါက အလွန်ရှားပါးတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပြီး ဒီအရာကို စတင်တွေ့ရှိခဲ့ချိန်ကတည်းက မူလကောင်းကင် နတ်ဘုရားကုန်းမြေကြီးမှာရှိတဲ့ အင်အားစုအသီးသီးကြားမှာ သွေးချောင်းစီးပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ဖူးတယ်…ကောင်းကင်ဧကရာဇ်မျိုးနွယ်စုကြီးတွေအပါအဝင် အားလုံးက ဒီလှိုဏ်ဂူကြီးကို မျက်စိကျနေခဲ့ကြတာ"
"အဲဒီတုန်းကဆိုရင် ငါ့လို ဘုရင်အဆင့်ကျွမ်းကျင်သ တစ်ယောက်တောင်မှ ဒီတိုက်ပွဲအတွင်းမှာ ပါဝင်ခဲ့ဖူးတယ်… ဒါပေမဲ့ ဒါက ဘယ်တော့မှ အဆုံးမသတ်နိုင်တဲ့ တိုက်ပွဲတစ်ခု ဖြစ်ခဲ့တယ်…ဘယ်သူမှ ဒီလောက်ရှားပါးပြီး အဖိုးတန်လှတဲ့ အခွင့်အရေးကို လက်လွှတ်မခံချင်ကြဘူးလေ… နောက်ဆုံးတော့ ဒီလှိုဏ်ဂူကြီး ပျက်စီးတော့မယ့် အရိပ်အယောင်တွေ ပြလာမှသာ တိုက်ပွဲတွေ ငြိမ်သက်သွားခဲ့တာ… ဒါကြောင့် အင်အားကြီးမားတဲ့ အဖွဲ့အစည်းတွေက ဒါကို အတူတကွ ပိတ်ဆို့ထားပြီး အားလုံးအတွက် မျှဝေဖွင့်လှစ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာပေါ့… ဒါ့ကြောင့် ဘယ်သူမှ ဒီလှိုဏ်ဂူကြီးကို တစ်ဦးတည်း ပိုင်ဆိုင်ခွင့် မရရှိခဲ့ကြတော့ဘူး"
လီလော့ ထိုစကားများကို နားထောင်ရင်း စိတ်ထဲမှ အံ့ဩစွာဖြင့် လျှာသပ်လိုက်မိသည်။
မြို့စားအဆင့်ကျွမ်းကျင်သူများပင် အသက်ပေးတိုက်ခိုက်ခဲ့ရသည့် နေရာတစ်ခု ဖြစ်သောကြောင့် ဤလှိုဏ်ဂူ မည်မျှအထိ အဖိုးတန်လှမည်ကို သူ ကောင်းစွာ ခန့်မှန်းနိုင်ပါသည်။
"ပဲ့တင်ထပ်သံ လှိုဏ်ဂူရဲ့ ပတ်ဝန်းကျင်မှာ သဘာဝအတိုင်း ပေါ်ထွက်လာတဲ့ တံဆိပ်ပြားလေးတွေ ရှိတယ်… ဒါတွေက ဒီလှိုဏ်ဂူအတွင်းကို ဝင်ရောက်နိုင်မည့် သော့ချက်တွေပဲ… ထုံးစံအတိုင်း တံဆိပ်ပြားအများစုကို လှိုဏ်ဂူကို စောင့်ရှောက်ထားတဲ့ အင်အားစုတွေရဲ့ ကျွမ်းကျင်သူတွေက အရင်ဆုံး ကြားဖြတ်ယူထားကြတယ်…ဒါပေမယ့် စည်းကမ်းချက်အရ အားလုံးကိုတော့ သူတို့ သိမ်းပိုက်ခွင့် မရှိဘူး… တချို့သော ပြင်ပက လွတ်လပ်တဲ့ ကျင့်ကြံသူတွေပါ ရရှိနိုင်အောင်လို့ အချို့အဝက်ကို ချန်ထားပေးရတယ်.. ဒီလိုလုပ်ခြင်းအားဖြင့် ဒီအခွင့်အရေးကို တစ်ဦးတည်း သိမ်းပိုက်ထားတယ်ဆိုတဲ့ လူထုရဲ့ ဒေါသကို ရှောင်ရှားနိုင်မှာ…"
"ဒီတံဆိပ်ပြားတွေမှာလည်း အဆင့်အတန်း ကွဲပြားမှုတွေ ရှိတယ်"
ဤစကားကို ဆိုလိုက်ချိန်တွင် လီကျင်းဇယ် လက်ဝှေ့ယမ်းလိုက်ရာ ကြေးနီရောင်၊ ငွေရောင်နှင့် ရွှေရောင် တံဆိပ်ပြား သုံးခု ပေါ်ထွက်လာခဲ့သည်။ ရွှေရောင်တံဆိပ်ပြားမှာ အခြားအရာများထက် ပိုမိုတောက်ပနေပြီး ၎င်းပေါ်တွင် ရေးထိုးထားသည့် စာသားများမှာလည်း အလွန်ပင် ရှုပ်ထွေးနက်နဲလှသည်။
"ငါတို့ ဒါကို ပဲ့တင်ထပ်သံ တံဆိပ်ပြားလို့ ခေါ်တယ်…အဆင့်သုံးဆင့် ရှိပြီး ရွှေရောင်တံဆိပ်ပြားကတော့ အမြင့်ဆုံးပဲ…နားလည်ရလွယ်အောင်ပြောရရင် အဆင့်မြင့်မားတဲ့ တံဆိပ်ပြားကို ပိုင်ဆိုင်ထားလေ ပဲ့တင်ထပ်သံ လှိုဏ်ဂူအတွင်းမှာ ပိုပြီး အကျိုးကျေးဇူးများများရလေပဲ… အမှန်တကယ်တော့ လှိုဏ်ဂူအတွင်းက အထူးသီးသန့်နေရာအချို့ကို ရွှေရောင်တံဆိပ်ပြားရှိမှသာ ဝင်ရောက်နိုင်ခွင့် ရှိတယ်…. နဂါးခေါင်းဆောင်တိုက်ပွဲမှာ အထူးချွန်ဆုံး စွမ်းဆောင်နိုင်သူကို ငါတို့က ရွှေရောင်တံဆိပ်ပြား တစ်ခု ချီးမြှင့်လေ့ရှိပြီး ဒါက ပဲ့တင်ထပ်သံ လှိုဏ်ဂူအတွင်းမှာ အကောင်းဆုံးအခွင့်အရေးတွေကို ရှာဖွေနိုင်ဖို့ အထောက်အကူ ဖြစ်စေမှာပါ"
လီလော့ ထိုစကားများကို နားထောင်ရင်း ခေါင်းညိတ်လိုက်သည်။ ဒါက ထူးချွန်သော ပါရမီရှင်တစ်ဦးဖြစ်ရခြင်း၏ အကျိုးကျေးဇူးများထဲမှ တစ်ခုပင် ဖြစ်သည်။
"ဒါပေမယ့် ရွှေရောင်တံဆိပ်ပြားဆိုတာ နဂါးခေါင်းဆောင်တိုက်ပွဲမှာ ထူးချွန်တဲ့သူတွေအတွက်ပဲ ရှိတာမဟုတ်ဘူး…. နောက်ထပ် အထူးအုပ်စုတစ်ခုကလည်း ဒီအခွင့်အရေးကို ရလိမ့်မယ်"
"နောက်ထပ် ဘယ်အုပ်စုလဲ"
"ပဲ့တင်ထပ်သံ လှိုဏ်ဂူကို အဓိကအားဖြင့် အတွင်းပိုင်းနှင့် အပြင်ပိုင်းဆိုပြီး အပိုင်းနှစ်ပိုင်း ခွဲခြားထားတယ်… မင်းတို့ ဝင်ရောက်ခွင့်ရမယ့်နေရာက အပြင်ပိုင်းဖြစ်ပြီး ကောင်းကင်ပဲ့တင်ထပ်သံအဆင့် အောက်တွေပဲ ဝင်ရောက်ခွင့် ရှိတယ်"
"တစ်နည်းအားဖြင့် ပြောရလျှင် ဒီနေရာမှာ တကယ့်ကို အားပြိုင်နိုင်မယ့်သူတွေက ကောင်းကင်ပုလဲအဆင့်တွေပဲဖြစ်လိမ့်မယ်"
ကောင်းကင်ပုလဲအဆင့်ရှိသူများသာ ဒီလှိုဏ်ဂူအတွင်းမှာ အခွင့်အရေး ရှိနိုင်မည် ဖြစ်သည်။ သို့သော်လည်း သူတို့မျိုးဆက်အတွင်းတွင် ထိုအဆင့်သို့ ရောက်ရှိနေသူမှာ လီချင်းဖုန်းနှင့် လုချင်းမိန်တို့နှစ်ဦးသာ ရှိသေးသည်။ ၎င်းတို့ပင်လျှင် ကောင်းကင်ပုလဲ နှစ်လုံးအဆင့်မှာပဲ ရှိနေကြသေးသည်။
၎င်းမှာ ကောင်းကင်ပုလဲအဆင့်၏ အစောပိုင်းအဆင့်မျှသာ ဖြစ်သည်။
နောင်အခါတွင် ပဲ့တင်ထပ်သံ လှိုဏ်ဂူအတွင်းသို့ သူတို့ ဝင်ရောက်လိုက်ချိန်တွင် ကောင်းကင်ပုလဲ ခုနစ်လုံး သို့မဟုတ် ၎င်းထက်ပိုသော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရတော့မည် မဟုတ်ပါလား။
နဂါးစွယ်ကလန်အတွင်း၌ ဤကဲ့သို့သော အခြေအနေကို ပြည့်မီနိုင်သူများမှာ…
"ကောင်းကင်နဂါးအစောင့်ရှောက် စစ်တပ်ကြီး ငါးခုလား"
ဟု လီလော့က မေးမြန်းလိုက်သည်။
လီကျင်းဇယ်က ခေါင်းညိတ်လိုက်ပြီး ….
"မင်းပြောတာ မှန်တယ်… ကောင်းကင်နဂါးအစောင့်ရှောက် စစ်တပ်ကြီး ငါးခုကနေပြီးတော့လည်း ကောင်းကင်ပုလဲအဆင့်ရှိတဲ့ ပါရမီရှင်တွေကို ပဲ့တင်ထပ်သံ လှိုဏ်ဂူအတွင်းကိုပို့ပေးမှာ….
အခြားသော အဓိက အင်အားစုတွေကလည်း ဒီရှားပါးလှတဲ့ အခွင့်အရေးကို ရယူနိုင်ဖို့အတွက် သူတို့ရဲ့ အသန်မာဆုံးသော ကောင်းကင်ပုလဲအဆင့် ကျွမ်းကျင်သူတွေကို ပေးပို့ကြမှာပဲ"
ဟု ဆိုလိုက်သည်။
၎င်းကို ကြားရသောအခါ လီလော့၏ ရင်ထဲတွင် မျှော်လင့်ချက် ကင်းမဲ့သွားသကဲ့သို့ ခံစားလိုက်ရပြီး…
"ကျွန်တော်တို့မျိုးဆက်က ဒီပြိုင်ပွဲရဲ့ အဓိကဇာတ်ကောင်လို့ ထင်ထားခဲ့တာ၊ အခုတော့ ကျွန်တော်တို့က နောက်ခံဇာတ်ကောင်တွေလောက်ပဲ ဖြစ်နေရပြီပေါ့"
ဟု ဆိုလိုက်သည်။
အသန်မာဆုံးသော ကောင်းကင်ပုလဲအဆင့် ကျွမ်းကျင်သူများ ရောက်ရှိလာတော့မည်ဆိုလျှင် သူတို့လို ကောင်းကင်ပုလဲ နှစ်လုံးအဆင့်ရှိသူများမှာ ပြောပလောက်သည့် စွမ်းအားမျိုး ရှိတော့မည်မဟုတ်ပေ။
သို့သော်ငြားလည်း ဒါက ပဲ့တင်ထပ်သံ လှိုဏ်ဂူ၏ အဖိုးတန်မှုကို သက်သေပြနေခြင်းသာ ဖြစ်သည်။
တံဆိပ်ပြားကို ရရှိနိုင်သရွေ့ မူလကောင်းကင် နတ်ဘုရားကုန်းမြေကြီးရှိ ကောင်းကင်ပုလဲအဆင့်ရှိ ပါရမီရှင်အားလုံး ဤနေရာသို့ ရောက်ရှိလာကြတော့မည်မှာ အသေအချာပင်။
မိမိ၏ ပဲ့တင်ထပ်သံ အဆင့်အတန်းကို မြှင့်တင်နိုင်ခြင်းမှာ မယုံနိုင်လောက်အောင် ဆွဲဆောင်မှု ရှိလှသော ကမ်းလှမ်းချက်တစ်ခု ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ လီလော့လို နဂါးစွမ်းအင်များဖြင့် အမြဲတမ်း အဆင့်မြှင့်တင်နိုင်စွမ်း ရှိသူမျိုး ရှားပါးလှပေသည်။
ပဲ့တင်ထပ်သံ လှိုဏ်ဂူ ပွင့်လာမည့်အချိန်မှာ မူလကောင်းကင် နတ်ဘုရားကုန်းမြေကြီးတစ်ခုလုံးအတွက် ကြီးမားလှသည့် အခမ်းအနားကြီးတစ်ခု ဖြစ်လာမည် ဖြစ်သည်။ အကယ်၍ ထိုနေရာတွင်သာ ထင်ရှားကျော်ကြားလာခဲ့မည်ဆိုလျှင် သူ့ရဲ့ အမည်နာမမှာ ကုန်းမြေတစ်ခုလုံး၌ ပျံ့နှံ့သွားမှာ သေချာလှသည်။
"စိတ်မပျက်ပါနဲ့… ပဲ့တင်ထပ်သံ လှိုဏ်ဂူထဲက အခွင့်အရေးတွေက ခွန်အားတစ်ခုတည်းအပေါ် မူတည်တာမဟုတ်ဘူး…မင်းရဲ့ ကိုယ်ပိုင် အောင်မြင်မှုအပေါ်မှာလည်း မူတည်နေသေးတယ်… ဒါ့အပြင် ငါ မင်းကို ပေးထားတဲ့ ဒီရတနာပစ္စည်းတွေကလည်း မင်းရဲ့ စွမ်းအားကို မြင့်တက်လာစေဖို့ အထောက်အကူ ဖြစ်စေမှာပါ"
ဟု လီကျင်းဇယ်က အနည်းငယ် နှစ်သိမ့်ပေးလိုက်သည်။
လီလော့ ကြောက်ရွံ့ခြင်းမရှိပေ။ အမှန်တကယ်တော့ ဤကဲ့သို့သော ပြင်းထန်လှသည့် ပြိုင်ဆိုင်မှုမျိုးမှာ သူ့ရဲ့ အလားအလာကို အပြည့်အဝ ထုတ်ဖော်ပြသနိုင်ပြီး လျင်မြန်စွာ တိုးတက်လာစေရန်အတွက် အကောင်းဆုံးသော အခွင့်အရေးတစ်ခု ဖြစ်သည်။
ဤပါရမီရှင်အားလုံးမှာ သူ့အစွမ်းကို ပိုမိုထက်မြက်လာစေမည့် ဓားသွေးကျောက်များ ဖြစ်လာမှာ သေချာသည်။
ပဲ့တင်ထပ်သံ လှိုဏ်ဂူ မပွင့်မီအချိန်ထိ အချိန်ရသေးသဖြင့် ထပ်မံ တိုးတက်အောင် လုပ်ဆောင်နိုင်သေးသည်။
"ကြည့်ရတာ ဒါက မူလကောင်းကင် နတ်ဘုရားကုန်းမြေကြီးမှာ တကယ့်ကို ကြီးမားလှတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်လာတော့မှာပဲ"
ဟု လီလော့က မျှော်လင့်ချက်အပြည့်ဖြင့် ဆိုလိုက်သည်။
သူသည် မူလကောင်းကင် နတ်ဘုရားကုန်းမြေတစ်ခွင်မှ ပါရမီရှင်များ၏ စစ်မှန်သော စွမ်းအားများကို သေချာပေါက် မြင်တွေ့ခွင့် ရရှိတော့မည်မှာ အသေအချာပင်။
"ဒါနဲ့ အဘိုး... မူလကောင်းကင် ရရှေးဟောင်းကောလိပ်က လူတွေလည်း ပဲ့တင်ထပ်သံ လှိုဏ်ဂူကို လာကြဦးမှာလား"
ဟု လီလော့က ရုတ်တရက် မေးမြန်းလိုက်သည်။
"မူလကောင်းကင် ရှေးဟောင်းကောလိပ် သူတို့က မူလကောင်းကင် နတ်ဘုရားကုန်းမြေရဲ့ အနောက်ဘက်ပိုင်းမှာပဲ ရှိတာမို့ အလယ်ပိုင်းဒေသကို သိပ်မလာကြဘူး… ဘာလို့လဲဆိုတော့ ဒီနေရာမှာက ဧကရာဇ်မျိုးနွယ်စုကြီးတွေရဲ့ အဓိက ယှဉ်ပြိုင်ရာနေရာ ဖြစ်နေလို့လေ…သူတို့က ဘာပြဿနာမျိုးမှာမှ ပါဝင်ပတ်သက်ချင်ကြတာ မဟုတ်ဘူး… မူလကောင်းကင် ရှေးဟောင်းအကယ်ဒမီက ရှေးယခင်ကတည်းက တည်ရှိလာခဲ့တာဖြစ်ပြီး သူတို့ရဲ့ အခြေခံအုတ်မြစ်က တကယ့်ကို ခိုင်မာတယ်… သူတို့ကလည်း ကောလိပ်သမဂ္ဂကို တည်ထောင်သူတွေထဲက တစ်ခုပဲ… ဒါကြောင့် ဧကရာဇ်မျိုးနွယ်စုကြီးတွေက သူတို့ကို လေးစားသမှုရှိပြီး ပဲ့တင်ထပ်သံ လှိုဏ်ဂူလိုမျိုး အခွင့်အရေးတွေမှာလည်း သူတို့ကို အမြဲတမ်း ပါဝင်ခွင့် ပေးထားတယ်"
"ဒါဆိုရင် မူလကောင်းကင် ရှေးဟောင်းအကယ်ဒမီထဲကလူတွေလည်း လာကြမှာပေါ့ "
"အင်း…ဘာလို့လဲ... မင်း သူတို့ထဲက တစ်ယောက်ယောက်ကို သိလို့လား"
"ကျွန်တော် ရှပြည်ထောင်စုက ကောလိပ်တစ်ခုမှာ ကျောင်းတက်ဖူးလို့ပါ။ ဒါကြောင့် အမြင့်ဆုံးအဆင့်ရှိတဲ့ ရှေးဟောင်းအကယ်ဒမီတွေကို စိတ်ဝင်စားနေတာပါ"
"ရှေးဟောင်းအကယ်ဒမီတွေက ပါရမီရှင်တွေကို ပြုစုပျိုးထောင်ဖို့အတွက် ကိုယ်ပိုင် ထူးခြားတဲ့ နည်းလမ်းတွေ ရှိကြတယ်… ဒါတင် မကသေးဘူး..ကောလိပ်သမဂ္ဂကလည်း
ရှေးယခင်ကတည်းကနေ ကမ္ဘာခြားသက်ရှိတွေကို တိုက်ခိုက်ဖို့အတွက် တည်ရှိနေခဲ့တာ… သူတို့က တကယ့်ကို လေးစားရမယ့် အဖွဲ့အစည်းကြီးပါ"
ဟု လီကျင်းဇယ်က မှတ်ချက်ချလိုက်သည်။
လီလော့လည်း ခေါင်းညိတ်လိုက်သည်။ အကယ်၍ အခွင့်အရေး ရရှိခဲ့လျှင် မူလကောင်းကင် ရှေးဟောင်းအကယ်ဒမီမှ တစ်ယောက်ယောက်နှင့် အဆက်အသွယ် ရရှိရန် ကြိုးစားကြည့်ချင်နေမိသည်။ သူ့အနေနှင့် ဒုကျောင်းအုပ်ကြီး စုရှင်းထံမှ တောင်းဆိုချက်တစ်ခုကို အောင်မြင်အောင် လုပ်ဆောင်ပေးရန် ကျန်ရှိနေသေးသည်။
ထို့အပြင် အမှတ်အသားကိုးခုကြာပန်းကို ကျန်းချင်းအာထံ
ပေးအပ်ရမည့်အချိန်တွင်လည်း ၎င်းက အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။ ဤအတွေးများဖြင့် ပဲ့တင်ထပ်သံ လှိုဏ်ဂူ ပွင့်လာမည့်နေ့ကို စိတ်လှုပ်ရှားစွာဖြင့် စောင့်မျှော်နေမိတော့သည်။
"ပဲ့တင်ထပ်သံ လှိုဏ်ဂူအတွင်းမှာ အန္တရာယ်တွေ အများကြီး ရှိနေတာမို့လို့ မင်းတို့တွေ သေချာ ဂရုစိုက်ကြပါ… ဒါက မင်းတို့ အခုအထိ ယှဉ်ပြိုင်ခဲ့ရတဲ့ ပြိုင်ပွဲတွေနဲ့ မတူဘူး… ပဲ့တင်ထပ်သံ လှိုဏ်ဂူ ပွင့်တိုင်း မတူညီတဲ့ ဧကရာဇ်မျိုးနွယ်စုကြီးတွေက ပါရမီရှင်များစွာ သေဆုံးတတ်ကြတယ်… ဒါ့အပြင် လီကောင်းကင်ဧကရာဇ်မျိုးနွယ်စုရဲ့ သွေးမျိုးဆက်ကို စောင့်ကြည့်နေတဲ့ ရန်သူတွေလည်း အများကြီးပဲ… သူတို့နဲ့ ဆုံတွေ့တဲ့အချိန်မှာ ဘာကိုမှ ဝှက်မထားဘဲ အစွမ်းကုန် တိုက်ခိုက်ကြပါ"
ဟု လီကျင်းဇယ်က သတိပေးလိုက်သည်။
လီလော့တို့ကလည်း ခေါင်းညိတ် သဘောတူလိုက်ကြသည်။
ထိုစကားအဆုံးတွင် လီကျင်းဇယ်က နောက်ထပ် စကားမပြောတော့သဖြင့် သူတို့ သုံးဦးစလုံး အစားအစာ စားသောက်ပြီးနောက် လီကျင်းဇယ်က …
"ဒီနေ့တော့ မင်းတို့အားလုံး ပင်ပန်းလာခဲ့ပြီဆိုတော့ အနားယူကြတော့"
ဟု ဆိုလိုက်သည်။
"... ဟုတ်ကဲ့"
လီကျင်းဇယ်က ထိုင်နေရာမှ ထရပ်လိုက်သည့် လီလော့ဘက်သို့ လှည့်ကြည့်ကာ …
"ပေါင်ပေါင် သုံးရက်အတွင်း ပြန်သက်သာလာလိမ့်မယ်…. ငါ အစိမ်းရောင်နယ်သာခန်းမကြီးအတွက်လည်း စီစဉ်ထားပြီးပြီ… အဲဒီအချိန်မှာ မင်း သေချာပေါက် ရှိနေပေးဖို့ လိုအပ်တယ်"
"အစိမ်းရောင်နယ်သာခန်းမမှာ အချိန်အကြာကြီး ဦးဆောင်မယ့်သူ မရှိခဲ့တာအချိန်တော်ကြာပြီ… မင်းရဲ့ ဖခင်ကို ကူညီပေးဖို့အတွက် မင်းကိုယ်တိုင် အသင့်ပြင်ထားဖို့ အချိန်တန်ပြီ"
လီလော့ ထိုစကားကို ကြားရသောအခါ သူ့မျက်ဝန်းအတွင်း၌ ဝမ်းသာအားရမှုအရိပ်အယောင်များ ပေါ်ထွက်လာခဲ့ရသည်။
ဉီးလေးပေါင် သက်သာလာတော့မှာတဲ့…..