အကြေးခွံကိုးခု သန့်စင်သော နဂါးခန္ဓာ၏ သန္ဓေတည်ခြင်းအဆင့်
Vol. 66 Ch. 913
ထူထပ်လှသော စွမ်းအင်မိုးမြူနှင်းများက တံခွန်ကိုင် တစ်ဦးချင်းစီ၏ ခန္ဓာကိုယ်ကို ပိုးအိမ်ကြီးတစ်ခုကဲ့သို့ လုံးဝဥဿုံ ဖုံးလွှမ်းသွားခဲ့သည်။
ပြင်ပမှ စောင့်ကြည့်နေကြသော တံခွန်အဖွဲ့ဝင်အားလုံးမှာ မနာလိုအားကျမှုများ ပြည့်နှက်နေသည့် အကြည့်များဖြင့် ထိုမြင်ကွင်းကို ကြည့်နေကြသည်။ ဒါက တံခွန်ကိုင်များသာ ရရှိနိုင်သည့် ရှားပါးလှသော အခွင့်အရေးတစ်ခု ဖြစ်ကြောင်း သူတို့ ကောင်းစွာ သိရှိထားကြသည်။
ဤအံ့ဖွယ်အသွင်ပြောင်းလဲမှု ပြီးဆုံးသွားပြီးနောက် သူတို့သည် သန့်စင်သော နဂါးခန္ဓာအတွက် အခြေခံအုတ်မြစ်ကို အပြည့်အဝ ရရှိကြတော့မည် ဖြစ်သည်။
သန့်စင်သော နဂါးခန္ဓာမှာ ကောင်းကင်နဂါးကလန်ကြီး ငါးခုအတွင်း၌ အခြေခံအုတ်မြစ်ဖြစ်သော ခန္ဓာကိုယ်ကျင့်စဉ်ပညာရပ်တစ်ခုသာ ဖြစ်သည်မှန်သော်လည်း သူတို့လို မြေနတ်ဆိုးစစ်သူကြီးအဆင့်တွင် ရှိနေကြသူများအတွက်မူ ၎င်းမှာ ထိပ်တန်းအဆင့်ရှိသော လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်သည်။
ဤပြိုင်ပွဲပြီးနောက် တံခွန်ကိုင်များ၏ ခွန်အားနှင့် အရှိန်အဝါပိုင်းမှာ သိသိသာသာ မြင့်တက်လာမည် ဖြစ်သည်။ သဘာဝကျကျပင် ၎င်းက လာမည့် တိုက်ပွဲအားလုံးတွင် သူတို့အတွက် ပိုမို၍ အားသာချက် ရှိစေမည် ဖြစ်သည်။
ဟုတ်ပါသည်... သာမန်တံခွန်အဖွဲ့ဝင်များသည်လည်း နောင်ကျရင် ခန္ဓာကိုယ်အတွင်း၌ ကောင်းကင်နဂါးစွမ်းအင်များကို လုံလောက်စွာ စုဆောင်းပြီးနောက် သန့်စင်သော နဂါးခန္ဓာကို ရရှိရန်အတွက် ရွေးချယ်နိုင်ခွင့် ရှိကြသည်။ သို့သော်လည်း ထိုသို့လုပ်ဆောင်ရန်မှာ မယုံနိုင်လောက်အောင် ခက်ခဲလှပြီး ကလန်အတွက် ကြီးမားလှသော ပေးဆပ်မှုများကို လုပ်ဆောင်ကြရမည် ဖြစ်သည်။
အမှန်တကယ်တော့ ကောင်းကင်နဂါးအစောင့်အရှောက် စစ်တပ်ကြီး ငါးခုအတွင်း၌ပင် ဤမျှပြင်းထန်လှသော သတ်မှတ်ချက်ကို ပြည့်မီနိုင်သူမှာ လက်ချိုးရေတွက်၍ရလောက်အောင်ပင် နည်းပါးလှသည်။
ဒါတင် မကသေးပေ၊ သူတို့သည် အမြင့်ဆုံးအနေဖြင့် အကြေးခွံငါးခု သန့်စင်သော နဂါးခန္ဓာအဆင့်သို့သာ ရောက်ရှိနိုင်ကြမှာ ဖြစ်သည်။ ၎င်းထက် မြင့်မားသောအဆင့်သို့ ရောက်ရှိရန်မှာမူ မဖြစ်နိုင်သလောက်ပင် ခက်ခဲလှသည်။
အဘယ့်ကြောင့်ဆိုသော်
နဂါးပျံတက်ခြင်းပွဲတွင် ပါဝင်ဆင်နွှဲခဲ့ခြင်းမရှိသူများအတွက် သန့်စင်သော နဂါးခန္ဓာ၏ အမြင့်ဆုံးအကန့်အသတ်ကို ကြိုတင်၍ သတ်မှတ်ထားပြီးသား ဖြစ်နေခြင်းကြောင့်ပင် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် အကယ်၍ သူတို့တွေ နောင်တချိန် ပိုမိုမြင့်မားသော ကျင့်စဉ်အဆင့်သို့ ရောက်ရှိသွားခဲ့လျှင် ဤပညာရပ်ကို လုံးဝ ကျော်ဖြတ်ပြီး ပိုမိုအစွမ်းထက်လှသော ခန္ဓာကိုယ်ကျင့်စဉ်ပညာရပ်များကို တိုက်ရိုက် ပြောင်းလဲကျင့်ကြံနိုင်ခွင့် ရှိကြသေးသည်။
မနာလိုအားကျမှုများ ပြည့်နှက်နေသည့် အကြည့်များအောက်တွင် တနာရီခန့်ကြာ၌ ပိုးအိမ်ကြီးများအတွင်းမှ ထူထပ်လှသော မြူနှင်းများ တဖြည်းဖြည်းနှင့် စတင်၍ ကွယ်ပျောက်သွားခဲ့တော့သည်။
ထို့နောက် လူပုံရိပ်များ ပြန်လည်ပေါ်ထွက်လာခဲ့ပြီး
တံခွန်ကိုင်များ၏ အသွင်သဏ္ဌာန်မှာ ယခင်ကထက် ထူးပြီး ပြောင်းလဲသွားခြင်းမရှိသလိုပင် ထင်ရသည်။ သို့သော်လည်း သူတို့တွေ ကြွက်သားများကို ဆန့်ထုတ်လိုက်ချိန်တွင် လေထုထဲ၌ သေးငယ်ပြီး ကြည်လင်လှသော အရိုးကွဲအက်သံအချို့ ထွက်ပေါ်လာခဲ့သည်။
ထင်ရှားလှသည်မှာ သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ခွန်အားများ များစွာ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
ပို၍ ထင်ရှားသည်မှာ ပဲ့တင်ထပ်သံစွမ်းအားများကို အသက်သွင်းလိုက်ချိန်တွင် သူတို့၏ နဖူးအလယ်၌ ထူးဆန်းသော ဝိညာဉ်အမှတ်အသားတစ်ခု ပေါ်ထွက်လာခြင်းပင် ဖြစ်သည်။
၎င်းမှာ ဧရာမ နဂါးကြီးတစ်ကောင် မိမိ၏ အမြီးကို ပြန်လည်ကိုက်ခဲထားသည့်အသွင်ရှိသော ဝိုင်းစက်လှသည့် ဝိညာဉ်အမှတ်အသားတစ်ခု ဖြစ်သည်။ ထိုစက်ဝန်း၏ အလယ်ဗဟိုတွင်မူ နဂါးအကြေးခွံပုံစံများ ရှိနေကြသည်။
အကြေးခွံအရေအတွက်ကတော့ တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားကြသည်။
အချို့လူများတွင် လေးခု၊ ငါးခု သို့မဟုတ် ခြောက်ခုအထိ ရှိကြသည်။
နဂါးအကြေးခွံအားလုံးမှာ နက်မှောင်သော မီးခိုးရောင်အာနိသင်များ ရှိနေကြပြီး သက်ဝင်လှုပ်ရှားမှု အနည်းငယ် လိုအပ်နေသည့်အသွင် ရှိသည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူတို့ရရှိထားသည့်အရာမှာ သန့်စင်သော နဂါးခန္ဓာ၏ သန္ဓေတည်ခြင်းအဆင့်မျှသာ ရှိသေးသောကြောင့် ဖြစ်သည်။ ဝိညာဉ်အမှတ်အသားအတွင်းရှိ အကြေးခွံအရေအတွက်မှာ ထိုလူတစ်ဦးချင်းစီ ရောက်ရှိနိုင်မည့် သန့်စင်သော နဂါးခန္ဓာ၏ အမြင့်ဆုံးအကန့်အသတ်ကိုသာ ကိုယ်စားပြုသည်။
ဝိညာဉ်အမှတ်အသားအတွင်း၌ နဂါးအကြေးခွံ လေးခုရှိနေသူများသည် အမြင့်ဆုံးအနေဖြင့် အကြေးခွံလေးခု သန့်စင်သော နဂါးခန္ဓာအဆင့်အထိသာ ကျင့်ကြံနိုင်ခွင့် ရှိကြမည် ဖြစ်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် သူတို့သည် လာမည့် အကြေးခွံလုပွဲအတွင်း၌ အမြင့်ဆုံးအနေဖြင့် နဂါးအကြေးခွံ လေးခုကိုသာ ရယူနိုင်ခွင့် ရှိကြမှာဖြစ်ပြီး ၎င်းထက် ပိုမို၍ ရယူနိုင်စွမ်း ရှိကြမည်မဟုတ်ပေ။
ကျန်ရှိသည့် အရေအတွက်များအတွက်လည်း ဤနည်းလမ်းအတိုင်းပင် ဖြစ်သည်။
ထူထပ်လှသော မြူနှင်းများ ကွယ်ပျောက်သွားချိန်တွင် အံ့ဖွယ်အသွင်ပြောင်းလဲမှု ပြီးဆုံးသွားခဲ့သည့် တံခွန်ကိုင်များ ပိုမို ထွက်ပေါ်လာခဲ့ကြပြီ ဖြစ်သည်။
သူတို့ထဲမှ လီဖုန်းယီက နဂါးအကြေးခွံ ခြောက်ခုကို ရရှိခဲ့ပြီး လီဟုန်လီနှင့် တျန့်ဖုန်းရှန်တို့မှာမူ အကြေးခွံ ခုနစ်ခုအထိ ရရှိခဲ့ကြသည်။ လီချင်းဖုန်း၊ လီကျင်းထောင်နှင့် လုချင်းမိန်တို့သုံးဦးစလုံးမှာ တစ်ဦးလျှင် နဂါးအကြေးခွံ ရှစ်ခုစီ အသီးသီး ရရှိခဲ့ကြသည်။
ဝုန်း
ဤအချိန်တွင် ကျောက်လှေကားများ၏ အဆုံးသတ်နေရာထံမှ တိုးညင်းသော နဂါးဟိန်းသံကြီးတစ်သံ ထွက်ပေါ်လာခဲ့ပြန်သည်။ လူတိုင်း ထိုနေရာသို့ လှည့်ကြည့်လိုက်ကြရာ ထူထပ်လှသော စွမ်းအင်မြူနှင်းများ တဖြည်းဖြည်းနှင့် ကွယ်ပျောက်နေသည်ကို မြင်တွေ့လိုက်ကြရသည်။
ခေတ္တအကြာတွင် မြူနှင်းများကြားမှ လီလော့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
သူ့နဖူးအလယ်တွင်မူ နဂါးအကြေးခွံ ကိုးခု ပါဝင်နေသည့် ဝိညာဉ်အမှတ်အသားတစ်ခု ထင်ရှားစွာ တည်ရှိနေသဖြင့် လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ရယူသွားခဲ့တော့သည်။
အကြေးခွံကိုးခုစလုံး အကြေးခွံကိုးခု သန့်စင်သော နဂါးခန္ဓာ
လီလော့အနေဖြင့် လာမည့် အကြေးခွံလုပွဲအတွင်း၌ နဂါးအကြေးခွံ ကိုးခုစလုံးကိုသာ အောင်မြင်စွာ ရယူနိုင်ခဲ့လျှင် သူသည် ခန္ဓာကိုယ်ကျင့်စဉ်ပညာရပ်ကို အမြင့်ဆုံးအဆင့်အထိ ချက်ချင်း အသက်သွင်းနိုင်ခွင့် ရှိလာမှာ ဖြစ်သည်။
ဤတစ်ခဏ၌ လူအုပ်ကြီးကြားတွင် ရှုပ်ထွေးလှသော ခံစားချက်များစွာ ပြည့်နှက်နေသည့် အကြည့်များ ရှိနေကြသည်။ အကြေးခွံကိုးခု သန့်စင်သော နဂါးခန္ဓာ ပေါ်ထွက်လာသည်ကို မမြင်တွေ့ရသည်မှာ အမှန်တကယ်ပင် ကြာမြင့်လှပြီ ဖြစ်သည်။
ထိုမနာလိုအားကျမှုများ ပြည့်နှက်နေသည့် အကြည့်များအောက်တွင် လီလော့က မျက်လုံးဖွင့်လိုက်ပြီး လက်ဝါးနှစ်ဖက်လုံးကို အသာအယာ ဆုပ်ကိုင်လိုက်ရင်း သူ့ မျက်နှာပေါ်တွင်လည်း အံ့ဩဝမ်းသာမှုအရိပ်အယောင်များ ထင်ဟပ်သွားခဲ့လေသည်။
သူသည် မိမိ၏ ခန္ဓာကိုယ်ခွန်အားမှာ များစွာ မြင့်တက်လာခဲ့ပြီဖြစ်ကြောင်း ရှင်းလင်းစွာ ခံစားမိလိုက်သည်။ ဤမြင့်တက်လာမှုမှာ မိုးကြိုးကိုယ်ပွား၏ သုံးဆင့်အသံလှိုင်းနှင့် ယှဉ်လျှင်ပင် အားနည်းခြင်းမရှိပေ။ ဒါတင် မကသေးပေ၊ ဤသည်က သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏ ပင်ကိုယ်ခွန်အား မြင့်တက်လာခြင်း ဖြစ်သဖြင့် မိုးကြိုးကိုယ်ပွားလို တကူးတက အသက်သွင်းနေရန် မလိုအပ်ပေ။
၎င်းတို့ထဲမှ တစ်ခုက ပင်ကိုယ်စွမ်းရည်ဖြစ်ပြီး ကျန်တစ်ခုကမူ ထုတ်သုံးရသည့် စွမ်းရည် ဖြစ်သည်။
ဒါတင် မကသေးဘဲ သန့်စင်သော နဂါးခန္ဓာထံမှ ရရှိလာမည့် အဓိက အကျိုးကျေးဇူးများမှာ ရုပ်ပိုင်းဆိုင်ရာ ခွန်အား မြင့်တက်လာခြင်း တစ်ခုတည်းသာ မဟုတ်ပေ။
နဂါးတောင်ပံ၊ နဂါးဖိအားနှင့် နဂါးအရှိန်အဝါတို့လည်း ရှိသေးသည်။
လီလော့ ဤအကြောင်းကို တွေးလိုက်သည်နှင့် ခန္ဓာကိုယ်အတွင်းရှိ ပဲ့တင်ထပ်သံစွမ်းအားများက နဖူးအလယ်ရှိ နဂါးဝိညာဉ်အမှတ်အသားထံသို့ အရှိန်အဟုန်ဖြင့် စုစည်းသွားတော့သည်။
နောက်တစ်ခဏတွင် ၎င်းထံမှ ထူးဆန်းသော စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
ထိုစွမ်းအင်များမှာ ပေဆယ်ဂဏန်းခန့် ရှည်လျားလှသော ဧရာမ နဂါးတောင်ပံကြီးတစ်ခုအသွင် ပြောင်းလဲသွားခဲ့ပြီး လီလော့၏ ကျောပြင်ပေါ်တွင် ထွက်ပေါ်လာခဲ့တော့သည်။တောင်ပံများကို အသာအယာ ခတ်လိုက်ချိန်တွင် ဟင်းလင်းပြင်၌ ပြင်းထန်လှသော လေပြေညင်းတစ်ခု ဖြတ်သန်းသွားခဲ့လေသည်။
ဤတောင်ပံများက လူတစ်ဦးကို ကောင်းကင်ယံတွင်ပျံသန်းနိုင်စွမ်း ရှိစေမည် ဖြစ်သည်။ဤသည်က အမှန်တကယ်ပင် လက်တွေ့ကျလှသော စွမ်းရည်တစ်ခု ဖြစ်သည်။
နဂါးဖိအားဟု ခေါ်သည့်အရာအတွက်မူ ၎င်းမှာ အခြားသူများအပေါ်သို့ ပြင်းထန်လှသော ဖိအားများ သက်ရောက်စေနိုင်စွမ်းရှိသည့် ထူးခြားသော အရှိန်အဝါတစ်ခု ဖြစ်သည်။ တိုက်ပွဲအတွင်း၌ နဂါးဖိအားကို ရုတ်တရက် ထုတ်သုံးလိုက်ခြင်းက ပြိုင်ဘက်ကို ထိတ်လန့်သွားစေနိုင်စွမ်း ရှိသည်။
ထို့အပြင် ဤနဂါးဖိအားကို မိမိပိုင်ဆိုင်ထားသည့် နဂါးပဲ့တင်ထပ်သံစွမ်းအားများနှင့် ပေါင်းစပ်လိုက်လျှင် အခြားသော သားရဲတိရစ္ဆာန်အားလုံးကိုပါ ပြင်းထန်စွာ ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။
နောက်ဆုံးတစ်ခုကတော့ နဂါးအရှိန်အဝါ ဖြစ်သည်။ ၎င်းကိုမူ သန့်စင်သော နဂါးခန္ဓာကို အပြည့်အဝ အသက်သွင်းပြီးမှသာ အသုံးပြုနိုင်ခွင့် ရှိပေမည်။
ဤစွမ်းအားကတော့ လီလော့၏ ရွှေကျောက်စိမ်းဆင်စွယ်ဓားထံမှ ထွက်ပေါ်လာသည့် ဧရာမရှေးဦးဆင်သားရဲ၏ခွန်အားနှင့် ဆင်တူလှသည်။ ၎င်းက မျက်တောင်တစ်ခတ်အတွင်းမှာပင် လူတစ်ဦး၏ ခွန်အားကို မိုးပျံမတတ် မြင့်တက်လာစေနိုင်သည်။
အကြေးခွံတစ်ခုစီက နဂါးတစ်ကောင်၏ ခွန်အားနှင့် ညီမျှသည်ဟု ဆိုကြသည်။ အကယ်၍ လူတစ်ဦးတွင် အကြေးခွံကိုးခု သန့်စင်သော နဂါးခန္ဓာ ရှိနေခဲ့လျှင် သူသည် နဂါးကိုးကောင်၏ ပြင်းထန်လှသော နဂါးအရှိန်အဝါ ခွန်အားကို ရရှိနိုင်မည် ဖြစ်သည်။ ဤခွန်အားမှာ အချို့သော မြို့စားအဆင့်ပညာရပ်များထက်ပင် ပိုမိုပြင်းထန်လှသည်ဟု ဆိုကြသည်။
သို့သော်ငြားလည်း ထိုနဂါးအရှိန်အဝါ ခွန်အားမှာ စစ်မှန်သော နဂါးကြီးတစ်ကောင်၏ ခွန်အားကို ကိုယ်စားပြုခြင်းတော့ မဟုတ်ပေ။
တိကျစွာ ပြောရလျှင် ၎င်းက ထုတ်ပြနိုင်စွမ်းရှိသည့် ခွန်အားမှာ နဂါးအနွယ်ဝင် သားရဲတိရစ္ဆာန်တစ်ကောင်၏ ခွန်အားမျှသာ ဖြစ်သည်။ သို့သော်လည်း မည်သို့ပင်ဖြစ်စေ မယုံနိုင်လောက်အောင် ပြင်းထန်လှဆဲပင်။
လီလော့ကတော့ ရလဒ်များကြောင့် အလွန်ပင် ကျေနပ်နေသည်။ ဤဆုလာဘ်က သူ ပေသုံးသောင်း အထွတ်အထိပ်နေရာသို့ ရောက်အောင် အပြင်းအထန် ကြိုးစားခဲ့ရသမျှအားလုံးအတွက် အပြည့်အဝ ထိုက်တန်လှပေသည်။
သူပိုင်ဆိုင်ထားသော အကြေးခွံကိုးခု သန့်စင်သော နဂါးခန္ဓာ၏ အကန့်အသတ်မှာ အခြားသူအားလုံးထက် များစွာ ပိုမိုမြင့်မားလှသဖြင့် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
ဧရာမ ဧကရာဇ်မျိုးနွယ်စုကြီးများ၏ စွမ်းရည်က သူ့ကို ထပ်မံ၍ အံ့ဩစေခဲ့ပြန်ပြီ။ ဤသို့သော အခြေခံအုတ်မြစ်မျိုးမှာ ပြင်ပကုန်းမြေတွင် မယုံနိုင်လောက်အောင် ရှားပါးလှသည်။ အမှန်အတိုင်း ပြောရလျှင် မိုးကြိုးကိုယ်ပွားပညာရပ်မှာ မဟူရာလေပြင်းအင်ယာမှ တော်ဝင်မိသားစုဝင်များသာ ကျွမ်းကျင်ခွင့် ရှိကြသည့် လျှို့ဝှက်ပညာရပ် ဖြစ်သည်။
သို့သော်လည်း ဤနေရာတွင်မူ သူတို့၌ သန့်စင်သော နဂါးခန္ဓာကဲ့သို့သော ခန္ဓာကိုယ်ကျင့်စဉ်ပညာရပ် ရှိနေကြပြီး ၎င်းက မိုးကြိုးကိုယ်ပွားထက် များစွာ ပိုမိုမြင့်မားသောအဆင့်တွင် ရှိနေသည်။
ဒါတင် မကသေးပေ၊ မိုးကြိုးကိုယ်ပွားမှာ အမြင့်ဆုံးအနေဖြင့် ငါးဆင့်အသံလှိုင်းအထိသာ ရှိသော်လည်း ဤသန့်စင်သော နဂါးခန္ဓာကမူ ပြည့်စုံလှသော အဆင့်ဆင့်တိုးတက်မှု လုပ်ငန်းစဉ်များ ရှိနေသေးသည်။
မည်သို့ပင်ဖြစ်စေ မိုးကြိုးကိုယ်ပွားမှာလည်း လက်ရှိအချိန်တွင် လီလော့အတွက် အသုံးဝင်နေဆဲပင်။
လူတိုင်း သန့်စင်သော နဂါးခန္ဓာ၏ စွမ်းရည်များကို ခံစားနေကြစဉ်မှာပင် သူတို့၏ အထက် ကောင်းကင်ယံထံမှ ခန့်ညားထည်ဝါလှသောအသံ ထပ်မံ၍ ထွက်ပေါ်လာခဲ့ပြန်သည်။
" နဂါးပျံတက်ခြင်းပွဲကို အောင်မြင်စွာ အဆုံးသတ်လိုက်ပြီ…. အားလုံးပဲ နဂါးခေါင်းဆောင်တိုက်ပွဲရဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ အကြေးခွံလုပွဲအတွက် အသင့်ပြင်ဆင်ထားကြပါ"
ထိုစကားကို ကြားလိုက်ရချိန်တွင် လူတိုင်း၏ မျက်နှာထားများ ခေတ္တမျှ တည်ငြိမ်သွားခဲ့ပြီးနောက် သူတို့၏ မျက်ဝန်းများအတွင်း၌ ပြိုင်ဆိုင်လိုစိတ်များ ပြင်းထန်စွာ တောက်လောင်လာခဲ့တော့သည်။
နဂါးပျံတက်ခြင်းပွဲမှာ မိမိကိုကိုယ်သာ အာရုံစိုက်ရသည့် ပြိုင်ပွဲတစ်ခုဟု သတ်မှတ်နိုင်သော်လည်း ဤအကြေးခွံလုပွဲမှာမူ အချင်းချင်း တိုက်ရိုက် အားပြိုင်ရမည့် တိုက်ပွဲတစ်ခု ဖြစ်လာမည်ဖြစ်သည်။ ဤပြိုင်ပွဲတွင်
နဂါးအကြေးခွံများကို ရရှိနိုင်ရန်အတွက် ပြိုင်ဘက်များကို သေချာပေါက် အနိုင်ယူရပေမည်။
နဂါးခေါင်းဆောင်ရာထူးကိုလည်း တိုက်ပွဲရလဒ်အပေါ်မူတည်၍ ဆုံးဖြတ်မည် ဖြစ်သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် နဂါးအကြေးခွံ အရေအတွက် အများဆုံး ရရှိသူကသာ နဂါးခေါင်းဆောင် ဖြစ်လာပေမည်။
လီချင်းဖုန်းက တိုးညင်းစွာ သက်ပြင်းချလိုက်ပြီး လီလော့ကိုလှမ်းကြည့်လိုက်သည်။ သူသည် နဂါးပျံတက်ခြင်းပွဲအတွင်း၌ လီလော့၏ ဖိနှိပ်ခြင်းကို အပြည့်အဝ ခံခဲ့ရသည်။ သို့သော်လည်း ဤသည်က နဂါးခေါင်းဆောင်ရာထူးကို ဆုံးဖြတ်ပေးနိုင်ခြင်း မရှိသေးပေ။
လီလော့အနေနှင့် အကြေးခွံကိုးခု သန့်စင်သော နဂါးခန္ဓာ၏ သန္ဓေတည်ခြင်းအဆင့်ကို ရရှိထားသည်မှာ မှန်သော်လည်း ဤသည်က ပထမဆုံး ခြေလှမ်းမျှသာ ရှိသေးသည်။ အကယ်၍ သူသာ လာမည့် အကြေးခွံလုပွဲအတွင်း၌ လီလော့ နဂါးအကြေးခွံ ကိုးခုစလုံး ရရှိမသွားအောင် တားဆီးနိုင်ခဲ့လျှင် လီလော့၏ အကြေးခွံကိုးခု သန့်စင်သော နဂါးခန္ဓာမှာ အနှစ်သာရမရှိလှသော အခွံအလွတ်ကြီးတစ်ခု အဖြစ်သာကျန်ရစ်ပေလိမ့်မည်။
"ငါ နဂါးပျံတက်ခြင်းပွဲမှာ ရှုံးခဲ့ရတာ မှန်ပေမဲ့ နဂါးခေါင်းဆောင်ရာထူးကိုတော့ ဘယ်လိုမှ အရှုံးပေးမှာ မဟုတ်ဘူး"
လီချင်းဖုန်း ဤအကြောင်းကို တွေးတောနေစဉ်မှာပင် ပတ်ဝန်းကျင်၌ ထူထပ်လှသော မြူနှင်းများ ထပ်မံ ပေါ်ထွက်လာသည်ကို လူတိုင်း သတိပြုမိလိုက်ကြပြန်သည်။ မကြာမီမှာပင် ထိုမြူနှင်းများက သူတို့အားလုံးကို လုံးဝဥဿုံ ဖုံးလွှမ်းသွားခဲ့တော့သည်။
ထိုအခါ သူတို့အားလုံး ပတ်ဝန်းကျင်ကို မမြင်တွေ့နိုင်ကြတော့ဘဲ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ ပြင်းထန်စွာ တုန်ခါလာခဲ့သည်။
ဤအခြေအနေက စက္ကန့်အနည်းငယ်မျှ ကြာမြင့်ခဲ့ပြီး မြူနှင်းများ ပြန်လည်ကွယ်ပျောက်သွားခဲ့သည်။
ထိုအခါမှသာ လီလော့နှင့် အခြားသူများလည်း မိမိတို့ ရပ်နေခဲ့သည့် ကျောက်နဂါးကြီး ပျောက်ကွယ်သွားခဲ့ပြီဖြစ်ကြောင်း သတိပြုမိလိုက်ကြသည်။ ယခုအခါ သူတို့သည် မိုးတိမ်များအထက်ရှိ ဧရာမ စင်မြင့်ကျယ်ကြီးတစ်ခုပေါ်တွင် ရောက်ရှိနေကြခြင်း ဖြစ်သည်။
သူတို့၏ အထက် ကောင်းကင်ယံတွင် ဟင်းလင်းပြင်၌ လွင့်မျောနေသော ကျောက်စင်မြင့်ငယ်လေးများစွာ ရှိနေကြသည်။
ထိုစင်မြင့်ကျယ်ကြီး၏ အဝေးတစ်နေရာ အနောက်ဘက်တွင်မူ ဟင်းလင်းပြင်၌ ဝပ်စင်းနေသော ကျောက်နဂါးတောင်ကြီးတစ်လုံး ရှိနေပြီး ၎င်း၏ ပါးစပ်ကြီးမှာ ဤစင်မြင့်ကျယ်ကြီးဘက်သို့ ဦးတည်နေသည်။
၎င်းမှာ ရှေးယခင်က နဂါးပျံတက်ခြင်းပွဲ ကျင်းပခဲ့သည့် ကျောက်နဂါးကြီး ဖြစ်ပေလိမ့်မည်။
ထိုစဉ် ခန့်ညားထည်ဝါလှသောအသံကြီး ဟင်းလင်းပြင်တွင် ထပ်မံ မြည်ဟည်းသွားခဲ့ပြန်သည်။
"အကြေးခွံလုပွဲရဲ့ တိုက်ပွဲတွေကို မဲနှိုက်ခြင်းနည်းလမ်းနဲ့ ဆုံးဖြတ်မယ်… လူတစ်ယောက်ချင်းစီတိုင်း စုစုပေါင်း တိုက်ပွဲ ရှစ်ချီအထိ ဆင်နွှဲကြရမယ်… အနိုင်ရတဲ့သူက နဂါးအကြေးခွံတစ်ခု ရရှိမှာ ဖြစ်တယ်"
တံခွန်ကိုင် နှစ်ဆယ်စလုံးမှာ ထိုစကားကို ကြားသော်လည်း တည်ငြိမ်စွာပင် ရှိနေကြသည်၊ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံး ထိုအကြောင်း ကြိုတင် သိရှိထားကြပြီးဖြစ်သောကြောင့်ပင်။
၎င်းကို ကြားရသောအခါ လီလော့၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ သူ့အနေနှင့် မဲနှိုက်ခြင်းနည်းလမ်းဖြင့် ဆုံးဖြတ်မည့် တိုက်ပွဲများအတွက် အများကြီး စိုးရိမ်ခြင်းမရှိပေ။
အစောပိုင်းက နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သဖြင့် လက်ရှိ ကျင့်စဉ်အဆင့်မှာ အခြားသော သာမန်တံခွန်ကိုင်များနှင့် ယှဉ်လျှင် နိမ့်ကျခြင်းမရှိတော့ပေ။ ထို့ကြောင့် သူ့အတွက် ခြိမ်းခြောက်မှု ပေးစွမ်းနိုင်မည့်သူများမှာ အဓိကအားဖြင့် လီချင်းဖုန်းနှင့် လုချင်းမိန်တို့နှစ်ဦးသာ ရှိတော့သည်။
အာ... လူတိုင်းကို ခေါင်းခဲစေနိုင်စွမ်းရှိသည့် အသားအထူဆုံး သံလိပ်ခွံကြီး လီကျင်းထောင်လည်း ရှိသေးတာပဲ…..
သို့သော်လည်း ပုံမှန်အားဖြင့် တူညီသော ကလန်တစ်ခုတည်းမှ တံခွန်ကိုင် အချင်းချင်း မဆုံတွေ့နိုင်ကြဘဲ ဒါက ပြိုင်ပွဲအတွင်း၌ မဟုတ်မမှန် လုပ်ဆောင်မှုများကို တားဆီးရန်အတွက် ဖြစ်သည်။
အကယ်၍ သူသာ တိုက်ပွဲ ရှစ်ချီစလုံး တရစပ် အနိုင်ရရှိခဲ့လျှင် နဂါးအကြေးခွံ ရှစ်ခု ရရှိနိုင်မည် ဖြစ်သည်။ ၎င်းက သူ့ရဲ့ သန့်စင်သော နဂါးခန္ဓာကို အကြေးခွံရှစ်ခုအထိ အပြည့်အဝ အသက်သွင်းနိုင်ခွင့် ရှိစေလိမ့်မည်။
သို့သော်လည်း ဤမျှနှင့် မလုံလောက်သေးပေ။
ကိုးခုမြောက် အကြေးခွံ ကျန်ရှိနေသေးသည် မဟုတ်ပါလား။
ကိုးခုမြောက် နဂါးအကြေးခွံကို ရယူရန်မှာ နဂါးခေါင်းဆောင်တိုက်ပွဲ၏ အခက်ခဲဆုံး အစိတ်အပိုင်း ဖြစ်သည်ဟု ဆိုကြသည်။ ၎င်း၏ ခက်ခဲမှုအဆင့်မှာ နဂါးပျံတက်ခြင်းပွဲအတွင်း ရင်ဆိုင်ခဲ့ရသည့် နဂါးကိုးကောင် ပေါင်းစပ်ခြင်းထက် များစွာ ပိုမိုမြင့်မားလှသည်ဟု ဆိုကြသည်။
သို့သော်လည်း ကိုးခုမြောက် အကြေးခွံအတွက် စိန်ခေါ်မှုက အလွန်ပင် ထူးခြားလှသည်။
အကြေးခွံလုပွဲအတွင်း၌ တိုက်ပွဲ ရှစ်ချီစလုံး အပြတ်အသတ် အနိုင်ရရှိပြီးမှသာ ၎င်းကို စိန်ခေါ်ခွင့် ရရှိမှာ ဖြစ်သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် အများကြီး စိုးရိမ်နေရန် မလိုသေးပေ။
လီလော့က နဖူးအလယ်ရှိ နဂါးဝိညာဉ်အမှတ်အသားကို အသာအယာ ထိတွေ့လိုက်သည်။ သူ ဒါကို ရရှိရန်အတွက် အလွယ်တကူ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ။ထို့ကြောင့် သန့်စင်သော နဂါးခန္ဓာကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ရန်အတွက် ဤအခွင့်အရေးကို အပြည့်အဝ အသုံးချချင်နေမိသည်။ မဟုတ်ပါက နောင်အခါတွင် နဂါးအကြေးခွံများကို ထပ်မံရရှိနိုင်ရန်အတွက် ပြင်းထန်လှသော စွမ်းအင်များနှင့် ရင်းမြစ်အမြောက်အမြားကို ထပ်မံပေးဆပ်ရပေမည်။
ကိုးခုမြောက် အကြေးခွံကို ရရှိနိုင်မည့် အခွင့်အရေး ရှိနေသရွေ့ အကောင်းဆုံးကိုသာ သေချာပေါက် လုပ်ဆောင်သွားမည် ဖြစ်သည်။
သူ ဤအကြောင်းကို တွေးနေစဉ်မှာပင် ကောင်းကင်ယံထံမှ အလင်းတန်းများ ကျရောက်လာခဲ့ပြီး တံခွန်ကိုင် တစ်ဦးချင်းစီ၏ ရှေ့တွင် ရပ်တန့်သွားခဲ့သည်။
လီလော့ ထိုအလင်းတန်းအတွင်းသို့ လက်ဝါးကို ဆန့်ထုတ်လိုက်သည်။ ထိုအလင်းတန်းက သူနှင့် ထိမိသွားချိန်တွင် ချက်ချင်း စစုစည်းသွားခဲ့ပြီး ကျောက်စိမ်းပြားတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
လီလော့ ထိုကျောက်စိမ်းပြားကို ဆုပ်ကိုင်လိုက်ချိန်တွင် ၎င်းထံမှ အလင်းတန်းများ ဖြာထွက်လာခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် ကောင်းကင်ယံ၌ လွင့်မျောနေသော ကျောက်စင်မြင့်ငယ်လေးများထဲမှ တစ်ခုပေါ်သို့ လျှပ်စီးကဲ့သို့ ပျံသန်းသွားတော့သည်။
လီလော့ ထိုစင်မြင့်ပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ ရှေ့တည့်တည့်သို့ အခြားလူပုံရိပ်တစ်ခုလည်း ထပ်မံ ကျရောက်လာခဲ့သည်။
ထိုသူမှာ နဂါးအရိုးကလန်၏ တံခွန်ကိုင်များထဲမှ တစ်ဦး ဖြစ်သည်။
ထိုသူသည် မိမိ၏ ပထမဆုံး ပြိုင်ဘက်က လီလော့ဖြစ်နေသည်ကို မြင်တွေ့လိုက်ရချိန်တွင် သူ့ မျက်နှာပေါ်၌ မချိတင်ကဲဖြစ်သွားသည့် အရိပ်အယောင်များ ချက်ချင်း ထင်ဟပ်သွားခဲ့လေသည်။
လီလော့ကမူ ပြုံးလိုက်ပြီး လက်ဝါးကို ဆုပ်ကိုင်လိုက်ရာ ရွှေကျောက်စိမ်းဆင်စွယ်ဓားကြီး သူ့ လက်ထဲတွင် ပေါ်ထွက်လာခဲ့တော့သည်။
တိုက်ပွဲအချက်ပေးခေါင်းလောင်းသံကြီး မြည်ဟည်းသွားခဲ့ပြီးနောက် လီလော့၏ ခန္ဓာကိုယ်အတွင်းမှ ပဲ့တင်ထပ်သံစွမ်းအားများ တစ်ဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီး ရှေ့သို့ လျှပ်စီးကဲ့သို့ အမြန်ဆုံး တိုးဝင်သွားခဲ့လေသည်။
ထိုတိုက်ပွဲပြီးဆုံးမှုမှာ လူတိုင်း ထင်မှတ်ထားခဲ့ကြသည်ထက် များစွာ ပိုမိုမြန်ဆန်လှသည်။
ဤသို့ဖြင့် အချိန်အချို့ ကုန်ဆုံးသွားခဲ့ပြီးနောက် လီလော့က ပထမဆုံး တိုက်ပွဲ လေးချီစလုံးကို အလွယ်တကူပင် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့်ပင် သူသည် နဂါးအကြေးခွံ လေးခုကို ခိုင်မာစွာ ရယူထားနိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ဤနဂါးအကြေးခွံများကို နဂါးခေါင်းဆောင်တိုက်ပွဲ လုံးဝပြီးဆုံးသွားမှသာ စတင် အသုံးပြုနိုင်ခွင့် ရှိပေမည်။
ပဉ္စမမြောက် တိုက်ပွဲသို့ ရောက်ရှိလာချိန်တွင်မူ သူ့ရှေ့၌ သွယ်လျပြီး မားမားမတ်မတ် ရှိလှသော လူပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ဤအချိန်သို့ ရောက်ရှိလာမှသာ လီလော့၏ စိတ်အာရုံများ လုံးဝဥဿုံ လေးနက်သွားခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် နောက်ထပ် ပြိုင်ဘက်မှာ အခြားသူမဟုတ်ဘဲ လုချင်းမိန် ဖြစ်နေသောကြောင့်ပင်။